ပစ်မှတ်တစ်ခုလား
Vol. 6 Ch. 89
ဖေဖေဝမ်က ထွင်ထျန်းဟာ၏ တည်ရှိမှုကို သိပြီး အိမ်ကို ဝမ်လင်း ယူဆောင်လာရသည့် အကြောင်းရင်းကိုလည်း သိသည်။
ယခုခေတ်တွင် ဆယ်သွယ်ရေးနှင့် ပတ်သက်ပြီး WeChatမှ တဆင့် မဟုတ်လျှင်ပင် အဆင်ပြေလာသည်။
စာသင်နှစ် စစချင်းတွင် ကျောင်းမှ ကျောင်းသား မိဘများအတွက် ဂရုတစ်ခုကို အွန်လိုင်းပေါ်တွင် ဖွင့်ပေးခဲ့သည်။
ဆရာမဖန်က အကြောင်းကိစ္စ ကြီးကြီးသေးသေး ထိုဂရုတွင် ပို့စ်တင်ပေးသည်။
ဝမ်လင်းက ထွင်ထျန်းဟာကို အိမ်ခေါ်ဖို့ ဆုံးဖြတ်ပြီးသည့် နောက်တွင် ဆရာမဖန်က ချက်ချင်းပင် ဖေဖေဝမ်ကို အသိပေးသည့် မက်ဆေ့ခ်ျ တစ်စောင် ပေးပို့ခဲ့သည်။
ထိုမျှသာမက ဝမ်လင်း အနေဖြင့် ခွေးစာအချို့ကို ပြန်လည်ယူဆောင်လာရန် လိုအပ်ခြင်း ရှိ၊ မရှိ ထပ်ခါထပ်ခါ မေးမြန်းခဲ့သည်။
သိထားရမည်မှာ ယနေ့ခေတ်တွင် ကြောင်အစားအစာ ဖြစ်စေ.. ခွေးအစားအစာ ဖြစ်စေ လူစားစရာများထက် ဈေးပိုကြီးကြောင်း သတိပြုသင့်၏။
ဝမ်လင်း၏ မိသားစု အခြေအနေက အမှတ်၆၀ အထက်တန်းကျောင်းတွင် လျှို့ဝှက်ချက် မဟုတ်တော့ပေ။
ဆရာမဖန်က ခွေးစာအကြောင်း ဖေဖေဝမ်ကို မေးနေရင်း ဝမ်လင်းတို့အိမ်သို့ အလည်သွားရန် အစီအစဉ် ချနေခဲ့သည်။
သူမက အနည်းငယ် ပြင်းထန်ပြီး အေးစက်သော ပုံစံ ပေါက်နေသော်လည်း နှလုံးသားကမူ နွေးထွေးဆဲ ဖြစ်သည်။
သူမအနေဖြင့် ပညာရေး အပြင် ကျောင်းသားများ၏ စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုကလည်း အရေးကြီးသည့် အရာတစ်ခုဟု သတ်မှတ်ထားသည်။
ဆင်းရဲသော မိသားစုတွင် ကြီးပြင်းလာသော ကလေးများ၏ စိတ်နှလုံးတွင် အနည်းငယ် သိမ်ငယ်သလို ခံစားတတ်ကြောင်း သူမ သိထားသည်။
သူမက ဝမ်လင်း၏ အေးစက်စက် ပုံသဏ္ဍာန်နှင့် ချို့တဲ့မှု တို့ကို ပေါင်းစပ်၍ တွေးတောမိပြီး ဝမ်လင်းထံတွင် သိမ်ငယ်စိတ်တစ်ခု ရှိနေသည်ဟု အမြဲလိုလို တွေးတောနေခဲ့၏။
ထို့ကြောင့် ဝမ်လင်း၏ သူ့ကိုယ်သူ လေးစားသော မာနတရားကို မထိခိုက်စေရန် အတွက် ဝမ်လင်းတို့ မိသားစု အခြေအနေနှင့် ပတ်သတ်ပြီး ကျောင်းတွင် ဘာမှမပြောရန် အလွန်အမင်း သတိထားနေခဲ့သည်။
ထို့အပြင် ကျောင်းသားများကိုလည်း ပညာရေးအဆင့်မှ လွဲ၍ အခြားအရာများ မယှဥ်ပြိုင်ကြစေရန် မကြာခဏ တိုက်တွန်းခဲ့၏။
