ကျင့်ကြံသူများအတွက် အွန်လိုင်းစျေးဝယ်ခြင်း
Vol. 6 Ch. 81
ဝမ်လင်းက သူနေထိုင်သည့် မြို့ပြကျေးလက် အစွန်းအဖျားဒေသမှ အနည်းဆုံး ကီလိုမီတာ ရာနှင့်ချီ ဝေးကွာသော ဟွာရှို့နိုင်ငံ နယ်စပ်အထိ "ကြီးမြတ်သော တည်နေရာ ရွှေ့ပြောင်းခြင်း မန္တန်ကို အသုံးပြုခဲ့သည်။
ရလဒ်ကို ကြည့်လိုက်လျှင် အနည်းဆုံးတော့ သူအကြိုက်ဆုံး အဆာပြေ ခေါက်ဆွဲအကြွပ်ကြော်ထုပ်တွေကို သိမ်းဆည်းနိုင်ခဲ့ပြီ ဖြစ်သည်။
ဝမ်လင်းက သူ့စားပွဲဆီသို့ ပြန်သွားပြီး အိပ်ခန်း အပြင်ဘက်ရှိ နေရောင်ကို စူးစူးဝါးဝါး စိုက်ကြည့်လိုက်သည်။
သုတေသန ဓာတ်ခွဲခန်းတွင် ရှိစဥ် သူက အန်ကယ်ဘလက်၏ အမြင်အာရုံကို တမင်တကာ ရှောင်နေခဲ့ခြင်း ဖြစ်၏။
အန်ကယ်ဘလက်က သူ့မျက်နှာကို တိုက်ရိုက် မမြင်ရသရွေ့ "ကြီးမြတ်သော အကာအရံမန္တန်"က သေချာပေါက် ဆက်လက် အလုပ်လုပ်နေမည် မဟုတ်ပါလား။
အန်ကယ်ဘလက်က ဝမ်လင်းကို လုံးဝ မကြည့်ဝံ့ပေ။
ဝမ်လင်း၏ ဖိနှိပ်မှုမှ ထွက်ပေါ်လာသည့် စွမ်းအားက အန်ကယ်ဘလက်ကို သေးထွက်ကျလုမတတ် ထိတ်လန့်လုနီးပါး ဖြစ်စေခဲ့သည်။
သူအာမခံနိုင်သည်မှာ အန်ကယ်ဘလက်က သူနှင့် ပြဿနာ တက်ပြီးနောက် ထပ်မံ မနှောင့်ယှက်ရဲတော့ ဟူသည့် အချက် ဖြစ်၏။
အခြားတစ်ဖက်တွင် ကျိုးရီက ပြဿနာကြီးတစ်ခု အဖြစ် ဆက်လက် တည်ရှိနေခဲ့သည်။
ဝမ်လင်းက သက်ပြင်းတစ်ချက် ချလိုက်သည်။
ဒီအတွက် သူတကယ်ပဲ အဖြေကို ရှာရလိမ့်မည်။
သို့မဟုတ်လျှင် အနှေးနဲ့အမြန် ဆိုသလို ဒုက္ခက အိမ်ရှေ့ထိ တံခါးလာခေါက်လိမ့်မည် မဟုတ်လော။
သို့သော် မကြာသေးမီက အဖြစ်အပျက်တွေပြီးနောက် သူကိုယ်တိုင်လည်း အတုယူစရာတွေ ရခဲ့သည်။
သူက သူ့ကိုယ်သူ မျက်နှာဖုံး တပ်ထားရန် ပြင်ဆင်သင့်ပြီဟု တွေးလိုက်သည်။
ဝမ်လင်းကို ဗဟိုပြု၍ ရည်မှန်းချက် ထားရှိသော လူများသည် သူ၏ မျက်နှာ အစစ်အမှန်ကို တစ်ခါမှ မမြင်ဖူးမှသာလျှင် ကြီးမြတ်သော အကာအကွယ် မန္တန်က အလုပ် ဖြစ်သည်။
ထိုသို့မဟုတ်လျှင် ကြီးမြတ်သော အကာအကွယ် မန္တန်ဖြင့် ကိုယ့်ကိုယ်ကိုယ် ကာကွယ်ထားလည်း အသုံးမဝင်ပေ။
ထို့ကြောင့် မျက်နှာဖုံး တပ်ထားလျှင် အတော်လေး အကာအကွယ် ကောင်းသွားမည် ဖြစ်သည်။
ယင်းကိစ္စကို သူအရင်ကတည်းက မစဉ်းစားမိခဲ့ခြင်း မဟုတ်ပေ။
သူက မျက်နှာဖုံး ဝယ်ဖို့ တွန့်ဆုတ်နေခဲ့တာ ဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် သူ၏ မုန့်ဖိုးမှာ အလွန် အကန့်အသတ် ရှိသောကြောင့်ပင်။
ဖေဖေဝမ်က သူ့အား လစဉ် သနားစရာကောင်းသော ပမာဏကိုသာ ပေးသည့် တစ်ဦးတည်း သြဇာနှင့် အုပ်ချုပ်စီမံသော ဆိုင်ရှင်နှင့်ပင် တူနေသည်။
ထို့အပြင် အခြေအနေ မျိုးစုံကနေလည်း ပိုက်ဆံဖြတ်ခံ ရသေးသည်။
ဇွန်းချိုးမိလျှင် တစ်ရာ ဖြတ်ခံထိသည်...
