အချစ်၏ ဒုက္ခသုက္ခ
Vol. 6 Ch. 83
ဖိုးဖိုးဝမ်က အိမ်ငယ်လေးထဲကို ဝင်လိုက်သည်နှင့် တစ်ပြိုင်နက် ရေချိုးခန်းထဲသို့ တန်းဝင်သွားခဲ့သည်။
သူက သုံးဘီးဆိုင်ကယ်ကို ဤနေရာထိ တလမ်းလုံး စီးလာနေသမျှ ကာလပတ်လုံး သူ့ဗိုက်ကို ဆုပ်ကိုင်ထားခဲ့၏။
ဖိုးဖိုးဝမ်က အသက် ခုနစ်ဆယ် အရွယ်တွင် ရှိသော်လည်း အလွန် ကြံ့ခိုင်သည်ဟု ယူဆနိုင်သေးသည်။
သူ၏ ပိုမို ဆိုးရွားလာသည့် မှတ်ဉာဏ်ချို့ယွင်း ရောဂါက လွဲလျှင် ကျင့်ကြံခြင်း ဆေးရုံတွင် စစ်ဆေးခဲ့သည့် သူ၏ ပုံမှန် ကိုယ်ကာယ စစ်ဆေးမှုတွေ အရ သူ၏ တခြားသော ခန္ဓာကိုယ် လုပ်ဆောင်ချက်တွေ အားလုံးမှာ ပုံမှန် ဖြစ်ကြောင်း ညွှန်ပြနေသည်။
ဖိုးဖိုးဝမ်က ပြင်းထန်သည့် မှတ်ဉာဏ် ချို့ယွင်းသော ဝေဒနာကို ခံစားနေရသော်လည်း ဖေဖေဝမ်နှင့် မေမေဝမ်က ဖိုးဖိုးဝမ် လမ်းတစ်ဝက်တွင် ပျောက်သွားမည်ကို မစိုးရိမ်ခဲ့ပေ။
အကြောင်းရင်းမှာ ဝမ်လင်းက ဖိုးဖိုးဝမ်၏ သုံးဘီးဆိုင်ကယ်ကို အလိုအလျောက် လမ်းပြပေးနိုင်အောင် ကောင်းချီးပေးခဲ့သောကြောင့် ဖြစ်၏။
ထို့အပြင် အရေးကြီးဆုံးမှာ ဖိုးဖိုးဝမ်က သာမန် အခြေအနေတွင် သုံးဘီးဆိုင်ကယ်ကို စီးရန် လုံးဝ မကြိုးစားခဲ့ပေ။
ထိုသို့သာ မဟုတ်လျှင် ဖိုးဖိုးဝမ်က အနီးနားမြို့ရှိ ဆင်ခြေဖုံးနေရာကနေ သူ့ကိုယ်ပိုင် အငွေ့အသက်အောက်ရှိ ဤနေရာသို့ လာရောက် လည်ပတ်စရာ ဘာအကြောင်းမှ မရှိချေ။
ဖိုးဖိုးဝမ် ရောက်လာမှန်း သိလျှင် ဖေဖေဝမ်က အလုပ်ကို အလျင်အမြန် လက်စသတ်လိုက်သည်။
မေမေဝမ်နှင့် ဝမ်လင်းတို့ ဒေါသထွက်ချိန်မှလွဲ၍ ဝမ်မိသားစုတွင် ဖေဖေဝမ် အကြောက်ရဆုံးသူမှာ ဖိုးဖိုးဝမ် ဖြစ်သည်။
ဝမ်လင်း၏ အဖွား အသက်ရှိစဥ်က ဆိုလျှင် ဖေဖေဝမ်က ဖိုးဖိုးဝမ်ထက် သူမကို ပိုကြောက်ရသည်။
