← Chapters

ခွေးများကို တားမြစ်ပေးရန် တောင်းဆိုခြင်း

Vol. 6 Ch. 87

ခွေးများကို တားမြစ်ပေးရန် တောင်းဆိုခြင်း

Vol. 6 Ch. 87

"ဒေါင်.. ဒေါင်"

နံနက်ပိုင်း ကိုယ်တိုင်စာကြည့်ချိန် အတွက် တရားဝင် ခေါင်းလောင်းသံ မြည်လာသောအခါ ဆရာမဖန်က မျှော်လင့်ထားသည့် အတိုင်း စာသင်ခန်းထဲသို့ အချိန်မီ ဝင်ရောက်လာခဲ့သည်။

မြေပဲလေးက ဆရာမဖန် သူတို့၏ စာအုပ်ကို စစ်ဆေးမည်အား စောင့်ဆိုင်းနေသကဲ့သို့ အတန်းဖော်များ၏ အိမ်စာများကို စုဆောင်းပေးထားသည်။

သူမက ဘာသာရပ်အလိုက် စီရီကာ စားပွဲခုံပေါ်တွင် သေသေသပ်သပ် ထားရှိခဲ့သည်။

ဆရာမဖန်၏ မျက်လုံးများက စကင်ဖတ်သည့် စက်ကဲ့သို့ပင်။

ဤအလုပ်ကို နှစ်ပေါင်းများစွာ ကြာအောင် လုပ်ခဲ့သဖြင့် တစ်ချက်ကြည့်ရုံဖြင့် စားပွဲခုံပေါ်တွင် ဘယ်နှစ်ရွက် ရှိပြီး ဘယ်နှစ်ရွက် လျော့နေမလည်း သူမက အတပ် ပြောပြနိုင်သည်။

သူမ၏အကြည့်တွေက စာသင်ခန်းထဲမှ အိမ်စာတွေ အပေါ် ပေါ့ပါးစွာ ပျံ့လွင့်သွားပြီးနောက်တွင် သူမက ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။

"အရမ်းကောင်းတယ်.. ဆရာမတို့ရဲ့ အတန်း တာဝန်ခံက အတန်းနဲ့ ပတ်သက်ပြီး အရာအားလုံး စိတ်ချယုံကြည်လို့ ရတယ်လို့ ရုံးက ဆရာ၊ ဆရာမတွေကို ဆရာမ အကြိမ်ကြိမ် ပြောခဲ့ဖူးတယ်.. ဆရာမ တစ်ယောက်အနေနဲ့ ပြောရရင် စုရှောင်က ဒီတာဝန်ကို ထမ်းဆောင်နေသ၍ စာသင်ခန်းက စိတ်ချယုံကြည်လို့ ရတယ်.. စာသင်နှစ် စကတည်းက အိမ်စာနဲ့ပတ်သက်ပြီး အချိန်မီ ပြီးမြောက်အောင် တစ်ခန်းလုံးကို သူမ တွန်းအားပေးနိုင်ခဲ့တယ်.. အတန်းတာဝန်ခံက ဘာသာရပ် တစ်ခုစီ အတွက် ဦးစီးဦးဆောင် နေရာကနေ ပါဝင်နိုင်မယ်လို့ မျှော်လင့်ပါတယ်"

ဆရာမဖန်၏ ချီးကျူးစကားသံကို ကြားရလျှင် မြေပဲလေးက အနည်းငယ် ရှက်ရွံ့ကာ ခေါင်းငုံ့လိုက်သည်။

အတန်း တာဝန်ခံ ဖြစ်သည့် မြေပဲလေးက အိမ်စာအချိန်မီ မပြီးသေးသော ကျောင်းသားများကို အခြားသူများ ထံမှ ကူးယူရန် တိုက်တွန်းခြင်းမှာ မှားယွင်းသော လုပ်ရပ် ဖြစ်၏။

