လီချင်း၏တိုက်ကွက်
Vol. 13 Ch. 169
“အဲဒါဆို ဉာဏ်အလင်းပွင့်ဇယားက ကျုပ်အပိုင်ပဲ ဘယ်လိုလဲ?”
ယောင်ရီဧကရာဇ်သည် တစ္ဆေဝိဉာဉ်နတ်ဆိုးဂိုဏ်းချုပ်အား အရေးမထားဟန်ပြောလိုက်သည်။
ထိုစကားအဆုံးတွင် တစ္ဆေဝိဉာဉ်နတ်ဆိုးဂိုဏ်းချုပ်သည် ရယ်မောလိုက်ကာ စကားဆိုမလာတော့ချေ။
“ကောင်းပြီ။ ကျုပ်တို့ ထိပ်သီးအင်အားစုကြီး၅ခုက ဉာဏ်အလင်းပွင့်ဇယားအတွက် ဒီနေရာကိုရောက်နေကြတာပဲ။ ရှန်ရှန့်ကျုံဂိုဏ်းလောက်ကိုတော့ သေအောင်ဖိချေပစ်လိုက်ဖို့ လုံလောက်တယ်။ အဲဒါပြီးရင် ဉာဏ်အလင်းပွင့်ဇယားအတွက် ပြိုင်ပွဲက အလားအလာအပေါ်မူတည်တယ် အဲ့လိုဆိုဘယ်လိုလဲ”
ချင်းယွင်ဧကရာဇ်သည် ကျန်လေးဦးအား တစ်ချက်ဝေ့ကြည့်လျက် လေးနက်တည်ကြည်စွာပြော၏။
သူ၏စကားလုံးများထဲတွင် ရှန်ရှန့်ကျုံဂိုဏ်းကို စိုးစဉ်းမျှ အာရုံရှိမနေချေ။ ဤလောကကြီးတွင် ရှေးဟောင်းလျှို့ဝှက်ဂိုဏ်းများစွာရှိသည်။ သို့သော် ချင်းယွင်ဧကရာဇ်သည် ထိပ်တန်းလျှို့ဝှက်ဂိုဏ်းကြီးအနည်းငယ်ကိုသာ အာရုံထား၏။ ထိုဂိုဏ်းကြီးများထဲတွင် ရှန်ရှန့်ကျုံဂိုဏ်းဟူသည် မရှိချေ။
ချင်းယွင်ဧကရာဇ်၏အသံ ထွက်ပေါ်လာသောအခါ ကျန်လေးဦးသည် အချင်းချင်း အကြည့်ချင်းဖလှယ်ကြပြီးနောက် တညီတညွတ်တည်း ခေါင်းညိတ်ကြသည်။
“အဲဒါဆို ရှန်ရှန့်ကျုံဂိုဏ်းကို ဖြစ်နိုင်သမျှ မြန်မြန်ဖြေရှင်းကြတာပေါ့။ ဉာဏ်အလင်းပွင့်ဇယားက ကောင်းကင်ဘုံနဲ့ပထဝီမြေကြီးရဲ့ အံ့ချီးဖွယ်တစ်ပါးပဲ။ ဒီတစ်ခေါက်က မတော်တဆဖြစ်သွားတာဖြစ်မယ်။ ပြောင်းလဲမှုတစ်ခုခုရှိလာနိုင်လို့ တတ်နိုင်သမျှ မြန်မြန်လှုပ်ရှားတာကောင်းလိမ့်မယ်”
ချင်းယွင်ဧကရာဇ်မှ ထပ်မံပြော၏။