ယေဘုယျအားဖြင့် တင်စားရလျှင် ဆရာမဖန်၏ သူ့အပေါ် နားလည်မှုလွဲမှားခြင်းမှာ ဟွမ်ဖူမြစ်ကနေ မျောပါသွားလောက်အောင် ကြီးမားနေပြီဟု ဝမ်လင်း ခံစားမိသည်။
သူ့ဘဝတွင် သိမ်ငယ်မှု၊ ရှုပ်ထွေးမှု သို့မဟုတ် တစ်စုံတစ်ရာ နှင့် ပတ်သက်ပြီး လုံးဝ မရှိခဲ့ဖူးပေ။
သူက အခြားသူများနှင့် ပထမဆုံးအကြိမ် ရေချိုးခန်းသို့ သွားသောအခါ သူ၏ babel tower ကဲ့သို့ အင်္ဂါကို မြင်သော အချိန်တွင် ၎င်းတို့၏ မျက်နှာပေါ်၌ အံ့သြတုန်လှုပ် နေသော အမူအရာများအား မြင်တွေ့ခဲ့ရသည်ကို သူ့ဘဝ တစ်လျောက်လုံး ဘယ်သောအခါမှ မေ့မည် မဟုတ်တော့ပေ။
ထို့ကြောင့် သူက တခြား ယောကျာ်းလေးများ သိမ်ငယ်စိတ် မဝင်စေရန် ရှောင်ဖို့ ဆုံးဖြတ်လိုက်သည်။
ဤနှစ်များ တစ်လျှောက်လုံးတွင် ဝမ်လင်းက အခြားသူများ မရှိမှသာ ရေချိုးခန်းသို့ ဝင်ရန် ကြိုးစားခဲ့သည်။
…...................
ဝမ်လင်းက သူ့ဖိနပ်ကို ချွတ်ပြီးနောက် ထွင်ထျန်းဟာကို ကြမ်းပြင်ပေါ် ပစ်ချလိုက်သောအခါ ထိုအကောင်က ကျောက်တုံးအဖြစ်သို့ ပြောင်းလဲသွားသလိုပင်။
ဝမ်လင်းထံမှ နောက်ဆက်တွဲ ညွှန်ကြားချက် တစ်စုံတစ်ရာမရှိဘဲ ဤမကောင်းဆိုးဝါးဘုရင်က လှုပ်ရှားရန် မဝံ့ရဲခဲ့ပေ။
ဝမ်လင်းက ထွင်ထျန်းဟာ၏ ဖင်ကို ညင်သာစွာ ကန်လိုက်ရာ ထွင်ထျန်းဟာက တုန်ယင်သွားပြီး ဖေဖေဝမ်၏ ခြေရမ်းတွင် ဝပ်ဆင်းလိုက်သည်။
ဖေဖေဝမ်က ထွင်ထျန်းဟာ၏ ဇာစ်မြစ် အကြောင်းကို ဝမ်လင်းထံမှ ကြားသိထားပြီး ဤအစိမ်းရောင်ခွေးက မကောင်းဆိုးဝါး ဘုရင် ဖြစ်ခဲ့ဖူးကြောင်းကို သိရှိခဲ့သည်။
ယင်းအတွက်ကြောင့် ၎င်းက အလွန်ရက်စက်လိမ့်မည်ဟု သူထင်ခဲ့သော်လည်း ဝမ်လင်း၏ ရှေ့မှောက်တွင် ဤမျှ နာခံမှုရှိလိမ့်မည်ဟု မထင်ထားခဲ့ပေ။
{ဟူး... ဒီကောင်ကြီးက လေ့ကျင့်မှု ကောင်းကောင်း ရထားပြီးပြီ ထင်တယ်}
ဖေဖေဝမ်က ကျေနပ်စွာ ခေါင်းညိတ်လိုက်ပြီး ထွင်ထျန်းဟာ၏ အမွေးကို ပွတ်သပ်လိုက်သည်။
အမှတ်၆၀ အထက်တန်းကျောင်းတွင် ထွင်ထျန်းဟာ၏ အမွေးကို သန့်စင်ရန် အတွက် သန့်စင်ခြင်း အစီအရင်များကို အသုံးပြုသည့် ကျောင်းသားများ ရှိသောကြောင့် ၎င်း၏ အမွေးများကို ကိုင်လျှင် အထူး နူးညံ့သည်ဟု ခံစားရမည် ဖြစ်သည်။
