← Chapters

၎င်းသည် သဘာဝမကျသော နံနက်ခင်းဖြစ်သည်

Vol. 7 Ch. 95

၎င်းသည် သဘာဝမကျသော နံနက်ခင်းဖြစ်သည်

Vol. 7 Ch. 95

ဆရာမဖန်၏ ပုံကို စာရွက်ပေါ်တွင် ဆွဲရန် ဝမ်လင်းက အဆင့်မြင့် ပုံကြမ်း ရေးဆွဲခြင်း စွမ်းရည်ကို အသုံးပြုခဲ့သည်။

ဤစွမ်းရည်ကို သူနောက်ဆုံး အသုံးပြုခဲ့သည်မှာ ဝမ်မင်ကိုရှာဖွေဖို့ ကျန့်ထန်ကို တောင်းဆိုစဥ်က ဖြစ်သည်။

ဤတစ်ကြိမ်တွင် သူ့အတန်းပိုင် ဆရာမ၏ ပုံတူကို ဆွဲရလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။

ဖေဖေဝမ်က အနက်ရောင်မျက်မှန်ကို ပင့်တင်ရင်း ဝမ်လင်း၏ ပုံကြမ်းကို ငေးကြည့်လိုက်ရာ ပြောစရာစကားလုံးက ပဟေဠိဆန်စွာ ပျောက်ရှသွားခဲ့သည်။

"................."

ပုံထဲမှ အမျိုးသမီးက ရုံးခန်းတွင် နှစ်ရှည်လများ အလုပ်လုပ်ခဲ့သောကြောင့် အထိုင်များပြီး အတော်လေး ဝဝကစ်ကစ် ဖြစ်နေသည်။

သူမ၏ခါးက စည်ပိုင်းကဲ့သို့ မဖြစ်သေးသော်လည်း ဝမ်းဗိုက်တစ်ဝိုက်တွင် အဆီပြင်ကြီး ရှိနေပြီ ဆိုတာ ထင်ရှားနေသည်။

သူမ၏ ပျက်စီးနေသော ဆံနွှယ်များကို စုစည်းထားသည့် မြင်းမြီးပုံ ဆံပင်ပုံစံတွင် ဆံပင်ဖြူများက ကျိုးတိုးကျဲတဲ ရှိနေ၏။

သူမ၏ မျက်နှာကလည်း အသက်အရွယ်အရ အရေးအကြောင်းများစွာ တိုးလာခဲ့ပုံရသည်။

ဖေဖေဝမ်က မည်မျှပင် ပင်ပင်ပန်းပန်း ကြိုးစား အားထုတ်နေပါစေ.. ပုံကြမ်းထဲမှ ဆရာမဖန်မှာ ဖေဖေဝမ်၏ စိတ်ကူးထဲတွင် ပုံဖော်ခဲ့ဖူးသည့် ငယ်ရွယ်နုပျိုသော မိန်းကလေး၏ ပုံရိပ်နှင့် မယှဉ်နိုင်ပေ။

"မင်းရဲ့ ဆရာမဖန်က မင်းအဘိုးပြောတဲ့ အတွေ့အကြုံ မရင့်ကျက်တဲ့ ကောင်မလေးဆိုတာ သေချာရဲ့လားကွာ"

ဝမ်လင်းက ထွင်ထျန်းဟာ၏ အမွေးထူသော တင်ပါးကို ကန်ထည့်လိုက်ရာ ထွင်ထျန်းဟာက နာကျင်သွားပြီး တကိန်ကိန် ညီးတွားလိုက်သည်။

ဖေဖေဝမ်က သက်ပြင်းကိုပင် မချနိုင်တော့ပေ။

ဒါက တကယ်ကို တုန်လှုပ် ချောက်ခြားစရာပင်။

ညဉ့်နက်သန်းခေါင်ချိန် ရောက်လေပြီ။

ဖိုးဖိုးဝမ်က စောစောကပင် အိပ်ပျော်သွားခဲ့ပြီ ဖြစ်သော်လည်း မေမေဝမ်က အပေါ်ထပ်တွင် အရေးအကြောင်းများ သက်သာစေသည့် မျက်နှာဖုံးကို သူမ၏ မျက်နှာ၌ ကပ်ထား၏။

