← Chapters

ထိပ်သီး၅ဦးတွေ့ဆုံမှု။

Vol. 12 Ch. 168

ထိပ်သီး၅ဦးတွေ့ဆုံမှု။

Vol. 12 Ch. 168

“ရန်ကော် သတ်ဖြတ်သူခုနစ်ဖော်ခန်းမရဲ့ ကျန်တဲ့လူတွေကို အကုန်သွားသတ်လိုက်”

ကြီးမြတ်လေဧကရာဇ်မှ မုယွင်ဖေးအား စကားပြောနေစဉ်တွင် ဝမ်ဖုန်းမှ ရန်ကော်အား ညွှန်ကြားလိုက်ခြင်းဖြစ်သည်။

ရန်ကော် ခေါင်းညိတ်လိုက်၏။ သူ၏ပုံရိပ်သည် နေရာမှ ချက်ချင်းပျောက်ကွယ်သွားခဲ့သည်။

အချိန်ခဏကြာပြီးနောက်တွင် ဝမ်ဖုန်း၏စိတ်တွင်းမှ စနစ်၏အသံ ပေါ်ထွက်လာခဲ့သည်။

“ဒင်! သတ်ဖြတ်သူခုနစ်ဖော်ခန်းမကို ဖျက်ဆီးနိုင်ခဲ့ပြီး အထူးအဆင့်မြင့်ကျပန်းဆင့်ခေါ်ခွင့်သုံးခုနဲ့ ဂိုဏ်းအမှတ်တစ်သိန်းကို ရရှိခြင်းအတွက် ဂုဏ်ပြုပါတယ်”

“ဒင်! ရှန်ရှန့်ကျုံဂိုဏ်းတပည့် မုယွင်ဖေးမှ ဆန်းကြယ်နတ်မင်းအလာ်အလတ်အဆင့် ကျင့်ကြံသူတစ်ဦး၊ ဆန်းကြယ်သူတော်စင်အဆင့်ကျင့်ကြံသူ၆ဦး၊ ဆန်းကြယ်အဓိပတိအဆင့်ကျင့်ကြံသူ၁၂ဦးကို သတ်ဖြတ်နိုင်ခဲ့ခြင်းအတွက် ဂုဏ်ပြုပါတယ်။ အထူးအဆင့်မြင့်ကျပန်းဆင့်ခေါ်ခွင့်၃ခုနှင့် တစ်သိန်းငါးသောင်း ရရှိပါတယ်”

“ဒင်! ရှန်ရှန့်ကျုံဂိုဏ်းအကြီးအကဲ ရန်ကောမှ ဆန်းကြယ်အဓိပတိအဆင့်ကျင့်ကြံသူ ၂၀ဦး၊ ဆန်းကြယ်အင်ပါယာအဆင့်ကျင့်ကြံသူ ၁၀၀ဦးအား သတ်ဖြတ်နိုင်ခဲ့ခြင်းအတွက် ဂုဏ်ပြုပါတယ်။ အဆင့်မြင့်ကျပန်းဆင့်ခေါ်ခွင့်၅ခုနဲ့ ဂိုဏ်းအမှတ်တစ်သိန်း ရရှိပါတယ်”

ဤတစ်ကြိမ်သည် အကျိုးအမြတ်များစွာ ရရှိခဲ့သော်ငြား ဝမ်ဖုန်း အနည်းငယ်သော်မျှ ဝမ်းမြောက်ခြင်းမရှိပေ။ မုယွင်ဖေး၏ ကပ်ဆိုက်ခြင်းကာလ စတင်ခဲ့ပြီဖြစ်၏။ စနစ်၏ရှင်းပြချက်အရ မုယွင်ဖေးကိုကယ်တင်နိုင်မည့် တစ်ခုတည်းသောဖြစ်နိုင်ခြေရှိသည့် နည်းလမ်းမှာ ကျိုးပျက်ကောင်းကင်ဘုံ၏နတ်ဆိုးမိစ္ဆာအရှင်သခင်ကို ရှာဖွေရန်ဖြစ်သည်။

