ဂိုဏ်းတူအစ်ကိုကြီးက… တကယ်တော့ ဆန်းကြယ်နတ်မင်းအဆင့်ကျင့်ကြံသူလား?
Vol. 13 Ch. 170
“ဒါက.…!”
လင်းဖေးဝူ၏ ချယ်ရီနီနှုတ်ခမ်းလေးများမှာ ခပ်ဟဟပွင့်ဟနေလျက် သူမ၏အပြစ်ကင်းစင်သော မျက်နှာလေးမှာ အံ့အားသင့်မှုများ ထင်ဟပ်နေခဲ့သည်။ သူမသည် လေဟာပြင်ရှိပုံရိပ်အား ကြောင်အစွာ ငေးကြည့်နေခဲ့၏။
လင်းဖေးဝူသာမက လီဟေး၊ ရှောင်ယွင်ဖုန်းနှင့် မဟာနတ်ဆိုးရွှမ်ရှတို့သည်လည်း ရှုပ်ထွေးနေခဲ့သည်။
ရှန်ရှန့်ကျုံဂိုဏ်း၌ အချိန်တစ်ခုနေထိုင်ပြီးသူတိုင်းသည် ရှန်ရှန့်ကျုံဂိုဏ်း၏ ဂိုဏ်းတူအစ်ကိုကြီးလီချင်းမှာ သေမျိုးတစ်ယောက်ဖြစ်သည်ကို သိကြပါ၏။
သို့သော်ငြား ကောင်းကင်ထက်ရှိ နတ်ဘုရားတစ်ပါးကဲ့သို့သော ထိုတည်ရှိမှုသည် လီချင်းဖြစ်နေခဲ့သည်။ မဟာနတ်ဆိုးရွှမ်ရှတို့မှာ အိပ်မက်မက်နေသည်ကဲ့သို့ ခံစားနေရ၏။
“အဲဒါက ငါတို့ရှန်ရှန့်ကျုံဂိုဏ်းရဲ့ စွမ်းအားမြင့်ကျင့်ကြံသူလား? ကြောက်ဖို့ကောင်းလိုက်တာ”
ဂိုဏ်းတပည့်သစ်လေးများသည်လည်း တစ်ယောက်ပြီးတစ်ယောက် ခေါင်းမော့ကြည့်လာကြကာ လေဟာပြင်ထက်ရှိပုံရိပ်ကို ကြည့်လျက်ဖြင့် အံ့အားသင့်ခြင်းနှင့်အတူ လေးစားအားကျမှုများလည်း ထင်ဟပ်နေခဲ့သည်။
တစ်ချိန်တည်း၌ပင် ရှန်ရှန့်ကျုံဂိုဏ်း၏ခန်းမအတွင်း၌ ဧကရီယင်အပါအဝင် ရှန်ရှန့်ကျုံဂိုဏ်းအကြီးအကဲများသည် လီချင်းကို ကြည့်နေကြ၏။ အေးစက်မောက်မာသော ယောင်ယွဲ့သည်လည်း ဤတစ်ကြိမ်တွင်တော့ လီချင်း၏ပုံရိပ်ကိုကြည့်ရင်းဖြင့် သူမ၏မျက်လုံးများ၌ ပျော်ရွှင်မှုအငွေ့အသက်တို့ ဖြတ်ပြေးသွားခဲ့လေသည်။
ဤအချိန်ကာလများအတွင်း၌ သူမသည် လီချင်းအပေါ် သက်ညှာမှုမရှိခဲ့သော်ငြား အချိန်ကြာမြင့်စွာ အတူတကွကုန်ဆုံးခဲ့ပြီးနောက်တွင် အေးစက်မောက်မာသည့်ယောင်ယွဲ့သည် လီချင်းအား သူမ၏တပည့်အဖြစ် အမှန်တကယ်လက်ခံလာခဲ့သည်။