ဝမ်မိသားစု သားအဖကမူ ဆရာမဖန်၏ ပန်းချီကားကို ဆိုဖာပေါ်တွင် မှီ၍ အသက်မဲ့စွာ စိုက်ကြည့်ရင်း သက်ပြင်းကိုပင် မချနိုင်တော့ပေ။

ဆရာမဖန်က ဖိုးဖိုးဝမ်၏ အချစ်ဦး ဖြစ်နေသည်မှာ သူတို့ကို သောက အပေးနိုင်ဆုံးအရာ ဖြစ်နေသည် မဟုတ်ပါလား။

ယခုအချိန်တွင် ဝမ်လင်းက ဖိုးဖိုးဝမ်တို့ နှစ်ဦး ဆုံစည်းစေမည့် နည်းလမ်းကို ရှာဖွေရတော့မည် ဖြစ်၏။

ယင်းက အခက်ခဲဆုံး အပိုင်းလည်း ဖြစ်သည်။

ဤကိစ္စကြောင့် ဖေဖေဝမ်က လုံးလုံးလျားလျား စိတ်ရှုပ်နေပြီး စာရိုက်ချင်စိတ်ပင် မရှိတော့ပေ။

ဖေဖေဝမ်က စိတ်သက်သာရာရရန် ဓါတ်ပုံကို စားပွဲပေါ်တွင် တင်ပြီး အပေါ်ထပ်တွင် တက်အိပ်လိုက်သည်။

ဝမ်လင်းက သူ၏ အိပ်ခန်းကျဉ်းလေးထဲကို ပြန်ရောက်သည်နှင့် နှစ်ပေါင်းများစွာ ကွဲကွာနေသည့် ဖိုးဖိုးဝမ်နှင့် ဆရာမဖန်တို့ ပြန်လည် ဆုံစည်းနိုင်မည့် နည်းလမ်းကို တစ်ညလုံး စဥ်းစားရင်း တစ်မှေးမှ အိပ်မပျော်ခဲ့ပေ။

ယင်းမှာ အမှန်တကယ်ပင် ဖင်ကျိန်းစေသော ကိစ္စ ဖြစ်၏။

နောက်တစ်နေ့ နံနက်စောစော ဝမ်လင်း အိမ်မှ ထွက်လာသောအခါ ဖိုးဖိုးဝမ်က အိမ်ရှေ့တံခါးဝတွင် နေပူစာလှုံ၍ ထိုင်နေပြန်သည်။

ဤတစ်ကြိမ်တွင် ဖိုးဖိုးဝမ်က ဝမ်လင်း၏ နေ့လယ်စာ ထမင်းဘူးထဲတွင် အအေးစာ နှစ်မျိုး ထည့်ထားသည်။

တစ်မျိုးက မှိုအမည်းရောင်နှင့် သခွားသီးသုပ် ဖြစ်ပြီး အခြားတစ်မျိုးမှာ အမဲသားကို အထူးပြု၍ စီမံထားသည့် စီချွမ်ဟင်းလျာ ဖြစ်သည်။

ဝမ်လင်း အံ့အားသင့်သွားသည်။

".............."