ထွင်ထျန်းဟာက ဖေဖေဝမ်၏ ပွတ်သပ်မှုကို အလွန်ခံလို့ကောင်းသည်ဟု ခံစားခဲ့ရသည်။
တစ်ခုတည်းသော အမှားမှာ ၎င်း၏ အမွေးအရောင်က အနည်းငယ် ထူးဆန်းနေခြင်း ဖြစ်သည်။
"ဘာလို့ ဒီအမွေးတွေက စိမ်းနေတာလဲ"
ဖေဖေဝမ်က ထွင်ထျန်းဟာ၏ အမွေးကို ပွတ်သပ်ရင်း ဝမ်လင်းကို မေးလိုက်ကာ ထွင်ထျန်းဟာ၏ မျက်နှာဖောင်းဖောင်းလေးကို ဖျစ်ညှစ်လိုက်သည်။
ဝမ်လင်းက ဖေဖေဝမ်၏ မေးခွန်းကို ပြန်မဖြေခဲ့ပေ။
ဖေဖေဝမ်က သူ့ဘာသာသူ အလျင်အမြန် စတင် တွေးတောခဲ့သည်။
ဤအရာက အွန်လိုင်း စာရေးဆရာများ အားလုံးတွင် ဖြစ်လေ့ဖြစ်ထ ရှိသည့် လုပ်ငန်းခွင် ရောဂါတစ်ခု ဖြစ်သည်။
သူ့စိတ်ထဲကနေ သက်ပြင်းကိုပင် မချနိုင်တော့ပေ။
ထွင်ထျန်းဟာ၏ အမွေးအရောင်ကို ကြည့်ရုံဖြင့် ဤခွေးက ပုံပြင်ထဲမှ ခွေးတစ်ကောင် ဖြစ်ကြောင်း ခန့်မှန်းရ မခက်ခဲ့ပေ။
၎င်းထံတွင် စိတ်ပိုင်းဆိုင်ရာ ဆုတ်ယုတ်မှုတွေ အတော်လေး ကြုံခဲ့ရပုံ ပေါ်သည် မဟုတ်လော။
ယခုခေတ်မှာ လူဖြစ်ဖို့ မခက်သလို ခွေးဖြစ်ဖို့ မလွယ်မှန်း မည်သူ ထင်မိမည်နည်း။
ဝမ်လင်း "............."
ထိုအချိန်တွင် မေမေဝမ်နှင့် ဖိုးဖိုးဝမ်က မီးဖိုချောင်တွင် အလုပ်ရှုပ်နေ၏။
ဖိုးဖိုးဝမ်က ဟင်းချက်သည့် အခါတွင် အများအားဖြင့် မည်သူ့ကိုမှ ကူညီခွင့်မပေးပေ။
သို့သော် လဲ့မုန့်မုန့် လာရောက် လည်ပတ်မှု အပြီးတွင် ဖိုးဖိုးဝမ်၏ စိတ်ပိုင်းဆိုင်ရာ အတားအဆီးတွေက အနည်းငယ် ပြိုကျ ပျက်စီး သွားခဲ့သည်။
အဆုံးသတ်တွင် သူက မေမေဝမ်ကို ကူညီခွင့်ပြုဖို့ ဆုံးဖြတ်ခဲ့သော်လည်း မေမေဝမ်၏ အဓိကအလုပ်မှာ ဆားထည့်လား မထည့်လား စစ်ဆေးရုံသာ ဖြစ်၏။
ယေဘူယျအားဖြင့် ပြောရလျှင် ညစာ မစားမီ အချိန်သည် ဝမ်မိသားစု သားအဖနှစ်ယောက်၏ နှလုံးသားချင်း ရင်ဖွင့်ကြသည့် အချိန် ဖြစ်သည်။
သို့သော် ဝမ်လင်းက တစ်လျှောက်လုံး စကား မပြောခဲ့ပေ။
သူတို့သားအဖ၏ ပြောဆို ဆက်ဆံပုံက အနည်းငယ် ထူးဆန်းသည်။
ဝမ်လင်းက ဖေဖေဝမ် နှင့် တိုက်ရိုက် ဆက်သွယ်မည့် အစား ဝိညာဥ်အာရုံဖြင့်သာ ပြောဆိုခြင်း ဖြစ်သည်။
ထို့ကြောင့် ဤမြင်ကွင်းမှာ အနည်းငယ် ထူးဆန်းနေသည်။
ဤတစ်ခေါက် ဖေဖေဝမ် ပြောချင်သည့် အဓိက အကြောင်းအရာမှာ ဝတ်စုံ ဝတ်ထားသည့် လူနှစ်ယောက်နှင့် သက်ဆိုင်နေသည်။
