ထူးခြားသောဟင်းလျာမီနူး
Vol. 6 Ch. 84
ဖိုးဖိုးဝမ်က အငြိမ်းစားယူပြီးနောက် လယ်မြေတစ်ကွက်ကို ငှားရမ်းပြီး ဟင်းသီးဟင်းရွက် မျိုးကွဲ အသစ်များကို သုတေသနလုပ်ကာ သာမာန်လူများကို ကျွေးမွေးမည်ဟု သံဓိဌာန်ချခဲ့သည်။
ကံမကောင်းစွာပဲ ဖိုးဖိုးဝမ်က သူ၏ မှတ်ဉာဏ်ချို့ယွင်းမှုကြောင့် သုတေသန ရလဒ်များကို အဆက်မပြတ် မေ့နေခဲ့သည်။
နောက်ဆုံးတွင် ဖိုးဖိုးဝမ်က ယင်းအဖြစ်မှန်ကို လက်ခံလိုက်ပြီး သူ၏ အစောပိုင်း အိပ်မက်ကို စွန့်လွှတ်ကာ ရိုးရှင်းသော အသီးအနှံများနှင့် ဟင်းသီးဟင်းရွက်များကိုသာ စိုက်ပျိုးရန် စတင်ခဲ့သည်။
လတိုင်းလိုလို သူက ဝမ်မိသားစု၏ အိမ်ငယ်လေးသို့ ခြံထွက် ဟင်းသီးဟင်းရွက် တစ်ချို့ကို ပို့ပေးလေ့ရှိသည်။
ဤတစ်ကြိမ်တွင် သူ၏ မြေးအလိမ္မာလေးက ကျောင်းလှုပ်ရှားမှု တစ်ခုတွင် ပါဝင်ခဲ့ကြောင်း ကြားသိရသောအခါ ဖိုးဖိုးဝမ်က ဝမ်လင်း ကလေးဘဝ ကတည်းက အနှစ်သက်ဆုံး ဖြစ်သည့် လိမ္မော်သီးများကို မရပ်မနား ခူးဆွတ်ခဲ့သော်လည်း လိမ္မော်သီးများကို သုံးဘီးဆိုင်ကယ် တွန်းလှည်းထဲ ထည့်ခါနီးတွင် နားလည်ရခက်သော အမှားတစ်ခုကို ပြုလုပ်ခဲ့သေးသည်။
ကြယ်အဆင့် စားဖိုမှူးဖြစ်သည့် အဘိုးအိုက ညစာအတွက် သူ၏ လက်စွမ်းကို ပြသခဲ့သည်။
စားစရာများ= ရေခဲစိမ် ခရမ်းချဥ်သီး နှင့် အယ်လီဇဘက်အာလူး
အဓိကဟင်းလျာ= ဆော့ဖ်နဲ့ တွဲဖက်သုံးဆောင်ရသည့် သန့်စင်သော တိုက်ကြက်မည်း၊ ဆောင်းဦးဖရဲသီး စွပ်ပြုတ်
အချိုပွဲ= စိတ်ဆိုးနေတဲ့ ငှက်ပျောသီး
ဖိုးဖိုးဝမ်က ဟင်းတစ်ခုစီ၏ အမည်ကို လေးနက်စွာ ကြေညာလိုက်သောအခါ ဝမ်လင်းက ဖိုးဖိုးဝမ်၏ ဆရာကို အခြေခံအားဖြင့် အတည်ပြုနိုင်ခဲ့သည်။
ထိုလူက အမေကျွမ့် မဟုတ်လျှင်ပင် သူမနှင့် ပတ်သက်နေမည်မှာ သေချာသည်။
…......................
