ကြီးမားသောရိတ်သိမ်းမှု။
Vol. 12 Ch. 159
ဆန်းကြယ်အဓိပတိအဆင့်သို့ ရောက်ရှိပါက သင်သည်စွမ်းအင်နိယာမများနှင့် စတင်ထိတွေ့နိုင်ပြီဖြစ်သည်။ ဆန်းကြယ်သူတော်စင်အဆင့်သို့ရောက်ပါက သင်သည်စွမ်းအင်နိယာမများကို နားလည်နိုင်လာမည်ဖြစ်သည်။ သူတို့နှင့် သက်ဆိုင်ရာနည်းလမ်းများကို အပြည့်အဝနားလည်ခြင်းရှိပါက ဆန်းကြယ်သူတော်စင်တစ်ပါးသည်ဆန်းကြယ်နတ်မင်းအဖြစ်သို့ အဆင့်တက်လာမည်ဖြစ်သည်။ ဆန်းကြယ်နတ်မင်းအဆင့်သို့ ရောက်ရှိသွားပါက ထိုလူသည် သူနှင့်သက်ဆိုင်ရာလမ်းစဥ်အား အပြည့်အဝ ပြီးပြည့်စုံစွာ နားလည်သွားပြီဟု ဆိုလိုခြင်းဖြစ်သည်။
အဆိုပါအဆင့်ကြီး သုံးဆင့်အကြားရှိ တစ်ဆင့်နှင့်တစ်ဆင့်ကွာခြားမှုများမှာ ကမ္ဘာတမျှကြီးမားလှပါသည်။ လင်းယုန်ငှက်ကြီးက အပျော်ရှာလို၍သာမဟုတ်လျှင် သူသည် ချန်းလန်ဓားဂိုဏ်း ဘိုးဘေးသုံးယောက်ကို သတ်ဖြတ်ရန် စွမ်းအင်နိယာမကို အသုံးပြုရန်ပင်လိုလိမ့်မည်မဟုတ်ပါ။
"ဒင်၊ ရှန်ရှန့်ကျုံဂိုဏ်း၏ နတ်သိမ်းငှက်ကြီးမှာ ချန်းလန်ဓားဂိုဏ်း ဆန်းကြယ်သူတော်စင်အဆင့် စွမ်းအားရှင်ကြီးသုံးယောက်အား သတ်ဖြတ်လိုက်သည့်အတွက် ပိုင်ရှင်အား ဂုဏ်ပြုပါတယ်။ အထူးအဆင့် ကျပန်းဆင့်ခေါ်ခွင့်တစ်ကြိမ်၊ အဆင့်မြင့်ကျပန်းဆင့်ခေါ်ခွင့်သုံးကြိမ်နှင့် ဂိုဏ်းအမှတ် ရှစ်သောင်းဆုချလိုက်သည်။ "
ဝမ်ဖုန်းသည် သူ၏စိတ်အတွင်းမြည်ဟီးလာသော စနစ်၏အသံအား လျစ်လျူရှု့ထားလိုက်သည်။ ဤ တင်္ဂတတွင် သူသည် လုံးဝကိုကြောင်အသွားပြီးဖြစ်သည်။ သူသည်မောက်မာသော သိမ်းငှက်ကြီးအား တလှည့်၊ ချန်းလန်ဓားဂိုဏ်းအကြီးအကဲများ မသေဆုံးသွားမီက မတ်တပ်ရပ်နေခဲ့သောနေရာကြီးအား တလှည့် စိုက်ကြည့်လိုက်မိသည်။
ဝမ်ဖုန်းဘဝတစ်လျှောက်လုံး၌ ရင်ဆိုင်တွေ့ခဲ့ရသော ရန်သူတိုင်းတွင် အသန်မာဆုံးသော ရန်သူကြီးသုံးယောက်မှာ ဤသို့ဤပုံဖြင့် တခဏအတွင်း သတ်ဖြတ်ခံလိုက်ရချေသည်။ ဆန်းကြယ်သူတော်စင် အလယ်အလတ်အဆင့် သူတော်စင်ကြီးသုံးယောက်မှာ သိမ်းငှက်ကြီး တောင်ပံတစ်ချက်ခတ်ရုံဖြင့် သေဆုံးသွားသတဲ့လား?
