← Chapters

မုယွင်ဖေး သန္ဓေပြောင်းလဲခြင်း။

Vol. 12 Ch. 165

မုယွင်ဖေး သန္ဓေပြောင်းလဲခြင်း။

Vol. 12 Ch. 165

“မဟုတ်ဘူး! မယ်တော် မသေရဘူး။ ခမည်းတော်လည်း မသေရဘူး”

မုယွင်ဖေးသည် မိဖုရားကြီး၏နီရဲနေသောမျက်လုံးတို့ကို ပြန်လည်ငေးစိုက်ကြည့်၍ အက်ကွဲစွာသောအသံဖြင့်ပြောခဲ့သည်။

ခမည်းတော်မှ ကောင်းကင်ဘုံ၏ချွင်းချက်ကြီးငါးခုနှင့် ရင်ဆိုင်နေရချိန်တွင် မုယွင်ဖေးမှာ ဘာကိုမျှလုပ်ဆောင်ပေးနိုင်ခဲ့ခြင်း မရှိခဲ့ပေ။ ဂိုဏ်းချုပ်ကြောင့်သာမဟုတ်ခဲ့ပါလျှင် သူ၏ခမည်းတော်သည် ကွယ်လွန်သွားပြီး ဖြစ်ပေရော့မည်။

ယခု၌ သေရေးရှင်ရေးအခြေအနေဖြင့်‌ နောက်တစ်ကြိမ် ထပ်မံရင်ဆိုင်ရလေရာ မုယွင်ဖေးမှာ အင်အားမဲ့ခြင်းကို ခံစားနေလျက် တစ်ပြိုင်နက်တည်းပင် သူ၏ကျင့်ကြံမှုနည်းပါးခြင်းကို မုန်းတီးနေမိတော့သည်။ မုယွင်ဖေး ပို၍အင်အားကြီးသန်မာလာချင်သည်။ သူချစ်မြတ်နိုးရသူများကို ထပ်မံ၍ ဒုက္ခဆင်းရဲများ၊ ထိခိုက်နာကျင်မှုများ မခံ‌စားရစေလိုတော့။

“တုံးအတဲ့ကောင်လေး”

မိဖုရားကြီးသည် မုယွင်ဖေးအား ကြင်နာစွာကြည့်လျက် နူးညံ့စွာပြုံးကာ မုယွင်ဖေးအား တယုတယပွေ့ဖက်‌လိုက်သည်။ မုယွင်ဖေး၏မျက်လုံးများမှ အနက်ရောင်စွမ်းအင်များ တောက်ပသွားသည်ကိုတော့ သူမ,မမြင်လိုက်ပါချေ။

မိဖုရားကြီးမှ မုယွင်ဖေး၏ခန္ဓာကိုယ်အား သေချာကြည့်ရှုပါလျှင် မုယွင်ဖေး၏ခန္ဓာကိုယ်တွင်းသွေးများ အနက်ရောင်သို့ တဖြေးဖြေးပြောင်းလဲလာနေသည်ကို မြင်တွေ့နိုင်ပေသည်။

မုယွင်ဖေး၏ခန္ဓာကိုယ်တွင်းပြောင်းလဲမှုများမှာ တိတ်ဆိတ်ငြိမ်သက်စွာ ဖြစ်ပေါ်နေသည်ကြောင့် မိဖုရားကြီးသည် သတိမထားမိချေ။

…..