ပုံမှန်အားဖြင့် ဖိုးဖိုးဝမ်မှာ ဝမ်မိသားစုထံ အလည်လာသည့်အခါတိုင်း နောက်တစ်နေ့ နံနက်စောစောတွင် ၎င်း၏ သုံးဘီးဆိုင်ကယ်လေးဖြင့် ထွက်ခွာသွားလေ့ ရှိသည်။
သို့သော် ဤတစ်ခေါက် ညစာစားချိန်တွင် ဖေဖေဝမ်က ဖိုးဖိုးဝမ်ကို နောက်ထပ် ရက်အနည်းငယ် ဆက်နေရန် အခိုင်အမာ ပြောဆိုခဲ့သည်။
အကြောင်းပြချက်မှာ အလွန်ရိုးရှင်း၏။
ဖိုးဖိုးဝမ်၏ မှတ်ဉာဏ်ချို့ယွင်းသော ရောဂါက ကုသရန် လိုအပ်သည့် အဆင့်သို့ ရောက်ရှိသွား၍ ဖြစ်သည်။
ဖိုးဖိုးဝမ်က ဟင်းချက်နေစဉ် မမျှော်လင့်ဘဲ ဆားထည့်ရန် မေ့သွားခဲ့သည်။
ယင်းအတွက်ကြောင့် ဖိုးဖိုးဝမ်က အလွန်တရာ စိတ်အနှောင့်အယှက် ဖြစ်ခဲ့ရသည်။
သူ့အနေဖြင့် လူတိုင်းကို မေ့သွားလျှင်ပင် ချက်ပြုတ်နည်းကိုတော့ မမေ့သင့်ပေ။
အဆုံးသတ်တွင် ဖိုးဖိုးဝမ်က သူ့အခြေအနေကို သူကိုယ်တိုင် သိနေခဲ့သူမျိုး ဖြစ်သည်။
ဖိုးဖိုးဝမ်က ရောဂါကျွမ်းနေသည်မှာ သိသာထင်ရှားနေသည်။
လွန်ခဲ့သည့်လက ဖိုးဖိုးဝမ်ကို ဖေဖေဝမ်က ဆေးရုံသို့ ခေါ်ဆောင်သွားခဲ့သည်။
ဖိုးဖိုးဝမ်၏ မှတ်ဉာဏ်ချို့ယွင်းသော စိတ်ရောဂါက အလွန်ထူးခြားသော အခြေအနေဖြစ်ပြီး ဆေးဝါးဖြင့် ကုသ၍ မရနိုင်ကြောင်း ဆရာဝန်က ပြောကြားခဲ့သည်။
မှတ်ဉာဏ်ချို့ယွင်းသည်က စိတ်ရောဂါတစ်မျိုး ဖြစ်၍ စိတ်ပိုင်းဆိုင်ရာ ကုသမှု လိုအပ်သည်။
ထို့ကြောင့် ယခုတစ်ကြိမ်တွင် ဖေဖေဝမ်က ဖိုးဖိုးဝမ်ကို မပြန်စေဘဲ အိမ်မှာ နေစေခဲ့ခြင်း ဖြစ်သည်။
ဖေဖေဝမ်က ဖိုးဖိုးဝမ်၏ စိတ်ပိုင်းဆိုင်ရာကို ကုသအကြံပေးရန် အတွက် အလွန် တော်သော စိတ်ပညာရှင် တစ်ဦးကို ရှာဖွေရန် စီစဉ်ခဲ့သည်။
ထို့နောက်…
နောက်တစ်နေ့နံနက်တွင် ဝမ်မိသားစု၏ အိမ်ငယ်လေး ဆီသို့ ဧည့်သည် တစ်ယောက် ထပ်ရောက်လာသည်။
ရောက်လာသူမှာ လဲ့မုန့်မုန့် ဖြစ်သည်။
လဲ့မုန့်မုန့်က ဖိုးဖိုးဝမ်ကို မျက်နှာမူကာ အသက်ကို ခပ်ပြင်းပြင်းရှူလိုက်ရာ သူ၏ နုနယ်သော ခန္ဓာကိုယ်က အနည်းငယ် တုန်ယင်သွား၏။
သူက ဖေဖေဝမ်ကို လေးနက်စွာ ကြည့်လိုက်ပြီး