တူကျိုးသွားလျှင် ငါးဆယ် ဖြတ်ခံထိသည်...
ဝမ်လင်းတို့ လက်ရွေးစင် အတန်းတွင် ကျောင်းသား ဆယ့်ငါးယောက် ရှိသည်။
စာမေးပွဲအဆင့်တွင် သူက အဆင့်ရှစ်နဲ့ အထက်မှာ ရောက်နေသ၍ တိုက်ရိုက် ငါးရာ ဖြတ်ခံရမည် ဖြစ်သည်။
ပန်းကန်များ၊ ဇွန်းများ နှင့် တူများမှာ သူ့ကြောင့် လစဉ် မတော်တဆ ကွဲခဲ့သည်။
သူ သတိမပြုမိသောအခါမျိုးတွင် ပရိဘောဂများ ပျက်စီးခဲ့သည်ကလည်း ရှိသေးသည်။
ဖေဖေဝမ်က အကြောင်းပြချက် မျိုးစုံကို အသုံးမချမီ ဝမ်လင်းက သူ့အိတ်ကပ်ထဲမှ ပိုက်ဆံကို လက်ပူအောင်ပင် မကိုင်ခဲ့ရပေ။
ဝမ်လင်းက သူ့ကြိုက်သော ခေါက်ဆွဲ အကြွပ်ကြော်များ ဝယ်ရန်အတွက် ပိုက်ဆံစုရန် နည်းလမ်းများကိုပင် တွေးတောခဲ့ရသည်။
တာအိုအဆောင် စည်းတံဆိပ် ခတ်ပြီးသည့်နောက် ပထမသုံးလအတွင်း သူ၏စွမ်းအားကို ကောင်းစွာ ထိန်းချုပ်နိုင်သဖြင့် မုန့်ဖိုးများ စုနိုင်ခဲ့သည်။
ယင်းကာလတွင် ဖေဖေဝမ်က ဝမ်လင်း၏ မုန့်ဖိုးတွေကို ဖြတ်ဖို့ ဆင်ခြေရှာနိုင်မည် မဟုတ်ပေ။
ထို့ကြောင့် ဤသုံးလက သူ့အတွက် မုန့်ဖိုးအများဆုံး ရနေချိန်ဟု ဆိုရမည်။
မျက်နှာဖုံးလိုမျိုး အရာတွေဖြင့် သူ့မျက်နှာကို ဖုံးထားနိုင်သရွေ့ ရိုးရိုးလေးပဲ ဝယ်လိုက်တာ အဆင်ပြေမည်ဟု သူခံစားမိသည်။
သို့သော် အွန်လိုင်းတွင် မျက်နှာဖုံး အမြောက်အမြားနှင့် ပုံစံမျိုးစုံ ရှိသည်။
ယင်းမှာ ဝမ်လင်းလို တွေဝေသူ တစ်ယောက် အတွက် ရွေးရ ခက်ခဲစေသည်။
သူက ရိုးရှင်းသော ဘယ်မျက်နှာဖုံးကို မဆို ဝယ်နိုင်သော်လည်း အရည်အသွေး ညံ့ဖျင်းလွန်းသည့် မျက်နှာဖုံးကို မသုံးဝံ့ချေ။
သို့မဟုတ်လျှင် သူအသက်ရှူထုတ်လိုက်ရုံဖြင့် မျက်နှာဖုံးက ကွဲထွက် သွားလိမ့်မည် မဟုတ်လော။