မျှော်လင့်ထားသလိုပဲ၊ ဆန်းကြယ်နတ်မင်းအဆင့်က တယ်လဲတန်ခိုးကြီးသကိုး။
လေဧကရာဇ် နှင့်အခြားသောသူများမှာတော့ လုံးဝကို ထိတ်လန့်သွားကြသည်။ သူတို့၏မျက်လုံးများမှာ ပြူးကျယ်နေပြီး သိမ်းငှက်ကြီးအား ရူးနှမ်းနှမ်းအမူအရာဖြင့် စိုက်ကြည့်မိလိုက်ကြသည်။
အဲဒီအရာက ဘယ်လိုမျိုးတည်ရှိမှုများလဲ? တောင်ပံလေးတစ်ချက်ခတ်လိုက်ရုံနဲ့ ဆန်းကြယ်သူတော်စင်သုံးယောက်ကို သတ်ဖြတ်ပစ်လိုက်သတဲ့လား။ ရှေးဦးသားရဲ သိမ်းငှက်ကြီး၏ တောင်ပံတစ်ချက်ခတ်လိုက်ပုံက လေဧကရာဇ် နှင့်အခြားသောသူများ၏ ကမ္ဘာကြီးအပေါ်ထားရှိသော အမြင်အားတစ်ဆစ်ချိုးပြောင်းလဲသွားစေခဲ့သည်။
အထူးသဖြင့် လေဧကရာဇ် ဖြစ်သည်။ သူသည် ကမ္ဘာကြီးအနှံ့ လှည့်လည်သွားလာခဲ့ဖူးပြီး ဆန်းကြယ်သူတော်စင်များ မည်မျှကြောက်မက်ဖွယ်ကောင်းကြောင်း သိရှိထားပါသည်။ သို့ပါသော်လည်းသိမ်းငှက်ကြီးကတော့ ဆန်းကြယ်သူတော်စင်သုံးပါးအား တခဏအတွင်း အလွယ်တကူသတ်ဖြတ်ပစ်လိုက်သည်။ အဆိုပါသိမ်းငှက်ကြီး၏ စွမ်းအားများမှာ သူမျှော်လင့်ထားသည်ထက် များစွာသာလွန်နေပေသည်။
ဒီသိမ်းငှက်ကြီးကတောင် ဒီလောက်ကြောက်စရာကောင်းနေမှတော့ သိမ်းငှက်ကြီးကိုထိန်းချုပ်တဲ့ လူနှစ်ယောက်ဆိုလျှင် ဘယ်လောက်တောင်ကြောက်ဖို့ကောင်းလိုက်မလဲ။
ဒါပေမဲ့ အဲဒီလိုအဆင့်ရှိတဲ့ လူပုဂ္ဂိုလ်တွေက ရှန်ရှန့်ကျုံဂိုဏ်းကတဲ့လား။ တကယ့်ကို ထိတ်လန့်စရာပါပဲ။
" ရသေ့အိုကြီးချုံးယန်"
ဒီအချိန်မှာပဲ ရှောင်လုံနွီသည် ဝမ်ဖုန်း၏အနောက်ဘက်ရှိ ဝမ်ချုံးယန်အား တွေ့ရှိသွားပြီး သူမ၏ မျက်ဝန်းများက ကျဥ်းမြောင်းသွားကာ ဒေါသတကြီး အော်ဟစ်ပြောဆိုလိုက်သည်။ လှပသော သူမ၏ ခန္ဓာကိုယ်လေးဆီမှ ကြောက်မက်ဖွယ်အရှိန်အဝါကြီးတစ်ခု ထွက်ပေါ်လာကာ လူတိုင်းလူတိုင်းအား အသက်ရှုကြပ်သွားစေခဲ့သည်။
ဝမ်ဖုန်း၏ အမူအရာများသည် ရုတ်ချည်းပြောင်းလဲသွားသည်။ သူသည် ဝမ်ချုံးယန် နှင့် သချိုင်းဟောင်းဂိုဏ်းကြားတွင် မကျေနပ်မှုများရှိနေသေးသည်ကို လုံးဝမေ့လျော့သွားခဲ့ခြင်းဖြစ်သည်။