တစ်နည်းနည်းဖြင့် ဤဟင်းနှစ်ပွဲ၏ နောက်ကွယ်တွင် အဓိပ္ပါယ်တစ်ခုခု ရှိနေသည်ဟု သူခံစားမိနေသည်။

ဝမ်လင်းက ထမင်းဘူးကိုယူရန် လက်ကို ဆန့်ထုတ်လိုက်ရာ ဖိုးဖိုးဝမ်က သူ့လက်ကို ဆွဲလိုက်သည်။

"လင်းလင်း.. မင်းအဖွားကို ငါထပ်ပြီး အိပ်မက်မက်ခဲ့တယ်"

ဝမ်လင်းက နှုတ်ဆိတ်နေသည်။

"သူမက အရင်ကလို နုပျိုလှပနေတုန်းပဲ"

အဘိုးအိုက ကျေနပ်စွာ ပြုံးလိုက်သည်။

"သူမ ကွယ်လွန်တဲ့နေ့မှာ သူမကို ငါ့ရင်ခွင်ထဲ သိမ်းဖက်ထားရင်း နောက်ဘဝတွေမှာလည်း ငါတို့တွေ အိမ်ထောင်ပြုဦးမယ်လို့ တိုးတိုးလေး ပြောခဲ့တယ်"

ထိုစကားကိုပြောရင်း အဘိုးအို၏ မျက်လုံးတွေက အနည်းငယ် စိုစွတ်လာ၏။

ဖိုးဖိုးဝမ်က မျက်ရည်တွေကို ထိန်းထားဖို့ ကြိုးစားနေပုံရသည်။

"သူမက ငါ့အိမ်မက်ထဲမှာ အအေးစာကို စားချင်တယ်လို့ ပြောခဲ့တယ်.. လင်းလင်း.. ကျေးဇူးပြုပြီး ဒီဟင်းနှစ်ပွဲကို သူမအတွက် မီးရှို့ပေးလို့ရမလား"

ဝမ်လင်း "............."

"နောက်ဆုံးတော့ ဒီဟင်းတွေက ငါ့အတွက်လည်း မဟုတ်ပါလား"

…..................

အတွင်းရေးမှူး တာခန်းက စစ်ဆေးရေး အဖွဲ့ကို စေလွှတ်လိုက်သည့် အတွက် ကျောင်းရှိ အတန်းတိုင်း၏ ပတ်ဝန်းကျင်က ယနေ့တွင် သဟဇာတ ဖြစ်နေသည်။

အတန်းတိုင်းတွင် အိမ်စာများ ကူးယူခြင်းမှာလည်း သိသိသာသာ လျော့ပါးသွားခဲ့သည်။

ဝမ်လင်းက သင်ကြားရေး အဆောက်အအုံထဲသို့ ဝင်ရောက်လာစဉ် လက်မောင်းတွင် ဖဲကြိုးပြာ ပတ်ထားသည့် လူငယ်တစ်ဦးကို စင်္ကြန်တစ်လျောက်၌ မြင်လိုက်ရ၏။

ထိုလူငယ်က စည်းကမ်း ချိုးဖောက်သူ ရှိမရှိ အတန်းတိုင်းကို စစ်ဆေးနေခဲ့သည်။

ဝမ်လင်းက ဤလူငယ် အကြောင်း ကြားဖူးသည်။

သူ့ကို ယွီဟမ် ဟုခေါ်ပြီး အမှတ် ၆၀ အထက်တန်းကျောင်း၏ တတိယနှစ်မှ စီနီယာတစ်ဦး ဖြစ်သည်။

ယွီဟမ်က အမှတ်၆၀ အထက်တန်းကျောင်း၏ ကျောင်းသားသမဂ္ဂ စစ်ဆေးရေးအဖွဲ့၏ လက်ရှိ အဖွဲ့ခေါင်းဆောင်လည်း ဖြစ်ပြီး "မျိုးနွယ်စုခေါင်းဆောင်ယွီ"ဟု ကျောင်းတွင် အမည်ပြောင် ပေးခံထားရသည်။