အခြား အွန်လိုင်းဝယ်သူများ အတွက် ဖွင့်ထားသည့် ဝဘ်ဆိုက် များတွင် အချိန်အတော်ကြာ ရုန်းကန်ခဲ့ရပြီးနောက် ဝမ်လင်းက နောက်ဆုံးတွင် မျက်နှာဖုံးကို စတင်ရှာဖွေခဲ့သည်။
သူက ရွေးချယ်စရာ နှစ်ချက် အဖြစ် "လျှော့စျေး" နှင့် "အရောင်းရဆုံး"ဟူသည့် အချက်နှစ်ချက်ကို ရွေးချယ်ခဲ့သည်။
ထိုနှစ်ချက်ဖြင့် စစ်ချလိုက်ရာ ချက်ချင်းပင် အွန်လိုင်း ကျင့်ကြံရေး ကုန်တိုက်တွင် ရရှိနိုင်သော ထုတ်ကုန် အရေအတွက်က သိသိသာသာ လျော့ကျသွားခဲ့သည်။
ထို့နောက် သူက အမျိုးမျိုးသော မျက်နှာဖုံးများကို ရွေးချယ်ရန် ၎င်း၏ 24K ရွှေတိုက်တေနီယမ် လေဆာမျက်လုံးကို အသုံးပြုရမည် ဖြစ်သည်။
အွန်လိုင်း ကျင့်ကြံရေး ကုန်တိုက်တွင် ရောင်းချသည့် မျက်နှာဖုံးများ အားလုံး၏ ပုံများကို ကြည့်ရှုလေ့လာနိုင်သောကြောင့် ဝမ်လင်းက ကောင်းကင်မျက်လုံးကို အသုံးပြု၍ မျက်နှာဖုံးများအား ပြုလုပ်ထားသည့် ပစ္စည်းများကို စစ်ဆေး ကြည့်ရှုနိုင်မည် ဖြစ်သည်။
ဒင်း.... ဒေါင်....
ကုန်တိုက်၏ မျက်နှာဖုံးများကို တစ်ခုပြီးတစ်ခု စိုက်ကြည့်နေစဉ် သီးသန့် ချက်တင်ခန်း တစ်ခုက ရုတ်တရက် ပေါ်လာသည်။
ချက်တင်ခန်းကို ဝင်ကြည့်လိုက်ရာ ထိပ်ဆုံးနေရာတွင် "ရာစုသစ် ကျင့်ကြံရေး မျက်နှာဖုံးဆိုင်" ဟု ရေးထားသည်ကို တွေ့ရသည်။
ဤဆိုင်က ၎င်း၏ ထုတ်ကုန်များကို ကြည့်ရှုနေသည့်ဖောက်သည်များထံ မက်ဆေ့ချ်များ အလိုအလျောက် ပေးပို့ရန် အတွက် ဆော့ဖ်ဝဲလ် တစ်မျိုးမျိုးကို ထည့်သွင်းထားကြောင်း ထင်ရှားနေသည်။
ယင်းမှာ အွန်လိုင်းတွင် ဈေးနှုန်းစစ်ပွဲများ ဖြစ်ပွားခဲ့သည့် အချို့သော ပုဂ္ဂလိက ဆေးရုံများကဲ့သို့ပင်..