“ကျုပ်ရဲ့တစ္ဆေဝိဉာဉ်နတ်ဆိုးဂိုဏ်းက ဆန်းကြယ်သူတော်စင်အလယ်အလတ်အဆင့် ကျင့်ကြံသူ၃ဦး ရှိပါတယ်”
တစ္ဆေဝိဉာဉ်နတ်ဆိုးဂိုဏ်းချုပ်မှ စဉ်းလဲသည့်အပြုံးဖြင့် ပြော၏။
“ကျုပ်ရဲ့တန်းမိုရှန့်ကျုံဂိုဏ်းမှာလည်း ဆန်းကြယ်သူတော်စင်အလယ်အလတ်အဆင့် ကျင့်ကြံသူ၃ဦးရှိတယ်”
“ကျုပ်ရဲ့ယွမ်မင်ဓားဂိုဏ်းမှာလည်း ဆန်းကြယ်သူတော်စင်အလယ်အလတ်အဆင့် ကျင့်ကြံသူ၃ဦးရှိတယ်”
တစ္ဆေဝိဉာဉ်နတ်ဆိုးဂိုဏ်းချုပ်၏ စကားအဆုံးတွင် ကျန်ရှေးဟောင်းလျှို့ဝှက်ဂိုဏ်းကြီးနှစ်ခု၏ ဂိုဏ်းချုပ်များမှ တညီတညွတ်တည်းပြောလာကြသည်။ ထို့နောက်တွင် အားလုံးသည် ယောင်ရီဧကရာဇ်အား ကြည့်နေကြလေသည်။
“ကျုပ်ရဲ့ယောင်ရီအင်ပါယာက ဆန်းကြယ်သူတော်စင်နှောင်းပိုင်းအဆင့် ကျင့်ကြံသူ၃ဦးထုတ်ပါမယ်”
ယောင်ရီဧကရာဇ်မှ ခံစားချက်ကင်းမဲ့သည့် မျက်နှာအမူအရာဖြင့် အရေးမထားဟန် ပြော၏။
ယောင်ရီဧကရာဇ်၏စကားအဆုံးတွင် ရှေးဟောင်းလျှို့ဝှက်ဂိုဏ်းကြီး၃ခု၏ ဂိုဏ်းချုပ်များသည် အပြန်အလှန် အကြည့်ချင်းဖလှယ်လိုက်ကြသည်။ သူတို့၏အကြည့်များတွင် ရှင်းပြရန်ခက်ခဲသည့်အဓိပ္ပာယ်များ ရှိနေခဲ့သည်။
ချင်းယွင်ဧကရာဇ်သည်လည်း ယောင်ရီဧကရာဇ်အား လေးနက်စွာကြည့်၍ အပြုံးဖြင့်ပြောလာခဲ့သည်။
“ဒီလိုဆိုမှတော့ ကျုပ်ရဲ့ချင်းယွင်အင်ပါယာကလည်း ဆန်းကြယ်သူတော်စင်နှောင်းပိုင်းအဆင့် ကျင့်ကြံသူ၃ဦးထုတ်ပါမယ်”
ဆန်းကြယ်သူတော်စင်အဆင့် ကျင့်ကြံသူ၁၅ဦး! ဤအင်အားသည် ချန်းလန်ဓားဂိုဏ်းကဲ့သို့ သာမန်ရှေးဟောင်းလျှို့ဝှက်ဂိုဏ်းတစ်ဂိုဏ်းကို ဖျက်ဆီးချေမှုန်းရန် လုံလောက်၏။ ထို့ပြင် ဤမျှသောအင်အား၏ ရှေ့မှောက်တွင် အလွယ်တကူဖျက်ဆီးခံရမည်မှာ မလွဲမသွေဖြစ်သည်။
“အခု အရမ်းနောက်မကျသေးဘူး။ အခုပဲလှုပ်ရှားရအောင်!”
