ထျန်းလန်၊ရှန်းရွှမ်။
Vol. 13 Ch. 178
သေလျက်နဲ့ ရှင်နေသော အဆောင်လက်ဖွဲ့ လူတစ်ယောက်ဟာ အသက်ရှင်သန်နိုင်ခြင်း မရှိသလို သေဆုံးခြင်းလည်း မရှိပေ။
ဒဏ်ရာမှာ တဖြေးဖြေး ပိုမိုယားယံလာမည် ဖြစ်ပြီး ယားယံကိုက်ခဲခြင်းမှာ ပိုမိုပြင်းထန်လာမည်ဖြစ်သည်။ဆယ့်ငါးမိနစ်လောက်တောင် မကြာပဲ အတွင်းပိုင်း ခန္ဓာကိုယ် အစိတ်ပိုင်းတွေအားလုံးသာမက စိတ်ဝိဉာဉ်ကပါ ယားယံ ကိုက်ခဲလာမည်ဖြစ်သည်။သင်၏ ကျင့်ကြံစဉ် မည်မျှပင် မြင့်မားစေကာမူ ဤကဲ့သို့သော ဝေဒနာမျိုးကိုတော့ ခံစားနိုင်မည် မဟုတ်ပါ။
ဝမ်ဖုန်း၏စကား ဆုံးသွားသည်နှင့် တစ်ပြိုင်နက် ယောင်ရီ ဧကရာဇ်သည် ချက်ချင်း ထလာခဲ့သည်။သူသည် နာကျင်မှုများကိုတောင် မေ့သွားပုံပေါ်ပြီး ဝမ်ဖုန်းအား မျက်ထောင့်နီများနှင့်အတူ စိုက်ကြည့်နေသည်။သူ၏ အမျက်ဒေါသများမှာ ခန်းမကြီး တစ်ခုလုံးအား မွန်းကျပ်သွားစေခဲ့သည်။
လူသတ်ခြင်းသည် ဦးနှောက်မရှိသူတို့ လုပ်သော လုပ်ရပ်သာဖြစ်သည်။
ဒီလို ကြောက်မက်ဖွယ် ရှန်ရှန်ကျုံ့ဂိုဏ်းကြီးကို အုပ်ချုပ်နေတဲ့ ဂိုဏ်းချုပ်က တစ်ကယ့်ကို အရှက်မဲ့တာပဲ! ဒီကောင်က လူမသားမှ ဟုတ်ရဲ့လားကွာ....
သူသည် အပိုင်းပိုင်း အစစ ဖြတ်တောက်ခံရလျှင်တောင် လောင်ရီ ဧကရာဇ်သည် ကြောက်ရွံ့နေမည် မဟုတ်ပေ။သို့သော်လည်း သူ၏ တတိယခြေထောက်ကို ဖြတ်တောက်ပစ်မည် ဆိုတာကတော့ ယောင်ရီ ဧကရာဇ်အတွက် အရှက်ရစရာကြီးပဲ ဖြစ်သည်။
ယောင်ရီ ဧကရာဇ်သည် သေခြင်းကို လက်ခံနိုင်သော်လည်း ဤကဲ့သို့သော နှိပ်စက်ညှင်းပန်းမှုကြီးကိုတော့ သည်းမခံနိုင်ပါ။ဤသည်မှာ အမျိုးသားတိုင်း သည်းမခံနိုင်မည့် အရာကြီးပင် မဟုတ်ပါလော။
မူလက ယောင်ရီ ဧကရာဇ်သည် သေသည် အချိန်အထိ သူ့ပါးစပ်ကို လုံးဝ မဖွင့်ဟဖို့ ဆုံးဖြတ်ထားခဲ့သည်။သို့သော်လည်း ဝမ်ဖုန်းမှာ လုံးဝ အရှက်မဲ့နေလိမ့်မည်ဟု သူအဘယ်မှာ ထင်ထား အံ့နည်း။သူ၏ လျို့ဝှက်ချက်မှာ မည်မျှကြီးကျယ်သည်ဖြစ်ပါစေ သူ၏ တတိယခြေထောက်နှင့်တော့ နှိုင်းယှဉ်၍ ရနိုင်ပါမည်လော။