သို့သော် မြေပဲလေးက လူ့အဖွဲ့အစည်းတွင် ရှင်သန်လိုလျှင် လိုက်နာရမည့် စည်းကမ်းများ ရှိကြောင်း နက်နက်ရှိုင်းရှိုင်း သိထားသည်။

ဆရာက အိမ်စာမပြီးသော ကျောင်းသားများကို ဒေါသထွက်သကဲ့သို့ ကျောင်းသားများကလည်း အိမ်စာပေးသော ဆရာကို မုန်းတီး၍ ဆရာသမား၏ အတင်းအဖျင်းကို ပြောတတ်ကြသည်။

သူ့အနေအထားက ကျောက်ဆောင်နှင့် ခဲယဉ်းသော နေရာကြားတွင် ပိတ်မိနေသလိုမျိုးနှင့် ဆင်တူသည်ဟု ခံစားခဲ့ရ၏။

သူ့နှလုံးသားထဲတွင် အလွန်အမင်း ရောထွေးနေသော ခံစားချက်များ ရှိနေသည်။

မည်သည့်ဘက်မှ အမုန်းမခံရဘဲ အချိန်မီ ပြီးအောင်လုပ်ဖို့ အတန်းဖော်တွေကို သတိပေးရသည်က အတန်းတာဝန်ခံ၏ တာဝန်ဝတ္တရားတွင် သူအပြင်းအထန် ကြိုးစားခဲ့ရသည့် အရာဖြစ်သည်။

ဤကျယ်ပြန့်သော လူ့အဖွဲ့အစည်းတွင် ယုံကြည် စိတ်ချရသူ ဖြစ်ဖို့က စင်စစ်အားဖြင့် မလွယ်ကူပေ။

ဆိုရလျှင် မြေပဲလေးက အတော်လေး အရေထူနေပြီ ဖြစ်သည်။

သို့သော် အရေထူသည့် နေရာတွင် ချန်းချောင်နှင့် ကော်ဟောက်တို့ကိုမူ ယှဥ်၍ မရသေးပေ။

ဆရာမဖန် စာသင်ခန်းထဲသို့ မဝင်မီ တစ်မိနစ် အလိုအထိ ဤလူနှစ်ယောက်က အိမ်စာကူးရေးသည့် စစ်မြေပြင်တွင် ပြင်းပြင်းထန်ထန် တိုက်ပွဲဝင်နေကြဆဲ ဖြစ်သည်ကို ဆရာမဖန် မသိနိုင်ခဲ့ပေ။

ယခုမူ ထိုနှစ်ကောင်က အိမ်စာက သူတို့နှင့် ဘာမှ မဆိုင်သကဲ့သို့ နာခံမှု အပြည့်ဖြင့် ထိုင်နေသည်။

သို့သော် မျက်စိရှင်သော ဆရာမဖန်က ကော်ဟောက်ကို ကြည့်ရင်း ရုတ်တရက် တစ်စုံတစ်ရာကို သတိပြုမိလိုက်သည်။

"ကျောင်းသားကော်.. မင်းနှာခေါင်းက ဘာဖြစ်နေတာလဲ"

အတန်းထဲမှ လူတွေ အားလုံးက ကော်ဟောက်ဆီ ကြည့်လိုက်ရာ သူ့နှာခေါင်းပေါက် ထဲကနေ သွေးစီးကြောင်း နှစ်ကြောင်း စီးကျလာသည်ကို တွေ့လိုက်ရသည်။

လူတိုင်းက အကြောင်းပြချက်ကို ကောင်းကောင်းသဘောပေါက်ခဲ့သည်။

ယင်းမှာ ဘောပင်လေးချောင်း စီးဆင်းမှု စွမ်းရည်ကို အသုံးပြုခြင်း၏ အကျိုးဆက်မှန်း သိသာ ထင်ရှားနေ၏။