ချင်းယွင်ဧကရာဇ်သည် ကျန်လေးဦးအားကြည့်လျက် လေးနက်တည်ကြည်စွာပြော၏။
ယောင်ရီဧကရာဇ်နှင့်ကျန်သုံးဦးသည်လည်း ခေါင်းညိတ်၍ လက်အောက်ငယ်သားများသို့ ရှန်ရှန့်ကျုံဂိုဏ်းကိုဖျက်ဆီးချေမှုန်းရန် စွမ်းအားမြင့်ကျင့်ကြံသူများစေလွှတ်ရန် အသံပို့ဆောင်ခိုင်းစေလိုက်သည်။
ဤအချိန်၌မူ သူတို့၏အင်အားအများစုကို ဖုံးကွယ်ထားသည့် ယောင်ရီဧကရာဇ်နှင့် ချင်းယွင်ဧကရာဇ်တို့သည် သူတို့၏ရေခဲတောင်ထိပ်ဖျားလေးကို လောကသို့ ဖော်ထုတ်ခဲ့ပြီဖြစ်၏။
တစ်ချိန်တည်းမှာပင် ရှန်ရှန့်ကျုံဂိုဏ်းသည်လည်း ရှန်ရှန့်ကျုံဂိုဏ်းသားများကို အတူတကွ စုဝေးထား၏။ တပည့်သစ်လေးများမှာ ကြောက်ရွံ့တုန်လှုပ်နေကြပေသည်။ သူတို့သည် ဤသို့သော တိုက်ပွဲကြီးကို တစ်ကြိမ်တစ်ခါမျှ မမြင်တွေ့ခဲ့ဖူးပါချေ။
မဟာနတ်ဆိုးရွှမ်ရှနှင့်အခြားသူများ ရှန်ရှန့်ကျုံဂိုဏ်းသို့ ပြန်လာခဲ့သည်မှာ ထိုက်တန်သွား၏။ သူတို့ ရှန်ရှန့်ကျုံဂိုဏ်းသို့ ပြန်ရောက်လာပြီးသည်နှင့် ယောင်ရီဧကရာဇ်၏ အင်အားစုကြီး၅စုသည် ရှန်ရှန့်ကျုံဂိုဏ်းကို ဝန်းရံဖိနှိပ်ရန် ရောက်လာခဲ့ကြသည်။
ယခုလက်ရှိတွင် ရှန်ရှန့်ကျုံဂိုဏ်း၌ အပြင်တပည့်၃၀၀ကျော် ရှိနေခဲ့ပြီဖြစ်သည်။ သူတို့သည် ရှန်ရှန့်ကျုံဂိုဏ်း၏ အပြင်စည်းတွင် စုဝေးနေကြပြီး လင်းဖေးဝူကဲ့သို့ အတွင်းတပည့်များသည် အပြင်တပည့်များ၏ ကြောက်ရွံ့စိုးရိမ်နေခြင်းကို ဖြေလျှော့ပေးနေကြသည်။
“အားလုံးပဲ မစိုးရိမ်ကြပါနဲ့။ ရှန်ရှန့်ကျုံဂိုဏ်းမှာ မရေမတွက်နိုင်အောင်များပြားတဲ့ စွမ်းအားမြင့်ပုဂ္ဂိုလ်ကြီးတွေရှိတယ်။ ပြီးတော့ ငါလည်း မင်းတို့ကို သေချာပေါက် ဘေးကင်းလုံခြုံအောင် စောင့်ကြပ်ပေးနေမှာ။ မင်းတို့ရှန်ရှန့်ကျုံဂိုဏ်းကို ဝင်ခါစမှာတော့ သေချာပေါက် ရှန်ရှန့်ကျုံဂိုဏ်းရဲ့အင်အားကို မသိလောက်ဘူး။ ဒါပေမဲ့ သိပ်မကြာတဲ့အချိန်အတွင်းမှာပဲ မင်းတို့မြင်တွေ့နိုင်မှာပါ။ အဲဒီ့ရန်သူတွေက ရှန်ရှန့်ကျုံဂိုဏ်းအကြီးအကဲတွေရဲ့ ပြိုင်ဘက် လုံးဝ ဟုတ်မနေဘူး”