သူသည် သေဆုံးသွားလျှင်တောင်မှ ယောင်္ကျားမဟုတ် မိန်းမ မဟုတ် ဘဝမျိုးကို မရောက်ချင်ပါ။
ဘာပဲဖြစ်ဖြစ် နောက်ဘဝဆိုတာ ရှိသေးရင် သရဲတစ္ဆေအဖြစ် ဆိုတာလည်း ရှိနိုင်သေးတာပဲ မဟုတ်လား။သူ၏ တတိယ ခြေထောက်သာ မရှိတော့ပါက သူသေဆုံးပြီး သရဲ ဖြစ်မည် ဆိုလျှင်တောင် ယောင်္ကျားမဟုတ် မိန်းမမဟုတ် သရဲကြီး ဖြစ်ရပေလိမ့်မည်။
သူ့လို မရေမတွက်နိုင်တဲ့ ကြင်ယာတော်တွေကို တော်ကောက်ထားသူ အမျိုးသမီးပေါင်းများစွာအား ပိုင်ဆိုင်ထားသူ ဧကရာဇ်တစ်ယောက် အနေနှင့် သူအဘယ်မှာ သည်းခံနိုင်မည်နည်း။
"ရိုး..ဆက်ပြီးတော့ လှဲမနေတော့ဘူးလား? မင်း အဖြတ်မခံချင်ဘူးဆိုရင် ငါ့ကို အမှန်တိုင်း ပြောပြစမ်း" ဝမ်ဖုန်းသည် ထလာသော ယောင်ရီ ဧကရာဇ်အား တွေ့မြင်လိုက်ရသည့်အခါ လှောင်ရယ်ပြောဆိုလိုက်သည်။
ယောင်ရီ ဧကရာဇ်သည် ငါပြောမှာ မဟုတ်ဘူးလို့ ဝမ်ဖုန်းအား ခေါင်းမာမာနှင့် ဘူးခံ ငြင်းချင်ခဲ့သည်။သို့သော် သူ၏ တတိယခြေထောက်အား ဆုံးရှုံးရမည့်အဖြစ်ကို ပြန်ပြောင်း တွေးမိသွားတဲ့ အခါမှာတော့ ယောင်ရီ ဧကရာဇ်ဟာ နေက်ဆုံးမှာ စကားပြောလာတော့သည်။
"ငါ့နောက်မှာ ရှိနေတဲ့ အင်အားက ထျန်းလန်ဒေသတောင်ပိုင်း မှာရှိတဲ့ ထိပ်တန်းဂိုဏ်း ဖြစ်တဲ့ တောက်ပ နေမင်း ဂိုဏ်းပဲ! ငါဟာ အစတုန်းက တောက်ပ နေမင်းဂိုဏ်းရဲ့ ဂိုဏ်းသား တစ်ယောက်ပဲ။ ငါ ဆရာ့ရဲ့ လျှို့ဝှက်အမိန့်ကို နာခံပြီး ဒီရှေးဟောင်းနယ်မြေကို ရောက်လာတာက ရတနာ တစ်ခုအတွက် ပါဝင် ယှဉ်ပြိုင် ဖို့ပဲ"