ဤစွမ်းရည်၏ ဘေးထွက်ဆိုးကျိုးမှာ မြင့်မားသည်။

အနည်းငယ် အလွန်အကျွံ သုံးရုံဖြင့် နှာခေါင်းအတွင်းရှိ အမြှေးပါးကို ထိခိုက်စေနိုင်သည်။

ထို့ကြောင့် ကော်ဟောက်၏ နှာခေါင်းထဲမှ သွေးထွက်လာခြင်း ဖြစ်၏။

ကော်ဟောက်က နှာခေါင်းသွေးကို သုတ်ရန် တစ်ရှူးကို တည်ငြိမ်စွာ ထုတ်ယူရင်း ဆရာမဖန်ကို ကြည့်ကာ ပြောလိုက်သည်။

"ဆရာမ.. ဝိညာဉ်ဓားဖလှယ်ပွဲကြောင့် ကျနော် အိမ်စာတွေ အများကြီး လွတ်သွားခဲ့တယ်.. လွတ်သွားတဲ့ အိမ်စာတွေကို ညပေါင်းများစွာ အိပ်ရေးပျက်ခံပြီး ဆက်တိုက် ပြန်လည် ပြင်ဆင်မှုကြောင့် နှာခေါင်းသွေး ထွက်လာတယ်လို့ ထင်ပါတယ်"

လူတိုင်း ".............."

ဤကဲ့သို့ အရှက်မဲ့သည့်လူကို သူတို့ တစ်ခါမှ မတွေ့ဖူးချေ။

ယင်းအပြင် အံ့သြဖွယ် အကောင်းဆုံးမှာ ဆရာမဖန်က သူ့စကားကို မမျှော်လင့်ဘဲ ယုံကြည်ခဲ့ခြင်း ဖြစ်သည်။

"လူတိုင်းက ကျောင်းသားကော် ဆီက သင်ယူသင့်တယ်.. သူက မင်းတို့ရဲ့ အတန်းဖော်ကောင်း တစ်ယောက် ဖြစ်တဲ့အပြင် ငါတို့အတန်း အတွက် စံနမူနာကောင်းပဲ"

"............."

အနောက်ဆုံးမှာ ထိုင်နေသည့် ဝမ်လင်းက စိတ်ထဲတွင် လေးနက်သော ခံစားချက်ဖြင့် သက်ပြင်းချလိုက်သည်။

"သစ်ပင်တွေရဲ့ အပြင်ဘက်မှာ သဘာဝအတိုင်း ဖုံးအုပ်ထားတဲ့အလွှာ မရှိရင် သေသလိုပဲ... လူတွေမှာလည်း အရေမထူလို့ ရှိရင် အချိန်မရွေး သေနိုင်တယ် "

တာအို အဆောင် သင်တန်းအတွက် တရားဝင် ပြဌာန်းစာအုပ်တွင် သင်ခန်းစာ ဆယ့်နှစ်ခု ပါရှိသည်။

ဆရာမဖန် သင်ကြားနေသည်မှာ ယခု ဆဋ္ဌမမြောက် သင်ခန်းစာကိုပင် ရောက်ရှိနေပြီ ဖြစ်သည်။

စာသင်နှစ်ဝက် တစ်ခုတွင် စုစုပေါင်း ဆယ့်ခြောက်ပတ် ရှိသည်။

ယခုမှ စတုတ္တပတ်သာ ရှိသေးသော်လည်း ဆရာမဖန်က သင်ရိုးတစ်ဝက်ကို ရောက်နေပြီ ဖြစ်သည်။

ဤသည်မှာ သူမ၏ ကိုယ်ပိုင် မြန်ဆန်သော သင်ကြားမှုပုံစံလည်း ဖြစ်သည်။

ဤတိုးတက်မှုနှုန်းကို အခြေခံ၍ ပြောရလျှင် သူမက စာသင်နှစ်ဝက်၏ ရှစ်ပတ်မြောက်တွင် ကျောင်းသုံး ပြဌာန်း စာအုပ် တစ်အုပ်လုံးကို အပြီးသတ်နိုင်မည် ဖြစ်သည်။