မဟာနတ်ဆိုးရွှမ်ရှသည် စင်မြင့်ထက်တွင်ရပ်၍ အပြင်ဘက်ရှိ ထူထပ်သိပ်သည်းစွာသော ရန်သူတို့မှာ ပုရွက်ဆိတ်ကောင်လေးများအလား အနှိုင်းမဲ့ယုံကြည်မှုရှိသော အသံအနေအထားဖြင့် ကျယ်လောင်စွာပြောခဲ့သည်။
မဟာနတ်ဆိုးရွှမ်ရှ၏ ထိုယုံကြည်ချက်ရှိမှုသည် ရှန်ရှန့်ကျုံဂိုဏ်းတပည့်အသစ်လေးများ၏ စိုးရိမ်ပူပန်နေသောစိတ်များကို ပြေလျော့သက်သာစေခဲ့ပေသည်။
“အပြင်ဘက်မှာ စွမ်းအားမြင့်ကျင့်ကြံသူတွေမှ အများကြီးပဲ။ သူတို့ကို ဟန့်တားဖို့ ရှန်ရှန့်ကျုံဂိုဏ်းအကြီးအကဲတွေကိုပဲ မှီခိုလို့ရနိုင်ပါရဲ့လား”
သို့သော် မေးခွန်းထုတ်သည့်တပည့်များလည်း ရှိဆဲဖြစ်သည်။ သူတို့သည် ရှန်ရှန့်ကျုံဂိုဏ်းအပြင်ရှိ ထိုရန်သူများ၏အင်အားကို ကိုယ်တွေ့ခံစားမြင်တွေ့ဖူးခြင်း မရှိပါသော်ငြား ရှန်ရှန့်ကျုံဂိုဏ်းအတွင်း၌ပင် ကောင်းကင်ကြီးပြိုကျလာနေကာ လေထုမှာ ဓားထက်ထက်များ ပြည့်နှက်နေသည်ကဲ့သို့ ခံစားနေရပေသည်။
“အထိတ်တလန့်မဖြစ်ကြနဲ့။ ငါတို့ရှန်ရှန့်ကျုံဂိုဏ်းရဲ့ စွမ်းအားမြင့်ပုဂ္ဂိုလ်တွေက အဲဒီ့ချီးထုပ်ကောင်တွေကို ဘယ်လိုသတ်မလဲဆိုတာ ထိုင်ကြည့်ကြတာပေါ့”
မဟာနတ်ဆိုးရွှမ်ရှမှ လက်ကိုဝှေ့ယမ်း၍ ပြန်ပြော၏။ မဟာနတ်ဆိုးရွှမ်ရှ၏ အမူအရာမှာ အပြင်ဘက်ရှိ ထိုရန်သူများသည် အမှန်တကယ်ပင် ပုရွက်ဆိတ်တစ်အုပ်အလား အထင်မြင်သေးဟန်များ ပြည့်နှက်နေတော့သည်။
မဟာနတ်ဆိုးရွှမ်ရှသည် တကယ်ကြီး စင်မြင့်ပေါ်တွင် တင်ပျဉ်ခွေထိုင်နေလေသည်။ မဟာနတ်ဆိုးရွှမ်ရှ၏ ထောင်လွှားသောဟန်ပန်သည် ထိုတပည့်သစ်များကို သက်ရောက်မှုရှိသွားခဲ့ကာ သူတို့သည်လည်း စည်းဝင်းထဲတွင် ထိုင်ကြကုန်လေသည်။ အနည်းငယ် စိုးရိမ်ကြောက်ရွံ့နေဆဲဖြစ်ကြသော်ငြား ယခင်ထက် ပိုမိုတည်ငြိမ်သွားကြပေသည်။