"ချင်းယွင် ဧကရာဇ်ကလည်း ထျန်းလန်ဒေသ မြောက်ပိုင်းမှာ ရှိတဲ့ ထိပ်တန်းဂိုဏ်းကြီး တစ်ဂိုဏ်းဖြစ်တဲ့ ချင်းယွင်ဓားဂိုဏ်းရဲ့ ဂိုဏ်းသား တစ်ယောက်ပဲ။ တစ္ဆေ ဝိဉာဉ် ဂိုဏ်းချုပ်ကလည်း မြောက်ပိုင်း တစ္ဆေဂိုဏ်းလို့ ခေါ်တဲ့ ထိပ်တန်းဂိုဏ်းကြီး ရဲ့ ဂိုဏ်းသား တစ်ယောက်ပဲ။ ပြီးတော့ ယွမ်မင်ဂိုဏ်းချုပ်ရဲ့ ကလည်း မြောက်ပိုင်းနယ်မြေမှာ ရှိတဲ့ ယွမ်တောက်ဂိုဏ်းလို့ ခေါ်တဲ့ ထိပ်တန်းဂိုဏ်းကြီးရဲ့ ဂိုဏ်းသား တစ်ယောက်ပဲ ။ဒါ့အပြင် တန်းမိုရှန်ကျုံ့ဂိုဏ်းရဲ့ ကောင်းကင်ဘုံ နတ်ဆိုးဂိုဏ်းလို့ခေါ်တဲ့ မြောက်ပိုင်းနယ်မြေက ထိပ်တန်းဂိုဏ်းကြီး တစ်ဂိုဏ်းရဲ့ ထိပ်တန်း ဂိုဏ်းသား တစ်ယောက်ပဲ! "
ယောင်ရီ ဧကရာဇ်၏ စကားကို ကြားလိုက်ရသည့်အခါ ဝမ်ဖုန်း၏ မျက်လုံးများတွင် အလင်းတန်းတစ်ခု ဖြတ်သန်းသွားပြီး သူဟာ လေးလေးနက်နက် ပြောကြားလိုက်သည်။
''ငါ့ကို ပိုပြီး ပြောပြစမ်း!''
ယောင်ရီဧကရာဇ်သည် ဝမ်ဖုန်းကို ပြိုတော့မည့် မိုးကဲ့သို့ မဲမှောင်သော မျက်နှာကြီးဖြင့် စိုက်ကြည့်လိုက်သော်လည်း ထပ်မံပြောကြားလိုက်သည်။သူဟာ ထွက်လမ်းရှာဖို့ အတွက် သူ့နောက်ကွယ်က အင်အားများမှာ မည်မျှ ကြောက်မက်ဖွယ် ကောင်းကြောင်း ဝမ်ဖုန်းကို သိစေချင်တာလည်း ဖြစ်နိုင်ပါသည်။
"ရှန်းလန်တိုက်ကြီး တစ်ခုလုံးကို ရှန်းမွှမ်ဒေသနဲ့ ထျန်းလန်ဒေသဆိုပြီး ပိုင်းခြားထားတဲ့အပြင်ကို ဒီရှေးဟောင်းကမ္ဘာလိုမျိုး အခြားသော မရေမတွက်နိုင်သော ကမ္ဘာငယ်တွေလည်း ရှိနေသေးတယ် ။ရှန်းရွှမ်ဒေသကတော့ ရှန်းလန်တိုက်ကြီး တစ်ခုလုံးရဲ့ အဓိက အလယ်ဗဟို ဒေသကြီး ပဲ။ အဲ့ဒီမှာ ကြောက်လန့်စရာ အကောင်းဆုံး စွမ်းအားရှင်တွေ ရှိနေတယ် "
"ထျန်းလန်ဒေသက ရှန်းရွှမ်ဒေသလို စွမ်းအားကြီးခြင်း မရှိဘူး ဆိုပေမယ့် ရှေးဟောင်း နယ်မြေတွေထက်တော့ အဆပေါင်း မရေမတွက်နိုင်အောင် ပိုမိုစွမ်းအားကြီးတယ်။ ထျန်းလန်ဒေသရဲ့ ခွန်အားက ရှေးဟောင်းနယ်မြေတွေထက်ကို အများကြီး သာတယ်ကွ! အဲ့ဒီက ဘယ်ဂိုဏ်းတစ်ဂိုဏ်းကမဆို ထောင်ချီတဲ့ ရှေးဟောင်းနယ်မြေတွေကို ဖျက်စီး ပစ်နိုင်တယ်!"