ယောင်ယွဲ့၏အကျင့်စရိုက်တို့မှာ ဘဝနှစ်ခုဖြင့် အနည်းငယ်ပြောင်းလဲသွားခဲ့ပုံရ၏။ ယခင်အချိန်ကာလများကဲ့သို့ ခံစားချက်ကင်းမဲ့နေရမည့်အစား လူသားဆန်သည့်ခံစားချက်များ ရှိလာခဲ့သည်။ သို့သော် ဖုံးကွယ်ထားခဲ့၏။
“အကြီးအကဲ.. လီချင်းက နိုးထခြင်းအောင်မြင်သွားတာ မကြာသေးဘူး။ စွမ်းအားမြင့်ကျင့်ကြံသူတွေအများကြီးကို ရင်ဆိုင်နေတာ သူ့အတွက် အန္တရာယ်များလွန်းနေမလား”
ယောင်ယွဲ့မှ ရှေ့တွင်ရပ်နေသည့် တုကူချိုးပိုင်၊ ရှဲ့ရှောင်ဖုန်းနှင့် အခြားအကြီးအကဲများကို မေးလိုက်၏။
“သူအန္တရာယ်ရင်ဆိုင်ရတာ များလေလေ သူ့အတွက် ပိုကောင်းလေလေဖြစ်မယ်လို့ မျှော်လင့်ထားတယ်။ သူ့ရဲ့ရုပ်ခန္ဓာက ပြန်လည်ကောင်းမွန်လာပေမယ့် အထွတ်အထိပ်အဆင့်ကို ရောက်နေပြီလို့တော့ မဆိုလိုဘူး။ ဒါက လီချင်းရဲ့ လမ်းအစပဲရှိသေးတယ်။ အဲဒီ့လူတွေကတော့ လီချင်းရဲ့ဓားသွေးကျောက် ဖြစ်ဖို့ကံပါလာတာပဲပေါ့”
ယောင်ယွဲ့၏စကားအဆုံးတွင် ရှဲ့ရှောင်ဖုန်းမှ မျက်လုံးများကိုမှေးကျဉ်းလျက် ခပ်သာသာပြုံး၍ ပြောလာခဲ့သည်။
ရှဲ့ရှောင်ဖုန်း၏စကားကြောင့် ယောင်ယွဲ့နှင့် အခြားအကြီးအကဲများမှာ အံ့ဩတုန်လှုပ်သွားရသည်။ မှန်ပါ၏။ လီချင်းသည် ရုပ်ခန္ဓာနိုးထခဲ့ပြီးဖြစ်သော်ငြား နိုးထခဲ့ရုံသာဖြစ်ပြီး အထွတ်အထိပ်သို့ မရောက်ရှိသေးချေ။
…..
“ဟေး ရှန်ရှန့်ကျုံဂိုဏ်းမှာ မင်းလိုစွမ်းအားမြင့်ကျင့်ကြံသူ ရှိနေမယ်လို့ မျှော်လင့်မထားမိဘူးပဲ”
လီချင်းပေါ်ထွက်လာသောအခါ မျက်နှာချင်းဆိုင်ရှိ ဆန်းကြယ်သူတော်စင်အဆင့် ကျင့်ကြံသူ၁၅ဦးမှာ ကနဦးတွင် အံ့အားသင့်သွားကြပြီး ထို့နောက်တွင် သူတို့ထဲမှတစ်ဦးသည် အထင်အမြင်သေးစွာ ပြုံးရယ်လာခဲ့သည်။