ကျန်အချိန်များကို များပြားသော သင်ယူမှု လေ့ကျင့်ခန်းများမှတစ်ဆင့် အကြောင်းအရာများကို အရူးအမူး ပြန်လည်သုံးသပ်ရန် အသုံးပြုမည် ဖြစ်သည်။

ဤနည်းလမ်းက ကျောင်းသားများ၏ အခြေခံ အသိပညာကို တစ်စုတစ်စည်းတည်း ဖြစ်စေရန် အကောင်းဆုံး နည်းလမ်း ဖြစ်သည်ဟု ဆရာမဖန်က ယူဆသည်။

လွန်ခဲ့သည့် လေးပတ်အတွင်း လုပ်ဆောင်ချက် အမျိုးအစားပေါ် မူတည်ပြီး တာအိုအဆောင် အခြေခံ အသုံးချခြင်း၊ တာအိုအဆောင် အခြေခံ ပုံဆွဲခြင်းနှင့် တာအိုအဆောင် ပေါင်းစပ် အသုံးပြုခြင်းတို့ အပေါ် အဓိက အာရုံစိုက်၍ ဆရာမဖန်က ရှင်းပြခဲ့သည်။

စတုတ္တအပတ်တွင် သင်ကြားခဲ့သည်မှာ တာအိုအဆောင် သင်ခန်းစာ၏ အခက်ခဲဆုံး အစိတ်အပိုင်းများထဲမှ တစ်ခုဖြစ်သည်။

ယင်းမှာ အဆောင် ရေးဆွဲမှုများကို ဖြိုခွဲ၍ ပုံစံအမျိုးမျိုးဖြင့် ပြန်လည် ဖွဲ့စည်းနိုင်သော သင်ခန်းစာများ ဖြစ်သည်။

ဝမ်လင်း၏ ကိုယ်ပိုင်နားလည်မှု အရ ၎င်းမှာ သင်္ချာဘာသာရပ်၏ ပြိုကွဲခြင်း သဘောတရား နှင့် အနည်းငယ် ဆင်တူသည်။

ယင်းတို့အထဲတွင် ကျောင်းသားများကို ဖင်အကြီးအကျယ် ကျိန်းစေသည့် နာကျင်မှုမှာ ဖော်မြူလာများစွာ ပါဝင်သည့် အဆောင်စီရင်ခြင်းများ နှင့် အတွက်အချက်များ ဖြစ်သည်။

ထို့ကြောင့် ဤအပိုင်းတွင် အလွတ်ကျက်မှတ်ရန်မှာ အရေးကြီးဆုံး ဖြစ်သည်။

သို့သော် ယနေ့နံနက် ကိုယ်တိုင် လေ့လာချိန် အတွင်း ဆရာမဖန်က မထင်မှတ်ဘဲ သူတို့ကို ဖော်မြူလာများ မကျက်မှတ်ခိုင်းခဲ့ပေ။

ထိုအစား သူမက ဤအချိန်ကို စကားနှစ်ခွန်းကိုသာ ပြောဖို့ အသုံးပြုလိုက်၏။

"အားလုံးသိထားကြတဲ့အတိုင်း လွန်ခဲ့တဲ့ ရက်အနည်းငယ်က ကျောင်းအချင်းချင်း ဖလှယ်ရေးပွဲမှာ ငါတို့တွေ အရမ်းအောင်မြင်ခဲ့တယ်.. ငါတို့ စေလွှတ်လိုက်တဲ့ ကျောင်းသားငါးယောက်လုံးက အမှတ်၅၉ အထက်တန်းကျောင်းမှာ အလွန်ကောင်းမွန်တဲ့ လုပ်ဆောင်ချက်တွေ ပြသခဲ့တယ်.. နောက်ဆုံးရက်မှာ ကျင်းပတဲ့ ဝိညာဉ်ဓား ဖလှယ်ပွဲ တွေ့ဆုံမှုမှာလည်း ငါတို့ အမှတ်၆၀ အထက်တန်းကျောင်းက ခက်ခက်ခဲခဲ အောင်ပွဲရရှိခဲ့တယ်"