သူက တာဝန် ကျေပွန်ပြီး အတွေ့အကြုံ ရင့်ကျက်သူ တစ်ဦးဖြစ်သည်။

နံနက်ခင်း စောစောတွင် ကျောင်း၌ စည်းကမ်းဖောက်ဖျက်သော ကျောင်းသားများ အမြဲ ရှိနေတတ်သော်လည်း မျိုးနွယ်စု ခေါင်းဆောင်ယွီက ကိုယ်တိုင်ကိုယ်ကျ လက်ပူးလက်ကြပ် မဖမ်းမိသ၍ ၎င်းတို့ကို ဖော်ထုတ်မည် မဟုတ်ချေ။

သူက မကြာခင် ဘွဲ့ရတော့မှာ ဖြစ်၍ မလိုအပ်ဘဲ လူတွေကို စော်ကားလိုခြင်း မရှိတော့ပေ။

ထို့အပြင် သူက ထပ်ခါတလဲလဲ စစ်ဆေးမှုလုပ်သည့် အလေ့အထ မရှိပေ။

သူက လမ်းလျှောက်သွားရင်း အတန်းတိုင်းကို ပေါ့ပေါ့ပါးပါး လှည့်လည် စစ်ဆေးကာ သူ့တာဝန်ကို ပြီးမြောက်အောင် လုပ်ဆောင်ခဲ့၏။

ထိုသို့ ပေါ့ပေါးပါးပါး လုပ်ဆောင်ရသည့် အကြောင်းပြချက်က ရိုးရှင်းသည်။

စီနီယာ ကျောင်းသား တစ်ယောက် အနေဖြင့် သူ၏ ကိုယ်ပိုင်အိမ်စာပင် မပြီးသေးပေ။

သူ့တွင် စစ်ဆေးမှုလုပ်ဖို့ အချိန်ပို ဘယ်မှာ ရှိနိုင်အံ့နည်း။

သို့သော် အဓိပ္ပါယ်မရှိသော စည်းမျဉ်းများကို ဖန်တီးရန် နှစ်သက်သည့် ကျောင်းခေါင်းဆောင်များကြောင့် သူ့တွင် ရွေးချယ်စရာ မရှိခဲ့ပေ။

အဓိက မြို့ပြများရှိ အထက်တန်းကျောင်းများတွင် မည်သူကမှ အိမ်စာကို ကူးမချဟု သူဘယ်တုန်းကမှ မယုံခဲ့ပေ။

မှန်၏။ ယင်းမှာ ယွီဟမ်က ဤကဲ့သို့ အပြုအမူကို အားပေးအားမြှောက် ပြုသည်ဟု မဆိုလိုပေ။

ထိုအရာကို "ဆင်ခြင်တုံတရားက ပကတိအမှန်တရား၊ ပကတိအမှန်တရားက ဆင်ခြင်တုံတရား" ဟု ခေါ်သည်။

ဆိုရလျှင် ကျောင်းသားများ အနေဖြင့် မှန်းဆမရသော ကိစ္စရပ်များကြောင့် အိမ်စာကို အချိန်မီ မပြီးမြောက်လျှင် မျိုးနွယ်စု ခေါင်းဆောင်ယွီက အိမ်စာများကို ကူးယူရန် တစ်ကြိမ် သို့မဟုတ် နှစ်ကြိမ်ခန့် နားလည်ပေးနိုင်သည်ဟု ယူဆ၍ရသည်။

ဝမ်လင်း အတန်းသို့ ရောက်သောအခါတွင်စာသင်ခန်းထဲ၌ လှည့်ပတ် စစ်ဆေးနေသော မျိုးနွယ်စု ခေါင်းဆောင်ယွီကို တွေ့လိုက်ရသည်။

သူက အတန်းတစ်ဝိုက်ကို ပျင်းရိစွာ ငေးကြည့်ရင်း အနည်းငယ် ငြီးငွေ့သော လေသံဖြင့် မေးလိုက်သည်။

"မင်းတို့ရဲ့ အတန်းတာဝန်ခံက ဘယ်သူလဲ"

မြေပဲလေးက မတ်တပ် ထရပ်ပြီး သူ့လက်ကို မြှောက်လိုက်သည်။

"ကျတော်ပါ"