"မင်းငါ့ကိုပြောတဲ့ သေရေးရှင်ရေး ကိစ္စ ဆိုတာ ဒီကိစ္စလား"
"မင်းက တက္ကသိုလ်မှာ စိတ်ပညာ အဓိကနဲ့ ပြီးတာ မဟုတ်လား.. ဒါ့အပြင် မင်းက ပါမောက္ခကျန်းရဲ့ ဘွဲ့လွန်ကျောင်းသား တစ်ဦးပဲလေ"
ဖေဖေဝမ်က ပြောလိုက်သည်။
"ဒါပေမယ့် လူနာ မကြည့်ရတာ အတော်တောင် ကြာနေပြီလေ"
ယင်းအတွက် လဲ့မုန့်မုန့်ကို မည်သူမှ အပြစ်တင်၍ မရပေ။
လက်ရှိ စိတ်ပညာ နယ်ပယ်တွင် စိတ်ပညာရှင် အများအပြားရှိသော်လည်း အများစုမှာ အချိန်ပိုင်း အလုပ်လုပ်သူများသာ ဖြစ်ကြသည်။
ဤအလုပ်က သိပ္ပံကျင့်ကြံခြင်း ခေတ်တွင် စားဝတ်နေရေးကို လုံလောက်အောင် မထောက်ပံ့ ပေးနိုင်သောကြောင့် စွန့်စားရသော အသက်မွေးဝမ်းကျောင်း တစ်ခုဆိုလည်း မမှားပေ။
ယင်းအပြင် စိတ်ကျမ်းမာရေး ချို့ယွင်းနေသော လူနာများ၏ ဓားနှင့် ထိုးသတ်ခြင်းကို ခံခဲ့ရသည့် စိတ်ပညာရှင် အတော်များများပင် ရှိခဲ့သည်။
ထို့ကြောင့် တက္ကသိုလ်မှ ဘွဲ့ရပြီးနောက် လဲ့မုန့်မုန့်က အယ်ဒီတာ အဖြစ်သို့ ပြောင်းလဲခဲ့သည်။
အနည်းဆုံးတော့ ဤအလုပ်က သူ့ကို ပုံမှန်ဝင်ငွေ ရစေပြီး Sola Aoi လိုမျိုး ရုံးခန်းထဲတွင် ထိုင်နေရုံဖြင့် ငွေရှာနိုင်မည် ဖြစ်သည်။
(Sola Aoi= "Teacher sola"ဟု လူသိများပြီး အာရှပရိသတ် အခိုင်အမာ ရှိသည့် 18+ ဂျပန်မင်းသမီး)
ယင်းအချိန်တွင် အနီးအနားရှိ မေမေဝမ်က လဲ့မုန့်မုန့်ကို ကယ်ဆယ်ရန် ရောက်ရှိလာသည်။
"ငါတို့ပဲ စုန့်လေးကို အထင်ကြီးမိသွားတာ ဖြစ်မှာပါ.. ဒီကိစ္စက စုန့်လေး အတွက် အရမ်းခက်ခဲနေမယ် ထင်တယ်"
ဖေဖေဝမ်က အရှက်ကင်းမဲ့စွာဖြင့် လဲ့မုန့်မုန့်ကို နောက်တစ်ကြိမ် ထပ်ပြောလိုက်သည်။
"ငါဘာမှ ဂရုမစိုက်ဘူး.. မင်းလူနာ မကြည့်ချင်ရင်တောင် ဒီနေ့တော့ ကြည့်ဖြစ်အောင် ကြည့်ရမယ်.. မဟုတ်ရင် ဇာတ်လမ်းအသစ်ကို အပ်ဒိတ် မလုပ်ပေးတော့ဘူး.. ဝဘ်ဆိုက်ကနေပါ ထွက်ပစ်လိုက်တော့မယ်"
"အဲလိုတော့ မလုပ်ရဘူးလေ"
လဲ့မုန့်မုန့်၏ မျက်နှာက ပြိုတော့မည်မိုး ကဲ့သို့ ဖြစ်နေသည်။
သူ့မျက်လုံးများတွင် မျက်ရည်စများ ပြည့်နှက်နေသည်။
