ဝိုင်ဖိုင်မရှိဘဲ ချက်ဂရုမှာ ရှိနိုင်မလား
Vol. 7 Ch. 93
အာရုဏ်တက်ခြင်း၊ မိုးချုပ်ခြင်း၊ အစာစားခြင်း၊ ဝိုင်ဖိုင် ပြတ်တောက်ခြင်း.... ဤသည်က သာမန်လူများနှင့် ခေတ်သစ် ကျင့်ကြံသူများ အတွက် တူညီသော ညှဉ်းပန်းနှိပ်စက်မှုကြီး လေးရပ် ဖြစ်သည်။
ဗုံးပစ် စီနီယာ အင်မော်တယ် ချက်ဂရုသို့ ပြန်ရောက်လာပြီးနောက်တွင် ကျင့်ကြံခြင်း ဖိုရမ်မှ တစ်စုံတစ်ယောက်က ဟာသအနေဖြင့် ပို့စ်အသစ် တစ်ခုတင်ကာ ချက်ချင်း ဆိုသလို လှုံ့ဆော်လိုက်သည်။
"အံ့ဩစရာပဲ.. ချက်ဂရုပိုင်ရှင် ဗုံးပစ် စီနီယာ အင်မော်တယ်က ရက်အနည်းငယ် ကြာမှ ပြန်ပေါ်လာတယ်.. စီနီယာ အင်မော်တယ် ပျောက်ကွယ်နေရတဲ့ အကြောင်းရင်းက ဝိုင်ဖိုင် မရှိလို့တဲ့ဟေ့"
ဝိုင်ဖိုင် မရှိသည့်ဘဝက ချက်ဂရုပိုင်ရှင်ကို အထူး ဒေါသထွက်စေခဲ့သည်။
ဓာတ်ခွဲခန်းကို ဖျက်ဆီးသူအား ဖမ်းမိလျှင် ထိုလူ၏ လိင်အင်္ဂါကို ဖယ်ရှားကာ ကလီစာများကို တစ်ခုပြီး တစ်ခု ဆွဲထုတ်မည် ဖြစ်ကြောင်း အဖွဲ့ထဲတွင် လူသိရှင်ကြား ကြေညာခဲ့သည်။
ဗုံးပစ် စီနီယာ အင်မော်တယ်၏ ကြုံးဝါးမှု အပြီးတွင် ဝမ်လင်းက ချက်ဂရုကနေ တိတ်တဆိတ် ထွက်ခွာသွားခဲ့သည်။
ဗုံးပစ် စီနီယာအင်မော်တယ်ကို ရှာ၍ ကျောက်သရဲ မျက်နှာဖုံးနှင့် ပတ်သက်ပြီး အသေအချာ မေးမြန်းလိုသော သူ၏ ဆန္ဒက အနည်းငယ် ငြိမ်သက်သွားခဲ့သည်။
ထိုသို့မဟုတ်လျှင် လက်ရှိ အခြေအနေအရ ဤလူသာ အမှန်တရားကို သိသွားလျှင် ဝမ်မိသားစု အိမ်ငယ်လေးကို ဗုံးဖြင့် တိုက်ရိုက်ကြဲချမည့် ဖြစ်နိုင်ခြေ အလွန် မြင့်မားသည်ဟု ဝမ်လင်းက ခံစားခဲ့ရသည်။
…................
