မင်းရဲ့သားက မင်းနဲ့တူတယ်
Vol. 6 Ch. 88
ဝမ်လင်းက အကြံကောင်းတစ်ခုဟု မထင်ခဲ့ပေ။
အူကြောင်ကြောင် ဖားပြုပ်က သာမန်မိသားစု ခွေးတစ်ကောင်သာ ဖြစ်နေခဲ့လျှင် တော်သေးသည်။
သို့သော် ၎င်းမှာ မကောင်းဆိုးဝါး ဘုရင်တစ်ပါး ဖြစ်နေသည်။
၎င်း၏ စွမ်းအားက ယခင်ကကဲ့သို့ မဟုတ်သော်လည်း အန္တရာယ်ရှိနေဆဲ ဖြစ်သည်။
စာသင်ချိန် အစကထက် အူကြောင်ကြောင် ဖားပြုပ်၏ အရှိန်အဝါက ပိုမိုအားကောင်းလာသည်ကို သူ ရှင်းလင်းစွာ သဘောပေါက်ခဲ့သည်။
ဖားပြုပ်က ၎င်း၏ လက်ရှိ ခန္ဓာကိုယ်ကို ဆက်လက် အသုံးချရန် ရုန်းကန်နေသည်။
ယင်းမှာ ၎င်း၏ မကောင်းဆိုးဝါး ဘုရင် ဘဝကို လုံးလုံးလျားလျား မစွန့်လွှတ်သေးကြောင်း ပြသနေသည့် လုံလောက်သော အတည်ပြုချက် တစ်ခုလည်း ဖြစ်သည်။
ထို့အပြင် ထပ်မံ ကျင့်ကြံရန်လည်း ကြိုးစားနေသေးသည်။
ထွင်ထျန်းဟာက ဝမ်လင်း ဝိညာဉ်ဓား ဖလှယ်ပွဲတွင် ပါဝင်ခဲ့သည့် ရက်အနည်းငယ် အတွင်း အမှတ် ၆၀ အထက်တန်းကျောင်းတွင် ငြိမ်သက်နေခဲ့သည်။
ဤအူကြောင်ကြောင် ဖားပြုပ်က သူမရှိချိန်တွင် မကောင်းမှုများ ဖန်တီးရန် အခွင့်အရေးကို မယူခဲ့ချေ။
ဘဝအသစ် တဖန် မွေးဖွားလာပြီးနောက်တွင် သူက တစ်နေ့ထက် တစ်နေ့ ခွေးနှင့်တူရန် လေ့လာခဲ့သည်။
သူ့မျက်နှာကို ကျောင်းသားများ ဖိညှစ်လိမ်ဆွဲခြင်းကို ခွင့်ပြုခဲ့သည့် အပြင် ကော်ဟောက် ကြက်တူရွေး၏ ကိုယ်ထိလက်ရောက် အနိုင်ကျင့်မှုကိုလည်း သည်းညီးခံရသည်။
ထွင်ထျန်းဟာ၏ အစိမ်းရောင်အမွေးများက လူတိုင်း၏ အကြည့်ကို ဆွဲဆောင်နိုင်သောကြောင့် ထွင်ထျန်းဟာမှာ အမှတ်၆၀ အထက်တန်းကျောင်းတွင် ရေပန်းစားခဲ့သည်။
၎င်း၏ ဂုဏ်သတင်းက ပထမနှစ် အခန်းသုံးတင် မကဘဲ အခြားအတန်းများသို့ပင် ပျံ့နှံ့သွားခဲ့သည်။
နေ့စဉ်နှင့်အမျှ အခြား အတန်းများမှ ကျောင်းသားများနှင့် ဆရာများက ထွင်ထျန်းဟာအတွက် ခွေးဘီစကွတ်များ၊ စားမြိန်သော အရိုးများ၊ အမဲသားများ စသည်ဖြင့် အစားအစာများကို လာရောက် ကျွေးမွေးကြသည်။
ထိုအချိန်မျိုးတွင် ထွင်ထျန်းဟာက အရာများစွာကို သင်ယူခဲ့သည်။