ကံမကောင်းစွာဖြင့် သူမက ဝမ်လင်း မမွေးမီတွင်ရောဂါကျွမ်း၍ ဆုံးပါးသွားခဲ့သည်။
ဖေဖေဝမ်က ဝမ်လင်း မွေးဖွားလာသည့် တိုင်အောင် အချိန်အတော်ကြာ ဝမ်းနည်းခဲ့ရသည်။
ဝမ်လင်းသာ နှစ်အနည်းငယ်စောပြီး မွေးလာခဲ့လျှင် ဖွားဖွားဝမ် တစ်ယောက် ယခုအချိန်ထိ အသက်ရှင်နေလောက်သည်ဟု သူအမြဲတမ်း တွေးနေမိသည်။
ကံမကောင်းစွာဖြင့် ဘဝလောကဓံတွင် "ဖြစ်လာခဲ့လျှင်"ဆိုတာ မရှိခဲ့ချေ။
နေ့စဥ်နေ့တိုင်းက တိုက်ရိုက်လွှင့်သည့် ရှိုးတစ်ခုလိုပဲ မဟုတ်ပါလား။
ဝမ်လင်း၏ အဖွား သေဆုံးပြီးနောက်တွင် ဖိုးဖိုးဝမ်က စိတ်ထောင်းကိုယ်ကြေ ဖြစ်ကာ မှတ်ဉာဏ် ချို့ယွင်းသည့် ရောဂါကို ခံစားခဲ့ရသည်။
ငယ်စဥ်က ဖိုးဖိုးဝမ်မှာ မိန်းမရှုပ်သည့် အကျင့်စရိုက်ရှိပြီး ရီးစားများက မှိုလိုပေါက်အောင် ရှိခဲ့၏။
သို့ရာတွင် ဖိုးဖိုးဝမ်က အားလုံးထဲတွင် ဤမယားကိုသာ အချစ်ဆုံး ဖြစ်သည်။
ဆိုရလျှင် ဖွားဖွားဝမ် သေဆုံးခြင်းက ဖိုးဖိုးဝမ် အတွက် ကြီးမားသော ထိုးနှက်ချက် တစ်ခု ဖြစ်ခဲ့၏။
ဖေဖေဝမ်က ဧည့်ခန်းထဲတွင် စီးကရက်တစ်လိပ်ကို မီးညှိလိုက်သည်။
"ငါတို့ ဒီညအတွက် စားသောက်ဆိုင်မှာ ဘွတ်ကင် လုပ်ပြီးပြီလား"
မေမေဝမ်က ခေါင်းညိတ်လိုက်သည်။
"ကျမ Kikkaro စားသောက်ဆိုင်မှာ ဘွတ်ကင် လုပ်ထားပါတယ်.. အစကတော့ မီးဖိုချောင်နတ်ဘုရားရဲ့ ဆိုင်ငယ်လေးမှာ ဘွတ်ကင်လုပ်ထားပေမယ့် ပိုင်ရှင်က အခုတလော အလုပ်တော်တော်ကျနေပုံပဲ.. အဲဒီဆိုင်က ထမင်းကြော် ကြက်ဥနဲ့ကလည်း ဈေးတက်လာတယ်လို့ ကြားတယ်.. အရင်က 288 ယွမ်ကနေ အခု 988 ယွမ် အထိ စျေးတက်သွားခဲ့တယ်.. အဲဒါက နေ့ခင်းဘက်ကြီး ပေါ်တင် ဓားပြတိုက်နေတာပဲ မဟုတ်လား"
ဝမ်လင်း "............."
