ကျိန်စာသင့် ကျောက်သရဲမျက်နှာဖုံး
Vol. 6 Ch. 85
အမြန်ချောပို့သမား ထွက်သွားပြီး သိပ်မကြာခင်မှာပင် တံခါးလေးပေါက်ပါ အနက်ရောင် ကားတစ်စီးက ဝမ်မိသားစု အိမ်ငယ်လေး၏ တံခါးဝ ရှေ့ကနေ ဖြည်းညှင်းစွာ ဖြတ်မောင်းသွားခဲ့သည်။
ရှေ့ခရီးသည်တင် ထိုင်ခုံတွင် ထိုင်နေသော အမျိုးသား တစ်ဦးက သူ့လက်ထဲမှ SLR ကင်မရာကို အသုံးပြု၍ ထောင့်မျိုးစုံကနေ ဝမ်မိသားစု အိမ်ငယ်လေးကို လျင်မြန်စွာ ဓာတ်ပုံရိုက်လိုက်သည်။
(SLR Camera= အလိုအလျောက် တုံ့ပြန်နိုင်သည့်မှန် ပါဝင်သော ကင်မရာအမျိုးအစား)
ထို့နောက်တွင် သူ့လက်ပတ်နာရီကို အသက်သွင်းပြီး ဖုန်းခေါ်လိုက်၏။
"သခင်.. ရွှင်းဖုန့် အမြန်ချောပို့ရဲ့ ချောပို့သမား နောက်ကနေ နောက်ယောင်ခံ လိုက်ရင်း နောက်ဆုံးမှာတော့ ကျောက်သရဲမျက်နှာဖုံး အတွက် ပေးပို့တဲ့ လိပ်စာကို ကျနော်တို့ သိရပါပြီ"
"ဒီသတင်းလေး အတွက်နဲ့ မင်းဘာလို့ ဒီလောက်တောင် ကြာနေတာလဲ"
ဖုန်းလိုင်းတစ်ဖက်မှ ခပ်အောအော အသံက အနည်းငယ် မကျေမနပ်ဖြင့် မေးလိုက်သည်။
"ကြာနေရတဲ့ အဓိက အကြောင်းရင်းက ဒီမိသားစု နေတာက မြို့နဲ့ အတော် အလှမ်းဝေးလွန်းတဲ့ အစွန်အဖျား နေရာ ဖြစ်နေတာကြောင့်ပါ.. အနီး ပတ်ဝန်းကျင်မှာလည်း ဒီမိသားစု တစ်ခုတည်း ရှိပါတယ်"
"အနီးပတ်ဝန်းကျင်မှာ ဒီမိသားစု တစ်ခုတည်း ရှိတယ်.. ဟုတ်လား"
"ဟုတ်တယ် သခင်.. တစ်စုံတစ်ယောက်ကို လွှတ်လိုက်ရင်တောင် အေးအေးဆေးဆေး ဖမ်းနိုင်မယ်လို့ ကျနော်ထင်တယ်"
"အခုချိန်မှာ တရားဥပဒေ စိုးမိုးတဲ့ လူ့အဖွဲ့အစည်း ဖြစ်နေပြီ ဆိုတာ နားလည်လား.. လောကကြီးက အရမ်းလှပပါတယ်.. ဘာလို့ ဒီလောက် ညစ်ပတ်ချင်နေရတာလဲ.. ဟားဟား"
ဖုန်းလိုင်းတစ်ဖက်မှ လူက အားရပါးရ ရယ်မောနေခဲ့သည်။
"အခုလိုခေတ်မှာ မြို့အစွန်အဖျားမှာ အိမ်ဝယ်တယ် ဆိုကတည်းက ဒီမိသားစုက ဘာမှ အနှောင့်အယှက် မပေးနိုင်လောက်ပါဘူး.. ဒါနဲ့ သူတို့ရဲ့ နောက်ခံ သမိုင်းကြောင်းကိုရော စုံစမ်းပြီးပြီလား"
"စုံစမ်းလို့ မရသေးပါဘူး.. ဒါပေမယ့် ကျနော်တို့ရဲ့ နည်းပညာရှင်တွေက လူဦးရေ သန်းခေါင်စာရင်းကို စစ်ဆေးဖို့ ဒေသခံ ကျင့်ကြံခြင်း ရဲစခန်းကို တိတ်တဆိတ် စိမ့်ဝင်နေပါပြီ.. မကြာခင်မှာ သတင်း တစ်ချို့ကို ကြားရတော့မှာပါ"