ဥပမာအားဖြင့် ဟောင်ရာတွင် ပိုကျွမ်းကျင်လာပြီး အရိုးကို ကိုက်စားလေ့ ရှိသည့် အတွက် သူ၏ ကိုယ်ဟန် အနေအထားကလည်း အရင်ကထက် ခွေးနှင့် ပိုတူလာသည်။
အခြေအနေကို ကြည့်လျှင် ထွင်ထျန်းဟာက အမှတ်၆၀ အထက်တန်းကျောင်းတွင် ပြန်လည် မွေးဖွားပြီးနောက် ၎င်း၏ ယခင် ဝိသေသလက္ခဏာကို ဖယ်ထုတ်ကာ ခွေးနတ်ဘုရားဖြစ်လာရန် ကြိုးပမ်းနေချိန်တွင် လူ့အဖွဲ့အစည်းဖြင့်ပါ ရောနှောရန် ကြိုးစားနေပုံရသည်။
သို့သော် အခြားသူများ၏ ယုံကြည်မှုကို ရရှိနိုင်သည်က ဝမ်လင်း၏ ယုံကြည်မှုကို ရရှိနိုင်သည်ဟု မဆိုလိုပေ။
သူ့အမြင်အရ ထွင်ထျန်းဟာက အမှန်တကယ် သစ္စာရှိခွေးဖြစ်လာရန် လေ့ကျင့်မှုအချို့ လိုအပ်နေပါသေးသည်။
ထွင်ထျန်းဟာကို မည်သူ အိမ်ခေါ်သွားမလည်း တွေးကာ ဝမ်လင်းက စိတ်ပူနေရသည်။
အတန်းထဲတွင် တက်တက်ကြွကြွဖြင့် ဆွေးနွေးနေကြသည်။
အိမ်မှာ ခွေးထိန်းသိမ်းရန် အဆင်မပြေဟု ပြောကြသည့် ကျောင်းသား လေးယောက်က လွဲလျှင် ကျန်သည့် ကျောင်းသား ၁၁ ယောက်လုံးက အူကြောင်ကြောင် ဖားပြုပ်ကို ထိန်းသိမ်းရန် စိတ်အား ပြင်းပြနေကြ၏။
ကော်ဟောက်၏အဆိုအရ ကျွမ်းကျင်အဆင့် ပရို တစ်ယောက်သာ အိမ်မွေးတိရစ္ဆာန်အဖြစ် ခွေးတစ်ကောင်ကို ထိန်းထားနိုင်မည် ဖြစ်သည်။
ဝမ်လင်းက ကော်ဟောက်၏ ကျွမ်းကျင်ပိုင်နိုင်မှုကို သေချာပေါက် သံသယမရှိခဲ့ပေ။
ထွင်ထျန်းဟာကိုသာ ကော်ဟောက် လက်ထဲ အပ်လိုက်လျှင် ကော်ဟောက်၏ ကြက်တူရွေးက သာမန်ဌက် မဟုတ်သောကြောင့် ထွင်ထျန်းဟာ အတွက် ဝမ်လင်းက အတော်လေး စိတ်အေးသွားရလိမ့်မည် ဖြစ်သည်။
ကြက်တူရွေးက ၎င်း၏ပိုင်ရှင်ကိုပင် လေ့ကျင့်ပေးနိုင်သည့် ငှက်တစ်ကောင် ဖြစ်သောကြောင့် ကော်ဟောက်သာ ထွင်ထျန်းဟာကို အိမ််သယ်သွားလျှင် အလွန် စိတ်လှုပ်ရှားဖွယ်ကောင်းမည်ဟု သူ တွက်ဆခဲ့သည်။
အဆုံးသတ် ဆုံးဖြတ်ချက်ချရန် အချိန်ရောက်သောအခါ ဆရာမဖန်က ကျောင်းသားများ၏ နှလုံးသားထဲမှ ထွင်ထျန်းဟာ၏ နေရာယူထားမှုကို လျှော့တွက်၍ မရကြောင်း နောက်ဆုံးတွင် သိသွားခဲ့သည်။