သူတို့သည် လီချင်း၏ကျင့်ကြံဆင့်ကို ဆန်းစစ်သိရှိနိုင်ခြင်း မရှိသော်ငြား သူတို့သည် ဆန်းကြယ်သူတော်စင်အဆင့် ၁၅ယောက်ဖြစ်၏။ ထိုအင်အားသည် သူတို့အား ယုံကြည်ချက်ပြင်းပြစေသည်။
ထို့ပြင် သူတို့၏နောက်၌ ထိပ်သီးအင်အားစုကြီး၅ခု ရှိနေသေး၏။ သို့ဖြစ်ရာ ရှန်ရှန့်ကျုံဂိုဏ်းမှ ပို၍အင်အားကြီးနေလျှင်သော်မှ စိုးရိမ်ပူပန်ရန် မလိုအပ်ပေ။ အင်အားစုကြီး၅ခု၏လက်အောက်တွင် ရှန်ရှန့်ကျုံဂိုဏ်းဟူသည် ပျက်စီးသွားရလိမ့်မည်သာ မဟုတ်ပါလော။
“ရှင်းလိုက်ကြတာပေါ့”
အခြားဆန်းကြယ်သူတော်စင်အဆင့် ကျင့်ကြံသူတစ်ဦးမှ စိတ်မရှည်စွာ ပြောလာခဲ့သည်။
ထိုစကားသံနှင့်အတူ ခန္ဓာကိုယ်သည်လည်း တိုက်ရိုက်ပျံသန်းလာခဲ့သည်။ သူ၏လက်တွင် ဓားရှည်ကိုကိုင်ဆွဲထားလျက် ဓားကိုယ်ထည်မှလည်း ထက်ရှသည့်ဓားသွားရောင်ခြည် ဖြာထွက်နေလေရာ လေဟာပြင်တစ်ခွင်ကို တုန်ခါစေခဲ့သည်။
အခြားသောဆန်းကြယ်သူတော်စင်အဆင့် ကျင့်ကြံသူများသည်လည်း အချင်းချင်း အကြည့်ချင်းဖလှယ်လိုက်ကြပြီးနောက် တုံ့ဆိုင်းမှုမရှိ လီချင်းသို့ ဦးတည်တိုက်ခိုက်ကြလေသည်။
အပြူအမူမှာ အထင်မြင်သေးမှုများ ဖုံးလွှမ်းနေကြ၍ အာရုံစိုက်မှုသည်တော့ နည်းဗျူဟာကျသည်!
ဆန်းကြယ်သူတော်စင်အဆင့် ကျင့်ကြံသူ၁၅ဦးမှ အတူတကွ တိုက်ကွက်ထုတ်လွှတ်ပါလျှင် ရှန်ရှန့်ကျုံဂိုဏ်း၏ ဤစွမ်းအားမြင့်ကျင့်ကြံသူလေးတစ်ဦးမှာ အဘယ်သို့များ ခုခံဟန့်တားနိုင်စွမ်း ရှိပါလိမ့်မည်နည်း။
လင်းဖေးဝူတို့မှာ တစ်ချက်ကြည့်ရုံမျှဖြင့် စိတ်ဝိဉာဉ်ကိုတုန်လှုပ်စေနိုင်စွမ်းသည့် စွမ်းအားမြင့်ကျင့်ကြံသူ၁၅ဦးမှ လီချင်းအား အတူတကွ တိုက်ခိုက်ကြသည်ကို မြင်တွေ့ရသည်တွင် စိတ်လှုပ်ရှားပူပန်နေခဲ့ကာ အသက်ရှူပင် အောင့်ထားမိရလေသည်။
ဂိုဏ်းတူအစ်ကိုကြီးက အဲဒီ့စွမ်းအားမြင့်ကျင့်ကြံသူတွေကို ခုခံနိုင်ပါ့မလား?