ဤစာကြောင်းကို ပြောဆိုလိုက်သည့်အခါ ယောင်ရီ ဧကရာဇ်၏ လေသံမှာ အလွန်အမင်း လေးလံလာခဲ့သည်။
ဝမ်ဖုန်းသည် ယောင်ရီ ဧကရာဇ်၏ သိသာ ထင်ရှားသော ခြိမ်းခြောက်မှုကြီးကို ကြားလိုက်ရသည့်အခါ ပြုံးသာ ပြုံးလိုက်ပြီး ထပ်မံမေးလိုက်သည်။"ထျန်းလန်ဒေသမှာ ကျက့်ကြံဆင့်တွေကို ဘယ်လို ပိုင်းခြားထားလဲ"
တိုစကားကို ဝမ်ဖုန်းပြောကြားလိုက်သည့်အခါ ယောင်ရီဧကရာဇ်၏ မျက်လုံးများအတွင်း၌ အထင်မြင်သေးမှုသည့် အရိပ်အယောင်မျိုး ဖြစ်ပေါ်လာခဲ့သည်။ရေတွင်းအောက်က ဖားသူငယ်က နောက်ဆုံးတော့လည်း ရေတွင်းအောက်က ဖားသူငယ်ပါပဲလေ။
ဤရှေးဟောင်း ကမ္ဘာကြီးကို ရောက်လာပြီးကတည်းက ယောင်ရီ ဧကရာဇ်နှင့် အခြားသူများ အားလုံးသည် အစဥ်အမြဲ မောက်မာနေခဲ့ကြသည်။ဘာကြောင့်လဲဆိုတော့ သူတို့ဟာ ရှေးဟောင်းနယ်မြေက လူတွေ သိမထားသည့် သတင်းအချက်အလက်များကို သိထားသည့်အပြင် သူတို့၏ အမြင်ဟာလည်း ရှေးဟောင်းနယ်မြေက လူရိုင်းများနှင့် မယှဉ်သာလောက်အောင် ကျယ်ပြောလှပေသည်။
သူသည် လက်ရှိမှာ ဝမ်ဖုန်း၏ ဖမ်းစီးခြင်းကို ခံရပြီး သူ၏ အသက်က ဝမ်ဖုန်း၏ လက်ခုပ်ထဲမှာ ရှိနေတာ ဖြစ်ကြောင်း သိနေပါသော်လည်း ယောင်ရီ ဧကရာဇ်၏ မောက်မာမှု မာန တရားများကတော့ ရောင်ပြန်ဟပ် နေဆဲပင်။
"ထျန်းလန်ဒေသမှာ ကျင့်ကြံရေး အဆင့်တွေကို ဆန်းကြယ်အဆင့်တွေနဲ့ တာအို အဆင့်တွေဆိုပြီးတော့ ပိုင်းခြားထားတယ်ကွ။ ဆန်းကြယ် အဆင့်တွေမှာ ဆန်းကြယ် အင်ပါယာ၊ ဆန်းကြယ် အဓိပတိ ၊ဆန်းကြယ်သူတော်စင်အဆင့် ၊ဆန်းကြယ်နတ်မင်း ဆန်းကြယ်အဆင့်တွေ ပါတယ်။အေး...ဒါပေမဲ့ တာအိုနယ်မြေကို အခြေချနိုင်တဲ့ လူကမှ တစ်ကယ့်စွမ်းအားရှင်ကွ.."