"ငါကြည့်ပေးပါ့မယ်.. ငါလုပ်ပါ့မယ်.. ကျေနပ်ပြီလား"
ယနေ့ခေတ်တွင် အယ်ဒီတာများ၏ ခြေထောက်ကို ဖက်လိုသော စာရေးဆရာများစွာ ရှိသည်။
အယ်ဒီတာကို ဝဘ်ဆိုက်တွင် စာထပ် မတင်ဘဲ နှုတ်ထွက်မည်ဟု ရာဇသံပေး၍ ခြိမ်းခြောက်သော စာရေးဆရာကို လဲ့မုန့်မုန့်က ပထမဆုံးအကြိမ် အဖြစ် မြင်တွေ့ခဲ့ရခြင်း ဖြစ်သည်။
လဲ့မုန့်မုန့်က ငိုချင်သော်လည်း မျက်ရည်မကျခဲ့ပေ။
ဝမ်စစ်ထူသာ ထွက်သွားလျှင် သူပါ အလုပ်ပြုတ်သွားလိမ့်မည် မဟုတ်လော။
စိတ်ပညာနှင့် နှစ်အတော်ကြာအောင် ကင်းကွာခဲ့သော်လည်း လဲ့မုန့်မုန့်က မှတ်ဉာဏ် ချို့ယွင်းခြင်း၏ သဘောတရားကို နားလည်မှု အချို့ ရှိနေဆဲ ဖြစ်သည်။
သူက ဖိုးဖိုးဝမ်၏ မှတ်ဉာဏ် ချို့ယွင်းသော အခြေအနေကိုအကဲဖြတ်ရန် မေးခွန်း အနည်းငယ် မေးဖို့ ဆုံးဖြတ်လိုက်သည်။
"ကျနော့် နာမည်က စုန့်ကျီခိုင်ပါ.. အဘိုးဝမ်.. ကျနော့်ကို စုန့်လေးလို့လည်း ခေါ်နိုင်ပါတယ်"
လဲ့မုန့်မုန့်က ဖိုးဖိုးဝမ်ကို ကြည့်ကာ ပြောလိုက်သည်။
ဖိုးဖိုးဝမ်က လဲ့မုန့်မုန့်ကို မသိသော်လည်း ယင်းမှာ သူ့အကျိုးအတွက် ဖေဖေဝမ် ဖိတ်ခေါ်ထားသည့် စိတ်ပညာရှင်မှန်းတော့ သိထားခဲ့သည်။
သို့တိုင် သူအနည်းငယ် စိုးရိမ်နေသေးသည်။
လဲ့မုန့်မုန့်ထံမှ မန်ဒရင်းလေသံကို ကြားလိုက်ရုံဖြင့် သူ့လက်တွေက ကူကယ်ရာမဲ့စွာ တုန်ယင်သွားခဲ့သည်။
"အဘိုးဝမ်.. စိတ်မလှုပ်ရှားပါနဲ့.. ကျနော်က အဘိုးဝမ်ကို ရိုးရှင်းတဲ့ မေးခွန်းလေးတွေပဲ မေးမှာပါ"
ထိုစကားကို ကြားလျှင် ဖိုးဖိုးဝမ်က လဲ့မုန့်မုန့်ကို ကြည့်ကာ ပြောလိုက်သည်။
"စုန့်လေး.. ငါမင်းကို မေးခွန်းတစ်ခု အရင်မေးလို့ရမလား"
"အင်း အဘိုးဝမ်.. မေးပါ"
လဲ့မုန့်မုန့် ခေါင်းညိတ်လိုက်သည်။
ဖိုးဖိုးဝမ် "သူတို့အားလုံးက ငါ့ရဲ့ ရောဂါကို အရမ်းပြင်းထန်တယ်လို့ ပြောကြတယ်.. အဲဒါ အမှန်ပဲလား"
လဲ့မုန့်မုန့် "အဲဒါက အဘိုးဝမ်ကို မေးခွန်း အနည်းငယ် မေးပြီးမှ ကျနော်လည်းသိရမှာ "
ဖိုးဖိုးဝမ် "ငါ နောက်ထပ် မေးစရာရှိသေးတယ်"
လဲ့မုန့်မုန့် "အဘိုးဝမ် ပြောပါ."