သူမ စကားကို ကြားလျှင် ကျောင်းသားများထံမှ ဆွေးနွေးသံများ ထွက်ပေါ်လာသည်။

ဝမ်လင်းတို့အဖွဲ့ အမှတ်၅၉ အထက်တန်းကျောင်းကို အနိုင်ယူခဲ့သည့် သတင်းက အမှတ် ၆၀ အထက်တန်းကျောင်းတွင် အစောပိုင်းထဲက ပျံ့နှံ့နေပြီ ဖြစ်သည်။

အထူးသဖြင့် နောက်ဆုံးနေ့တွင် ကျင်းပသည့် ဝိညာဉ်ဓား ဖလှယ်မှု တွေ့ဆုံပွဲ၏ တိုက်ရိုက် ထုတ်လွှင့်မှုကို လူတိုင်း ကြည့်ရှုခဲ့ကြ၏။

တကယ်တမ်းတွင် ဆရာမဖန် ပြောသလို ခက်ခက်ခဲခဲ အနိုင်ရခဲ့ခြင်း လုံးဝ မရှိခဲ့ဘဲ တစ်ဖက်သတ် ပြိုင်ဆိုင်မှုမျိုး ဖြစ်ခဲ့သည်။

ဆရာမဖန်က သူတို့ကျောင်း၏ ဘုန်းတော်ဘွဲ့ကို အတော်အသင့် ဂုဏ်ယူ ပြောဆိုလိုက်သည်။

ထို့နောက် သူမက

"ငါတို့ အမှတ် ၆၀ အထက်တန်းကျောင်းက နှစ်ပေါင်း ရာကျော် ရပ်တည်ခဲ့ပြီး မြို့ရဲ့ အဓိက အထက်တန်းကျောင်း ဖြစ်လာဖို့ အတွက် ပြင်းပြင်းထန်ထန် ကြိုးပမ်းခဲ့ရတယ်.. အခုတော့ ငါတို့က အခွင့်အရေးကို ရရှိထားခဲ့ပြီ.. ငါတို့က အဓိကအထက်တန်းကျောင်း လျှောက်ထားတဲ့ အတွက် လာမဲ့အပတ်မှာ ကျောင်းပေါင်းတစ်သောင်း မဟာမိတ်အဖွဲ့ရဲ့ အတွင်းရေးမှူး တာခန်းက ငါတို့ကျောင်းကို စစ်ဆေးဖို့ အမှုဆောင် အဖွဲ့တစ်ဖွဲ့ စေလွှတ်လိမ့်မယ်.. လာမဲ့ ရက်သတ္တပတ် အနည်းငယ် အတွင်း လူတိုင်းက သင်ကြားရေး

ရည်ရွယ်ချက်တွေနဲ့ စည်းစနစ်ကျတဲ့ ပတ်ဝန်းကျင် အငွေ့အသက်တွေကို ပုံမှန်အတိုင်း ဆက်လက် ထိန်းသိမ်းနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်"

ထိုစကားကို ကြားလျှင် အတန်းထဲမှ ကျောင်းသား အများစုက ဆရာမဖန် ဆိုလိုချင်သည့် အဓိပ္ပါယ်ကို ဒက်ခနဲ သဘောပေါက်သွားကြသည်။

သိသာစွာပင် ရှေ့တွင် ခက်ခဲသော အတားအဆီးများ ဆီးကြိုနေသည်။

ပညာရေးဌာနမှ တိုက်ရိုက် စေလွှတ်မည့် ဤအဖွဲ့သည် ဗဟိုအစိုးရ၏ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဗျူရို၏ စစ်ဆေးရေးဌာနထက် အားမနည်းပေ။