မကြာသေးမီက "မီးဖိုချောင်နတ်ဘုရားရဲ့ ဆိုင်ငယ်လေး"ဟုခေါ်သည့် အလွန် နာမည်ကြီးသော စားသောက်ဆိုင် တစ်ဆိုင် ရှိကြောင်း ဝမ်လင်း သိခဲ့သည်။
ဤစားသောက်ဆိုင်က လူမသိသူမသိ စားသောက်ဆိုင် အဖြစ်မှ ပန်းကန်လုံး တစ်လုံးစာသာ ပါဝင်သော ကြက်ဥ ထမင်းကြော် ဖြင့် မရေမတွက်နိုင်သော အမာခံ ဖောက်သည်များကို ဆွဲဆောင်နိုင်ခဲ့ပြီး နာမည်ရခဲ့သည်။
ကျော်ကြားသော ပြည်တွင်း အစားအစာ ကျွမ်းကျင်သူများမှာ ထိုစားသောက်ဆိုင်ကို ကြော်ငြာပေးရန် စိတ်အားထက်သန်ခဲ့ကြသည်။
ဝမ်လင်းကမူ ဤစားသောက်ဆိုင်၏ ပိုင်ရှင်က အလွန်သံသယ ဖြစ်စရာကောင်းသည်ဟု ခံစားမိသည်။
၎င်းက ကျင့်ကြံခြင်း လောက၏ ဝါရင့် စီနီယာ သို့မဟုတ် အချိန်ခရီးသွားလည်း ဖြစ်နိုင်သည်။
ထိုလူထံ၌ လူသားတို့၏ ခွန်အားကို မြှင့်တင်နိုင်သည့် စနစ်မျိုးလည်း ရှိနိုင်၏။
ဝမ်လင်းအတွက်မူ တည်နေရာ ရွှေ့ပြောင်းသည့် အစီအရင်က အသစ်အဆန်း မဟုတ်ပေ။
ထို့အပြင် ယင်းမှာ မကြာသေးမီ နှစ်များ အတွင်းက ဝမ်မင် ကိုယ်တိုင် လုပ်ဆောင်ခဲ့သော သုတေသန ပရောဂျက် တစ်ခုဖြစ်ကြောင်း ဝမ်လင်းက သိရှိခဲ့သည်။
ယနေ့တိုင် ဝမ်မင်က တည်နေရာ ရွှေ့ပြောင်းသည့် အစီအရင် များစွာကို တီထွင်ခဲ့ပြီး နေရာများစွာတွင် လျှို့ဝှက် စမ်းသပ်မှုများ ပြုလုပ်ခဲ့သည်။
"ကောင်းပါတယ် Kikkaro လည်း မဆိုးပါဘူး"
ဖေဖေဝမ်၏ အကြည့်က ပန်းခြံနောက်ဘက်ရှိ သုံးဘီးဆိုင်ကယ်လေး ဆီသို့ ရောက်ရှိနေသည်။
"ဘာလို့ ပန်းသီးတွေ ဒီလောက်များနေတာလဲ"
"ပန်းသီးတွေက အဖေယူခဲ့တာလေ.. လင်းလင်း ငယ်ငယ်က လိမ္မော်သီး စားရတာ ကြိုက်ခဲ့တာကို သတိရပြီး ယူလာပေမဲ့ ကံမကောင်းစွာနဲ့ မှားသွားခဲ့တယ်"
ဖေဖေဝမ်က မျက်နှာကို လက်ဝါးဖြင့် အုပ်လိုက်ပြီး စိတ်နှလုံးထဲကနေ သက်ပြင်းတစ်ချက် ချလိုက်သည်။
ဖိုးဖိုးဝမ်၏ မှတ်ဉာဏ်က တဖြည်းဖြည်း ပိုဆိုးလာပုံရ၏။
နောက်ပြီး ဝမ်းချုပ်တာကလည်း ပြဿနာကြီးတစ်ခု ဖြစ်လာသလိုပင်။
ဖိုးဖိုးဝမ်က သန့်စင်ခန်းထဲ ဝင်သွားသည်မှာ အချိန်အတော်လေး ကြာနေပြီ ဖြစ်သည်။
ဝမ်လင်း အနေဖြင့်လည်း အလွန်အမင်း ကူကယ်ရာမဲ့သလို ခံစားခဲ့ရ၏။