ရှစ်နာရီထိုးပြီးနောက် ညစာစားပြီးသော အချိန်တွင် လဲ့မုန့်မုန့်က ဝမ်မိသားစုအိမ်သို့ ပေါက်ချလာသည်။
ဝမ်မိသားစုက ညစာ စားသောအချိန်တွင် အိမ်ရှေ့တံခါးကို ပိတ်မထားတတ်သည့် အလေ့အထ ရှိသည်။
သူ့ကိုယ်သူ အပြင်လူလို့ မယူဆထားသည့် လဲ့မုန့်မုန့်က သူ့ဖိနပ်ကို ချွတ်ပြီး တံခါးနားတွင် ဧည့်သည်တွေ အတွက် အထူးပြင်ဆင်ထားသည့် ဖေဖေဝမ်၏ ဖိနပ်တွေကို ၀တ်ထားလိုက်သည်။
လဲ့မုန့်မုန့် အိမ်ထဲသို့ ဝင်လာသောအခါ မေမေဝမ်က မီးဖိုချောင်ထဲတွင် ပန်းကန်များကို ဆေးကြောနေပြီး ဖေဖေဝမ်နှင့် ဖိုးဖိုးဝမ်ကမူ ဟွာရှို့နိုင်ငံရှိ နောက်ဆုံးပေါ် ရေပန်းစား နေသော အကြောင်းအရာကို ထုတ်လွှင့်နေသည့် "One Belt, One Road" ဟူသော သတင်းကို ဆိုဖာပေါ်တွင် ထိုင်ကြည့်နေသည်။
အဘိုးအိုက လွန်ခဲ့သည့် နှစ်အတန်ကြာ ကတည်းက အကြားအာရုံ အနည်းငယ် ဆိုးရွားနေသည်။
ထို့ကြောင့် တီဗွီ အသံကို အလွန် ကျယ်လောင်စွာ ဖွင့်ထားသည်။
သူတို့က တံခါးဝတွင် လဲ့မုန့်မုန့် ရောက်လာသည်ကိုပင် သတိမထားမိပေ။
အသံခပ်သဲ့သဲ့ ကြားလိုက်ရပြီးနောက် ဖေဖေဝမ်က အသံလာရာဆီသို့ လှမ်းကြည့်လိုက်၏။
ဖေဖေဝမ်က လဲ့မုန့်မုန့်ကို လက်ဟန်ခြေဟန်ဖြင့် အပေါ်ထပ်သို့ ညွှန်ပြလိုက်သည်။
လဲ့မုန့်မုန့်က ဖေဖေဝမ် ဆိုလိုချင်သည့် အဓိပ္ပါယ်ကို ချက်ခြင်း နားလည်သွားပြီး ဒုတိယထပ်ရှိ စာကြည့်ခန်းထဲတွင် ဖေဖေဝမ် အလာကို စောင့်နေခဲ့၏။
လဲ့မုန့်မုန့် ရောက်လာရသည့် အကြောင်းရင်းက ပါမောက္ခကျန်း၏ စိတ်ပိုင်းဆိုင်ရာ ရောဂါရှာဖွေရေးနှင့် သက်ဆိုင်နေမှန်း ဖေဖေဝမ်က သိသည်။
ယင်းက ဖိုးဖိုးဝမ်နှင့် သက်ဆိုင်နေသဖြင့် ဖိုးဖိုးဝမ်ကြား၍ လန့်သွားမည်စိုးကာ ဖေဖေဝမ်က လဲ့မုန့်မုန့် ပြောတာကို အရင်နားထောင်ဖို့ ဆုံးဖြတ်လိုက်သည်။
ချက်ဂရုမှ ထွက်လာပြီးနောက် ဝမ်လင်းက လဲ့မုန့်မုန့်နှင့် ဖေဖေဝမ်တို့ စာကြည့်ခန်းထဲ ဝင်သွားကြသည်ကို တွေ့လိုက်ရ၏။
၎င်းတို့နှစ်ဦးက "Zeigarnik effect"အကြောင်းကို စတင်ပြောဆိုနေကြသည်။
(ကျွန်ုပ်တို့၏ စိတ်က ပြီးမြောက်သော အလုပ်များကို လျင်မြန်စွာ မေ့လျော့သွားတတ်သည်။ သို့သော် ထိုစိတ်က မပြီးဆုံးသေးသော ကိစ္စရပ်များကို သတိပေးခြင်းဖြင့် ကျွန်ုပ်တို့အား အဆက်မပြတ် နှောက်ယှက်ရန် အစီအစဉ် ဆွဲထားသည်။ ဤကဲ့သို့ အနှောင့်အယှက် ဖြစ်စေသော ဖြစ်စဥ်ကို zeigarnik effectဟု ခေါ်သည်)