ကားပေါ်မှလူက ပြန်လည် ဖြေကြားလိုက်သည်။
"ငါနားလည်ပြီ.. မနက်ဖြန် သူတို့နဲ့ ညှိနှိုင်းဖို့ တစ်ယောက်ယောက်ကို လွှတ်လိုက်မယ်.. တစ်ခုခုကို ဖြေရှင်းဖို့ ပိုက်ဆံသုံးနိုင်သ၍တော့ ကြမ်းရမ်းပြစရာ မလိုအပ်ဘူး.. နားလည်လား"
"ကြီးမြတ်တဲ့ သခင်က အမှန်တကယ် စိတ်နှလုံးကောင်း ရှိသားပဲ"
"အဆုံးသတ်မှာ မမျှော်လင့်ဘဲ ငါတို့က နောက်ကျနေသေးတယ်.. အဲဒီဆိုင်ကနေ ကျောက်သရဲ မျက်နှာဖုံးကို မြန်မြန်ဝယ်ခဲ့မယ် ဆိုရင် အခုချိန်မှာ ဒီလောက်ထိ ဒုက္ခများနေစရာ မလိုတော့ဘူး"
ဖုန်းလိုင်းတစ်ဖက်ရှိ လူက သက်ပြင်းမချဘဲ မနေနိုင်တော့ပေ။
"ငါတို့တွေ သည်းညည်းခံပြီး သူတို့ကို စောင့်ကြည့်ရမယ်.. ကျောက်သရဲ မျက်နှာဖုံးက ငါတို့ အတွက် အရမ်း အရေးကြီးတယ်.. အပြင်လူတွေ လက်ထဲ ကျရောက်သွားဖို့ ခွင့်ပြုလိုက်လို့ မဖြစ်ဘူး.. ငါတို့ အပိုင်ဖြစ်တာက အကောင်းဆုံးပဲ"
"သခင်.. ဒီအစေခံက မေးခွန်းတစ်ခုကို အတင့်ရဲပြီး မေးပါရစေ.. သခင်က တခြားသူတွေရဲ့ လက်ထဲကို ကျောက်သရဲ မျက်နှာဖုံး ရောက်သွားမှာ အရမ်း စိုးရိမ်နေရတဲ့ အကြောင်းရင်းက မျက်နှာဖုံးရဲ့ ကျိန်စာ အစွမ်းသတ္တိကို စိုးရိမ်လို့လား"
"ဒါကလည်း ကဏ္ဍ တစ်ခုပေါ့ကွာ"
အသံက အနည်းငယ် ငြီးငွေ့လာပုံရသည်။
"မျက်နှာဖုံးရဲ့ ကျိန်စာက ကံဆိုးမှုတွေကို ယူဆောင်လာနိုင်တာ အမှန်ပါပဲ.. ဒါပေမယ့် တကယ် ထိတ်လန့်စရာ ကောင်းတာက ဒီကျောက်သရဲ မျက်နှာဖုံးကနေ ပေါက်ဖွားလာတဲ့ အမှောင်ထုနတ်ဘုရား... မိစ္ဆာ အင်ပါယာ ကွာဖီရဲ့ စွမ်းအားပါ.. သာမန်လူတစ်ယောက်က အချိန် အတိုင်းအတာ တစ်ခု အထိ မျက်နှာဖုံးကို ၀တ်ထားခဲ့ရင် မျက်နှာဖုံးကို စည်းတံဆိပ်ခတ်ဖို့ အခွင့်အလမ်းက အလွန် မြင့်မားသွားနိုင်တယ်.. အဆုံးသတ်မှာ ၎င်းက သာလွန်တဲ့ သရဲ အသွင်သဏ္ဍာန်ကို ပြောင်းလဲသွားပြီး နှိမ်နင်းမရနိုင်တဲ့ ကြီးမားသော စွမ်းအားကို ရရှိမှာ ဖြစ်တယ်.. ငါတို့ရဲ့ လက်ရှိ ထောက်လှမ်းမှု အရ ကျောက်သရဲ မျက်နှာဖုံးကနေ သဘောတူညီချက်ကို တွန်းအားပေးတဲ့ နည်းလမ်းက အလွန်ရိုးရှင်းပြီး ရုန့်ရင်းတယ်.. လူတစ်ယောက်က မျက်နှာဖုံးကို မျက်နှာပေါ် တပ်ဆင်လိုက်တာနဲ့ မျက်နှာဖုံး နှစ်ဖက်စလုံးမှာ ရှိတဲ့ ချိတ်တွေက အဲဒီလူရဲ့ ပါးပြင်ထဲကို ထိုးဖောက် ဝင်ရောက်ပြီး သဘောတူညီချက် စည်းတံဆိပ်ကို ခတ်လိုက်ရုံပဲ"