ဝမ်ဖုန်း၏လက်ရှိအင်အားဖြင့် ကျိုးပျက်ကောင်းကင်ဘုံ၏ နတ်ဆိုးမိစ္ဆာအရှင်သခင်အဆင့်သို့ မရောက်နိုင်ပေ။ အဆုံးသတ်ခြုံငုံဆန်းစစ်လိုက်ပါလျှင် အင်အားသည်သာ အရေးအကြီးဆုံးအရာဖြစ်လေသည်။

မုယွင်ဖေးအား သေမျိုးခန္ဓာဖြင့် ပြီးပြည့်စုံခြင်းနိယာမကို သဘောပေါက်နားလည်စေရန်မှာမူ ဝမ်ဖုန်း လုံးဝ မစဉ်းစားထားခဲ့ပါ။

ဆန်းကြယ်နတ်မင်းအဆင့်ကျင့်ကြံသူများသည်ပင် ပြီးပြည့်စုံခြင်းနိယာမကို သဘောပေါက်နားလည်ရန် မရေမတွက်နိုင်သည့်နှစ်ပေါင်းများစွာ ကြာမြင့်၏။ ဆန်းကြယ်နတ်မင်းအဆင့်ကျင့်ကြံသူများသည်ပင် ပြီးပြည့်စုံခြင်းနိယာမအား သဘောပေါက်နားမလည်မီ ထိုလမ်းစဉ်အတွင်း၌ တစ်သက်တာလုံး ပိတ်မိနေကြလေရာ သေမျိုးဟူသည် စဉ်းစားနေရန်ပင် မလိုတော့ချေ။ မဖြစ်နိုင်သည့်အရာဖြစ်၏။

“ယွင်ဖေး”

ပုံရိပ်နှစ်ခု ‌ပေါ်ထွက်လာခဲ့၏။ ၎င်းမှာ ရန်ကော်နှင့် ကြီးမြတ်သောလေမိဖုရားကြီးတို့ ဖြစ်သည်။

မိဖုရားကြီးသည် မုယွင်ဖေး၏ပုံပန်းသွင်ပြင်ကို မြင်လိုက်ရသောအခါ လှပသည့်မျက်လုံးများမှာ စိုစွတ်လာကြလျက် တုန်ယင်စွာဖြင့် မုယွင်ဖေးထံ လျှောက်လာခဲ့သည်။ မုယွင်ဖေး၏ပါးနှစ်ဖက်ကို လက်နှစ်ဖက်ဖြင့် ညင်သာစွာပွတ်သပ်လျက် သူမ၏နှလုံးအိမ်သည်တော့ ဖိညှစ်ခံနေရသည့်အလား နာကျင်နေခဲ့သည်။

ခုနလေးတင် သူမသည် မုယွင်ဖေးအား အရာအာလုံးနှင့် ရင်းနှီး၍ လွတ်မြောက်စေမည်ဟု တွေးတောနေခဲ့သည်ဖြစ်၏။ သို့သော် သူမ တွေးတောနေစဉ်၌ပင် မုယွင်ဖေးမှာ ပေါက်ကွဲသွားခဲ့လေသည်။

မိခင်တစ်ဦးအနေဖြင့် သားဖြစ်သူကို ကာကွယ်သင့်၏။ သို့သော် ယခု၌မူ သားဖြစ်သူမှ မိမိအား ကာကွယ်ပေးသွားခဲ့သည်။ သို့ဖြစ်ရာ မိဖုရားကြီးမှာ မိမိကိုယ်ကို အပြစ်တင်စိတ်နှင့်အတူ စိတ်သက်သာရာရမှုတစ်မျိုးကိုလည်း ခံစားနေရ၏။