၎င်းတို့၏ ဝဘ်ဆိုက်များကို သွားရောက် ကြည့်ရှုမိသည်နှင့် ၎င်းတို့၏ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်မှုနှင့် မည်မျှ ထူးချွန်ကြောင်းကို ဂုဏ်ယူဝံ့ကြွားရန် သီးသန့် ချက်တင်ခန်းကို ဖွင့်ထားမည် ဖြစ်သည်။
အဆုံးသတ်တွင် ပိုက်ဆံသာကုန်ပြီး အသက်ကို ကယ်တင်နိုင်မည် မဟုတ်ပေ။
ဤလုပ်ရပ်မျိုးက ဝမ်လင်းကို တကယ်ပင် စက်ဆုပ်စေခဲ့သည်။
သူက ချက်တင်ခန်းကို ပိတ်ခါနီးတွင် ဆိုင်မှ ဖောက်သည်များကို ဝန်ဆောင်မှုပေးသည့် ဝန်ထမ်းတစ်ဦးက ပါးစပ်ထဲတွင် နှင်းဆီတစ်ပွင့် ကိုက်ထားသည့် ပြုံးနေသော အီမိုဂျီ တစ်ခုနှင့် မက်ဆေ့ချ်တစ်စောင်ကို အမြန်ဆုံး ပေးပို့ခဲ့သည်။
"ကျင့်ကြံသူမိတ်ဆွေ ကျေးဇူးပြုပြီး နေပါဦး"
ဝမ်လင်းက အစက်ချ သင်္ကေတ(..)ကို ရိုက်ရန် လက်ကို လှုပ်ရှားလိုက်သည်။
ဝမ်လင်း၏ ပြန်ကြားချက်ကို မြင်လျှင် ဝန်ထမ်းက အလွန် စိတ်အား ထက်သန်စွာဖြင့် ရှင်းပြလိုက်သည်။
"ကျင့်ကြံသူ မိတ်ဆွေက မျက်နှာဖုံးကို ရှာနေပုံရတယ်.. ကျမတို့ ဆိုင်မှာရှိတဲ့ မျက်နှာဖုံး စျေးနှုန်းတွေက အွန်လိုင်းမှာ အသက်သာဆုံး ဆိုတာ အာမခံနိုင်ပါတယ်.. မျက်နှာဖုံးတွေရဲ့ အရည်အသွေးကိုလည်း အာမခံပါတယ်.. ကျင့်ကြံသူမိတ်ဆွေက ဘယ်လို မျက်နှာဖုံး အမျိုးအစားကို ရှာနေပါသလဲ.. ကျမတို့ဆီမှာ အားလုံး စုံစုံလင်လင် ရှိပါတယ်.. ဒီမက်ဆေ့ချ်က ကိုယ်တိုင် ရိုက်နှိပ်ပြီး ပို့လိုက်တာပါ.. အလိုအလျောက် ပြန်လည် ဖြေဆိုခြင်း မဟုတ်ပါဘူး.. ကျမ တို့ရဲ့ ရိုးသားမှုကို သံသယမ၀င်ပါနဲ့"
"............."
ဝမ်လင်းက စကားပြန်မပြောသည်ကို မြင်လျှင် ဝန်ထမ်းက နောက်ထပ် မက်ဆေ့ချ်တစ်ခု ပို့လိုက်သည်။
"ကျင့်ကြံသူမိတ်ဆွေ.. ရှင် ရွေးရခက်လို့ စိတ်ရှုပ်နေတယ် ဆိုတာ ကျမ နားလည်ပါတယ်.. ဒါကြောင့် ကျမ တို့ရဲ့ နောက်ဆုံးပေါ်နဲ့ ရေပန်းအစားဆုံး မျက်နှာဖုံး အချို့ကို အမြန်ဆုံး မိတ်ဆက်ပေးပါရစေ"
ဝန်ထမ်းက အနည်းငယ် ထူးဆန်းပုံ ပေါက်သည့် အစိမ်းရောင်မျက်နှာဖုံးပုံကို ပထမဆုံးပုံ အနေဖြင့် ခက်သွက်သွက် ပို့လိုက်သည်။
၎င်းမျက်နှာဖုံးက ကြည်လင်သော မျက်နှာအသွင်အပြင် ရှိသည်။
ဒီဇိုင်းက ဆိုးရွားသည်ဟု မယူဆနိုင်သော်လည်း တောက်ပ လွန်းနေသည်။
ဝမ်လင်း "ဒါက ဘာမျက်နှာဖုံးလဲ"
"ကျင့်ကြံသူ မိတ်ဆွေ.. ရှင့်ရဲ့ချစ်သူက နေရာအနှံ့မှာ ဇာတ်လမ်းတွေ ရှုပ်နေတာကြောင့် ဒုက္ခရောက်နေပါသလား.. အချစ်ဦးကို ရှာနေပါသလား.. သင့်အိမ်ထောင်ဖက်ရဲ့ အချစ်ကို ပြန်လည်ရရှိဖို့ နည်းလမ်းရှာနေပါသလား.. ကျမတို့ရဲ့ နောက်ဆုံးပေါ် "ခွင့်လွှတ်ခြင်း အစိမ်းရောင်အလင်း" မျက်နှာဖုံးက ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ပြန်လည်ရရှိဖို့နဲ့သင့်အချစ်ကို ပြန်လည်ရရှိဖို့ အခြေခံအားဖြင့် ကူညီပေးနိုင်ပါတယ်"
ဝမ်လင်း"..........."
