← Chapters

ရှေးဟောင်းစာအုပ်ကြီး၏ အတင်းအဖျင်းပြောချိန်

Vol. 7 Ch. 96

ရှေးဟောင်းစာအုပ်ကြီး၏ အတင်းအဖျင်းပြောချိန်

Vol. 7 Ch. 96

ယနေ့က မေလ၁၉ရက်နေ့ ဖြစ်ပြီး စာသင်နှစ် စပြီးနောက် စတုတ္ထအပတ် အင်္ဂါနေ့လည်း ဖြစ်သည်။

ဆရာဝမ် အကျွမ်းတဝင်ရှိသော သမိုင်းသင်တန်းချိန်လည်း ဖြစ်၏။

တံခါးအပြင်ဘက်တွင် ကျောင်သားများက Grade 1အတန်း၏ စင်ပေါ်သို့မတက်ခင် Grade 1အတန်းဆီသို့ ဦးတည်လာသော ဂင်တိုတို အရပ်ပုပုနှင့် ဖက်တီးဆရာကို တွေ့လိုက်ရသည်။

ဆရာဝမ်က စာမေးပွဲ ရမှတ်များကို သူ့စိတ်ဝိညာဥ်ထဲထိ စွဲနေအောင် မှတ်သားထားသောကြောင့် စာသင်ခန်းထဲသို့ စာအုပ် တစ်အုပ်သာ ယူလာခဲသည်။

ပြဌာန်းစာအုပ်ကို အသုံးမပြုဘဲ သင်ကြားဖို့မှာ အလွန်ခက်ခဲသည်ဟု ဝမ်လင်းက အမြင်တချို့ဖြင့် တွေးထင်ခဲ့သည်။

တစ်ချိန်တည်းမှာပင် ဆရာဝမ်က စာသင်ခန်းကို လူတိုင်းအတွက် ပျော်စရာကောင်းသော ပတ်ဝန်းကျင်တစ်ခု ဖြစ်စေခဲ့သေးသည်။

အမှတ်၆၀ အထက်တန်းကျောင်း တစ်ခုလုံးတွင် ဆရာဝမ်၏ သင်ကြားမှုပုံစံမှာ စံထားရလောက်အောင် ကောင်းမွန်သည်။

ထို့အပြင် ပြဌာန်း စာအုပ် မပါဘဲ သင်ကြားသည့် နည်းလမ်းက ဆရာတစ်ဦး၏ စွမ်းရည်ကို အမှန်တကယ် စမ်းသပ်နိုင်သည့် နည်းလမ်း ဖြစ်သည်။

နှီးနှောဖလှယ်ပွဲအပြီး စနေ၊ တနင်္ဂနွေ နှင့် တနင်္လာနေ့က ကုန်ဆုံးသွားသည်။

ထိုတိုတောင်းသော သုံးရက်အတွင်း ဆရာဝမ်၏ အသွင်အပြင်က သိသိသာသာ ပိုဝဖြိုးလာသည်။

ဆရာဝမ် နှင့် အမှတ်၅၉ အထက်တန်းကျောင်းမှ ဒါရိုက်တာ ရှဲ့ တို့၏ အချစ်ရေးမှာ လျှို့ဝှက်ချက် မဟုတ်တော့ပေ။

ဆရာဝမ်၏ ချစ်ခြင်းမေတ္တာကို ပြသသည့် နည်းလမ်းက ဒါရိုက်တာ ရှဲ့ကို စားသောက်ရန် အပြင်သို့ ခေါ်ဆောင်သွားခြင်း ဖြစ်သည်ဟု ဝမ်လင်းက အသေအချာ သိနေသည်။

ဆရာဝမ်သာ မဟုတ်ဘဲ ဒါရိုက်တာရှဲ့လည်း ပိန်နေရာမှ ဝဝဖောင်းဖောင်းလေး ဖြစ်လာတော့မည်ဟု ဝမ်လင်းက တွေးလိုက်၏။

"မကြာသေးမီက အဖြစ်အပျက်တွေ အများကြီး ဖြစ်ပွားခဲ့တယ်.. သူတော်စင်မြင်းတပ်လို့ ခေါ်တဲ့ အဖွဲ့အစည်းကို လူတိုင်း ကြားဖူးကြသလား"

ဆရာဝမ်က ထိုသို့ ပြောလိုက်သည့်အခါ အတန်းထဲတွင် ဆွေးနွေးမှုတွေက သိသိသာသာပင် အရှိန်တက်လာသည်။