"မင်းက ငါ့ကိုသိလို့လား။"
ဝမ်ချုံးယန်သည် ရှောင်လုံနွီကို အံ့အားတသင့် စိုက်ကြည့်ကာ ပြောဆိုလိုက်သည်။
"ကျွန်မရဲ့ဘိုးဘေးက လင်းချောင်ရင်ပဲ။"
ရှောင်လုံနွီသည် အေးစက်စွာပြောဆိိုလိုက်သည်။
ဝမ်ဖုန်း၏ မျက်နှာနှင့် သူတို့နှစ်ယောက်သည် တစ်ဂိုဏ်းတည်းသားချင်းများ ဖြစ်နေ၍မဟုတ်ရင် သူမသည် သူမ၏ဘိုးဘေးအား သေသည်အထိဖြစ်စေခဲ့သော ဤနှလုံးသားမဲ့သည့် အဘိုးအိုကြီးအား အကြိမ်ကြိမ်အခါခါရိုက်နှက်လိုက်ပြီးဖြစ်သည်။
" ဘာ!? "
ဝမ်ချုံးယန်၏ မျက်လုံးသူငယ်အိမ်များမှာ လှုပ်ရှားသွားပြီး ထိတ်လန့်တကြားပြောဆိုလိုက်သည်။ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးမှာ အလိုအလျောက်တုန်ခါသွားပါသည်။ သူသည် တင်္ဂတမျှ စိတ်လွတ်သွားပုံပေါ်ပြီး သူ၏မျက်လုံးအိမ်များအတွင်း၌ လွမ်းဆွတ်တမ်းတမှုအရိပ်အငွေ့များ ဖြစ်ပေါ်လာသည်။ လင်းချောင်ရင်သည် သူ၏နှလုံးသားအတွင်းရှိ အကြီးမားဆုံးသော နာကျင်မှုကြီးပင်ဖြစ်ပါသည်။
"သူမ.. သူမအဆင်ပြေရဲ့လား။"
ဝမ်ချုံးယန်သည် တုန်ယင်နေသောလေသံဖြင့် မေးမြန်းလိုက်သည်။
"ဟက်"
ရှောင်လုံနွီသည် အေးစက်စွာ နှာမှုတ်လိုက်ပြီး မည်သည့်စကားကိုမှ ဆက်လက်မပြောဆိုလာခဲ့ပါ။
ဝမ်ဖုန်းသည် ရန်ကောအား တစ်ကြိမ်ပြီးတစ်ကြိမ် မျက်လုံးမှိတ်ပြလိုက်သည်။ ရန်ကောသည်လည်း ခေါင်းငြိမ့်လိုက်ကာ ရှောင်လုံနွီအား အဝေးတစ်နေရာသို့ဆွဲခေါ်သွားပြီး သူမအားနှစ်သိမ့်ပေးနေသည်။
ရသေ့ကြီးဝမ်ချုံးယန်သည်တော့ လုံးဝကိုတိတ်ဆိတ်ငြိမ်သက်ကျသွားပါသည်။ လင်းချောင်ရင်ဆိုသော အမည်နာမက သူ၏နှလုံးသားတစ်ခုလုံးအား လှိုင်းထန်စေခဲ့သည်။
"ဒင်၊ ရှေးဟောင်းလျို့ဝှက်ဂိုဏ်းကြီးဖြစ်တဲ့ ချန်းလန်ဓားဂိုဏ်းကို အောင်မြင်စွာဖျက်စီးနိုင်ခဲ့တဲ့အတွက် ပိုင်ရှင်ကိုဂုဏ်ပြုပါတယ်။ တာဝန်အားပြီးမြောက်အောင်လုပ်ဆောင်ခြင်းအတွက် အဆင့်မြင့်ကျပန်းဆင့်ခေါ်ခွင့် ငါးကြိမ်၊ ပိုင်ရှင်အား သီးသန့်ကျင့်စဥ်တစ်ခုနှင့် သီးသန့်ဆန်းကြယ်နည်းစနစ်တစ်ခုအား ဆုချလိုက်သည်။"