ရှုမျှော်ခင်းနယ်မြေ လုပ်ငန်းစုမှာ ဟွာကော ရေတံခွန် လုပ်ငန်းစုနှင့် အဆင့်အတန်း တူညီသည့် ကုမ္ပဏီ လုပ်ငန်းစုကြီး တစ်ခုဖြစ်သည်။
ထိုကုမ္ပဏီ ပိုင်ဆိုင်သော လုပ်ငန်းများစွာ ထဲတွင် ဝိုင်ကုန်သွယ်မှုမှာ ကျော်ကြားသည်။
ရှုမျှော်ခင်းနယ်မြေ ကုမ္ပဏီ လုပ်ငန်းစုက အကြီးအကျယ် ရင်းနှီး မြုပ်နှံထားသည့် ဝိုင်ကြော်ငြာများကို ရုပ်သံဌာနတိုင်း နီးပါးက နှစ်ပေါင်းရာချီ ထုတ်လွှင့်ခဲ့ကြသည်။
ယခုအခါတွင် ထိုကုမ္ပဏီ လုပ်ငန်းစုက မသိသူ မရှိသလောက် ကျော်ကြားလာခဲ့ပြီ ဖြစ်သည်။
ဝမ်လင်းက သူ၏ တွန်းလှည်းထဲတွင် ရှိနေစဉ်တွင် ထိုကုမ္ပဏီ၏ ဝိုင်ကြော်ငြာများအား နားရွက် ပုပ်သွားလောက်သည် အထိ အကြိမ်ကြိမ် ကြားခဲ့ရသည်ကို သတိရမိသည်။
ရှုမျှော်ခင်းနယ်မြေ လုပ်ငန်းစု၏ နှစ်စဉ် အမြတ်ငွေ စုစုပေါင်း၏ နှစ်ဆယ် ရာခိုင်နှုန်းမှာ ဝိုင်ကုန်သွယ်မှုမှ ရရှိခြင်းဖြစ်သည်။
ကျန်ရှစ်ဆယ် ရာခိုင်နှုန်းမှာ ရှေးဟောင်းပစ္စည်း လုပ်ငန်းမှ ဖြစ်သည်။
မှန်၏။ သာမန်လူအများစုက ရှုမျှော်ခင်းနယ်မြေ လုပ်ငန်းစု၏ ရှေးဟောင်းပစ္စည်း လုပ်ငန်း အကြောင်းကို မသိခဲ့ကြပေ။
သို့သော် ဖေဖေဝမ်ကမူ ထိုအကြောင်းကို သိနေခဲ့သည်။
အွန်လိုင်းစာရေးဆရာများမှာ လျှို့ဝှက်ဆန်းကြယ်သော အဖွဲ့တစ်ဖွဲ့ လို ဖြစ်နေသည်။
အများအားဖြင့် ၎င်းတို့က စာရေးရန်သာ အိမ်တွင်း အောင်းနေကြပြီး ပြင်ပ တွေ့ဆုံပွဲများကို တက်ရောက်လေ့ မရှိပေ။
သို့သော် အွန်လိုင်း လှုပ်ရှားမှုများကိုမူ တက်ရောက်လေ့ ရှိကြသည်။
ဖေဖေဝမ်က ကွဲပြားသော လူအမျိုးအစား များစွာကို ကြုံတွေ့ရစေသည့် အွန်လိုင်း လှုပ်ရှားမှုများကို လက်လွတ်မခံခဲ့ပေ။
အဆုံးသတ်တွင် အွန်လိုင်း စာရေးဆရာ အများစုမှာ စာရေးသားခြင်း တစ်ခုထဲကိုသာ အချိန်ပြည့် လုပ်ကြသည် မဟုတ်ဘဲ တခြားအလုပ်များကိုပါ လုပ်ခဲ့ကြသည်။
၎င်းတို့မှ တဆင့် ဖေဖေဝမ်က အလွှာပေါင်းစုံမှ လူများ၏ အကြောင်းကို သိလာရပြီး မတူညီသော ပုံတိုပတ်စများနှင့် သတင်း များကို သိရှိလာခဲ့သည်။
ရှုမျှော်ခင်းနယ်မြေ၏ ရှေးဟောင်း ပစ္စည်း လုပ်ငန်းနှင့် ပတ်သတ်ပြီး ဖေဖေဝမ်က ရှေးဟောင်း ပစ္စည်းဆိုင်ကို ဖွင့်လှစ်ထားသည့် စာရေးဆရာ တစ်ယောက်ဆီက ကြားသိခဲ့ရခြင်း ဖြစ်သည်။