ယောင်ရီ ဧကရာဇ်၏ စကားသံ ဆုံးသွားသည့်အခါ ဝမ်ဖုန်း၏ မျက်နှာအမူအရာများသည် ပြောင်းလဲသွားခဲ့သည်။သေချာပါပြီ။ လက်ရှိ သူ၏ ခွန်အားမှာ အရှိန်အဟုန်ဖြင့် ဆက်တိုက် တိုးတက်နေခဲ့သော်လည်း နောက်ဆုံးမှာတော့ သူဟာ တောကျိုအုံကြားက လူတစ်ယောက်သာသာ သာရှိနေသေးသည်။
ဆန်းကြယ်နတ်မင်းအဆင့် စွမ်းအားရှင်များသည် တာအို နိယာမ တစ်ခုကို ပြီးပြည့်စုံစွာ နားလည်သွားပြီးပါက လေထုကို ဖြတ်တောက် ထိုးခွင်းနိုင်သည်အထိ စွမ်းအားကြီးမားသော ဆန်းကြယ်နတ္ထိ အဆင့်ကို ရောက်ရှိသွားသည်။ထို့အတူပဲ ဆန်းကြယ် နတ္ထိအဆင့်မှ စွမ်းအားရှင်များကလည်း တာအိုနိယာမ ကို ပြီးပြည့်စုံစွာ နားလည်နိုင်ပြီး အတုယောင်ကို အစစ်မှန်သို့ ပြောင်းလဲနိုင်ခြင်း၊ အစစ်မှန်နှင့် အတုယောင်ကို ရောထွေးနိုင်ခြင်း စသော ပညတ်သဘောတရားများကို နားလည်စွာ ပိုင်နိုင် နိုင် ကျော်ဖြတ်ပြီးပါကဆန်းကြယ် ကပ်ဘေးအဆင့်သို့ ဝင်ရောက်နိုင်မည် ဖြစ်သည်။
ဝမ်ဖုန်းသည် ထိုအဆင့်များ အကြောင်းကို ရှင်းရှင်း လင်းလင်း နားလည်ထားပါသည်။သို့သော်လည်း ထိုမျှလောက်ထိ စွမ်းအားကြီးသော ကျင့်ကြံဆင့် ကြီးများမှာ ထျန်းလန်ဒေသမှာတော့ အခြေခံ ကျင့်ကြံဆင့်များသာ ဖြစ်နေလိမ့်မည် ဖြစ်ကြောင်းကိုတော့ ဝမ်ဖုန်းတစ်ယောက် တွေးထင် မထားခဲ့ပါ။ဒါဖြင့်ရင် တာအို အဆင့်ဆိုတာ ဘယ်လို အဆင့်မျိုးလဲ ဘယ်လောက်လောက်တောင် ကြောက်မက်ဖွယ် ကောင်းလိမ့်မလဲ?
"အဲ့ဒီ့ အဆင့်အကြောင်းကို ပြောပြစမ်း..."ဝမ်ဖုန်းသည် ယောင်ရီ ဧကရာဇ်အား ထူးမခြားနားကြည့်ပြီး နောက်ထပ် တစ်ကြိမ် မေးမြန်းလိုက်သည်။
ဝမ်ဖုန်း၏ မေးခွန်းကို ကြားလိုက်ရသည့်အခါ ယောင်ရီ ဧကရာဇ်သည် မထီမဲ့မြင်သော အမူအရာ တစ်ခုကို ထုတ်ဖော်ပြလိုက်ပေသည်။နောက်ဆုံးမှာတော့ လူနုံလူအ တွေက လူနုံလူအ တွေပါပဲ။
သူပြောလိုက်ပြီးရင် အဲ့ဒီ ဝမ်ဖုန်းဆိုတဲ့ကောင်က သူ့နောက်ကွယ်က အင်အားစုကြီး ဘယ်လောက်ကြောက်ဖို့ကောင်းလဲဆိုတာ သိလာပြီး သူ့ကို လွတ်ပေးချင် လွတ်ပေးလာမှာပေါ့။
"မင်း ဆန်းကြယ် ကပ်ဘေးအဆင့်ကို ရောက်ရှိလို့ တာအိုနိယာမ အတိဒုက္ခ ကပ်ဘေးကြီးကို ဖြတ်ကျော်ပြီးသွားရင် တာအို အဆင့်ကို ရောက်နိုင်လိမ့်မယ်။ တာအို အဆင့်ဆိုတာ နိယာမတွေကို တာအိုအခြေအနေထဲသို့ တဖြေးဖြေးချင်း သွတ်သွင်းတဲ့ ဖြစ်စဉ်ပဲ"
"မင်းရဲ့ နိယာမတွေကို ဆယ်ရာခိုင်နှုန်း တာအိုအဖြစ် ပြောင်းလဲပြီးသွားရင် မင်းက တာအို နက်နဲမှုအဆင့်ကို ရောက်လာလိမ့်မယ်။ သုံးဆယ် ရာခိုင်နှုန်းဆိုရင် တာအိုဝိဉာဉ် အဆင့်။ ငါးဆယ်ရာခိုင်နှုန်းဆိုရင် တာအိုနန်းတော်အဆင့်။ ရှစ်ဆယ်ရာခိုင်နှုန်းဆိုရင်တော့ တာအိုဘိုးဘေးအဆင့်ကို ရောက်လိမ့်မယ်။ တာအိုအဖြစ် အပြည့်အဝ အသွင်ပြောင်းလဲပြီးရင်တော့ တာအို ဘုရင်အဆင့် ဖြစ်သွားလိမ့်မယ်!"