ဖိုးဖိုးဝမ် "သူတို့အားလုံး ငါ့ရဲ့ ရောဂါကို အရမ်းပြင်းထန်တယ်လို့ ပြောကြတယ်.. အဲဒါ အမှန်ပဲလား"
လဲ့မုန့်မုန့်၊ဖေဖေဝမ်၊မေမေဝမ် ".............."
"အဆင်ပြေပြီ.. မေးနေစရာ မလိုတော့ဘူး.. ဒါက ပြင်းထန်ရုံတင်မဟုတ်ဘူး.. ဒါက ကုသလို့မရတဲ့ အခြေအနေပဲ"
အပေါ်ထပ်ရှိ ဝမ်လင်းက ကူကယ်ရာမဲ့စွာဖြင့် သူ့မျက်နှာကို လက်ဖြင့် ဖုံးထားလိုက်သည်။
တစ်ချိန်တည်းမှာပင် သူ့စိတ်ထဲကနေ လေးလေးနက်နက် သက်ပြင်းချလိုက်သည်။
ဖိုးဖိုးဝမ် မပျောက်ကင်းမီ လဲ့မုန့်မုန့် ရူးသွားလိမ့်မည်ဟု သူခံစားလိုက်ရသည်။
နောက်ဆုံးတွင် ဖေဖေဝမ်က လဲ့မုန့်မုန့် မပြန်ခင် ဖိုးဖိုးဝမ် ဆားထည့်ဖို့ မေ့သွားသော ဟင်းလျာများဖြင့် နေ့လည်စာ ပြင်ကျွေးပြီးမှ ပြန်လွှတ်ခဲ့သည်။
သူထွက်သွားခါနီးတွင် ဖိုးဖိုးဝမ်က တံခါးဝထိ လိုက်လာပြီး လက်နှစ်ဖက် ဆုပ်၍ ဂါရဝပြုလိုက်သည်။
"ဒေါက်တာစုန့် ကို ငါတကယ် ဒုက္ခပေးမိပြီ"
"ရပါတယ် အဘိုးဝမ်.. ကိစ္စမရှိပါဘူး"
သူတို့ ထမင်းစားပြီးချိန်တွင် ဖိုးဖိုးဝမ်က တူညီသော မေးခွန်းကိုသာ ဆက်တိုက် မေးနေခဲ့သည်။
လဲ့မုန့်မုန့်က ဤအတွေ့အကြုံကနေ အပြည့်အဝ မသက်သာလောက်သေးပေ။
"ငါ့အဖေ အခြေအနေ ဘယ်လိုလဲ"
ဖေဖေဝမ်က လဲ့မုန့်မုန့်ကို သူ့ နံဘေးသို့ ဆွဲ၍ မေးလိုက်သည်။
"အစောပိုင်းတုန်းက ငါမှတ်စုတွေ ယူထားတယ်.. အဘိုးဝမ်ကိစ္စက အတော်လေး ရှုပ်ထွေးတဲ့ အတွက် အသေးစိတ် အချက်အလက် တချို့ကိုတော့ ငါ့ဆရာနဲ့ အတည်ပြုဖို့ လိုသေးတယ်"
လဲ့မုန့်မုန့် ယခုပြောနေသည့် စကားအားလုံးမှာ အာရွှီးနေသော စကားများသာ ဖြစ်သည်။
ဘွဲ့ရပြီးကတည်းက နှစ်သစ်ကူးနှင့် တခြား ပွဲတော်များတွင် အသံဖြင့် စာပို့တာက လွဲလျှင် ပါမောက္ခကျန်း နှင့် နောက်ဆုံးတွေ့ခဲ့ရသည်မှာ အတော်ကြာနေပြီ ဖြစ်သည်။
ပါမောက္ခကျန်းက သူ့လို ကျောင်းသားကို ယခုတိုင် မှတ်မိနေလျှင်ပင် အတော် အံ့သြယူရလိမ့်မည် ဖြစ်သည်။
"ဒါဆို ငါမင်းကို တကယ် ဒုက္ခပေးရတော့မှာပဲ"
ဖေဖေဝမ်က ပြောလိုက်သည်။
"တကယ် ကျေးဇူးတင်ချင်ရင် နောက်ထပ် အပ်ဒိတ်ကို မြန်မြန်လုပ်ပါ"
လဲ့မုန့်မုန့်က မျက်လုံးလေး ကလယ်ကလယ်ဖြင့် မကျေမနပ် ပြောလိုက်သည်။
….........