"ဒါဆို ဒီမိသားစုက အန္တရာယ် အရမ်းများနေပြီပေါ့.. ဟုတ်တယ်မလား"
"ကျောက်သရဲ မျက်နှာဖုံးမှာလည်း ပိုင်ရှင် ရွေးချယ်တဲ့ လိုအပ်ချက် စံနှုန်းတွေ ရှိပါတယ်.. အားနည်းတဲ့သူတွေနဲ့ သက်ကြီးပိုင်းတွေကို သူက စိတ်မဝင်စားဘူး.. ငယ်ရွယ်တောင့်တင်းတဲ့ သူတွေကိုပဲ သူက ချစ်တယ်"
ရဲတိုက် သခင်ထံမှ အဖြေကိုကြားလျှင် ကားပေါ်မှလူက တခဏမျှ ထိတ်လန့်သွားသည်။
ပစ္စည်းလက်ခံ ထွက်ယူသည့်လူက ကျောင်းသား တစ်ယောက်နှင့် တူသည်ကို သူ သတိရမိသွားသည်။
"နောက်ဆုံးမေးခွန်း မေးပါရစေ သခင်.. မနက်ဖြန်မှာ ကျောက်သရဲ မျက်နှာဖုံးနဲ့ သဘောတူညီချက် တံဆိပ်ခတ်ထားရင် ကျနော်တို့ ဘယ်လိုလုပ်ကြမလဲ"
ဖုန်းလိုင်း၏ အခြားတစ်ဖက်မှ လေသံက လေးနက်လာသည်။
"ဒါဆို မင်းလုပ်နိုင်တာက မျက်နှာဖုံးက သူ့ရဲ့ သာလွန် ထူးခြားတဲ့ သရဲ အသွင်သဏ္ဍာန်ကို ပြန်မရရှိခင် တစ်ဖက်လူကို သတ်ပစ်ပြီး မျက်နှာကနေ အတင်း ဆွဲထုတ်လိုက်ဖို့ပဲ.. ဒါက ငါတွေးနိုင်တဲ့ တစ်ခုတည်းသော နည်းလမ်းပဲ.. မနက်ဖြန် မင်းသွားတဲ့အခါ အဲဒီမိသားစုထဲမှာ ကျောက်သရဲ မျက်နှာဖုံးကြောင့် ပါးပြင်မှာ ဒဏ်ရာရတဲ့သူ ရှိ၊ မရှိ သတိထားပြီး ကြည့်ပါ"
"ကျနော် နားလည်ပါပြီ"
ကားပေါ်မှလူက လေးနက်စွာ ခေါင်းညိတ်လိုက်ပြီး ဖုန်းခေါ်ဆိုမှုကို တိုက်ရိုက် အဆုံးသတ်လိုက်သည်။
….......................
ဝမ်လင်းက အွန်လိုင်း စျေးဝယ်ခြင်းတွင် အတွေ့အကြုံ သိပ်မရှိသော်လည်း ရွှင်းဖုန့် အမြန်ချော့ပို့ အကြောင်းကိုမူ ကြားဖူးခဲ့သည်။
၎င်းတို့က ပို့ဆောင်မှု အားလုံးကို နှစ်ဆယ့်လေးနာရီ အတွင်း ပြုလုပ်နိုင်သည်ဟု အခိုင်အမာ ဆိုထားသည့် ပို့ဆောင်ရေး ကုမ္ပဏီ တစ်ခု ဖြစ်ပြီး ကျင့်ကြံခြင်း လောက တစ်ခုလုံးတွင် နာမည်ကောင်း ရထားသည်။
လျင်မြန်စွာ အရောက်ပို့မှု၊ ကုန်ပစ္စည်းများ၏ လုံခြုရေး အာမခံမှု နှင့် ကုမ္ပဏီ၏ စံနှုန်းအတိုင်း မြင့်မားသော ဝန်ဆောင်မှုများက ၎င်းတို့ကို ယခုလောက်ထိ နာမည်ရစေခဲ့ခြင်း ဖြစ်သည်။