ဤအကြောင်းအရာက ပါမောက္ခကျန်း၏ ကျောင်းသားဘဝတုန်းက ရေးသားခဲ့သော အချစ်နှင့် ပတ်သက်သည့် စိတ်ပညာဆိုင်ရာ သုတေသန အစီအရင်ခံစာတွင် ထင်ရှားလာခြင်းဖြစ်သည်။
သုတေသန အစီအရင်ခံစာ၏ ခေါင်းစဥ်မှာ "လူသားတို့သည်အချစ်ဦးကို အဘယ်ကြောင့် မမေ့ကြသနည်း"ဟူ၍ ဖြစ်သည်။
လဲ့မုန့်မုန့်က စာကြည့်ခန်း ထဲသို့ ဝင်လာသည်နှင့် သူသိမ်းထားသည့် ပါမောက္ခကျန်း၏ အစီအရင်ခံစာကို ဖေဖေဝမ်ထံ ပစ်ပေးလိုက်ရာ ဖေဖေဝမ်က ဇဝေဇဝါ ဖြစ်သွားသည်။
ဖေဖေဝမ်က အစီအရင်ခံစာကို ပြီးဆုံးအောင် ဖတ်ရှုလိုက်သော်လည်း နားမလည်နိုင် ဖြစ်နေဆဲပင်။
"ဘာကိုဆိုလိုတာလဲ.. ဒါက အဖေ့ရဲ့ မှတ်ဉာဏ်ချို့ယွင်းတဲ့ ရောဂါနဲ့ ဘာဆိုင်လို့လဲ"
"ပါမောက္ခကျန်းက အဘိုးအိုရဲ့ နာမကျန်းမှု အစိတ်အပိုင်း အနည်းငယ်က အသက်အရွယ်ကြောင့် ဖြစ်ပေမဲ့ အများစုက စိတ်ပိုင်းဆိုင်ရာ ပြဿနာကြောင့်လို့ ယူဆထားတယ်.. သူ့ရဲ့အကဲဖြတ်ချက်က ငါတို့အရင်က ထင်ထားသလိုပါပဲ"
လဲ့မုန့်မုန့်က ပြန်လည်ဖြေကြားခဲ့သည်။
"ရှင်းရှင်းပြောရရင် အစ်ကို စစ်ထူ.. မင်းအမေက အဘိုးကြီးအတွက် အရမ်း အရေးပါတယ်.. သူက မင်းအမေနဲ့ အတူအသက်ကြီးတဲ့အထိ အတူတူ ကုန်ဆုံးချင်ခဲ့တာ... ကံမကောင်းစွာပဲ သူ့ဆန္ဒက မပြည့်ဝလိုက်တဲ့ အတွက် တုန်လှုပ်ခြောက်ခြားပြီး စိတ်ထိခိုက်ခဲ့ရတယ်.. ဒါက မပြီးဆုံးသေးတဲ့ ကိစ္စတွေ အတွက် နောင်တရမှု တစ်မျိုးလည်း ဖြစ်ပြီး ငါတို့ အခုပြောနေတဲ့ Zeigarnik effect လည်း ဖြစ်တယ်"
စာကြည့်ခန်းထဲမှ ဖေဖေဝမ်တို့ နှစ်ယောက်၏ ပြောစကားကို နားထောင်ရင်း ဝမ်လင်း အံ့သြသွားသည်။
စိတ်ပညာရပ်တွင် လဲ့မုန့်မုန့် မည်မျှ အံချီးဖွယ် ကောင်းသည်ကို ပထမဆုံးအကြိမ် အဖြစ် သူအမှန်တကယ် သိရှိခဲ့သည်။
ပါမောက္ခကျန်း၏ နာမည် အပြည့်အစုံမှာ ကျန်းလီ ဖြစ်သည်။
သူက စိတ်အင်ပါယာ အဖြစ် ကျော်ကြားပြီး နေရာတိုင်းတွင် အရည်အချင်း ရှိသော ကျောင်းသားများ ရှိသည်။
လက်ရှိ ကျောင်းများတွင် တာဝန် ထမ်းဆောင်နေသော အကြံပေး စိတ်ပညာရှင် ခုနစ်ဆယ် ရာခိုင်နှုန်းကျော် သို့မဟုတ် အထက်အောက် ရာထူးဂုဏ်သိမ် အဆင့်အဆင့်ရှိ ပုဂ္ဂိုလ်များကို ခြေရာခံကြည့်မည် ဆိုလျှင် အနည်းနှင့်အများ သူနှင့် ပတ်သက်နေကြောင်း သိရှိနိုင်သည်။