"အင်း...အဲဒါက ရှင့်ရဲ့ စိတ်ကြိုက် မဟုတ်သေးရင် ကျမ တို့မှာ နောက်ထပ် တစ်မျိုး ရှိသေးတယ်"
ထိုစကားကိုပြောပြီး ဝန်ထမ်း မိန်းကလေးက နောက်ထပ် ပုံတစ်ပုံ ပို့လိုက်ပြန်သည်။
ဤမျက်နှာဖုံးက ငွေရောင်ဖြစ်ပြီး မျက်နှာဖုံး၏ မေးစေ့နေရာက ထူးထူးခြားခြား ချွန်ထက်နေသည်မှ လွဲ၍ အခြားအရာအားလုံးမှာ အလွန် ရိုးရှင်းသည်။
"ကျင့်ကြံသူမိတ်ဆွေ.. ညဘက် လမ်းမတွေပေါ်မှာ တစ်ယောက်တည်း လမ်းလျှောက်ရမှာ ကြောက်နေပါသလား.. မိုးလင်းတဲ့အထိ အချိန်ပို အလုပ်လုပ်တတ်ပါသလား... ဒါဆိုရင်တော့ ဒီလျှူဘေဘီ အမှတ်တံဆိပ် "မြွေထီးဝိညာဥ် မျက်နှာဖုံး"ကို အသုံးပြုလိုက်ပါ.. မျက်နှာဖုံးက နောက်ဆုံးပေါ်ပေါင်းစပ်နည်းပညာကို အသုံးပြုထားပြီး သတ္တုနဲ့ hyaluronic acid ကို ရောစပ်ထားတာပါ.. ဒီမျက်နှာဖုံးက ရှင့် မျက်နှာရဲ့ အစိုဓာတ်ကို ထိန်းပေးရုံတင် မကဘဲ မျက်နှာဖုံးရဲ့ မေးစေ့နေရာမှာ စိန်အနက်ရောင် ထည့်သွင်းထားတဲ့ အတွက် အကျပ်အတည်း ကြုံတဲ့အခါမှာ လက်နက်အဖြစ်လည်း အသုံးပြုနိုင်ပါတယ်"
"............."
အချိန်အတော်ကြာသည် အထိ ဝမ်လင်းက အကြောင်းမပြန်ခဲ့ပေ။
ဝန်ထမ်း မိန်းကလေးက ဝမ်လင်းကို မေးခွန်း အမှတ်အသား အီမိုဂျီ ပေးပို့ခဲ့သည်။
"ကျင့်ကြံသူမိတ်ဆွေ"
"ယုံကြည် စိတ်ချရလောက်တဲ့ ပစ္စည်းတွေနဲ့ ပြုလုပ်ထားတဲ့ အကာအကွယ် မျက်နှာဖုံး ရှိလား"
ဤတစ်ကြိမ်က ဝန်ထမ်းမိန်းကလေး၏ စာချန်ပြအမှတ်အသား(..) ပေးပို့သည့် အလှည့် ဖြစ်သည်။
"..............."