သူ၏ လက်ရှိ စွမ်းဆောင်နိုင်မှု အရ ခန္ဓာကိုယ်ထဲမှ ကင်ဆာဆဲလ်များကိုပင် အလွယ်တကူ ဖယ်ရှားပစ်နိုင်သော်လည်း ဖိုးဖိုးဝမ်၏ စိတ်ရောဂါကို ပျောက်ကင်းအောင် ကုသနိုင်မည့် နည်းလမ်းတော့ မရှိချေ။
ပို၍ဆိုးသည်မှာ ဖိုးဖိုးဝမ်၏ စိတ်ရောဂါက နှလုံးသား ရေးရာနှင့် ပတ်သက်နေသောကြောင့် အလွန် ရှုပ်ထွေးနေသည်။
အကယ်၍ ဖိုးဖိုးဝမ်သာ ရုပ်ပိုင်းဆိုင်ရာ ပြဿနာဖြစ်ခဲ့လျှင် ဝမ်လင်းက မျက်စိတစ်မှိတ် အတွင်း ကုသနိုင်မည် ဖြစ်သည်။
သူ၏ ကုသမှုက အလွန်ကောင်းမွန်သည်။
အထူးသဖြင့် အရိုးကုသရေး နယ်ပယ်တွင် သူအသုံးပြုသော နည်းလမ်းများက လွန်ခဲ့သည့် နှစ်အနည်းငယ် အတွင်း ဂျာမန်အရိုးရောဂါ ကုသမှု ဆေးပညာရပ်ထက် လုံးဝ ကျော်လွန်သွားသည် အထိ တိုးတက်လာခဲ့သည်။
သန့်စင်ခန်းထဲတွင် အိမ်သာရေဆေးချသံ ကြားရပြီး မကြာမီ ဖိုးဖိုးဝမ်က တည်ငြိမ်စွာဖြင့် လမ်းလျှောက်ထွက်လာသည်။
ဧည့်ခန်းထဲသို့ ရောက်လျှင် သူက ဝမ်လင်း၏ လက်များကို ဆုပ်ကိုင်ထား၍ ထူးဆန်းစွာ ကြည့်လိုက်သည်။
"ကျောင်းလေး.. မင်းကို မတွေ့ရတာ လချီတောင် ရှိသွားပြီ.. မင်းက ဘယ်လိုလုပ် နိုပျိုနေတာလဲ.. မင်းက ငယ်ရွယ်နုပျိုမှုကို ထိန်းသိမ်းထားနိုင်တဲ့ ဆေးပြားတွေကို ခိုးလာတာလား... အဲဒီလို ပစ္စည်းတွေထဲမှာ ကြာရှည်ခံပစ္စည်းတွေ ပါနေတတ်တယ်နော်"
"................"
"................"
ဖေဖေဝမ် "အဖေ.. ကျနော်ကမှ အဖေ့ရဲ့သားပါ"
ဖိုးဖိုးဝမ်က ဖေဖေဝမ်ကို တခဏမျှ ကြည့်လိုက်ပြီး ခေါင်းညိတ်ပြလိုက်သည်။
"အိုး.. ဟုတ်သားပဲ.. မှန်တယ်.. မင်းကမှငါ့သားပဲ...ဒါဆိုဒီကောင်လေးက ကျင့်ခယ်ပေါ့.. ဟုတ်တယ်မလား.. ဒါနဲ့ ငါတို့ လင်းလင်းလေးကရော ဘယ်မှာလဲ"
"..............."
ဖိုးဖိုးဝမ်က လှည့်စားရသည်ကို အလွန်နှစ်သက်သူ တစ်ဦးဖြစ်သည်။
စောစောက အိမ်ရှေ့တွင် မှတ်ဉာဏ်ချို့ယွင်းနေသည်မှာ အမှန်တကယ် ဖြစ်သော်လည်း ယခုတစ်ခေါက်တွင်မူ ဖိုးဖိုးဝမ်က ဟန်ဆောင်နေကြောင်း ဝမ်လင်း တစ်ယောက် တန်းသိနိုင်ခဲ့သည်။
ဤနောက်ပြောင်မှုလေးတွေက ဖေဖေဝမ်နှင့် မေမေဝမ်ကို လှည့်စားနိုင်သော်လည်း သူ့ကို လှည့်စားရန် အတွက်မူ မဖြစ်နိုင်ချေ။
ဖေဖေဝမ်နှင့် မေမေဝမ်တို့က ဝမ်လင်း၏ အမူအရာကို မြင်လျှင် ချက်ချင်း နားလည်သွားကြသည်။