ထိုမြင်ကွင်းကြောင့် စင်မြင့်ထက်ရှိ မဟာနတ်ဆိုးရွှမ်ရှ စိတ်ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။ ဤတပည့်သစ်လေးများသည် စိတ်ပိုင်းဆိုင်ရာ အားနည်းနေသေးပါ၏။ သို့သော် အနည်းဆုံးတော့ ဤသို့သော ကပ်ဘေးနှင့်ရင်ဆိုင်ရချိန်တွင် စိုးရိမ်ကြောက်ရွံ့နေကြသော်ငြား ရှန်ရှန့်ကျုံဂိုဏ်းမှ ထွက်ခွာခွင့်ပြုပါရန် တောင်းဆိုလာသူ တစ်ဦးမျှမရှိသေးချေ။
“ဂိုဏ်းတူမောင်လေးတို့ ကြောက်နေလား”
မဟာနတ်ဆိုးရွှမ်ရှ၏ မလှမ်းမကမ်းတွင်ရပ်နေသော လင်းဖေးဝူမှ နောက်ဘက်ရှိ လီဟေးနှင့် ရှောင်ယွင်ဖုန်းကို နူးညံ့စွာမေးလိုက်၏။
လင်းဖေးဝူ၏စကားကို လီဟေး ပြန်မဖြေခဲ့ပေ။ သူ၏မျက်လုံးအစုံ၌ စိတ်ပျက်စွာသောအရိပ်အယောင်တို့ ဖြတ်ပြေးသွားလျက် ‘’ငါက ဘယ်လိုတည်ရှိမှုမျိုး မလို့လဲ'ဟူသော အကြည့်မျိုးဖြင့် ကြည့်လာလေသည်။ မိမိမှာ ဂုဏ်သရေကြီးမြင့်သော ဆန်းကြယ်အင်ပါယာအထွတ်အထိပ်အဆင့်မှ ပြန်လည်မွေးဖွားခဲ့သူ မဟုတ်ပါလော။ မည်သို့သော မြင်ကွင်းကို မမြင်ခဲ့ဖူးဘဲ ရှိပါမည်နည်း။
“ကျွန်တော် ဂိုဏ်းချုပ်ကိုယုံတယ်”
ရှောင်ယွင်ဖုန်းမှ ပြုံးလျက်ဖြင့်ပြော၏။
“ဂိုဏ်းချုပ် မရှိဘူးလေ”
“အာ!”
ရှောင်ယွင်ဖုန်းသည် လင်းဖေးဝူ၏စကားကြောင့် နင်သွားရသည်။ ရှောင်ယွင်ဖုန်းသည် လင်းဖေးဝူအား ထူးဆန်းစွာကြည့်လာခဲ့ပြီးနောက် စကားမဆိုတော့ချေ။
“ရှန်ရှန့်ကျုံဂိုဏ်းသားတွေ ထွက်လာပြီး အသေခံကြစမ်း!”
ထိုအခိုက်တွင် ရှန်ရှန့်ကျုံဂိုဏ်း၏ အထက်ကောင်းကင်မှ နားကွဲလုမတတ် အသံကျယ်ကြီး ထွက်ပေါ်လာခဲ့သည်။ ပုံမှန်အခြေအနေများတွင် ဤသို့ကြောက်မက်ဖွယ်အသံ လွှမ်းခြုံလာပါလျှင် ရှန်ရှန့်ကျုံဂိုဏ်းတပည့်များသည် ခုခံကြလိမ့်မည်မဟုတ်ပေ။ သို့သော် ထိခိုက်သူလည်း ရှိမည်မဟုတ်ပါ။
အဘယ်ကြောင့်ဆိုသော် ကြောက်မက်ဖွယ်စွမ်းအင်ပါဝင်သည့် အသံကျယ်ကြီးလွှမ်းခြုံဖြတ်သန်းသွားချိန်တွင် လေထုလွှာပါးရှိ စွမ်းအင်ကို လှုပ်နှိုးမိသောကြောင့် ရှန်ရှန့်ကျုံဂိုဏ်းတပည့်များ၏နားတွင် ပဲ့တင်ထပ်စေလိမ့်မည်။ အနည်းငယ်ကျယ်လောင်သော်ငြား ထိခိုက်မှု မရှိနိုင်ပေ။