တစ်ချိန်တည်း၌

ကြီးမြတ်သောလေအင်ပါယာ၏အထက်ကောင်းကင်တွင် ဝမ်ဖုန်းနှင့်အခြားသူများသည် နန်းတော်ကြီးအား အရေးအထားဟန်ဖြင့် ကြည့်နေခဲ့ကြသည်။ ကြီးမြတ်သောလေဧကရာဇ်သည် မာန်ဟုန်အပြည့်ဖြင့် ရှေ့ဆုံးတွင် ရပ်နေ၏။ အထက်ကောင်းကင်မှ ကြည့်ရှုရာ ကြီးမြတ်သောလေအင်ပါယာကြီးတစ်ခုလုံးကို မြင်တွေ့နေရပြီး မြို့ကြီးများမှာ ဝိဉာဉ်သန့်စင်ဘုံဌာနများအဖြစ် ပြောင်းလဲသွားသည့်အလား ထင်မှတ်ရပေသည်။

လမ်းမထက်တွင် မရေမတွက်နိုင်သော အလောင်းများ စွန့်ပစ်ထား၏။ အများစုမှာ ကြီးမြတ်သောလေအင်ပါယာ၏ စစ်သည်များဖြစ်ကြပြီး အနည်းစုမှာ ကြီးမြတ်သောလေအင်ပါယာ၏ ကျင့်ကြံသူများဖြစ်ကြသည်။

ရှေးယခင်အချိန်ကာလများ၌ ကြီးမြတ်သောလေမြို့တော်သည် လောကတစ်ခွင်ရှိ မြို့တော်ကြီးသုံးခုတွင် တစ်ခုအပါအဝင်ဖြစ်ခဲ့သည်။ ကြီးပွားချမ်းသာ၍ အင်အားကြီးမားပေသည်။ ယခုတွင်တော့ ပုန်ကန်မှုကြောင့် ငရဲပြည်အလား ပြောင်းလဲသွားရသည်။

ခွင့်မလွှတ်နိုင်ပေ! လုံးဝခွင့်မလွှတ်နိုင်သည့် အပြစ်သားပင်!

ကြီးမြတ်သောလေဧကရာဇ်မှ အမျက်ဒေါသထွက်နေစဉ်၌ လေဟာပြင်မှ ပုံရိပ်တစ်ခုပေါ်ထွက်လာခဲ့သည်။ ထိုပုံရိပ်မှာ ကြီးမြတ်သောလေဧကရာဇ်အားဖမ်းဆီးရန် သတ်ဖြတ်သူအရှင်သခင်မှ စေလွှတ်လိုက်သည့် ကန်းရှားဖြစ်သည်။

ကန်းရှားသည် ကြီး‌မြတ်သောလေဧကရာဇ်အား တစ်ချက်သာကြည့်၍ ရုတ်ချည်းတိုက်ခိုက်လေသည်။ လက်တစ်ဖက်မှ ဆုပ်ကိုင်ဟန်လှုပ်ရှားလိုက်ခြင်းဖြင့် ချီစွမ်းအင်များစုဝေးလာခဲ့ကာ ဧရာမလက်ဝါးရိုက်ချက်အဖြစ်‌ ဖြစ်တည်လာခဲ့ပြီးနောက် ကြီးမြတ်သောလေဧကရာဇ်သို့ ပစ်လွှတ်ခဲ့သည်။

ဆန်းကြယ်သူတော်စင်အစောပိုင်းအဆင့်ကျင့်ကြံသူတစ်ဦးအနေဖြင့် ဆန်းကြယ်အဓိပတိအထွတ်အထိပ်အဆင့် ပုရွက်ဆိတ်ကောင်လေးကို မျက်လုံးထဲထည့်နေရန် မလိုအပ်သည် မဟုတ်ပါလော။

ဆန်းကြယ်ပဓိပတိအထွတ်အထိပ်အဆင့် ပုရွက်ဆိတ်လေးကိုပင် အလေးအနက်ထားရန်လိုအပ်နေပါလျှင် ဆန်းကြယ်သူတော်စင်အဆင့်တည်ရှိမှုဖြစ်သော မိမိမှာ နိမ့်ကျလွန်းသွားမည်မဟုတ်ပါလော။

သူ၏ဆန့်ကျင်ဘက်ဖြစ်‌ေသာ ပြိုင်ဘက်များမှာ ကြောက်မက်ဖွယ်တည်ရှိမှုများ ဖြစ်လိမ့်မည်ဟု ကန်းရှား လုံးဝမျှော်လင့်မထားခဲ့ပါ။