လင်းဖေးဝူတို့သည် ခုခံတိုက်ခိုက်မည့်သူမှာ ရှန်ရှန့်ကျုံဂိုဏ်း၏ စွမ်းအားမြင့်ပုဂ္ဂိုလ်ကြီးတစ်ဦးဖြစ်လိမ့်မည်ဟု မျှော်လင့်ထားခဲ့သည်။ ဂိုဏ်းတူအစ်ကိုကြီးမှ ခုခံတိုက်ခိုက်ခြင်းကိုမူ မျှော်လင့်မထားခဲ့မိချေ။ အဘယ်သို့များ စိုးရိမ်ပူပန်ခြင်း မရှိပါမည်နည်း။
လက်ရှိအချိန်၏ ဂိုဏ်းတူအစ်ကိုကြီးလီချင်းသည် အလွန်ကွဲပြားခြားနားစွာပြုမူနေသော်ငြား ယခင်က သေမျိုးတစ်ဦးဖြစ်ခဲ့၏။ လင်းဖေးဝူ၏ ရိုက်နှက်ခြင်းကိုပင် ခံခဲ့ရသူဖြစ်ခဲ့သည်။ လင်းဖေးဝူသည််ပင် လီချင်းကို အလွယ်တကူ ဖိနှိပ်နိုင်လေရာ ထိုစွမ်းအားမြင့်ကျင့်ကြံသူများသည်တော့ တွေးတောနေရန်ပင် မလိုတော့ချေ။
‘ဂိုဏ်းတူအစ်ကိုကြီး.. ဂိုဏ်းတူအစ်ကိုကြီးတစ်ယောက်အနေနဲ့ ဂိုဏ်းတပည့်သစ်တွေရှေ့မှာ အစ်ကိုကြီးတစ်ယောက်လိုပြုမူပြီး ဂိုဏ်းတူအစ်ကိုကြီးဆိုတဲ့ ဂုဏ်သိက္ခာကိုထိန်းသိမ်းလိုတာကို ဖေးဝူနားလည်ပါတယ်။ ဒါပေမဲ့ အဲဒါအတွက်နဲ့ အသက်ကို ပေါ့ပေါ့တန်တန် မပြုသင့်ဘူးလေ’
လင်းဖေးဝူမှ အထိန်းအကွပ်မဲ့စွာ တွေးတောနေစဉ်တွင် လီချင်းမှ လှုပ်ရှားလာ၏။ လီချင်းသည် ဆန်းကြယ်သူတော်စင်အဆင့် ကျင့်ကြံသူ၁၅ဦးကို ပုရွက်ဆိတ်တစ်အုပ်ကို ကြည့်နေသည့်အလား အရေးမထားဟန်ဖြင့် မျက်နှာအမူအရာမှာ အနည်းငယ်သော်မျှ မပြောင်းလဲပေ။
ရန်သူ၁၅သူကိုရင်ဆိုင်ရန်အတွက် လီချင်းသည် လှုပ်ရှားမှုအပိုဟူ၍မရှိဘဲ လက်ကိုဆန့်ထုတ်၍ လက်ဖဝါးရိုက်ချက်တစ်ခုကို ညင်သာစွာ ထုတ်လွှတ်လိုက်သည်။
ဘုန်း!
ချက်ချင်းပင် လီချင်း၏ရှေ့ရှိ လေဟာပြင်သည် လက်ဖဝါးသဏ္ဍာန် ချိုင့်ကြီးဖြစ်သွား၏။ ဧရာမလက်ဖဝါးရိုက်ချက်သည် ဒါဇင်ကျော်သော ဆန်းကြယ်သူတော်စင်အဆင့် ကျင့်ကြံသူများကို ရိုက်ခတ်သွားခဲ့သည်။ အနှိုင်းမဲ့သောကြောက်မက်ဖွယ်စွမ်းအင်ကြီးမှာ တစ်ချက်ကြည့်ရုံဖြင့်ပင် လူကိုတုန်ယင်စေနိုင်ပေသည်။
ဆန်းကြယ်သူတော်စင်အဆင့် ကျင့်ကြံသူ၁၅ဦးမှ ရှန်ရှန့်ကျုံဂိုဏ်းသို့ မည်သို့ပြုမူခဲ့သည်ဖြစ်စေ လီချင်းသည် ထိုကဲ့သို့ ပြန်လည်ပြုမူမည်ဖြစ်၏။
ဤကမ္ဘာလောကတွင် ရှန်ရှန့်ကျုံဂိုဏ်း၏ရှေ့မှောက်၌ မည်သူကများ ဝံ့ကြွားထောင်လွှားနိုင်ပါမည်နည်း။
“ဆန်း… ဆန်းကြယ်နတ်မင်းအဆင့်ကျင့်ကြံသူ!”