သူမ၏ယွင်ဖေးလေးသည် နောက်ဆုံးတွင်တော့ အရွယ်ရောက်ကြီးပြင်းလာခဲ့လေပြီ။ သို့သော် တစ်ချိန်တည်း၌ပင် ကြီးပြင်းမလာတော့ခြင်းကိုလည်း မျှော်လင့်မိ၏။

“မယ်တော် သား အဆင်ပြေပါတယ်”

မုယွင်ဖေးမှ လက်ကိုဆန့်တန်း၍ မိဖုရားကြီး၏မျက်ရည်များကို သုတ်ပေးကာ ရယ်မောလာခဲ့သည်။

“ဂိုဏ်းချုပ် ဂိုဏ်းချုပ်မှာ နည်းလမ်းတစ်ခုခုရှိမှာပါ ဟုတ်တယ်မလား”

မိဖုရားကြီးသည် ဝမ်ဖုန်းအား မျှော်လင့်တကြီးကြည့်လျက် ပြော၏။

နေရာရှိလူအားလုံးမှာ မုယွင်ဖေး၏အခြေအနေကို မြင်တွေ့နိုင်ကြပေသည်။ မုယွင်ဖေး၏သက်တမ်းမှာ တဖြေးဖြေး ကုန်ဆုံးနေခဲ့လေပြီ။

မိဖုရားကြီးမှ ထိုသို့စကားဆိုလိုက်သည်တွင် ကြီးမြတ်သောလေဧကရာဇ်သည်လည်း ဝမ်ဖုန်းသို့ ရုတ်ချည်းကြည့်လာခဲ့သည်။ ဝမ်ဖုန်းမှ ဟန့်တားခဲ့ခြင်းကြောင့် မဟုတ်ပါလျှင် မိဖုရားကြီးမှာ ဝမ်ဖုန်းအား ဒူးထောက်တောင်းဆိုခဲ့ပြီး ဖြစ်လောက်ပေမည်။

“ကျေးဇူးပြုပြီး ယွင်ဖေးရဲ့အသက်ကို ကယ်တင်ပေးပါ။ ဘယ်လိုတန်ကြေးမျိုး ပေးဆပ်ရပါစေ ကျွန်မ ခံယူနိုင်ပါတယ်”

“မစိုးရိမ်ပါနဲ့ဗျာ။ ယွင်ဖေးက ရှန်ရှန့်ကျုံဂိုဏ်းရဲ့ တပည့်တစ်ယောက်ပါ။ ယွင်ဖေးကိုကုသဖို့အတွက် ကျွန်တော် အစွမ်းကုန်ကြိုးစားမှာပါ။ ဒီအတောတွင်းမှာ ယွင်ဖေးကို ရှန်ရှန့်ကျုံဂိုဏ်းမှာ ခေါ်ထားရပါလိမ့်မယ်”

ဝမ်ဖုန်းသည် ကြီးမြတ်သောလေဧကရာဇ်နှင့် မိဖုရားကြီးတို့ကို တည်ကြည်လေးနက်စွာဖြင့်‌ ပြောခဲ့သည်။

“ကောင်းပါပြီ။ ယွင်ဖေးကို ဂိုဏ်းချုပ်ထံ အပ်နှံပါတယ်”

ဝမ်ဖုန်း၏စကားအဆုံးတွင် ဧကရာဇ်ကြီးနှင့် မိဖုရားကြီးတို့သည် အပြန်အလှန် အကြည့်ချင်းဆုံလိုက်ကြသည်။ သူတို့နှစ်ဦးမှာ တွန့်ဆုတ်နေကြသော်ငြား ဧကရာဇ်ကြီးမှ ပြောလာခဲ့သည်။