ယနေ့ခေတ်တွင် မျက်နှာဖုံး အများစုကို ကျင့်ကြံခြင်း ဆိုင်ရာ အစီအရင်များနှင့် သိပ္ပံပညာကို ပေါင်းစပ်ကာ တီထွင် ထုတ်လုပ်ခဲ့ကြသည်။
အများအားဖြင့် ထုတ်လုပ်ကြသည်မှာ တစ်စုံတစ်ရာ အစွမ်းအစ ရှိသော မျက်နှာဖုံး အမျိုးအစားများ ဖြစ်သည်။
ထို့ကြောင့် အွန်လိုင်း ကျင့်ကြံရေး ကုန်တိုက်ကြီး တစ်ခုလုံးတွင် သာမန်မျက်နှာဖုံးကို ရှာတွေ့ရန်မှာ အလွန် ရှားပါးသည်။
မှန်၏.. ၎င်းက ရှားပါးသော်လည်း တစ်ခုမှ မရှိတာတော့ မဟုတ်ပေ။
မည်သို့ပင်ဆိုစေ မည်သည့် လုပ်ဆောင်ချက်မှ မပါဝင်သည့် မျက်နှာဖုံးများမှာ အများအားဖြင့် တန်ဆာ ဆင်ထားတတ်သောကြောင့် အဖိုးနှုန်းမြင့်သော နှုန်းထားများဖြင့် ရောင်းချလေ့ ရှိကြ၏။
သို့သော် ဝမ်လင်းက စျေးသက်သာသော မျက်နှာဖုံး တစ်ခုခုကိုသာ လိုချင်နေခဲ့သည်။
ယင်းက ဝန်ထမ်း မိန်းကလေး အတွက် တကယ်ကို ခေါင်းကိုက်စေခဲ့မှန်း ထင်ရှားနေ၏။
ဆယ်မိနစ်လောက် အကြာတွင် ဝန်ထမ်းက နောက်ထပ် ပုံတစ်ပုံ ပို့လိုက်သည်။
ပုံက မျက်လုံးနေရာတွင် သစ်စေးကဲ့သို့ တစ်ခုခုဖြင့် အလှဆင်ထားပုံရပြီး အနည်းငယ် အနုစိတ် ပုံဖော်ထားပုံ မရသော သရဲမျက်နှာဖုံးပုံ ဖြစ်သည်။
အနည်းငယ် ဟောင်းနွမ်းနေပုံရသော်လည်း မျက်နှာဖုံး တစ်ခုလုံးမှာ အတော်လေး သူနှင့် သင့်တော်ပုံရသည်။
"ကျင့်ကြံသူမိတ်ဆွေ.. ဒါက မျက်နှာကို ဖုံးဖို့ စျေးသက်သာတဲ့ မျက်နှာဖုံးတစ်ခုပါ.. ရိုးရိုးသားသားပြောရရင် အွန်လိုင်းကျင့်ကြံရေး ကုန်တိုက်မှာ ဒီလိုမျိုးက ရှာရခက်တယ်.. ကျမတို့ ဆိုင်မှာ ရှင့်လိုအပ်ချက်တွေနဲ့ ကိုက်ညီတဲ့ မျက်နှာဖုံးတွေ အများကြီး မရှိပေမဲ့လည်း စျေးသက်သာပြီး ကောင်းမွန်တဲ့ လက်ရာနဲ့ ပြုလုပ်ထားတဲ့ သရဲ မျက်နှာဖုံးကို ရှင့်အတွက် ကျမတို့ ရှာတွေ့ခဲ့ပါတယ်"
ဝမ်လင်းက ဝန်ထမ်း သူ့ကို ပေးပို့သည့်ပုံအား စိုက်ကြည့်လိုက်၏။
ဤမျက်နှာဖုံးတွင် အခြေခံအားဖြင့် သူလိုအပ်သမျှ အရာအားလုံး ပါဝင်နေကြောင်း ခံစားခဲ့ရသည်။
အရေးကြီးဆုံး အချက်မှာ သူက သရဲမျက်နှာဖုံးကို ပြုလုပ်ထားသည့် ပါဝင်ပစ္စည်းအား ကြည့်ရှုရန် ကောင်းကင်မျက်လုံးကို အသုံးပြုခဲ့ခြင်း ဖြစ်သည်။
အစစ်အမှန် မျက်နှာဖုံးကို မထိတွေ့ရ၍ သေချာမသိနိုင်သော်လည်း ဝမ်လင်းက ဤမျက်နှာဖုံးတွင် ကမ္ဘာဦး အမည်းရောင် သလင်းကျောက် ပါဝင်နေကြောင်း အသေအချာ သိနေသည်။
ဤအရာကို ကမ္ဘာ့ကျင့်ကြံခြင်း ဆိုင်ရာ အထွေထွေ ဌာနမှ ရှာဖွေတွေ့ရှိခဲ့သည်။
၎င်းက လူသားတို့ နားလည်ရ အခက်ဆုံး ပစ္စည်းလည်း ဖြစ်သည်။
(Hyaluronic acid= မျက်လုံးနှင့် အရိုးအဆစ်များတွင် တွေ့ရသော သဘာဝပစ္စည်း ဖြစ်ပြီး အဆစ်များနှင့် အခြားတစ်ရှူးများအကြား ချောဆီအဖြစ် လုပ်ဆောင်သည်။ ၎င်းကို အလှကုန် ပစ္စည်းများတွင် အသုံးပြုကြသည်)