လီချင်း၏လက်ဖဝါးရိုက်ချက်တွင် ပါဝင်နေသည့် စွမ်းအင်နိယာမကို ခံစားမိသည်တွင် ဆန်းကြယ်သူတော်စင်အဆင့် ကျင့်ကြံသူ၁၅ဦးတို့မှာ ရုတ်ချည်း ထိတ်လန့်သွားကြတော့သည်။ သူတို့သည် လှုပ်ရှားမှုများကို ချက်ချင်းရပ်တန့်၍ နောက်သို့လှည့်ကာ တုံ့ဆိုင်းမှုမရှိ အဝေးသို့ပျံထွက်သွားကြလေသည်။
ဆန်းကြယ်နတ်မင်းအဆင့် စွမ်းအားမြင့်ကျင့်ကြံသူဟူသည် အဘယ်သို့သော တည်ရှိမှုမျိုးဖြစ်သည်ကို သူတို့ကောင်းစွာသိပါ၏။ သူတို့သည် ဆန်းကြယ်သူတော်စင်အဆင့် ကျင့်ကြံသူ၁၅ဦးဖြစ်လျှင်သော်မှ ဆန်းကြယ်နတ်မင်းအဆင့်ကျင့်ကြံသူ၏ ရှေ့မှောက်တွင် ခုခံနိုင်သည့်အင်အားမရှိပါချေ။
သူတို့၏ထွက်ပြေးသည့် အရှိုန်နှုန်းမှာ လျင်မြန်လှ၏။ သို့သော် လီချင်း၏ လက်ဖဝါးရိုက်ချက်မှာ ပို၍လျင်မြန်ခဲ့သည်။ ဤတစ်ကြိမ်သည် ကောင်းကင်ဘုံမှ လက်ဖဝါးရိုက်ချက်ကဲ့သို့ ဆန်းကြယ်သူတော်စင်အဆင့် ကျင့်ကြံသူ၁၅ဦး၏ အထက်ကောင်းကင်တွင် ပေါ်ထွက်လာခဲ့လျက် ရက်စက်ကြမ်းကြုတ်စွာဖြင့် ထိုကျင့်ကြံသူ၁၅ဦးအား ဆွဲသိမ်းရိုက်ခတ်သွားခဲ့သည်။
လက်ဖဝါးရိုက်ချက် ပေါ်ထွက်လာသည်နှင့်တစ်ပြိုင်နက် ဆန်းကြယ်သူတောင်စင်အဆင့် ကျင့်ကြံသူ၁၅ဦးမှာ လေဟာပြင်မှ ပြုတ်ကျသွားတော့မည်အလား ပြင်းလှစွာသော အနှိုင်းမဲ့ဖိအားကြီးကို ခံစားလိုက်ရသည်။ သူတို့မှာ ခန္ဓာကိုယ်ကိုတည်ငြိမ်စေရန် ခက်ခက်ခဲခဲ ထိန်းညှိနေကြရပြီး လက်ဖဝါးရိုက်ချက်သည်တော့ သူတို့အား ဖိချေပစ်လိုက်လေသည်။
အရပ်လေးမျက်နှာမှ ဖြစ်ပေါ်နေသည့် ကြောက်မက်ဖွယ်ဖိအားသည် ကျင့်ကြံသူ၁၅ဦးအား မျက်နှာများနီရဲလာစေခဲ့ကာ ခန္ဓာကိုယ်၌ သေးငယ်သည့် အက်ကွဲကြောင်းများပေါ်ထွက်လာခဲ့သည်။ ထို့နောက် သွေးများ လွင့်စင်ပန်းထွက်သွား၏။ အချိန်ခဏကြာပြီးနောက်တွင် ဆန်းကြယ်သူတော်စင်အဆင့် ကျင့်ကြံသူ၁၅ဦးမှာ သွေးများဖြင့် မရှုမလှ စွန်းထင်းပေကျံနေတော့သည်။
“-ြီး!”
“စက်ဆုပ်စရာကြီး!”