ဧကရာဇ်သည် လက်ရှိအချိန်တွင် အင်ပါယာမှထွက်ခွာရနိုင်ပါလျှင် ဝမ်ဖုန်း၏ရှန်ရှန့်ကျုံဂိုဏ်းသို့ အတူလိုက်ပါ၍ မုယွင်ဖေးအား အဖော်ပြုပေးချင်လှသည်။ အတိတ်ကာလများ၌ ဧကရာဇ်မှာ ဖခင်တစ်ဦး၏ဝတ္တရားကို မကျေပွန်ခဲ့ရပေ။ နောက်ဆုံးအချိန်လေးတွင်တော့ ဖခင်ကောင်း‌တစ်ယောက် ဖြစ်လိုပါ၏။

သို့သော် ယုတ်မာကောက်ကျစ်သူကြောင့် ကြီးမြတ်သောလေအင်ပါယာကြီးမှာ နောက်ဆက်တွဲရှုပ်ထွေးမှုများရှိလေရာ ဧကရာဇ်ကြီးမှာ ထွက်ခွာလိုက်ပါခြင်းငှာ မတတ်နိုင်ပေ။

“ဒါဆို သွားလိုက်ပါဦးမယ်”

ဝမ်ဖုန်းခေါင်းညိတ်၍ ပြောလိုက်သည်။

ယခုတွင် ကြီးမြတ်သောလေအင်ပါယာ၏ အရေးကိစ္စကြီး ပြီးဆုံးသွားပြီဖြစ်၍ ဝမ်ဖုန်းသည်လည်း ရှန်ရှန့်ကျုံဂိုဏ်းသို့ ပြန်သွားရပေမည်။ ရှန်ရှန့်ကျုံဂိုဏ်း၏ လက်ရှိအခြေအနေကိုလည်း မသိရသေးသည် မဟုတ်ပါလော။

ကြီးမြတ်သောလေဧကရာဇ်နှင့် မိဖုရားကြီးတို့သည် ဝမ်ဖုန်းအား လေးနက်နက်ရှိုင်းစွာ ‌ကြည့်နေကြလျက်ဖြင့် သူတို့၏မျက်လုံးများ၌ ဝမ်နည်းပူဆွေးမှုများ ထင်ဟပ်နေကြ၏။ ‌ထို့နောက်တွင်တော့ ဧကရာဇ်ကြီးမှ ခေါင်းညိတ်လေသည်။

သို့ဖြစ်၍ ဝမ်ဖုန်းတို့သည်လည်း တုံ့ဆိုင်းမနေတော့ပါ။ လှုပ်ရှားမှုတစ်ချက်ဖြင့် ရှန်ရှန့်ကျုံဂိုဏ်းသို့ ခရီးနှင်ကြတော့သည်။

ဝမ်ဖုန်းတို့အုပ်စု နေရာမှပျောက်ကွယ်ကြပြီဖြစ်သော်ငြား ကြီးမြတ်‌ေသာလေဧကရာဇ်နှင့် မိဖုရားကြီးသည်တော့ ဝမ်ဖုန်းတို့ထွက်သွားရာသို့ ငေးစိုက်ကြည့်နေကြရင်းဖြင့် လေဟာပြင်ထက်တွင် ရပ်တန့်ကျန်ရစ်‌ခဲ့လေသည်။

“ကြီးမြတ်သောလေအင်ပါယာရဲ့ အရေးကိစ္စတွေပြီးတဲ့အခါ ရှန်ရှန့်ကျုံဂိုဏ်းကိုသွားပြီး ယွင်ဖေးကိုအဖော်ပြုပေးမယ်။ ဖခင်တစ်‌ယောက်အနေနဲ့ ငါတကယ် တာဝန်မကျေခဲ့ပါဘူး”

ဧကရာဇ်သည် ညှိုးငယ်စွာဖြင့် သက်ပြင်းချ၏။

“ကျွန်မ ပြန်သွားချင်တယ်”

ထိုအခိုက်တွင် မိဖုရားကြီးမှ ဧကရာဇ်၏မျက်နှာအမူအရာကို အကြီးအကျယ်ပြောင်းလဲသွားစေမည့် စကားတစ်ခွန်းဆိုခဲ့လေသည်။