ရှောင်လုံနွီ နှင့် ဝမ်ချုံးယန်တို့အကြား ပရိပက္ခကိုအောင်မြင်စွာဖြေရှင်းနိုင်ခဲ့သည်အတွက် ဝမ်ဖုန်းတစ်ယောက် စိတ်သက်သာယာရနေစဥ်မှာပဲ စနစ်၏အသံကထွက်ပေါ်လာသည်။
ဝမ်ဖုန်းသည် သူ့အားဆုချလိုက်သော သီးသန့်ကျင့်စဥ်
နှင့် ဆန်းကြယ်သောနည်းစနစ်တို့ကို ကြည့်ရှုရန်အလျင်မလိုခဲ့ပါပေ။ သူသည် တုံဖန်းပုပိုင်၊ တင်းဖန် နှင့် အခြားသူများအား လှည့်ကြည့်လျက်ပြောဆိုလိုက်သည်။
''မင်းတို့ကောင်တွေ ချန်းလန်ဓားဂိုဏ်းရဲ့ ပစ္စည်းတွေကို သွားယူလာခဲ့!''
" ဟုတ်ကဲ့ပါ "
တုံ့ဖန်းပုပိုင် နှင့် တင်းဖန် တို့သည်ခေါင်းငြိမ့်လိုက်ပြီး ချန်းလန်ဓားဂိုဏ်းအပျက်အစီးများရှိရာနေရာသို့ ထွက်ခွာသွားတော့သည်။ ချန်းလန်ဓားဂိုဏ်းတစ်ခုလုံးသည် အပျက်အစီးပုံကြီးအဖြစ်သို့ ပြိုကျပျက်စီးသွားပြီဖြစ်သော်လည်း စစ်မှန်သောရတနာများကတော့ အလွယ်တကူပျက်စီးသွားမည် မဟုတ်ပါ။
ဝမ်ဖုန်း၏ စကားများကို ကြားလိုက်ရသည့်အခါ လေဧကရာဇ်နှင့် အခြားသောသူများက မည်သို့သော မှတ်ချက်ချမှုကိုမျှ ပြုလုပ်မလာခဲ့ပေ။ ဤတစ်ကြိမ်တွင် ရှန်ရှန့်ကျုံဂိုဏ်း၏ သန်မာသောစွမ်းအားရှင်များ ရောက်လာ၍မဟုတ်ပါက သူတို့၏အသက်များပင် ဆုံးရှုံးသွားကြပြီးဖြစ်သည်။ သူတို့ဘယ်လိုလုပ်များ ချန်းလန်ဓားဂိုဏ်းက ပစ္စည်းတွေကို ဝမ်ဖုန်းနဲ့အတူ မျက်စိကျရဲမလဲ။
"ရန်ကော၊ မင်း ဒီကမ္ဘာငယ်လေးထဲက ချီစွမ်းအင်သွေးကြောကိုသွားထုတ်လာခဲ့ပါ"
ယင်းနောက် ဝမ်ဖုန်းသည် ရန်ကောအား ဆက်လက်ညွှန်ကြားပြောဆိုလိုက်သည်။
အစကသူသည် ချန်းလန်ဓားဂိုဏ်းမှ ချီစွမ်းအင်သွေးကြောအားထုတ်ယူရန်အတွက် ဂိုဏ်းအမှတ်များကို
အသုံးပြုရမည်ဖြစ်သည်။ သ်ို့သော်လည်း ယခုတွင် သူ့မှာ ရန်ကောရှိနေပြီဖြစ်သည်။ ဆန်းကြယ်နတ်မင်းအဆင့် စွမ်းအားရှင်တစ်ယောက်အတွက်တော့ ဤသည်မှာ အသေးအဖွဲ့သာဖြစ်သည်။
"ဟုတ်ကဲ့ပါ ဂ်ိုဏ်းချုပ်"