ပစ္စည်းထုပ်နှင့် အတူ အခန်းထဲ ပြန်ရောက်လျှင် ဝမ်လင်းက သူ့စားပွဲပေါ်ရှိ ခေါက်ဆွဲခြောက် ကြွပ်ကြော်ထုပ် ဆယ်ထုပ်ကို စိုက်ကြည့်ကာ လေးလေးနက်နက် တွေးလိုက်မိသည်။
ဤလုပ်ငန်းနယ်ပယ်တွင် ရွှင်းဖုန့် အမြန်ချောပို့အတွက် အပြုသဘောဆောင်သည့် အဆင့်သတ်မှတ်ချက်များက နှစ်ပေါင်းများစွာ အမြင့်ဆုံး ဖြစ်ခဲ့သည်မှာ အံ့သြစရာ မဟုတ်ပေ။
ဤကဲ့သို့ သွေးဆောင်မှုမျိုးကို မည်သူက ခုခံနိုင်မည်နည်း။
ဝမ်လင်းက ပစ္စည်းထုပ်ကို ဖွင့်ရန် လက်ယားနေသည်။
သေတ္တာအတွင်းပိုင်းကို ရေစိုခံနိုင်ပြီး ဆောင့်ခြင်း ပြုခြင်းများ ခံနိုင်ရည် ရှိအောင် ရေမြုပ်ကဲ့သို့ အဖုလေးများ ပါသည့် ပလပ်စတစ်ဖြင့် အထပ်ထပ် ကာရံထားသည်။
သေတ္တာအတွင်းထဲရှိ ပုံစံခွက် အတွင်းတွင် အတန်ငယ် ဟောင်းနွမ်းနေပုံရသည့် ကျောက်သရဲ မျက်နှာဖုံးကို သပ်ရပ်စွာ ထားရှိကာ ပလတ်စတစ် အလွှာဖြင့် သေသပ်စွာ ထုပ်ပိုးထားသည်။
ဤကျိန်စာ မျက်နှာဖုံးမှာ ရောင်းချသူကို အလွန်ကြောက်လန့်စေခဲ့သည့်အတွက် ရောင်းချရန် စိတ်အားထက်သန် စေခဲ့၏။
မျက်နှာဖုံးက ကြောက်စရာကောင်းသော အရာတိုင်းကို စုစည်းထားသကဲ့သို့ အနည်းငယ် အန္တရာယ်များသော လက္ခဏာရှိသည်။
မျက်နှာဖုံး၏ ပါးစပ်ထောင့် တစ်ဖက်စီတွင် အစွယ်တစ်ခုစီ ရှိ၏။
ထို့အပြင် မျက်နှာဖုံး၏ ဘေးတစ်ဖက်စီတွင် လက်သည်းနှင့် တူသည့် ရှည်လျားသော ချိတ်တစ်ခုစီ ပါရှိသည်။
ပထမဆုံးအကြိမ် ဖျတ်ခနဲ ကြည့်မိလျှင် ၎င်းက ကဏန်းတစ်ကောင်နှင့်ပင် ဆင်တူသည်။
မျက်လုံးနေရာတွင် ဓာတုအစေးဖြင့် ပြုလုပ်ထားပြီး အလင်းအနည်းငယ်ကို ရောင်ပြန်ဟပ်သည့် အနီရောင်ဖလင်ဖြင့် ဖုံးအုပ်ထားသည်။
ဝမ်လင်းက မီးပိတ်ကြည့်လိုက်သောအခါ မျက်နှာဖုံး၏ မျက်လုံးများမှာ မီးချောင်းကဲ့သို့ အလင်းထွက်လာသည့် အကျိုး သက်ရောက်မှု ရှိသည်။
အနီးကပ် စေ့စေ့စပ်စပ် ကြည့်လိုက်သောအခါ အွန်လိုင်းက ပုံတွင် မပြသထားသည့် အသေးစိတ် အချက်အလက်များကို ဝမ်လင်းက မြင်လိုက်ရသည်။
မျက်နှာဖုံးတွင် အက်ကွဲကြောင်းများ ရှိနေ၏။
သေချာသည်မှာ ယင်းက မျက်နှာဖုံး စုတ်ပြဲရာမှ ဖြစ်ပေါ်လာသည့် ရလဒ် မဟုတ်ပေ။
ဝမ်လင်း၏ ကနဦး ခန့်မှန်းချက်အရ မျက်နှာဖုံးကို ပြုလုပ်သောအခါတွင် ကုန်သည်များ အနေဖြင့် အနက်ရောင် သလင်းကျောက်ကို အသုံးပြုနေကြောင်း သိခဲ့ပုံမရပေ။