“ယွင်အာ မင်း…”

“ယွင်ဖေးရဲ့အခြေအနေကို ကျွန်မတကယ် ခံနိုင်ရည်မရှိဘူး။ ယွင်ဖေးက ကျွန်မရဲ့ တစ်ဦးတည်းသောသား‌လေးပါ။ မျှော်လင့်ချက်ရေးရေးလေးဆိုရင်တောင်မှ ကျွန်မရဲ့ နှလုံးသားမဲ့တဲ့အဖေကို အသနားခံရရင်တောင်မှ သားလေးကို ကျွန်မ ကာကွယ်ချင်တယ်”

မိဖုရားကြီးသည် ဧကရာဇ်အားကြည့်လျက် လေးနက်စွာပြော၏။

မိဖုရားကြီး၏စကားလုံးများနှင့် သူမ၏မျက်ဝန်းများရှိ ပြတ်သားခိုင်မာမှုသည် ဧကရာဇ်အား တိတ်ဆိတ်သွားစေခဲ့သည်။

“မင်း သွားပါ…”

“ယွင်ဖေးသာ ဘဝတစ်သက်တာလုံး ပျော်ပျော်ရွှင်ရွှင် နေထိုင်သွားနိုင်မယ်ဆိုရင် ကျွန်မ တစ်သက်လုံး အကျဉ်းချခံရမယ်ဆိုရင်တောင်မှ ဆန္ဒရှိပါတယ်”

“ကိုယ်မင်းနဲ့အတူသွားမယ်”

“မဟုတ်ဘူး။ ရှင်နေခဲ့ပြီး ယွင်ဖေးကို အဖော်ပြုပေးပါ။ ကျားက ဘယ်လောက်အဆိပ်ပြင်းပါစေဦးတော့ သူ့ကလေးကိုတော့ မစားပါဘူး။ သူဘယ်လောက်ပဲ သမီးဖြစ်တဲ့ကျွန်မကို မုန်းတီးပါစေ ကျွန်မကို ထိခိုက်မှာမဟုတ်ဘူး။ ဒါပေမဲ့ ရှင်သွားရင်တော့ သူသေချာပေါက် ရှင့်ကိုသတ်လိမ့်မယ်”

“ကိုယ်မကြောက်ဘူး။ ကိုယ် အသက်သေရမယ်ဆိုရင်တောင်မှ မင်းကိုအဖော်ပြုပေးနေမှာ”

“ကျွန်မ ကြောက်တယ်။ ကျွန်မ အကျဉ်းချခံခဲ့ရ‌ရင်တောင် အနည်းဆုံးတော့ ယွင်ဖေးအနားမှာ ရှင်ရှိနေသေးတယ်။ ရှင်သေသွားရင် ယွင်ဖေး ဘယ်လိုလုပ်မလဲ”

မိဖုရားကြီး၏စကားလုံးများသည် ဧကရာဇ်ကြီးအား တစ်ဖန် တိတ်ဆိတ်သွားစေခဲ့၏။

စိုးရိမ်ပူပန်လျှင်သော်မှ သေဆုံးခြင်းမှာ မဖြစ်သင့်ပေ။

“ကိုယ်သေချာပေါက် ယွင်ဖေးနဲ့အတူ မင်းကိုလာရှာမယ်”

ဧကရာဇ်ကြီးမှ မိဖုရားကြီး၏မျက်လုံးများသို့ ငေးစိုက်ကြည့်လျက် လေးနက်စွာပြောခဲ့သည်။

“ကျွန်မ ရှင့်ကိုစောင့်နေမယ်”

နှစ်ဦးသားသည် တင်းကြပ်စွာပွေ့ဖက်လျက် နှစ်ခမ်းနှစ်လွှာတို့ ထပ်တူကျသွား၏။ သူတို့နှစ်ဦး အချင်းချင်း မခွဲမခွာရှိနေခဲ့ကြသည်မှာ အချိန်အတော်ကြာမြင့်ခဲ့ပြီဖြစ်သည်။ မိဖုရားကြီးသည် စိတ်ခံစားချက်ပြင်းထန်သွာသော မျက်ဝန်းအစုံတို့ဖြင့် လှည့်ထွက်သွားခဲ့ပြီးနောက် ပြန်လှည့်မကြည့်ခဲ့တော့ချေ။

…..