ကန်းရှား၏လက်ဝါးရိုက်ချက်သည် ကြီးမြတ်သောလေဧကရာဇ်အား ထိခတ်တော့မည်တွင် ရန်ကော်မှ စူးရဲစွာစိုက်ကြည့်လိုက်ရာ မမြင်နိုင်သောစွမ်းအင်လှိုင်းများ ရုတ်ချည်းပေါ်ထွက်လာခဲ့သည်။ လေဟာပြင်ကြီးတစ်ခုလုံးမှာ ကြောက်မက်ဖွယ်စွမ်းအင်၏ ဖြိုခွင်းခြင်းကိုခံလိုက်ရသည့်အလား တွန့်လိမ်ကွဲကြေသွားခဲ့ပုံကို သာမန်မျက်လုံးဖြင့်ပင် မြင်တွေ့နိုင်ပေသည်။

ထို့နောက် ကန်းရှား၏လက်ဝါးရိုက်ချက်သည် ဘာမဟုတ်သည့်အရာလေးအဖြစ်ပြောင်းလဲသွား၍ လေထဲတွင် ပျောက်ကွယ်သွားလေသည်။

ကန်းရှား၏မျက်နှာအမူအရာမှာ ကြောက်ရွံ့ထိတ်လန့်ခြင်းအဖြစ် ပြောင်းလဲသွားခဲ့ခြင်းနှင့်အတူ ကမ္ဘာကြီးတစ်ခုလုံးမှ သူ့အား ဖိစီးနေသည့်အလား အသက်ရှူကြပ်လောက်အောင်သော ဖိအားကြီးကို ခံစားနေရ၏။

သူ၏ခန္ဓာကိုယ်တစ်ခုလုံးရှိ သွေးသားများ ကွဲအက်ကြေမွ‌ကုန်သည့်အလား ခံစားနေရကာ မျက်နှာမှာ နီမြန်းနေလျက် ရောင်ရမ်းနေသည့် သွေးနီရောင်သိဒ္ဓိသွေးကြောများကိုပင် မြင်နေရပေသည်။

ဘုန်း!

ဆန်းကြယ်သူတော်စင်အစောပိုင်းအဆင့်၌ ရန်ကော်သည် အကြည့်တစ်ချက်ဖြင့်ပင် လွှမ်းမိုးနိုင်စွမ်းရှိပေသည်။

ထိုရက်စက်ကြမ်းကြုတ်စွာသောမြင်ကွင်းသည် ကြီးမြတ်သောလေဧကရာဇ်နှင့် ကြီးမြတ်သောလေအင်ပါယာအကြီးအကဲများအား တုန်ရီသွားစေ၏။

“ဒင်! တတိယရန်သူအင်အား(သတ်ဖြတ်သူခုနစ်ဖော်ခန်းမ)ကို ဖွင့်လှစ်လိုက်ခြင်းအတွက် ဂုဏ်ပြုပါတယ်။ သတ်ဖြတ်သူခုနစ်ဖော်ခန်းမအရှင်သခင်ကို သတ်ဖြတ်ပြီး သတ်ဖြတ်သူခုနစ်ဖော်ခန်းမကို ဖျက်ဆီးခြင်းဖြင့် အထူးအဆင့်မြင့်ကျပန်းဆင့်ခေါ်ခွင့်သုံးခုနဲ့ ဂိုဏ်းအမှတ်တစ်သိန်းကို ရယူလိုက်ပါ”

ရန်ကော်မှ ကန်းရှားကို သတ်လိုက်သည်နှင့်တစ်ပြိုင်နက် ဝမ်ဖုန်း၏စိတ်တွင်း၌ စနစ်၏အေးစက်သောအသံ ထွက်ပေါ်လာခဲ့ရာ ဝမ်ဖုန်းသည် နှုတ်ခမ်းတို့တွန့်ကွေးလျက် မျက်နဦထက်တွင် လှောင်ပြုံးတစ်ခုဖြစ်တည်လာခဲ့သည်။

ဤအတွေ့အကြုံငယ်လေးများမှာ သူ၏ရှန်ရှန့်ကျုံဂိုဏ်းကို အင်အားကြီးမားလာစေရန် အရင်းအနှီးများဖြစ်၏။

“ရဲတင်းလိုက်တာ!”