အတန်းထဲတွင် ဆွေးနွေးမှု ပြင်းထန်လာသည်ကိုမြင်လျှင် သူမက လည်ချောင်း ရှင်းလိုက်ပြီး ပြောလိုက်သည်။
"ငါတို့ရဲ့ အူကြောင်ကြောင် ဖားပြုပ်လေးအတွက် ဘယ်လို ဆုံးဖြတ်ကြမှာလဲ"
တကယ်တမ်းတွင် ထွင်ထျန်းဟာက သာမန်ခွေး မဟုတ်ပေ။
ဤအချိန်က ၎င်း၏ ဉာဏ်ရည်ဉာဏ်သွေးကို ပြသရန် အကောင်းဆုံး အခိုက်အတန့် ဖြစ်သည်။
ဆရာမဖန်၏ စကားကိုကြားလျှင် ထွင်ထျန်းဟာက စိတ်လှုပ်ရှားလာပြီး လဲလျောင်းနေရာမှ ထရပ်လိုက်သည်။
ဤကျောင်းတွင် အချိန်အတော်ကြာ ချုပ်နှောင်ခံရပြီး နောက်ဆုံးတွင် အပြင်ထွက်ခွင့် ရတော့မည် ဖြစ်သည်။
ဆွဲဆောင်မှုရှိသော စိမ်းလန်းစိုပြေသောကမ္ဘာ၊ ရင်သား ဖွံ့ထွားနေသော ချစ်စရာကောင်းသည့် မိန်းကလေးများ၊ ရင်သားပြားချပ်ချပ် အလန်းလေးများ…
အမှတ်၆၀ အထက်တန်းကျောင်းရှိ ကျောင်းသူ အများစုမှာ အလွန်ပိန်ပါးပြီး သေးသွယ်သည့် အတွက် ထွင်ထျန်းဟာက အကိတ်များ ရှိလောက်သည့် အခြားနေရာကို ရှာဖွေလိုသည်မှာ ကြာပြီ ဖြစ်သည်။
သို့သော် သူ့မျက်နှာပေါ်ရှိ စိတ်လှုပ်ရှားမှုက ဝမ်လင်း ထံမှ အကြည့်တစ်ချက်ဖြင့် လျင်မြန်စွာ ပျောက်ကွယ်သွားသည်။
ဤပုံစံကို သူအရင်က မြင်ဖူးသည်။
ထို့အပြင် ယင်းပုံစံက ထွင်ထျန်းဟာ၏ စိတ်ဝိညာဉ် အတွင်းအကျဆုံး နေရာတွင် အစဥ်အမြဲ ခိုအောင်းနေသည့်ကြောက်မက်ဖွယ် အသွင်အပြင်လည်း ဖြစ်သည်။
ဤအရာက စာသင်နှစ် စစချင်းတွင် နေရာချထားရေး စာမေးပွဲ၌ နာမည်ကြီးခဲ့သည့် ဒဏ္ဍာရီလာ မကောင်းဆိုးဝါး နှိမ်နင်းသည့် အကြည့်....
အဆုံးသတ်တွင် ထွင်ထျန်းဟာက ဝမ်လင်း၏ ခြေရင်းသို့ စိတ်ပျက်လက်ပျက် လျှောက်သွားကာ နားရွက်များ ကြမ်းပြင်ပေါ် တွဲလောင်းကျသည် အထိ ဝပ်ဆင်းလိုက်သည်။
သူက တစ်စုံတစ်ရာ ပြဿနာ ရှာရန် အစီအစဥ် လုံးဝ မလုပ်ဝံ့ပေ။
"ထွင်ထျန်းဟာ နဲ့ ကျောင်းသား ဝမ်လင်းက ရေစက်ရှိပုံရတယ်.. ကျောင်းသားဝမ်လင်း ထိန်းသိမ်းတာက အလွန် သင့်တော်တဲ့ ဆုံးဖြတ်ချက်ပဲလို့ ဆရာမ ထင်တယ်"
ဝမ်လင်းက စိတ်ကျေနပ်စွာဖြင့် ခေါင်းညိတ်လိုက်သည်။
…..............