၎င်းတို့က ပါမောက္ခကျန်းကို အပြင်မှာတွေ့လျှင် မဟာဆရာသခင်ဟု ခေါ်လေ့ ရှိကြသည်။
ဤလူများနှင့် ဆန့်ကျင်ဘက် အနေဖြင့် လဲ့မုန့်မုန့်မှာ ပါမောက္ခကျန်း၏ တိုက်ရိုက်ကျောင်းသား တစ်ယောက် ဖြစ်သည်။
သူက ပါမောက္ခကျန်း ထံမှ ညွှန်ကြားမှုများကို ကိုယ်တိုင်ကိုယ်ကျ ခံယူထားသောကြောင့် ပို၍ပင် အံ့သြစရာကောင်းသည်ဟု ဆိုရမည်။
လဲ့မုန့်မုန့်၏ ပါရမီကြောင့် သူသာ အသက်မွေးဝမ်းကြောင်း မပြုနိုင်သလို မခံစားရလျှင် စိတ်ပညာ နယ်ပယ်၌ နောက်ထပ်ပါမောက္ခကျန်း ဖြစ်လာဖို့ ဖြစ်နိုင်ချေ များသည်။
သို့မဟုတ်လျှင် ပါမောက္ခကျန်း ဆီမှ ပြန်စာကို အချိန်တိုအတွင်း လက်ခံရရှိမည် မဟုတ်ပေ။
ပါမောက္ခကျန်းက နှစ်ပေါင်းများစွာ ကြာသွားသည့်တိုင် သူ့တပည့်ကို မမေ့နိုင်သေးကြောင်း သက်သေပြခဲ့သည်။
သို့သော် ဤခေတ်တွင် ကျင့်ကြံမှု ထူးချွန်သူကိုသာ ဦးစားပေးသောကြောင့် ပညာရပ်ဆိုင်ရာ လေ့လာမှုများတွင် ပါရမီရှင် ဖြစ်သူများမှာ အလွန် ကံဆိုးသည်ဟု ဆိုရမည်။
ပါမောက္ခကျန်းက စိတ်ပညာကို နက်နက်ရှိုင်းရှိုင်း တတ်မြောက်ရုံသာ မကဘဲ ပထမတန်းစား ကျင့်ကြံသူလည်း ဖြစ်သည့် အတွက် အလွန် လူသိများသည်။
လဲ့မုန့်မုန့်က အမှန်တကယ် သနားဖို့ကောင်းသည်ဟု ဝမ်လင်း ရိုးသားစွာ ခံစားမိသည်။
ကျင့်ကြံခြင်းတွင် ပါရမီရှိရန် လိုအပ်သည်မှာ အမှန်ပင် နာကျင်စရာ အချက် ဖြစ်သည်။
အခြေတည်အဆင့် ဆေးဝါးကို စားသုံး၍ အခြေတည်အဆင့်ကို ချက်ချင်း ရောက်ရှိစေနိုင်သည့် ဒဏ္ဍာရီများ ရှိသော်လည်း တကယ် လက်တွေ့တွင် ထိုသို့သော အရာမျိုး လုံးဝမရှိခဲ့ပေ။
မှန်၏။ လဲ့မုန့်မုန့်က လက်ရှိ လူ့အဖွဲ့အစည်းတွင် ကျင့်ကြံမှု စွမ်းရည် မရှိ၍ လုပ်နိုင်စွမ်း ကန့်သတ်ချက် ရှိနေသည်။
ဆိုလိုသည်မှာ လဲ့မုန့်မုန့် ကဲ့သို့ လူများက သူတို့ မြတ်နိုးသည့် အလုပ်ကို မလုပ်နိုင်ဘဲ တခြား အလုပ်တစ်ခုကို ရှာလုပ်ခဲ့ရသည်။
တကယ်တမ်းတွင် မကျင့်ကြံနိုင်သော်လည်း အစွမ်းထက်လှသည့် ဦးနှောက်ကို နတ်ဘုရားဆီက ခံယူထားသော ဝမ်မင်လို လူမျိုး ကမူ အစိုးရကိုပင် ကြောက်လန့်စေနိုင်သည်။
"ဒါဆို ကျွမ်းကျင်လုနီးပါး.. မင်းဆိုလိုတဲ့ အဓိပ္ပါယ်က.."