"တာအိုဘုရင် အဆင့်ရဲ့ အထက်တွေကိုတော့ ငါကိုယ်တိုင်လည်း နားမလည်တော့ဘူး ။ငါ့ဆရာက တာအိုအဆင့် စွမ်းအားရှင်ပဲကွ! ပြီးတော့ တောက်ပနေမင်းဂိုဏ်းရဲ့ ဂိုဏ်းချုပ်ကလည်း တာအိုအထွတ်အထိပ် ကြောက်မက်ဖွယ် စွမ်းအားရှင်ကြီးပဲ"
ယောင်ရီ ဧကရာဇ်သည် သူ၏ ဦးခေါင်းအား မြင့်မြင့်မော့လျက် ထူးမခြားနား အမူအရာဖြင့် ပြောဆိုလိုက်သည်။သူသည် မည်သည့် ခြိမ်းခြောက်ခြင်းစကားကိုမျှ ပြောဆိုခြင်းမရှိသော်လည်း သူ၏ပြောဆိုသည့် စကားများမှာ ခြိမ်းခြောက်မှုကြီးသာ ဖြစ်သည်။ ဝမ်ဖုန်းတစ်ယောက် သူ၏ ဆိုလိုရင်းကို နားလည်လိမ့်မည်ဟု သူ ကျိန်းသေပေါက် မျှော်လင့်ထားပေသည်။
သူသည် သူ့ဆရာ၏ အထူးလျှို့ဝှက် အမိန့်များအရ ရှေးဟောင်းနယ်မြေအတွင်း ဖြစ်ပေါ်လာသည့် ရတနာတစ်ခုအတွက် လာရောက် ယှဉ်ပြိုင်ခြင်း ဖြစ်သည်။ သူသာ သေဆုံးသွားပါက သူ့ဆရာက သူ့အတွက် ကျိန်းသေပေါက် လက်စားချေမည် ဖြစ်သည်။ အဲ့အခြေနေကို ရောက်လာပါက ရှန်ရှန်ကျုံ့ဂိုဏ်း မည်မျှ သန်မာသည် ဖြစ်ပါစေ သူ၏ဆရာအား အဘယ်မှာလျှင် ခုခံနိုင်မည်နည်း။နောက်ဆုံးမှာတော့ ရှန်ရှန်ကျုံ့ဂိုဏ်းဆိုတာ ပုရွက်ဆိတ် သာသာပါပဲလေ။
"မင်းရဲ့ဆရာက အရမ်းစွမ်းအားကြီးတယ် ဆိုမှတော့ မင်းတို့ ပြောပြောနေတဲ့ ရတနာကို ဘာလို့ သူကိုယ်တိုင် လာမယူတာလဲ "ဝမ်ဖုန်းသည် လှောင်ပြောင် ပြောဆိုလိုက်သည်။
"ဘာလို့လဲဆိုတော့ ထျန်းလန်ေဒသမှာ ထိပ်တန်းဂိုဏ်းကြီးတိုင်း လိုက်နာရမယ့် စည်းမျဉ်းစည်းကမ်း ရှိလို့ပဲ။ တာအိုအဆင့်ရဲ့ တည်ရှိမှုတွေက ရှေးဟောင်းနယ်မြေတွေထဲကို မသွားရောက်နိုင်ဘူး။ တာအိုအဆင့်နဲ့ ဆန်းကြယ်အဆင့်ဆိုတာ လူသားနဲ့ နတ်မင်းကြားထဲက ကွာခြားမှုလိုပဲကွ ။ဒီတော့ ထျန်းလန်ဒေသနဲ့ ရှေးဟောင်းနယ်မြေတွေ ဆိုတာကလည်း နတ်ဘုံနဲ့ ဝက်ခြံလိုပဲ အရမ်းကွာခြားတယ်"