ရန်ကောသည် ခေါင်းညိမ့်လိုက်ပြီး သူ၏ခန္ဓာကိုယ်တစ်ခုလုံးသည် လေထုအတွင်း ပျံသန်းပျောက်ကွယ်သွားသည်။ သူသည်ကမ္ဘာငယ်လေး၏ ဗဟိုနေရာနားသို့ ပျံသန်းသွားပြီး သူ၏ဘယ်လက်ကို ဆန့်ထုတ်ကာ ချီစွမ်းအင်သွေးကြောကို ဆွဲနုတ်လိုက်သည်။ ကြောက်မက်ဖွယ်စွမ်းအားကြီးတစ်ရပ် ရုတ်တရက်ထွက်ပေါ်လာပြီး ကမ္ဘာငယ်လေး တစ်ခုလုံး အဆက်မပြတ်တုန်ခါလာပါသည်။ ပထဝီမြေကြီးနှင့်အတူ တောင်တန်းများအားလုံးသည် နဂါးတစ်ကောင်လူးလှိမ့်လိုက်သလိုမျိုး တုန်ခါသွားကြလေသည်။
တခဏအတွင်းမှာပဲ မြေကြီးတွင် ကြီးမားသောအက်ကွဲကြောင်းကြီးတစ်ခုဖြစ်ပေါ်လာပြီး လင်းလက်နေသောအရာလေးတစ်ခုကို အက်ကွဲကြောင်း အတွင်းမှ ရန်ကောသည် ဆွဲထုတ်လိုက်သည်။ အလင်းလုံးလေးအားဆွဲထုတ်လိုက်သည့်အခါ ကမ္ဘာငယ်လေးအတွင်းရှိ ချီစွမ်းအင်သိပ်သည်းမှုမှာလည်း ရုတ်ချည်းပင် လျော့ကျသွားတော့သည်။
ရန်ကောသည်ဝမ်ဖုန်း၏ အရှေ့တွင်ပြန်ပေါ်လာကာ အလင်းလုံးလေးအား ဝမ်ဖုန်းကိုပေးလိုက်ပါတော့သည်။
ဝမ်ဖုန်းသည် အလင်းလုံးလေးအား လက်ဆန့်ယူကာ အနီးကပ်ကြည့်ရှု့လိုက်သည့်အခါ အလင်းလုံးလေး၏ပတ်ပတ်လည်တွင် နဂါးငယ်လေးတစ်ကောင် ဝေ့ဝိုက်ပျံသန်းနေပြီး ဟစ်ကြွေးနေကြောင်းကို တွေ့မြင်လိုက်ရသည်။ ကမ္ဘာငယ်လေးအတွင်း ချီစွမ်းအင်များအလွန်အမင်းသိပ်သည်းနေရခြင်းမှာ ဤအလင်းလုံးလေး၏ လက်ချက်ပင်ဖြစ်သည်။
ချမ်းသာပြီကွ!
ဝမ်ဖုန်းသည် ချီစွမ်းအင်သွေးကြောအား စနစ်၏နေရာ
လွတ်ထဲသို့ ထည့်သွင်းလိုက်ပြီး သူ၏မျက်နှာအထက်၌ ကျေနပ်အားရနေသော အပြုံးတစ်ခုဖြစ်ပေါ်လာသည်။
သူသည်နောက်ထပ်လှို့ဝှက်ဂိုဏ်းတွေကိုရှာပြီး ရန်လုပ်ရမလားဆိုတာကိုတောင် တွေးနေမိသည်။
"ဂိုဏ်းချုပ်၊ ချန်းလန်ဓားဂိုဏ်းက ရတနာပစ္စည်းတွေအားလုံးကို စုဆောင်းပြီးပါပြီ။"
တခဏအကြာမှာ တုံ့ဖန်းပုပိုင် နှင့် တင်းဖန်တို့ ပြန်လည်ရောက်ရှိလာကြပြီး ဝမ်ဖုန်းအား ဒါဇင်ချီသောသိုလှောင်လက်စွပ်အား ပေးလျက်ပြောလိုက်သည်။