"မဟုတ်ဘူး... ဒါက ပါမောက္ခကျန်းရဲ့ ယူဆချက်ပဲ.. ငါကသူ့ကိုယ်စား စကားပါးရုံ ပါပဲ"
လဲ့မုန့်မုန့်က လေးနက်သည့် အမူအရာဖြင့် ပြောလိုက်သည်။
"အခုအချိန်မှာ အကောင်းဆုံး ဖြေရှင်းချက်ကတော့ အဆိပ်ကို အဆိပ်နဲ့ တိုက်ထုတ်ဖို့ပဲ.. ဒီစိတ်ပိုင်းဆိုင်ရာ ဒဏ်ရာတွေကို ကုသဖို့ အတွက် အဘိုးအိုရဲ့ စိတ်ခံစားချက်တွေကို မှန်ကန်စွာ ဖြေရှင်းရမယ်.. ဒါမျိုးကို စိတ်ပညာမှာ အစားထိုး အကျိုး သက်ရောက်မှုလို့ ခေါ်တယ်.. ဒါပေမယ့် ဒီနည်းလမ်းက ရာနှုန်းပြည့် စိတ်ချရတာတော့ မဟုတ်ဘူး"
ထိုစကားကြောင့် ဖေဖေဝမ်က တစ်စက္ကန့်မျှ တိတ်ဆိတ်သွားပြီးမှ မေးခွန်းထုတ်လိုက်သည်။
"ဒါဆို ငါတို့ ဘာလုပ်ဖို့ လိုသေးလဲ"
"ဒါက အရမ်း ရိုးရှင်းပါတယ်.. အဘိုးကြီးမှာ အချစ်ဦး ရှိလား.. အခုအချိန်ထိ သူက သူ့ရဲ့ အချစ်ဦးကို မေတ္တာ မပျက်သေးရင် အစားထိုး အကျိုး သက်ရောက်မှုက အလုပ် ဖြစ်နိုင်တယ်.. သူ့ရဲ့ ထူးခြားတဲ့ မှတ်ဉာဏ် ချို့ယွင်းတဲ့ ရောဂါကို အပြည့်အဝ မကုသနိုင်ရင်တောင်မှ သူ့ရဲ့ စိတ်ပိုင်းဆိုင်ရာ ဒဏ်ရာကို သိသိသာသာ သက်သာစေမယ်လို့ ငါထင်တယ်"
"အချစ်ဦးလား"
ထိုစကားကို ကြားပြီးနောက် ဖေဖေဝမ်က စက္ကန့်အနည်းငယ်မျှ စဉ်းစားလိုက်သည်။
သူက အဘိုးအို ပြောခဲ့ဖူးသည့် အတွေ့အကြုံ မရင့်ကျက်သော မိန်းကလေးကို ရုတ်တရက် သတိရသွားသည်။
"ဟိုတလောက အဖေ မိန်းကလေး တစ်ယောက် အကြောင်း ပြောနေတာ ကြားဖူးတယ်.. သူ ငယ်စဥ် စားဖိုမှူး ဖြစ်တုန်းက ကြိုက်ခဲ့ဖူးပေမယ့် သူမက သူ့ရဲ့ အချစ်ဦး ဟုတ်မဟုတ်တော့ မသေချာဘူး"
"ဒါပဲလေ"
လဲ့မုန့်မုန့်က သူ့လက်ဖြင့် စားပွဲခုံကို ရိုက်လိုက်သည်။
"အဘိုးအိုရဲ့ စိတ်ရောဂါက အတော် အခြေအနေ ဆိုးနေပြီ.. ဒီလိုအချိန်မှာတောင် အဲဒီ မိန်းကလေးကို မှတ်မိနေသေးတယ်ဆိုရင် သူက သူမ အပေါ် လေးနက်တဲ့ သဘောထားရှိတာ သက်သေပြဖို့ လုံလောက်သွားပြီ.. သေချာပါတယ် သူမက သူ့ရဲ့ အချစ်ဦးပဲ"
"အိုး.. ဒါဆိုအခု ငါတို့လုပ်ရမှာက ဒီ အတွေ့အကြုံ မရင့်ကျက်တဲ့ ကောင်မလေးကို ရှာဖွေပြီး အဘိုးကြီးနဲ့ တွေ့ဖို့ ခေါ်သွားရမယ်.. ဟုတ်တယ်မလား"
ဖေဖေဝမ်က မေးလိုက်သည်။
"အတိအကျပဲ"
လဲ့မုန့်မုန့်က ခေါင်းညိတ်၍ ပြန်ဖြေလိုက်သည်။
ယင်းအချိန်တွင် ဖေဖေဝမ်က ရုတ်တရက် ဉာဏ်အလင်းရသွားသည်။
ထို့နောက် သူက ဝမ်လင်း၏ အခန်းဆီသို့ လှမ်းကြည့်ကာ လက်ဟန်ခြေဟန်ဖြင့် အားတက်သရော တိုက်တွန်းလိုက်သည်။
"လုပ်လိုက်စမ်း.. လင်းလင်း.. ဖိုးဖိုးဝမ် ပျောက်ကင်းနိုင်လား မပျောက်ကင်းနိုင်ဘူးလား ဆိုတာ မင်းအပေါ်မှာပဲ မူတည်တယ်"
ဝမ်လင်း"................."