ကျောင်းဆင်းသွားသောအခါ ဝမ်လင်းက ထွင်ထျန်းဟာကိုကောက်ချီကာ တိတ်ဆိတ်သော ထောင့်တစ်ခုသို့ သွားလိုက်သည်။
ထို့နောက် မျက်စိတစ်မှိတ်အတွင်းမှာပင် မြို့စွန်ရှိ ဝမ်မိသားစုအိမ်ငယ်လေး ဆီသို့ ပြန်သွားခဲ့သည်။
ထွင်ထျန်းဟာက အံ့အားသင့်သွားသည်။
"သောက်-ချီး.. ဒါကဘာလဲဟ.. မဟာတာအို သုံးထောင်ထဲက ကြီးမြတ်သော တည်နေရာ ရွှေ့ပြောင်းခြင်း မန္တန်ပါလား"
ထွင်ထျန်းဟာက ပြန်လည် မွေးဖွားလာသော မကောင်းဆိုးဝါး ဘုရင် တစ်ပါးအနေဖြင့် အခြေခံများကို သိရှိထားဆဲဖြစ်သည်။
မဟာတာအိုတွင် တာအိုပေါင်း သုံးထောင်ရှိပြီး တာအိုတစ်ခုချင်းစီက ကျင့်ကြံခြင်း၏ နောက်ဆုံးပန်းတိုင်ထိ ဦးဆောင် လမ်းပြပေးနိုင်သည်ဟု အဆိုရှိခဲ့သည်။
ရှေးဆိုရိုးစကားအရ မဟာတာအို သုံးထောင်ထဲမှ တာအိုတစ်မျိုးကို အပြည့်အ၀ နားလည်သဘောပေါက်ရန် အနှစ်တစ်ရာခန့် ကြာမြင့်နိုင်ပြီး နောက်ဆုံးအဆင့်ထိ ကျင့်ကြံရန်မှာ အနှစ်တစ်ထောင်ကနေ အနှစ်တစ်သောင်းထိ အချိန်ယူရမည် ဖြစ်၏။
အသက် ဆယ့်ခြောက်နှစ်သာ ရှိသေးသည့် ချာတိတ်လေး တစ်ယောက်က မဟာတာအို သုံးထောင်ထဲမှ တာအိုတစ်မျိုးကို အမှန်တကယ် အသုံးချနိုင်စွမ်း ရှိနေသည်။
ထွင်ထျန်းဟာက မကောင်းဆိုးဝါး ဘုရင် အဖြစ် နှစ်ပေါင်းတစ်ထောင်ကျော်ကြာအောင် ကျင့်ကြံလာခဲ့သောကြောင့် အားလုံးကို တွက်ဆနိုင်ခဲ့သည်။
ဝမ်လင်း၏ အမှန်တရားကို သိရှိပြီးနောက် ဝမ်လင်း မည်မျှ ကြောက်စရာကောင်းသည်ကို ဤကမ္ဘာပေါ်တွင် ထွင်ထျန်းဟာထက် ပိုသိသူ အခြား မည်သူမျှ မရှိနိုင်တော့ပေ။
အသက် ဆယ်နှစ်သာ ရှိသေးသော အရွယ်တွင် ဝမ်လင်းက ကမ္ဘာခြားဂိတ်မှ မကောင်းဆိုးဝါး ဘုရင် တစ်ပါး ဖြစ်သော သူ့ကို တစ်ချက်တည်းဖြင့် ထိုးသတ်ခဲ့ဖူးသည်။
ခြောက်နှစ်ကြာပြီး နောက်တွင် ဤကလေးက ပို၍ပင် သန်မာလာခဲ့သည်မှာ ထင်ရှားနေသည်။