ကန်းရှား အသတ်ခံလိုက်ရသည်တွင် နန်းတော်ခန်းမထဲ၌ အေးအေးလူလူထိုင်နေသည့် သတ်ဖြတ်သူအရှင်သည် မတ်တပ်ထရပ်လာလျက် သူ၏ခန္ဓာကိုယ်မှ အလွန်တရာအေးစက်သည့် သတ်ဖြတ်လိုခြင်းအငွေ့အသက်ကို ထွက်ပေါ်လာခဲ့သည်။ အေးစက်စွာတစ်ချက်လှောင်ရယ်လိုက်ပြီးနောက် ရုတ်ချည်းနေရာမှ ပျောက်ကွယ်သွား၏။

သတ်ဖြတ်သူအရှင်‌ ပျောက်ကွယ်သွားသည်နှင့် ခန်းမထဲရှိ ဝတ်ရုံနက်များသည်လည်း တစ်ပြိုင်နက်ပျောက်ကွယ်သွားခဲ့သည်။ မုရှင်းချန်နှင့် စုမုသည်လည်း အကြည့်ချင်းဖလှယ်ပြီးနောက် ပျောက်ကွယ်သွား၏။

“ငါ့ရဲ့သတ်ဖြတ်သူခုနစ်ဖော်ခန်းမရဲ့လူကို သတ်ရဲတဲ့ ဘယ်သူမဆို မသေမရှင်ခံစားရစေမယ်!”

လေဟာပြင်ထက်တွင် ပြန်လည်ထွက်ပေါ်လာသည့် သတ်ဖြတ်သူအရှင်သည် ဝမ်ဖုန်းတို့အား အေးစက်စူးရဲစွာစိုက်ကြည့်နေ၏။ သူ၏ခန္ဓာကိုယ်မှထွက်ပေါ်နေသော သတ်ဖြတ်လိုခြင်းအငွေ့အသက်သည် လောကတစ်ခုလုံး၏အပူချိန်ကို သုညမှတ်သို့ကျဆင်းသွားစေလျက် ကြောက်ခမန်းလိလိသောစွမ်းအင်သည် လှိုင်းလေထန်‌သည့်ပင်လယ်ကဲ့သို့ ဝမ်ဖုန်းတို့အုပ်စုထံသို့ ဦးတည်နေခဲ့ကာ လေဟာပြင်ကြီးတစ်ခုလုံးမှာ တုန်ခါနေပေသည်။

“ဆန်းကြယ်နတ်မင်းအလယ်အလတ်အဆင့်!”

ရန်ကော်မှ မျက်လုံးများကိုမှေးကျဉ်းလျက် ဝမ်ဖုန်းကိုပြော၏။

“အပင်ရောအမြစ်ပါ ဆွဲနုတ်ဖျက်ဆီးပစ်!”

ဝမ်ဖုန်း ခေါင်းညိတ်၍ပြောလိုက်သည်။

ဝမ်ဖုန်းစကားအဆုံးတွင် ရန်ကော်သည် စကားမဆိုခဲ့ချေ။ သူ၏ခန္ဓာကိုယ်မှ သတ်ဖြတ်လိုခြင်းအငွေ့အသက်များ ဖြာထွက်လာခဲ့၏။

“သူပုန်ကောင်!”