"အဖေ.. အဖေက အသက်ကြီးနေပြီလေ.. အခုထိ လှည့်စားရတာကို ကြိုက်တုန်းပဲလား"
သူ၏ နောက်ပြောင်မှု ပေါ်သွားသည်ကို မြင်လျှင် ဖိုးဖိုးဝမ်က ရွှင်လန်းစွာ ရယ်မောလိုက်သည်။
"နောက်ဆုံးတော့ ငါတို့ရဲ့ လင်းလင်းလေးက အရမ်း အံ့သြစရာ ကောင်းနေတုန်းပဲကိုး.. ဒါနဲ့ ညနေပိုင်းအတွက် ဘာအစီအစဥ်တွေ လုပ်ထားလဲ"
"အဖေ.. ကျနော်တို့တွေ စားသောက်ဆိုင်မှာ သွားစားကြမယ်.. ကျနော်တို့က အဖေ့ကို စောင့်နေကြတာ"
"မဟုတ်သေးပါဘူး.. ဘယ်စားသောက်ဆိုင် ဖြစ်ဖြစ် သောက်ရမ်း ဈေးကြီးမှာပဲ.. အိမ်မှာ ဟင်းချက်စရာတွေ ရှိလား"
ဖိုးဖိုးဝမ်က မေးလိုက်သည်။
"ရှိပါတယ်"
"ဒါဆို လုံလောက်ပြီ"
ဖိုးဖိုးဝမ်က သူ၏ အနက်ရောင် ဦးထုပ်ကို ချွတ်လိုက်ပြီး မတရား ထိပ်ပြောနေသော ဦးခေါင်းကို ဖော်ထုတ်ကာ အင်္ကျီလက်များကို လှိမ့်တင်လိုက်သည်။
"ဒီညတော့ မင်းဘာမှ လုပ်စရာမရှိဘူး.. ငါဘာလုပ်နိုင်တယ် ဆိုတာ မင်းကို ပြသပေးမယ်"
"အဖေ ဟင်းမချက်ရင် ပိုကောင်းမယ် ထင်တယ်... ဟင်းချက်တဲ့အချိန် အဖေ့ရဲ့ မှတ်ဉာဏ်ချို့ယွင်းတဲ့ ရောဂါ ပြန်ပေါ်လာရင် ဘယ်လိုလုပ်မလဲ"
"မှတ်ဉာဏ်ချို့ယွင်းတဲ့ ရောဂါက ငါဟင်းချက်တာနဲ့ ဘာဆိုင်လို့လဲ.. အားလုံးကို မေ့သွားတယ် ဆိုရင်တောင် ချက်ပြုတ်နည်းတွေကိုတော့ ဘယ်တော့မှ မေ့မှာ မဟုတ်ဘူး"
ဖိုးဖိုးဝမ်က ဒေါသတကြီး ပြောလိုက်သည်။
သူက ချက်ရေးပြုတ်ရေးနှင့် ပတ်သက်လျှင် အလွန်ခေါင်းမာသောသူ တစ်ဦး ဖြစ်သည်။
သူက အငြိမ်းစား မယူမီ ကျင့်ကြံခြင်း ကြယ်ပွင့် ဟိုတယ် တစ်ခုတွင် အနှစ်လေးဆယ်ကျော် စားဖိုမှူး လုပ်ခဲ့သည်။
တစ်နေ့သုံးနပ်ဖြင့် 365ရက်လုံး အလုပ် လုပ်ရသော်လည်း ပါဝင်ပစ္စည်း လုံလုံလောက်လောက် ရှိနေသ၍ ဟင်းတစ်မျိုးတည်းကို နှစ်ခါ ထပ်အောင် လုပ်မည် မဟုတ်ချေ။
ဖိုးဖိုးဝမ်က အချက်အပြုတ် နယ်ပယ်တွင် အထွတ်အထိပ်သို့ ရောက်သောအခါ လူကြီး၊လူငယ်မရွေး တပည့်ပေါင်း များစွာက သူ့ထံတွင် သင်ကြားခဲ့ကြသည်။
၎င်းတို့အားလုံးက သူ့ထံတွင် ပျော်ရွှင်စွာ ချက်ပြုတ်ခြင်း၏ ဒဿနကို သင်ယူခဲ့ကြ၏။
ဖိုးဖိုးဝမ်ကို ဤဒဿန သင်ကြားပေးခဲ့သော ဆရာက မည်သူမည်ဝါ ဖြစ်သည်ကို ဝမ်လင်းပင် မသိခဲ့ချေ။