ထွင်ထျန်းဟာက ဤအကြောင်းကို တွေးမိလျှင် ကူကယ်ရာ မဲ့စွာဖြင့် အနည်းငယ် စိတ်ပျက်သွားခဲ့သည်။
ထွင်ထျန်းဟာက မိမိကိုယ်မိမိ လေးစားစွာဖြင့် လုံ့လဝီရိယရှိရှိ ကြိုးစားအားထုတ်ရမည်ဟု ကြိမ်ဖန်များစွာ သူ့ကိုယ်သူ အားပေးခဲ့ဖူးသည်။
အရင် အခြေအနေကို ပြန်ရောက်ဖို့ အခွင့်အရေး ရှိကောင်းရှိလာနိုင်မည်ဟု မည်သူ သိနိုင်မည်နည်း။
သို့သော် ဝမ်လင်းရှေ့တွင်မူ သူက အမြဲတမ်း ခွန်အားမရှိသလို ခံစားခဲ့ရသည်။
ပိုထိတ်လန့်စရာ ကောင်းသည်မှာ အခုအချိန်တွင် ဝမ်လင်း၏ ချီထားခြင်းကို ခံထားရသည်။
ဤကောင်လေး၏ စကားကို နာခံတာက ပိုကောင်းသည် ဟူသော အတွေးက သူ့စိတ်ထဲတွင် ပေါ်လာသည်။
မကောင်းဆိုးဝါးဘုရင်ဖြစ်သည့် သူ၏ သိက္ခာက လုံးဝ ပျက်သုဉ်းသွားသည်ဟု ခံစားရကာ မျက်နှာ အနည်းငယ် ညှိုးနွမ်းသွားသည်။
ဝမ်လင်းက အိမ်တံခါးကို ဖွင့်လိုက်သောအခါ အိမ်အတွင်း၌ သူစိမ်း နှစ်ယောက်ကို တွေ့လိုက်ရသည်။
နှစ်ယောက်စလုံးက ဝတ်စုံအနက်နှင့် နေကာမျက်မှန်များ ၀တ်ဆင်ထားကြသည်။
သူတို့ထဲမှ တစ်ယောက်က လက်ဆွဲအိတ်ကို ကိုင်ထားသည်။
တစ်ချက်ကြည့်လိုက်သည်နှင့် ဤခရီးဆောင် သေတ္တာထဲတွင် အနည်းဆုံး ယွမ်တစ်သန်းခန့် ရှိသည့် ငွေသားများ ထုပ်ပိုးထားသည်ကို ဝမ်လင်းက တွေ့လိုက်ရသည်။
ဖေဖေဝမ်က တံခါးဝတွင် ရပ်ရင်း ထိုနှစ်ယောက်ကို တည်တံ့သော မျက်နှာထားဖြင့် လေးနက်စွာ ပြောလိုက်သည်။
"နှုတ်ဆက်ပါတယ်.. ကျေးဇူးပြုပြီး နားလည်ပေးပါ "
ဤမြင်ကွင်းကို တွေ့လိုက်သည်နှင့် ညှိနှိုင်းမှု ပြီးဆုံးသွားပြီ ဆိုသည်ကို ဝမ်လင်းက သိလိုက်သည်။
ဝတ်စုံဝတ်ထားသည့် လူနှစ်ယောက်က ဝမ်လင်းကို တစ်ချက်ကြည့်လိုက်တယ်။
"သူက....."
"ဒါက ငါ့သားပါ"
ဖေဖေဝမ်က ပြောလိုက်၏။
"မင်းရဲ့သားက မင်းနဲ့တူသားပဲနော်"
ဝမ်လင်း ".............."