၎င်းထံမှ သိခဲ့ရသည့် အချို့သော စကားများက ချဲ့ကားခြင်း ဖြစ်ကောင်း ဖြစ်နိုင်သော်လည်း ခုနစ်ဆယ် ရာခိုင်နှုန်းထိ ယုံကြည် စိတ်ချ၍ ရသည်ဟု သူ ခံစားမိသည်။
ဝမ်မိသားစု၏ နိမ့်ကျသော ဘဝတွင်သာ သိုသိုသိပ်သိပ် နေထိုင်လိုသည့် ခံယူချက်ကြောင့် ဤတစ်ခေါက် ကိစ္စက အလွန် လေးနက်သော ကိစ္စ ဖြစ်ကြောင်း သူခံစားခဲ့ရသည်။
မဟာ ကုမ္ပဏီကြီး တစ်ခု၏ အာရုံစိုက်မှုက သူတို့ဆီ ကျရောက်လာသည်မှာ တကယ်ကို ကောင်းမွန်သော အခြေအနေ မဟုတ်ပေ။
အနည်းဆုံးတော့ ဤကိစ္စက ဝမ်မိသားစု လျှောက်လှမ်းနေသည့် သိုသိပ်စွာ နေလိုသော ဘဝ ရည်မှန်းချက်တွင် သေးငယ်သော အဖုအထစ် တစ်ခု ဖြစ်လာသည်။
"ဒီကိစ္စက ဘယ်လောက်ထိ လေးနက်တယ် ဆိုတာကို အဖေ ပြောပြဖို့တောင် လိုမယ် မထင်ဘူး"
ဖေဖေဝမ်က ပြောလိုက်သည်။
ဝမ်လင်းက ခဏလောက် စဉ်းစားပြီးမှ ခေါင်းညိတ်ပြလိုက်သည်။
သူ့အမူအရာကို ကြည့်ကာ ဖေဖေဝမ်က သံသယ ဖြစ်လာသည်။
"မျက်နှာဖုံးမှာ ဘာပြဿနာမှ မရှိဘူး ဆိုတာ သေချာလား.. ဘာပြဿနာမှ မရှိဘူးလို့တော့ အပြောမစောနဲ့.. မျက်နှာဖုံးမှာ သာမန်နည်းလမ်းတွေနဲ့ မစစ်ဆေးနိုင်တဲ့ ထူးခြားတဲ့ လက္ခဏာရပ်တွေ ရှိနိုင်တယ်လို့ မင်းတွေးမိသေးလား"
ဖေဖေဝမ် မေးခွန်းများက ဝမ်လင်းကို ထိတ်လန့်စေခဲ့သည်။
မှန်၏။ ဝမ်လင်း အနေဖြင့် ကျောက်သရဲ မျက်နှာဖုံးကို တခဏမျှသာ ဝတ်ဆင်ခဲ့ပြီး နောက်ထပ် စမ်းသပ်မှု မပြုလုပ်ခဲ့ပေ။
ထို့ကြောင့် အမှားအယွင်း မရှိဟု ဇွတ်ပြောရန် အနည်းငယ် စောလွန်းနေသေးသည်။
ကြမ်းပြင်ပေါ်တွင် လဲလျောင်းနေသည့် ထွင်ထျန်းဟာက သူ၏ အမြီးကို လှုပ်ရမ်းရင်း ဤလျှို့ဝှက် ဆန်းကြယ်သော သားအဖနှစ်ယောက်ကို ငေးစိုက်ကြည့်နေသည်။
အဖေနှင့် သားကြား ဆက်သွယ်မှု မြင်ကွင်းတွင် ဖေဖေဝမ်၏ အသံကိုသာ ကြားနေရ၏။
"လက်ရှိအခြေအနေကို တွက်ဆလိုက်ရင် ဒီမျက်နှာဖုံးနဲ့ ပတ်သက်ပြီး တစ်ခုခုတော့ လွဲချော်နေတာ အမှန်ပဲ.. မဟုတ်ရင် ဒီလို နာမည်ကျော် လုပ်ငန်းစုကြီးက အင်တာနက်ကနေ ငါးယွမ်နဲ့ ဝယ်ထားတဲ့ မျက်နှာဖုံးကို ပြန်ဝယ်ဖို့ ယွမ်နှစ်သန်းကို မိုက်မိုက်မဲမဲ ပေးမယ်လို့ ငါမထင်ဘူး"
ထိုစကားကို ကြားလျှင် ဝမ်လင်းက အတွေးထဲတွင် နစ်မြောသွားခဲ့သည်။
"..............."