"မကြာသေးမီကပဲ ဆရာတွေက အခြားအတန်းတွေမှာ ကျောင်းသားအချို့ ကျောင်းမှာ အိမ်စာတွေ ကူးနေကြတာကို တွေ့ရှိခဲ့ကြတယ်"

ဆရာမဖန်၏ စကားကိုကြားလျှင် ချန်းချောနှင့် ကော်ဟောက်က ကူကယ်ရာမဲ့စွာဖြင့် လည်ပင်း အနည်းငယ် အေးစက်သွားသလို ခံစားလိုက်ရသည်။

"ဒါပေမယ့် ဒီအတန်းကတော့ ခြွင်းချက်ပဲ.. အထူးသဖြင့် အတန်းတာဝန်ခံ မြေပဲလေးရဲ့ ဦးဆောင်မှုအောက်မှာ ငါတို့ လက်ရွေးစင်အတန်းက ကျောင်းသားတွေက ဒီလို ဆိုးရွားတဲ့ အလေ့အထမှာ ဘယ်တော့မှ ပါဝင်မှာ မဟုတ်ဘူးလို့ ငါယုံကြည်တယ်"

ဝမ်လင်း ".............."

မြေပဲလေးက သူ့မျက်နှာကို လက်နှစ်ဖက်နှင့် အုပ်ပြီး ရှက်ရှက်ဖြင့် ခေါင်းညိတ် ထောက်ခံလိုက်သည်။

"အထက်မှာ ဖော်ပြခဲ့တဲ့ ကိစ္စတွေအပြင် နောက်ထပ် အရေးကြီးတဲ့ ကိစ္စတစ်ခု ရှိသေးတယ်"

ဆရာမဖန်က ပြောလိုက်သည်။

"အမှုဆောင်အဖွဲ့ရဲ့ ခေါင်းဆောင် တစ်ယောက်က ငယ်ငယ်က ခွေးကိုက်ခံရဖူးတယ်လို့ ကြားဖူးတယ်.. အဲဒီဖြစ်ရပ်က သူ့စိတ်ထဲစွဲသွားပြီး အခုချိန်ထိ သူက ခွေးဆို အရမ်းကြောက်တယ်"

ဝမ်လင်းက ဆရာမဖန် ဘာပြောမည်ကို ခန့်မှန်းနိုင်သည်။

"ဒီကိစ္စကို ကျောင်းအုပ်ဆရာကြီးချန်း နဲ့ ဒါရိုက်တာရှီး တို့က ငါ့ဆီ လာပြီး ဆွေးနွေးခဲ့ကြတယ်.. ကျောင်းရဲ့ အလုပ်တွေမှာ ပူးပေါင်း ဆောင်ရွက်တဲ့အနေနဲ့ အမှုဆောင်အဖွဲ့ လာရောက် လည်ပတ်တဲ့ ကာလမှာ အူကြောင်ကြား ဖားပြုတ်လေးကို ခဏတာ ပြုစု စောင့်ရှောက်ပေးနိုင်တဲ့ စေတနာ့ဝန်ထမ်း ရှိပါသလား"

လူတိုင်း၏ အမူအရာက အနည်းငယ် လေးကန်သွားသည်။

"............."

"သောက်ချီး"

"ဒါက ဘာငရဲလဲ.. သူတို့က ခွေးတွေကို တားမြစ် ပေးဖို့တောင် တောင်းဆိုခဲ့တယ်လား"

အတန်းထဲမှ ကျောင်းသား တစ်ယောက်၏ စကားကို ကြားလျှင် စာသင်ခန်း အနောက်ဘက်တွင် မှောက်လျက် လဲလျောင်းနေသည့် ထွင်ထျန်းဟာက စိတ်လှုပ်ရှားစွာဖြင့် အမြီးကို လှုပ်ယမ်းလိုက်သောကြောင့် ဝမ်လင်းက ကူကယ်ရာမဲ့စွာဖြင့် ထွင်ထျန်းဟာကို ကြည့်လိုက်သည်။

All Chapters