ထိုမြင်ကွင်းကြောင့် လင်းဖေးဝူတို့မှာ ကြောင်အမင်သက်သွားရသည်။ မျက်လုံးများ ကျွတ်ထွက်လုမတတ် ငေးစိုက်ကြည့်နေမိကြ၏။ အထူးသဖြင့် လင်းဖေးဝူပင်။ သူမ၏ရိုက်နှက်ခြင်းကို ခံခဲ့ရသည့် ဂိုဏ်းတူအစ်ကိုကြီးမှ ထိုစွမ်းအားမြင့်ကျင့်ကြံသူများအား အနိုင်ယူခဲ့သည့်မြင်ကွင်းကို မယုံကြည်နိုင်ဖြစ်နေရ၏။
“ဂိုဏ်းတူအစ်ကို… ဂိုဏ်းတူအစ်ကိုကြီးက… တကယ်တော့ ဆန်းကြယ်နတ်မင်းအဆင့်ကျင့်ကြံသူလား”
လင်းဖေးဝူ တုန်ရီနေလျက်ဖြင့်ပြော၏။
“ဂိုဏ်းတူအစ်ကိုကြီးက အရမ်းအင်အားကြီးမားတာပဲ။ အနာဂတ်မှာ ကျွန်မ အစ်ကိုကြီးကို ရိုက်နှက်နိုင်ပါဦးမလား”
သို့သော် လင်းဖေးဝူမှာ ရိုက်နှက်ရခြင်းဖြင့် အသားကျနေခဲ့လေပြီ။ သူမသည် လီချင်းကို မကြာခဏ နှစ်ကြိမ်မျှ ရိုက်နှက်လေ့ရှိ၏။ သူမအနေဖြင့် အစ်ကိုကြီးကို ရိုက်နှက်ခြင်းမပြုနိုင်တော့ပါလျှင် ဤဘဝ၌ ပျော်ရွှင်ဖွယ်ရာဟူသည် ပျောက်ဆုံးသွားရပြီမဟုတ်ပါလော။
လီဟေးနှင့် ရှောင်ယွင်ဖုန်းတို့သည်လည်း မျက်လုံးအိမ်များ မှေးကျဉ်းသွား၏။ အမြဲလိုလို မောက်မာထောင်လွှားတတ်၍ မတုန်မလှုပ်သော လီဟေးသည်ပင် ထိုမြင်ကွင်းကြောင့် အလွန်အံ့သြထိတ်လန့်သွားခဲ့ရသည်။
သူအမြဲအထင်သေးခဲ့သည့် သေမျိုးဂိုဏ်းတူအစ်ကိုကြီးသည် ဆန်းကြယ်နတ်မင်းအဆင့်ကျင့်ကြံသူတစ်ဦး ဖြစ်နေခဲ့သည်။
ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ? အဲဒါဆို ဂိုဏ်းတူအစ်ကိုကြီးက ဆန်းကြယ်ပင်ပါယာအဆင့်ကို အသက်ဘယ်လောက်မှာ ရောက်ခဲ့တာများလဲ?
သူ၏အရင်ဘဝ၌ပင် လီဟေးမှာ ထိုကဲ့သို့သော အထုံပါရမီမျိုး မရှိခဲ့ပါချေ။
ရှောင်ယွင်ဖုန်းမှာ ပို၍ပင် အံ့ဩထိတ်လန့်သွားသေး၏။ ရှောင်ယွင်ဖုန်းသည် မိမိကိုယ်ကို ပါရမီရှင်တစ်ယောက်ဟု မေးခွန်းထုတ်တတ်သူဖြစ်သည်။ ယခုတွင် ရှောင်ယွင်ဖုန်းသည် အသုံးမဝင်သူဖြစ်သော်ငြား သူတစ်ချိန်က ပိုင်ဆိုင်ခဲ့သည်များကို ပြန်လည်ရယူနိုင်မည်ဟု ခိုင်မာစွာယုံကြည်ထားခဲ့သည်။ သို့သော် ဆန်းကြယ်နတ်မင်းအဆင့်ဖြစ်သော လီချင်းကို မြင်တွေ့လိုက်ရ၏။
“ဒါက ဘယ်လိုနတ်ဘုရားမျိုးလဲ?”