ထိုစကားကိုကြားလျှင် ဖေဖေဝမ်၏ နှုတ်ခမ်းတွေက တဆတ်ဆတ် တုန်ခါသွားသည်။
".............."
{သောက်-ချီး ငါ့သားက ငါနဲ့မတူရင် မင်းနဲ့တူရမှာလား}
သူစိမ်း အမျိုးသားနှစ်ယောက်က သူ့ကို မျက်နှာသာပေးရန် ကြိုးစားနေမှန်း ဝမ်လင်း သိသည်။
အမျိုးသားတစ်ယောက်က သူ့လက်ကို ကမ်းပေးလိုက်သည်။
"မင်္ဂလာပါ လူငယ်လေး.. ငါက ရှုမျှော်ခင်းနယ်မြေ ကပါ"
"ရှုမျှော်ခင်းနယ်မြေလား"
ဝမ်လင်းက တစ်နေရာရာတွင် ဤနာမည်ကို ကြားဖူးသည်ဟုရုတ်တရက် သတိရလိုက်မိသည်။
{တီဗီကြော်ငြာတွေမှာ မကြာခဏ မြင်ဖူးတဲ့ ဝိုင်ရောင်းတဲ့ ကုမ္ပဏီလား}
သူက လက်နှစ်ဖက်ဖြင့် ထွင်ထျန်းဟာကို ချီထားသောကြောင့် လက်ဆွဲနှုတ်ဆက်ရန် လက်အားမနေခဲ့ပေ။
ယင်းကိုမြင်လျှင် ထိုလူက သူ့လက်ကို ပြန်ရုတ်သိမ်းလိုက်သည်။
"ငါတို့ရှုမျှော်ခင်းနယ်မြေက မစ္စတာဝမ် မကြာသေးခင်က ဝယ်ထားတဲ့ ရှေးဟောင်းမျက်နှာဖုံးကို အရမ်း စိတ်ဝင်စားပြီး ဈေးကြီးပေးဝယ်ဖို့ ဆန္ဒရှိပါတယ်.. ဒီနေ့ ညှိနှိုင်းမှုတွေတောင် အပြီးသတ်ခါနီးပြီ.. ငါတို့က ရိုးသားမှု အပြည့်နဲ့ ဒီကို ရောက်လာခဲ့တာပါ"
"ရိုးသားမှု" ဟူသော စကားလုံးကို အသုံးပြုခဲ့သော်လည်း ထိုအမျိုးသားက ခရီးဆောင်အိတ်ကို ပြန်သယ်သွားရန် မမေ့လျော့ခဲ့ပေ။
" မစ္စတာဝမ်နဲ့ လေးစားရတဲ့ မစ္စတာဝမ် အဖေက ဒီကိစ္စကို သဘောတူမယ်လို့ မျှော်လင့်ပါတယ်.. နှစ်ရက်အတွင်း ငါတို့ထပ်လာခဲ့ပါဦးမယ်"
ထို့နောက် ၎င်းတို့နှစ်ဦးက လည်သာ ဖိနပ်ပေါ်ရှိ ဖိနပ်အကာအကွယ်များကို ဖယ်ရှားကာ ဝမ်ကျောင်း နှင့် ဝမ်လင်းကို ရိုသေစွာ ဦးညွှတ်၍ ဝမ်မိသားစု အိမ်ငယ်လေးမှ ထွက်ခွာသွားခဲ့သည်။
ဝမ်လင်းက မျက်လုံးထောင့်ကနေ ထိုနှစ်ယောက်၏ ဖိနပ်တွေကို ဖျတ်ခနဲ ကြည့်လိုက်သည်။
"ဘာငရဲလဲဟ.. ဖိနပ်တစ်စုံရဲ့ တန်ဖိုးက ခေါက်ဆွဲခြောက် ကြွက်ကြော်ထုပ်တွေ ဆယ်နှစ်စာ ဝယ်စားဖို့တောင် လုံလောက်နေပါလား"