အဆင့်မြင့် ပစ္စည်းတစ်ခုပေါ်တွင် အဆင့်နိမ့် နည်းပညာများကို အသုံးပြုခြင်းသည် ကုန်ချောတွင် ဖွဲ့စည်းပုံဆိုင်ရာ ကွဲလွဲမှုအချို့ကို မလွဲမရှောင်သာ ဖြစ်ပေါ်စေမည် ဖြစ်သည်။
ကံကောင်းထောက်မစွာပင် မျက်နှာဖုံး၌ မည်သည့် ဒဏ်ရာဒဏ်ချက်မှ ပြင်းပြင်းထန်ထန် မရှိပေ။
ယင်းမှာ ဓာတ်ပုံရိုက်၍ မရသော အက်ကြောင်းလေးများသာဖြစ်ပြီး အွန်လိုင်းတွင် တင်ထားသော ပုံ၌ ပေါ်လာမည် မဟုတ်ချေ။
၎င်းတို့ကို သာမန်မျက်စိ အသုံးပြု၍ အနီးကပ် စေ့စေ့စပ်စပ် မဆန်းစစ်ဘဲ မြင်အောင် ကြည့်ဖို့ မဖြစ်နိုင်ပေ။
အဆုံးသတ်တွင် ၎င်းမှာ အမြန်ချောပို့ဖြင့် နေ့ချင်း ပို့ပေးလိုက်သည့် ငါးယွမ်တန် မျက်နှာဖုံးသာ ဖြစ်သည်။
ထို့အပြင် သူက ခေါက်ဆွဲခြောက် ကြွပ်ကြော်ထုပ် ဆယ်ထုပ်ပါ အဆစ်ရလိုက်သေးသည်။
ဤအရေးမပါသော အကြောင်းပြချက်ဖြင့် ရောင်းချသူကို ညံ့ဖျင်းသော မှတ်ချက်ပေးမည် ဆိုပါက လူမဆန်လွန်းရာ ကျမည်ဟု ဝမ်လင်းက ခံစားခဲ့ရသည်။
သူက အွန်လိုင်းမှ ဝယ်သည့် ကုန်ပစ္စည်းများကို ပြန်လည်သုံးသပ်သည့် အလေ့အထ ရှိသည်။
ပစ္စည်းလက်ခံရရှိမှုကို အတည်ပြုပြီး ရောင်းသူအား ကြယ်ငါးပွင့် အပြုသဘော ဆောင်သည့် အဆင့်ကို သတ်မှတ်ပေးပြီးနောက် သူ၏ မှတ်ချက်ကို စတင် ရေးသားခဲ့သည်။
သူမှတ်ချက် ရေးနေစဉ်တွင် "ရာစုသစ် ကျင့်ကြံခြင်း မျက်နှာဖုံးဆိုင်"၏ ဝန်ထမ်း မိန်းကလေးထံမှ သီးသန့်မက်ဆေ့ချ် တစ်စောင်ကို လက်ခံရရှိခဲ့သည်။
"ကျင့်ကြံသူ မိတ်ဆွေလေးက ဘာပြဿနာမှ မရှိဘဲ ကုန်ပစ္စည်းကို လက်ခံလိုက်ပြီ ထင်တယ်.. ရှင့်ရဲ့ ကြယ်ငါးပွင့်အဆင့် သတ်မှတ်မှု အတွက် ကျေးဇူးတင်ပါတယ်နော်"
ဝမ်လင်းက အလိုအလျောက် တုံ့ပြန်မှုတစ်ခုဟု ထင်မြင်ခဲ့သော်လည်း မမျှော်လင့်ဘဲ ဝန်ထမ်း မိန်းကလေးက ဒုတိယမက်ဆေ့ချ်ကို ထပ်မံ ပေးပို့ခဲ့သည်။
"ပစ္စည်းက အမြန်ချောပို့ ဝန်ဆောင်မှုကနေ ပျောက်ဆုံးသွားနိုင်တယ်လို့ တစ်စုံတစ်ယောက်က မနေ့က ဖုန်းဆက် အကြောင်းကြားခဲ့သေးတယ်.. ဒါက ငါတို့အတွက် တကယ်ကို ထိတ်လန့်စေခဲ့တယ်"
တစ်စုံတစ်ယောက်က သတင်းအချက်အလက်နှင့် ပတ်သက်ပြီး ဖုန်းခေါ်ဆိုခဲ့ပါသလော။