ထိုအခိုက်တွင် ကြီးမြတ်သောလေဧကရာဇ်သည် မုရှင်းချန်ထွက်ပေါ်လာခြင်းကြောင့် ဒေါသတကြီးဟိန်းဟောက်၏။ ဧကရာဇ်ကြီး၏မျက်လုံးများမှာ အလွန်အမင်းနီမြန်းနေကာ မုရှင်းချန်အား စူးရဲစွာစိုက်ကြည့်နေခဲ့၏။ ထိုအေးစက်စူးရဲစွာသော အကြည့်တို့ကြောင့် မုရှင်းချန်မှာ တုန်ယင်သွားရသည်။

မုရှင်းချန်သည် စိတ်တွင်းမှ အကြောက်တရားတို့ကို ဖိနှိပ်ချိုးနှိမ်၍ ကြီးမြတ်သောလေဧကရာဇ်အားကြည့်လျက် လှောင်ရယ်လေသည်။

“လူအိုကြီး! ခင်ဗျားရဲ့နေရာကို ကျုပ်ယူသွားလိမ့်မယ်လို့ တစ်ခါမှ တွေးမထားခဲ့ဘူးမလား။ ကျုပ်ရဲ့မယ်တော်က ခင်ဗျားကြောင့် သေသွားခဲ့ရတာ။ ကဲပါ.. ဒီနေ့ ခင်‌ဗျားကိုယ်တိုင်ရောက်လာခဲ့ပြီးမှတော့ ထွက်မသွားပါနဲ့တော့။ ဒီမှာပဲ အဲဒီ့ကောင်နဲ့ အတူသေလိုက်ပေါ့”

ကနဦး၌ ကြီးမြတ်သောလေဧကရာဇ်သည် စိတ်နှလုံးအတွင်း၌ မုရှင်းချန်အပေါ် ချစ်ခင်ညှာတာစိတ်လေး ကျန်ရှိနေဆဲဖြစ်ခဲ့သည်။ သို့သော် မုရှင်းချန်မှ ထိုစကားများကိုပြောလာခဲ့ရာ ဧကရာဇ်ကြီး၏နှလုံးအိမ်မှာ ရုတ်ချည်းအေးခဲသွားတော့သည်။

ဧကရာဇ်ကြီးမှာ မုရှင်းချန်ကဲ့သို့ စကားများပြောဆိုရှင်းလင်းလိုစိတ်ပင် မရှိတော့ချေ။ ဝမ်ဖုန်းသို့လှည့်ကြည့်၍ ‌အလေးအနက် အရိုအသေ‌‌ပြုရင်းဖြင့် ပြောခဲ့သည်။

“ကျေးဇူးပြုပြီး ဂိုဏ်းချုပ်ဝမ်”

ကြီးမြတ်‌သောလေဧကရာဇ်ကြီး၏ ထိုအပြုအမူကြောင့် သတ်ဖြတ်သူအရှင်နှင့် သတ်ဖြတ်သူခုနစ်ဖော်ခန်းမမှ လူများအားလုံး၏ အကြည့်များသည် ဝမ်ဖုန်းထံသို့ ကျရောက်လာကြ၏။ သူတို့၏အကြည့်များတွင် အေးစက်မှုများထင်ဟပ်နေခဲ့သည်။ ထိုအကြည့်များမှာ ကန်းရှားသည် ဒီလူကြောင့်သေသွားရခြင်းဖြစ်သည်ဟူသော အဓိပ္ပာယ်ကို ဆောင်ကြဉ်းနေပေသည်။

“အဲဒီ့လူက ဘယ်သူလဲ”

သတ်ဖြတ်သူအရှင်သည် ဘေးရှိစုမုအား အရေးမထားဟန်ဖြင့် မေး၏။

စုမုသည် လျစ်လျူမရှုဝံ့စွာဖြင့် အလျင်အမြန် ဖြေကြားခဲ့သည်။

“သူက လတ်တလော ကျော်ဇောလာနေတဲ့ ရှန်ရှန့်ကျုံဂိုဏ်းရဲ့ဂိုဏ်းချုပ်ပါ။ ရှန်ရှန့်ကျုံဂိုဏ်းက ရှေးဟောင်းလျှို့ဝှက်ဂိုဏ်းတော်ကြီးတစ်ခုဖြစ်ပါတယ်။ လက်တလောအချိန်ကာလအတွင်းမှာ ပြန်လည်ထွက်ပေါ်လာပြီးနောက် ယောင်ရီအင်ပါယာနဲ့ ရန်သူတွေဖြစ်လာခဲ့ပါတယ်”