ရှန်ရှန့်ကျုံဂိုဏ်းတည်ရှိရာတောင်ကြား၏ မိုင်ရာချီအကွာအဝေး၌ အကြည့်တစ်ချက်ဖြင့် အဆုံးသတ်ထိ မမြင်တွေ့နိုင်သည့် ပုံရိပ်များစွာရှိနေကြသည်။ ဖြစ်တည်နေသောစွမ်းအင်များကြောင့် လောကတစ်ခွင်မှာ အရောင်အသွေးပြောင်းလဲသွားရကာ ရှန်ရှန့်ကျုံဂိုဏ်း၏ အထက်ကောင်းကင်မှာ အဆုံးသတ်သို့ ရောက်ရှိလာနေသည့်အလား မှုန်မှိုင်းနေပေသည်။

ထိုပုံရိပ်များကို စခန်း၅ခုခွဲထားသည်။ တိကျပြတ်သားစွာ ခွဲခြားထားခြင်းဖြစ်ပြီး ၎င်းစခန်းများသည် တစ်ဦးနှင့်တစ်ဦး အနှောင့်အယှက်မပြုကြဘဲ သတိတကြီးစောင့်ကြပ်ကြ၏။ ထိုပုံရိပ်များ၏အထက်တွင် ကြီးမားသည့်နန်းတော်ကြီးရှိသည်။

ထိုနန်းတော်ကြီးထဲတွင် ပုံရိပ်၅ခု ထိုင်နေကြသည်။ ၎င်းတို့မှ တစ်ဦးမှာ ယောင်ရီဧကရာဇ်ဖြစ်သည်။

ကျန်လေးဦးအနက် အပြာရောင်ခြယ်‌တော်ဝင်ဝတ်ရုံဖြင့်တစ်ဦးမှာ ချင်းယွင်ဧကရာဇ်ဖြစ်သည်။ ရွှေရောင်တာ့အိုဝတ်ရုံဖြင့်လူမှာ တန်းမိုရှန့်ကျုံဂိုဏ်း၏ဂိုဏ်းချုပ်ဖြစ်သည်။ နောက်ကျောထက်တွင် ဧရာမဓားကြီးကို သယ်ပိုးထားသူမှာ ယွမ်မင်ဓားဂိုဏ်း၏ဂိုဏ်းချုပ်ဖြစ်သည်။ အနက်ရောင်ဝတ်ရုံဖြင့်လူမှာ တစ္တေဝိဉာဉ်နတ်ဆိုးဂိုဏ်း၏ဂိုဏ်းချုပ်ဖြစ်သည်။

“ယောင်ရီဧကရာဇ် ခင်ဗျားတို့ယောင်ရီအင်ပါယာက ရှန်ရှန့်ကျုံဂိုဏ်းနဲ့ ရန်ငြှိုးရှိတယ်။ အဲ့တော့ ဒီရှန်ရှန့်ကျုံဂိုဏ်းကို ခင်ဗျားတို့ဖြေရှင်းလိုက်တာ ဘယ်လိုလဲ” တစ္ဆေဝိဉာဉ်နတ်ဆိုးဂိုဏ်းချုပ်မှ စဉ်းလဲသည့်အပြုံးဖြင့် ယောင်ရီဧကရာဇ်အားကြည့်လျက် ပြော၏။

All Chapters