ဖိုးဖိုးဝမ်က ယခုအခါတွင် ဉာဏ်ရည် ချို့ယွင်းလာသဖြင့် မှတ်ဉာဏ်များက ရှုပ်ထွေးလာခဲ့သည်။
ဝမ်လင်းက သူ၏ မှတ်ဉာဏ် ပြန်လည် ရယူနိုင်စွမ်းကို အသုံးပြုကြည့်သော်လည်း အသုံးဝင်လောက်မည့် သဲလွန်စများကို ရှာဖွေ မတွေ့ရှိခဲ့ချေ။
ထို့အပြင် မှတ်ဉာဏ်ကို အပြင်းအထန် ရှာဖွေခြင်းက ဖိုးဖိုးဝမ်၏ မှတ်ဉာဏ်ကို ပိုမို ဆိုးရွားသွားစေနိုင်သည်။
အဆုံးသတ်တွင် ဖိုးဖိုးဝမ်မှာ သူ့အဘိုးအရင်း ဖြစ်သည်။
သူအရမ်း သိချင်စိတ် ပြင်းပြနေလျှင်ပင် သူ့အဖိုး ထိခိုက်နစ်နာစေမည့် အတိုင်းအတာ အထိတော့ လုပ်လိမ့်မည် မဟုတ်ချေ။
"ငါ့ကို အထင်မသေးပါနဲ့.. ငါအသက်ကြီးလာလို့ ငါ့ဦးနှောက်က သိပ်အလုပ် မလုပ်တော့ပေမဲ့ ငါ့ခန္ဓာကိုယ်က ကျန်းမာနေပါသေးတယ်.. ငါ့မြေးလေးက ပွဲတစ်ခုမှာ လေးရက်ကြာ ပါဝင်ခဲ့တာလေ.. သူဘယ်လောက် ပင်ပန်းပြီး ပိန်သွားလဲ ကြည့်စမ်း"
ဖိုးဖိုးဝမ်က ဝမ်လင်းကို ကြည့်၍ ပြုံးလိုက်ပြီး မီးဖိုချောင်တံခါးနောက်တွင် မေမေဝမ် ချိတ်ဆွဲထားသည့် ရှေ့ဖုံး ခါးစည်းကို ယူကာ သူ၏ ခါးတွင် ကျင်လည်စွာ စည်းနှောင်လိုက်သည်။
"အဖေ အကူအညီလိုသေးလား"
"ငါ့ကို ဆီ၊ ဆား၊ ငံပြာရည်နဲ့ တခြား ပစ္စည်းတွေသာ ရှာပေးပါ.. ပြီးရင် အိမ်မှာ ဘာပစ္စည်းတွေ ရှိလည်း ဆိုတာ တစ်ချက်စစ်ဆေးပြီး ပြန်ပြောဦး"
"ရေခဲသေတ္တာထဲမှာ ဟင်းနုနွယ်ရွက်၊ မုန်လာဥနဲ့ ဝက်သားတချို့တော့ ရှိတယ် အဖေ"
"အင်း.. ဧည့်ခန်းရဲ့ စားပွဲပေါ်မှာ ငှက်ပျောသီး တချို့ကိုတော့ ငါ တွေ့လိုက်ရတယ်.. ဒါနဲ့ သစ်သီးလင်ပန်း ပြုလုပ်လို့ရတယ်.. စိတ်ဆိုးနေတဲ့ ဌက်ပျောသီး အချိုပွဲသာ လုပ်လိုက်ရင် အနှိုင်းမဲ့ အချိုပွဲတောင် ဖြစ်သွားဦးမယ်"
ဖိုးဖိုးဝမ်က ရေခဲသေတ္တာကို ဖွင့်ကြည့်လိုက်ရာ မျက်လုံးများ တောက်ပလာသည်။
"ဝက်နားရွက်ပါလား.. အင်း… ဟုတ်ပြီ.. ဆော့စ်နဲ့ သုံးဆောင်ရမယ်"
အကြောင်းတစ်ခုခုကြောင့် ဝမ်လင်းက ဤချက်ပြုတ်နည်းနှင့်ပတ်သက်ပြီး ရင်းနှီးသော အရာတစ်ခုခု ရှိနေသည်ဟု ခံစားနေမိသည်။
"............."
(Kikkaro= Cooking Master Boy ဝတ္ထုထဲက စားသောက်ဆိုင်ကို ရည်ရွယ်၍ထည့်သွင်းထားပုံရ)
(ခေါင်းစဉ်မှာ စာရေးဆရာ ယွီပေါ ရေးသားထားသော ဝူးရှ ဝဘ်ဝတ္ထု၏ ခေါင်းစဉ် ဖြစ်သည်)