ယနေ့တွင် ဝမ်မိသားစု၏ အိမ်ငယ်လေးက အထူးအလုပ်များနေပုံရသည်။
လဲ့မုန့်မုန့် ထွက်သွားသည်နှင့် တပြိုင်နက် တည်ကြည်သော မျက်နှာ နှင့် အနက်ရောင်ဝတ်စုံ ဝတ်ထားသော လူငယ်တစ်ဦးက သေတ္တာငယ်လေး တစ်လုံးကို ကိုင်ဆောင်ကာ အိမ်ရှေ့ တံခါးဝတွင် ပေါ်လာသည်။
၎င်းမှာ "ရွှင်းဖုန့်" အမြန်ချောပို့မှ ဝန်ထမ်း ဖြစ်သည်။
ဝမ်လင်းက အမြန် ချောပို့သမားကို အဝေးမှာ ကတည်းက လှမ်းမြင်နေရသဖြင့် တံခါးဝတွင် ကြိုတင် စောင့်ဆိုင်းနေခဲ့သည်။
ထိုလူက လက်ခံသူ ဖြစ်သည့် ဝမ်လင်းကို တွေ့သောအခါ ဝမ်လင်း၏ လက်ထဲသို့ လက်နှစ်ဘက်ဖြင့် ချက်ချင်း လွှဲပြောင်းပေးခဲ့သည်။
ထို့နောက် လူငယ်က ရိုသေစွာ ဂါရဝပြုလိုက်ပြီး
"ကျတော်က ရွှင်းဖုန့် အမြန်ချောပို့ကပါ.. ရည်မှန်းချက် ပြီးမြောက်ကြောင်း အာမခံချက်လေး ပေးပေးပါ.. ကျေးဇူးပြုပြီး ကြယ်ငါးပွင့် မှတ်ချက်လေး ပေးပါနော်"
ဝမ်လင်းက ခေါင်းငုံ့၍ သူ့နာမည်ကို ရေးထိုးလိုက်သည်။
ထိုလူငယ်က ၎င်း၏ ဝတ်စုံအိတ်ထဲမှ အဆင့်သတ်မှတ်သည့် ကိရိယာကို ထုတ်ယူလိုက်သည်။
"လူကြီးမင်းရဲ့ အကြိုက်ဆုံး ထုတ်ကုန်ပေါ် အခြေခံပြီး ကြယ်ငါးပွင့် မှတ်ချက်တစ်ခု ထားခဲ့မယ်ဆိုရင် ရက်ကွန်းတံဆိပ် အစပ်အရသာ ခေါက်ဆွဲခြောက် ကြွပ်ကြော်ထုပ် ဆယ်ထုပ်ကို ချက်ချင်း ရရှိပါလိမ့်မယ်"
ဝမ်လင်း၏ မျက်လုံးများက ချက်ချင်းပင် တောက်ပလာခဲ့သည်။