ဝမ်ဖုန်းသည် ခေါင်းငြိမ့်လိုက်ကာ ဒါဇင်ချီသော သိုလှောင်လက်စွပ်များအား ချက်ချင်းပဲသိမ်းဆည်းလိုက်တော့သည်။ ဝမ်ဖုန်းက လေဧကရာဇ်နှင့် အခြားသူများကို ယူဦးးမလားဟု မမေးခဲ့သလို လေဧကရာဇ်နှင့် အခြားသူများကလည်း ဝမ်ဖုန်းကို သူတို့အား ခွဲဝေပေးရန်မပြောရဲကြပေ။ နှစ်ဖက်စလုံးသည် တိတ်ဆိတ်စွာဖြင့် နားလည်မှုရရှိလိုက်ကြသည်။
"အရှင်မင်းကြီး ကိစ္စတွေအားလုံးပြီးပြီဆိုတော့ ကျုပ်တို့ သွားကြရအောင်။"
ဝမ်ဖုန်းသည် လေဧကရာဇ်အား စိုက်ကြည့်ကာပြောလိုက်သည်။
"ဂိုဏ်းချုပ်ဝမ် ကျေးဇူးပြုပြီး။"
လေဧကရာဇ်သည် ခေါင်းညိမ့်လိုက်ကာ သူ၏လက်အားဆန့်တန်းထုတ်လျက် ပြုံးကာပြောဆိုလိုက်သည်။
ဝမ်ဖုန်းသည် ခေါင်းညိမ့်ကာ သူ၏လက်အားဝေ့ရမ်းလိုက်ပြီး အရင်ဆုံးပျံသန်းထွက်ခွာသွားသည်။ သူ၏နောက်မှ ရန်ကောနှင့် အခြားသူများ လိုက်ပါလာကြသည်။
လေဧကရာဇ်တို့ အုပ်စုကလည်းနောက်ကောက်ကျမကျန်ရစ်ခဲ့ပေ။
မုယွင်ဖေးအတွက်ကတော့ လေဧကရာဇ်သည် မုယွင်ဖေးကို ကယ်တင်ပြီးပါက ချက်ချင်းထွက်ခွာသွားရန် မုယီအား အမိန့်ပေးပြီးဖြစ်သည်။ ယခုအချိန်တွင် မုယီ နှင့် မုယွင်ဖေးတို့သည် လေအင်ပါယာသို့တောင် ပြန်လည်ရောက်ရှိပြီးဖြစ်နေလောက်သည်။
ပျံသန်းနေစဥ်အတွင်း ဝမ်ဖုန်းသည် သာမန်သိမ်းငှက်တစ်ကောင်ကဲ့သို့ အရွယ်အစားချုံ့ပြီး ရန်ကော၏ ပုခုံးထက်၌ နားနေသည့် သိမ်းငှက်ကြီး ရှန်းတောက်ကို လှည့်ကြည့်လှည့်ကြည့် လုပ်နေမိသည်။ သူ၏မျက်နှာထက်၌ စိတ်အားထက်သန်မှု အရိပ်အယောင်တချို့ ပေါ်ထွက်လာလေသည်။ သူတကယ်ပဲ အဲဒီသိမ်းငှက်ကို ထိတွေ့ကြည့်ချင်မိသည်။ ဘယ်လိုမျိုးခံစားချက်လေး ဖြစ်နေလိမ့်မလဲ။
သို့သော်လည်း ဝမ်ဖုန်းတစ်ယောက် ဒီအကြောင်းကို ဖွင့်ဟပြောဆိုတော့မည့် အချိန်မှာပဲ သိမ်းငှက်ကြီးက တောင်ပံတစ်ချက်ခတ်ပြီး ဆန်းကြယ်သူတော်စင်သုံးပါးအား သတ်ဖြတ်ပစ်ခဲ့သည့် မြင်ကွင်းသည် ဝမ်ဖုန်း၏ စိတ်အာရုံအတွင်း၌ ပြန်ပြောင်းထင်ဟပ်လာခဲ့သည်။ ဝမ်ဖုန်းသည် ပြောလုဆဲဆဲစကားလုံးများကို အတင်းအကြပ်ပြန်လည်မျိုသိပ်လိုက်ရသည်။
သူမသေချင်သေးပေ!