“ယောင်ရီလိုနောက်ခံအင်အားကြီးမားတဲ့အရာကို သတ်ဖြတ်သူတွေတောင် သွားမရှုပ်နိုင်ဘူး။ ဒီလူက တကယ်ကြီးသေချင်နေတာပဲ။ သူက ယောင်ရီအင်ပါယာရဲ့ရန်သူဆိုမှတော့ ငါသတ်ဖြတ်သူအရှင်က သူ့ကိုသတ်ပစ်ပြီး ယောင်ရီအင်ပါယာကို နှုတ်ခွန်းဆက်သတဲ့အနေနဲ့ လက်ဆောင်ပို့ပေးလိုက်မယ်”

စုမု၏စကားအဆုံးတွင် သတ်ဖြတ်သူအရှင်သည် လှောင်ရယ်လျက် တစ်ကိုယ်တည်းရေရွတ်၏။

“ရန်ကော် သတ်ဖြတ်သူအရှင်ကို မင်းနဲ့လွှဲထားလိုက်မယ်။ ကျန်တဲ့သူတွေကိုတော့ ရှောင်လုံနွီ ရင်ဆိုင်လိုက်ပါိ”

ဝမ်ဖုန်းသည် လက်ကိုနောက်ပစ်လျက် ရပ်နေရင်းမှ သတ်ဖြတ်လိုခြင်းအငွေ့အသက်များပြည့်နှက်နေသည့် သတ်ဖြတ်သူအရှင်နှင့် အခြားသူများကိုကြည့်၍ အရေးမထားဟန်ပြောလိုက်သည်။

ရန်ကော်နှင့်ရှောင်လုံနွီတို့မှ ခေါင်းညိတ်၏။ သူတို့နှစ်ဦးသည် သတ်ဖြတ်သူခုနစ်ဖော်ခန်းမမှလူများကို အထင်မြင်သေးစွာ အရေးမထားဟန်ဖြင့် ကြည့်နေခဲ့ကြသည်။ သူတို့လှုပ်ရှားတော့မည်တွင် ကြီးမြတ်သောလေနန်းတော်အတွင်းပိုင်းတစ်နေရာမှ အလွန်တရာကြောက်မက်ဖွယ်သောစွမ်းအင်လှိုင်းကြီး ရုတ်တရက်ထွက်ပေါ်လာခဲ့သည်။

ဘုန်း!

ထိုမူမမှန်သောဖြစ်ရပ်ကြောင့် အားလုံးမှာ အံ့ဩထိတ်လန့်သွားကြကာ ထိုစွမ်းအင်လားရာသို့ ကြည့်လိုက်ကြရာ အထက်ကောင်းကင်သို့ဦးတည်မြင့်တက်နေသည့် မည်းနက်တောက်ပစွာသော အလင်းရောင်ခြည်တန်းကို မြင်တွေ့ကြရသည်။ ထို‌မည်းနက်တောက်ပသည့်လင်းရောင်ခြည်တန်းအတွင်း၌ ပုံရိပ်တစ်ခုကို ဝိုးတဝါးမြင်တွေ့နိုင်ပေသည်။

“ဒါ… ဒါက… ယွင်ဖေးလား?!”

ပုံရိပ်၏မျက်နှာကိုမြင်လိုက်ရ‌သည်တွင် ကြီးမြတ်သောလေဧကရာဇ်ကြီးမှ အံ့အားသင့်စွာဖြင့် ပြောလာခဲ့သည်။

All Chapters