မြေပဲလေးက အရပ်ပု၍ စီနီယာယွီဟမ်၏ ရှေ့တွင် မူလတန်း ကျောင်းသားနှင့် တူနေသည်။

သူက ခေါင်းကိုငုံ့ကာ မျက်တောင် ပုတ်ခတ်ပုတ်ခတ် လုပ်၍ ပြောလိုက်သည်။

"စီနီယာယွီ.. စိတ်မပူပါနဲ့.. ငါတို့အတန်းက အရမ်း စာကြိုးစားတယ်.. သေချာပါတယ်... ဒီမှာ အိမ်စာ ကူးယူတဲ့လူ မရှိဘူး"

ယွီဟမ်၏ စူးစမ်းသောအကြည့်က မြေပဲလေးပေါ်တွင် ခဏတာ ငြိမ်သက်သွား၏။

တစ်ချက်ကြည့်ရုံဖြင့် ဤချစ်စရာကောင်းသော ဂျူနီယာ ညီငယ်လေးက လိမ်နေကြောင်း သူကောင်းစွာ သိသည်။

တည်ငြိမ်မှု မရှိသောလေသံ၊ ဂဏှာမငြိမ်သော မျက်ဝန်း၊ သဘာဝ မကျသော လက်ဟန်ခြေဟန် လှုပ်ရှားမှု.. ယင်းအချက်အလက်များနှင့် အတူ ပဟေဠိဆန်သော မျက်နှာနီမြန်းခြင်း...

"ဒါက ဘာငရဲလဲ"

သို့သော် မည်သူ့ကိုမှ လက်ပူးလက်ကြပ် ဖမ်းမမိသောကြောင့် ယွီဟမ်က ပေမရှည်ချင်တော့ပေ။

"အင်း.. ဒီနေ့ စစ်ဆေးမှုက ဒီမှာတင် ပြီးပြီ"

{ဒီကောင်လေးက တောက်ပတဲ့ အနာဂတ်ရှိတယ်}

ယွီဟမ်က စိတ်ထဲကနေ ရေရွတ်လိုက်ရင်း မြေပဲလေး၏ ခေါင်းကို ပုတ်လိုက်သည်။

မူလတန်းကျောင်း၊ အလယ်တန်းကျောင်း သို့မဟုတ် အထက်တန်းကျောင်းတွင်ဖြစ်စေ..

Grade 1 ကျောင်းသားများမှာ အမြဲလိုလို အရှက်အကြောက် ကြီးကြသည်။

အသေးငယ်ဆုံး ပြစ်မှုကို ကျူးလွန်မိလျှင်ပင် ၎င်းတို့က အဖမ်းခံရမည်ကို ကြောက်လန့်ပြီး တစ်ချိန်လုံး တုန်လှုပ်နေခဲ့ကြသည်။

အမှတ်၆၀ အထက်တန်းကျောင်းတွင် သုံးနှစ်ကြာ ပညာသင်ကြားခဲ့သော စစ်ဆေးရေးအဖွဲ့၏ ခေါင်းဆောင် အနေဖြင့် မျိုးနွယ်စု ခေါင်းဆောင်ယွီက မြေပဲလေး၏ စိတ်ရင်းကို တစ်ချက်ကြည့်ရုံဖြင့် မြင်လိုက်ရသည်။

သို့ရာတွင် ဤအရာတွေ အကုန်လုံးက အရေးမကြီးတော့ပေ။

မြေပဲလေးက သိပ်မကြာခင်မှာပင် ဤအရာ၌ ပရိုတစ်ယောက်ဖြစ်လာလိမ့်မည်ဟု သူတွက်ဆခဲ့သည်။

ဝမ်လင်းက သူ့ထိုင်ခုံသို့ ရောက်သောအခါ မျိုးနွယ်စု ခေါင်းဆောင်ယွီက စစ်ဆေးမှုကို လျင်မြန်စွာ လက်စသတ်ပြီး အတန်းထဲမှ ထွက်ခွာရန် အသင့်ဖြစ်နေပြီ ဖြစ်သည်။