ကွန်ပျူတာကို စိုက်ကြည့်ရင်း ဝမ်လင်း အနည်းငယ် ထိတ်လန့်သွားသည်။
သေချာသည့်အချက်မှာ သူလုံးဝ ဖုန်းမခေါ်ဆိုခဲ့ပေ။
ဤအရာက တိုက်ဆိုင်မှုလော သို့မဟုတ် တစ်စုံတစ်ယောက်က သူ့ကို စုံစမ်းစစ်ဆေး နေပါသလော။
ဝမ်လင်းက တစိမ့်စိမ့် တွေးတောနေသကဲ့သို့ မေးစေ့ကို ပွတ်သပ်၍ တွေးတောနေသည်။
သို့သော် အသေးစိတ် အချက်အလက် များစွာ အတွက် သူမကို မမေးတော့ပေ။
ယင်းက အဆိုးဆုံး အခြေအနေတစ်ခုဟု သူခန့်မှန်း၍ ယူဆလိုက်၏။
တစ်စုံတစ်ယောက်က သူ၏ အွန်လိုင်း စျေးဝယ် မှတ်တမ်းများကို စစ်ဆေးနေလျှင် ဝန်ထမ်း မိန်းကလေးနှင့် သူ၏ စကားပြောဆိုမှုကို စောင့်ကြည့်နေခြင်းမှာ ဖြစ်နိုင်ချေ ရှိနေသည်။
သူက ကျောက်သရဲ မျက်နှာဖုံးကို စိုက်ကြည့်ရင်း မျက်မှောင်ကြုတ်သွားသည်။
သူက စိတ်အနှောင့်အယှက် ဖြစ်စရာ ကောင်းသည့် ပြဿနာတစ်ခုခုတွင် ကိုယ်တိုင်ကိုယ်ကျ မမျှော်လင့်ဘဲ ပါဝင်ခဲ့မိပါသလော။
ဝမ်လင်းက မှန်ရှေ့တွင် ရပ်ကာ မျက်နှာဖုံးကို ဝတ်ဆင်၍ ထူးခြားချက်ကို ဂရုတစိုက် စောင့်ကြည့်ခဲ့သည်။
သုံးမိနစ်အကြာတွင် သူက ကျောက်သရဲ မျက်နှာဖုံးကို ပြန်ချွတ်လိုက်သည်။
ကနဦး အကဲဖြတ်ချက်အရ မျက်နှာဖုံးကို အသုံးပြုကြည့်သောအခါ စိတ်မကျေနပ်စရာ ဘာတစ်ခုမှ မတွေ့ရပေ။
သို့သော် ဝန်ထမ်းမိန်းကလေး ပြောပြသည့် ကျိန်စာနှင့် ပတ်သက်သည့် ဇာတ်လမ်းကို ကြားပြီး လောလောဆယ်တွင် မျက်နှာဖုံးကို စောင့်ကြည့် လေ့လာရန် ဆုံးဖြတ်လိုက်၏။
မျက်နှာဖုံးကို သူနဲ့အတူ ထားရသည်က အန္တရာယ်မရှိဟုလည်း ခံစားရသည်။
"လင်းလင်းလေး.. ညစာစားဖို့ လာခဲ့တော့လေ"
ယင်းအချိန်တွင် အောက်ထပ်မှ မေမေဝမ်၏ အော်ခေါ်သံ ထွက်ပေါ်လာသည်။
ဝမ်လင်းက ခေါင်းညိတ်လိုက်ပြီး သရဲ မျက်နှာဖုံးကို စားပွဲပေါ် တင်လိုက်သည်။
အခန်းတံခါး ပိတ်သွားပြီးနောက် စားပွဲပေါ်ရှိ ကျောက်သရဲ မျက်နှာဖုံး၏ ဘေးနှစ်ဖက်လုံးရှိ ချိတ်များက ရုတ်တရက် ရပ်တန့်၍ မရအောင် တုန်ယင်လာသည်။
ကျောက်သရဲ မျက်နှာဖုံး အတွက် ဤကဲ့သို့ ထူထဲသော အသားအရည် ရှိသည့် လူတစ်ယောက်ကို တွေ့ရသည်မှာ ဤ နှစ်များအတွင်း ပထမဆုံးအကြိမ် ဖြစ်သည်။
"သောက်-ချီး"
"လခွမ်း.. ချိတ်တွေက သူ့အရေပြားကို လုံးဝ မဖောက်နိုင်ဘူးဟ"