အသံထွက်ပေါ်လာသောအခါ ရှန်ရှန့်ကျုံဂိုဏ်းတပည့်များသည် ကောင်းကင်သို့မော့ကြည့်ကြ၏။ လင်းဖေးဝူတို့သည်လည်း ခေါင်းမော့ကြည့်လိုက်ရာ တိမ်စိုင်မည်းများကြားတွင် အမတများကဲ့သို့ ရပ်တည်နေသည့် ပုံရိပ်၁၅ခုကို ဝိုးတဝါးမြင်တွေ့ရပေသည်။ တစ်ချက်ကြည့်ရုံမျှဖြင့်ပင် စိတ်ဝိဉာဉ်ကို တုန်လှုပ်စေနိုင်၏။
“ဘာလို့ ထွက်မလာကြတာလဲ? ဒါဆိုလည်း မင်းတို့အားလုံးကို အတူတူမြှုပ်နှံပေးလိုက်မယ်။ မင်းတို့ရှန်ရှန့်ကျုံဂိုဏ်းကို လိုက်လျောပေးတာလို့ သဘောထားလိုက်ပေါ့”
ကျယ်လောင်သောအသံကြီး ထပ်မံထွက်ပေါ်လာခဲ့ပြီး ကြီးမားစွာသောလက်ဝါးကြီးမှ ကောင်းကင်ကို ဖုံးအုပ်သွားခဲ့သည်။ ထိုလက်ဝါးရိုက်ချက် ပေါ်ထွက်လာသောအခါ ကောင်းကင်နှင့်မြေကြီးမှာ တုန်ခါသွားရလျက် ကြောက်မက်ဖွယ်ဖိအားကြီးလည်း ဖြစ်တည်လာခဲ့သည်။ လေဟာပြင်ထက်တွင် တွန့်လိမ်ပုံပျက်နေသည်မှာ သာမန်မျက်လုံးဖြင့်ပင် မြင်တွေ့နိုင်ပေသည်။
“စိတ်ပျက်ပြားမယ့်အချိန်ကိုစောင့်ပြီး ရှန်ရှန့်ကျုံဂိုဏ်းကို လှုပ်ကိုင်ချင်တယ်ပေါ့လေ!”
ထိုလက်ဝါးရိုက်ချက် ရှန်ရှန့်ကျုံဂိုဏ်းတောင်ကြားသို့ ကျရောက်တော့မည်တွင် မထီမဲ့မြင့်ဟန်သောအသံကြီး ထွက်ပေါ်လာခဲ့သည်။ ထို့နောက်တွင် ကောင်းကင်ထက်၌ ပုံရိပ်တစ်ခုသည် လက်နှစ်ဖက်ကိုနောက်ပစ်လျက် ဖြေးညှင်းစွာလျှောက်လှမ်းလာနေခဲ့သည်။ လေဟာပြင်မှာ ပွက်လောရိုက်သွား၏။
ထို့အပြင် ထိုပုံရိပ်မှ ခြေလှမ်းလိုက်သည်တွင် ကျရောက်လုဆဲ လက်ဖဝါးရိုက်ချက်သည် စွမ်းအင်လွှာတစ်ခု၏ ပင့်တင်ခြင်းကို ခံလိုက်ရလေသည်။ သေချာကြည့်ရှုပါလျှင် ထိုလက်ဖဝါးရိုက်ချက်မှာ အစိတ်စိတ်အမွှာမွှာပြိုကွဲလာနေသည်ကို မြင်တွေ့နိုင်၏။ ထိုပုံရိပ်၏စွမ်းအင်သည် အလွန်တရာ အင်အားကြီးမားပေသည်။
“ဒါ… ဒါက… ဂိုဏ်းတူအစ်ကိုကြီးလား?”
စင်မြင့်ထက်ရှိ လင်းဖေးဝူသည် လျှောက်လှမ်းလာနေသည့်ပုံရိပ်အား ငေးစိုက်ကြည့်လျက် မယုံကြည်နိုင်စွာ တီးတိုးရေရွတ်လေသည်။