ယွီဟမ် အခန်းထဲမှ ထွက်ခါနီးတွင် ကော်ဟောက်က

"စိတ်မပူပါနဲ့ မျိုးနွယ်စု ခေါင်းဆောင်ယွီ.. ကျနော်တို့ လက်ရွေးစင်အတန်းက ဂျူနီယာတွေက စိတ်ဓာတ်၊ စည်းကမ်း၊ ပညာဆိုတဲ့ အချက်သုံးချက်ကို လက်ကိုင်ထားပြီး အိမ်စာမကူးဖို့ ဆုံးဖြတ်ထားပါတယ်"

ထိုစကားများကို ပြောပြီးနောက် ကော်ဟောက်က သူ့နှလုံးသား အနက်ရှိုင်းဆုံး နေရာတွင် သိုဝှက်ထားသည့် အတင့်ရဲသောသွေးများ ပို၍ပင် ရဲရဲတောက်လာသလို ခံစားရသည်။

မြေပဲလေးက အနည်းငယ် ရှက်ရွံ့စွာဖြင့် မျက်နှာကို လက်ဖြင့် အုပ်ထားလိုက်သည်။

"အတန်းဖော်ကော်.. မင်းရဲ့နှာခေါင်း.."

ထိုစကားကို ကြားလျှင် ကော်ဟောက်က သူ့နှာခေါင်းကို စမ်းကြည့်လိုက်ရာ သွေးထွက်နေကြောင်း မမျှော်လင့်ဘဲ တွေ့ရှိခဲ့သည်။

"အင်း ငါအရမ်း စိတ်လှုပ်ရှားနေလို့ ဖြစ်ရမယ်.. ဟုတ်တယ်.. အဲဒါပဲ ဖြစ်ရမယ်.. ငါ့နှလုံးသားထဲမှာ လက်ခံထားတဲ့ ဖြောင့်မတ်ခြင်း တရားက အိမ်စာတွေကို မိတ္တူကူးတာ အရမ်းဆိုးရွားတဲ့ အကျင့်တစ်ခုလို့ ငါ့ကို ပြောနေတယ်"

ဝမ်လင်းက ကော်ဟောက်ကို မျက်လုံးပြူး ကြည့်လိုက်သည်။

"..............."

ဤအကောင်က အိမ်စာတွေကို ကူးယူဖို့ အားလုံး၏ ရှေ့တွင် ဘောပင်လေးချောင်း နည်းစနစ်ကို သေချာပေါက် အသုံးပြုခဲ့သော်လည်း အရှက်မဲ့စွာ ပြောဆိုနေသည်။

ထို့နောက် ကော်ဟောက်က သူ့နေရာတွင် ပြန်ထိုင်လိုက်သည်။

သို့သော် သူ့ဖင်က ကုလားထိုင်ကို ထိလိုက်သည်နှင့် ဓာတ်လိုက်ခံရသလို တွန့်သွားသောကြောင့် သူက ချက်ချင်းပင် ထရပ်လိုက်သည်။

ယင်းနောက် ဝမ်လင်းက ကော်ဟောက်၏ သက်ပြင်းချ၍ ရေရွတ်သံကို ကြားလိုက်ရသည်။

"အား.. ငါ့ဖင်က နာကျင်နေတာပဲ.. ငါဘောပင်လေးချောင်းနည်းစနစ်ကို မသုံးခဲ့သင့်ဘူး"

ဝမ်လင်း "..........."

"မင်းဒီနေ့မနက်ထိ ဒီနည်းစနစ်ကို သောက်-ဖုတ်လို အသုံးပြုနေမှတော့ ဖင်နာတာ ဘာထူးဆန်းလို့လဲ"

All Chapters