ဝမ်ဖုန်းသည် ခေါင်းငြိမ့်ကာ ပြောဆိုလိုက်သည်။"ဒါဆို မင်းတို့ လိုချင်နေတဲ့ ရတနာက ဘယ်လို ရတနာ အမျိုးအစားလဲ "
ဒီရတနာကို ဝမ်ဖုန်းတစ်ယောက် သိရှိနားလည် ချင်ခဲ့သည်မှာ ကြာမြင့်နေပြီ ဖြစ်သည်။တာအိုအဆင့်က စွမ်းအားရှင်များတောင်မှ တပည့်များကို စေလွတ်၍ ဤရတနာအတွက် နှစ်ပေါင်းများစွာ ပုန်းအောင်းလျက် ယှဉ်ပြိုင်စေခဲ့သည်။ဤရတနာမှာ အလွန်အမင်း တန်ဖိုးကြီးပြီး စိတ်မကူးနိုင်လောက်သည့် ရတနာကြီးပင် ဖြစ်ရပေမည်။
ဝမ်ဖုန်း၏ စကားကို ကြားလိုက်ရသည့်အခါ ယောင်ရီ ဧကရာဇ်သည် တိတ်ဆိတ်ငြိမ်သက်သွားသည်။သူသည် ထျန်းလန်ဒေသ၏ သတင်း အချက်အလက်များကို ဝမ်ဖုန်းအား ပြောပြခဲ့သည်။အဘယ်ကြောင့်ဆိုသော် သူမပြောလျှင်တောင် ဝမ်ဖုန်းတစ်ယောက် ထျန်းလန်ဒေသကို တစ်နေ့နေ့သွားရောက်မည်ကို သိရှိ၍ ဖြစ်သည်။
သို့ပါသော်လည်း ရတနာအကြောင်းကတော့ ကွဲပြားခြားနားခြင်း တစ်ခု ဖြစ်သည်။ဤသည်မှာ သူ၏ ဆရာကိုတောင် လိုချင်တပ်မက်စေခဲ့သော ရတနာကြီး တစ်ခု ဖြစ်ပါသည်။
ယောင်ရီ ဧကရာဇ်သည် ထိုရတနာကို သူကိုယ်တိုင် မူပိုင် သိမ်းဖို့ အထိတောင် တွေးတော ကြံဆခဲ့ဖူးလေသည်။
"စန်ဖုန်း ဒီကောင့်ရဲ့ တတိယခြေထောက်ကို ဖြတ်ထုတ်ပြီး ခွေးစာ ကျွေးလိုက်စမ်း" ယောင်ရီဧကရာဇ်တစ်ယောက် တိတ်ဆိတ်ငြိမ်သက်နေသည်ကို တွေ့လိုက်ရသည့်အခါ ဝမ်ဖုန်းသည် လက်ကို ဝေ့ရမ်းလျက် အေးစက်စွာပြောလိုက်သည်။
"တစ်ဖက်လောက လျို့ယင်း ပဲ !" ယောင်ရီ ဧကရာဇ်သည် ရုတ်တရက် ထအော်ဟစ်လိုက်သည်။သူသည် သူ၏ တတိယခြေထောက်အား အကြိမ်ကြိမ် ဖြတ်တောက်ရန် ကြံစည်နေသော ဝမ်ဖုန်းအား ဒေါသတကြီး စူးစိုက်ကြည့်လိုက်သည်။မင်း ဒီစကားက လွဲလို့ တစ်ခြား ခြိမ်းခြောက်စကား မပြောတတ်တော့ဘူးလားကွ....