မီဒီယာများ ဖော်ထုတ်ပြီးနောက် ဤနို့မှုန့်အတုဂိုဏ်း၏ ပိရမစ် ဗျူဟာက လူထု၏ စိုးရိမ်ပူပန်မှုကို ကျယ်ပြန့်စွာ လှုံဆော်ခဲ့သည်မှာ ထင်ရှားသည်။

စားပွဲပေါ်တွင် သံဗူး တစ်ဗူး မတင်မီ ဆရာဝမ်၏လက်က ဝိညာဉ်အလင်းရောင်ဖြင့် တောက်ပနေခဲ့သည်။

"ဒါက နို့မှုန့်အတုဂိုဏ်းကနေ ငါတိုက်ရိုက်ဝယ်ခဲ့တဲ့ နို့မှုန့်ပဲ.. အဲဒီတုန်းကတော့ ငါက သူတို့ အတွက် အေးဂျင့်တစ်ခု ဖြစ်လာဖို့ လေးလေးနက်နက် အကြံပြုလိုက်တယ်"

"ဆရာ.. နောက်ဘာဆက်ဖြစ်သေးလဲ"

လင်းရှောင်ယုက သိချင်စိတ် ပြင်းပြသော အမူအရာဖြင့် မေးလိုက်သည်။

"နောက်တော့ တစ်ပြားတစ်ချပ်မှ ပေးစရာမလိုဘဲ ဒီနို့မှုန့်ကို ရဖို့ သူ့ကို ငါဆွဲဆောင်ခဲ့တယ်.. ငါ့ရဲ့ ဟောပြောချက်ကို နို့မှုန့်အတုဂိုဏ်းက နားထောင်ပြီးတဲ့ နောက်မှာ စိတ်ရင်းမှန်နဲ့ နောင်တရပြီး စိတ်သစ်လူသစ် ဖြစ်လာဖို့ စိတ်ကူးခဲ့တယ်"

ထိုစကားကိုကြားလျှင် ဆရာဝမ်က ခါတိုင်းလို ကြီးကြီးကျယ်ကျယ် ပြောနေသည်ဟု ထင်ပြီး ကျောင်းသား တော်တော်များများက ရယ်မောလိုက်ကြသည်။

စွန်းရုံနှင့် ဝမ်လင်းတို့၏ နှလုံးသားများသာ ခုန်ပေါက်လှုပ်ရှားသွားခဲ့သည်။

တစ်စုံတစ်ယောက်ကို မြေဖြူခဲ တစ်ခဲနဲ့ ပစ်သတ်နိုင်သည်ဟုပြောစဥ်ကလည်း လူတော်တော်များများက ဟာသအဖြစ် မှတ်ယူခဲ့ကြ၏။

သို့သော် နောက်ဆုံးတွင် တစ်စုံတစ်ယောက်ကို မြေဖြူခဲဖြင့် အမှန်တကယ် ပစ်သတ်ခဲ့သည်။

ထို့ကြောင့် ဤအဖြစ်အပျက်က အလွန်ဖြစ်နိုင်ချေ ရှိသည်မှာ သိသာထင်ရှားနေ၏။

သူတော်စင်မြင်းတပ်၏ နို့မှုန့်အတု ရောင်းသည့်ကိစ္စက ဤတစ်ကြိမ် အတန်း စတင်ရသည့် နောက်ထပ် အကြောင်းအရာတစ်ခု ဖြစ်နေသည်မှာ ရှင်းလင်းနေသည်။

ဤသင်ခန်းစာပြီးနောက် "ဟွာရှို့နိုင်ငံ၏ ရှေးခေတ်တီဗီရှိုးများ အကြောင်း တစ်ကျော့ပြန်ခြင်းနှင့် ဆင့်ကဲပြောင်းလဲခြင်းများ"၊ "ဟွာရှို့နိုင်ငံ၏ ခေတ်သစ်သမိုင်း"ကို သင်ကြားခဲ့သည်။

ယင်းမှာ သမိုင်း သီအိုရီအတန်း၏ အရေးကြီးဆုံး အစိတ်အပိုင်း ဖြစ်ပြီးအကြောင်းအရာ မျိုးစုံကို ခြုံငုံ ထားသောကြောင့် စာသင်နှစ်၏ နှစ်ဝက်နှင့် နောက်ဆုံးအပတ် စာမေးပွဲများတွင် ဆရာဝမ်က သေချာပေါက် စစ်ဆေးနိုင်မည် ဖြစ်သည်။

သူက ကျောင်းသားများ၏ စိတ်ဝင်စားမှုကို ဖမ်းစားနိုင်ရန် နို့မှုန့်အတုများကို ရောင်းချနေသည့် သူတော်စင် မြင်းတပ်၏ အကြောင်းကို မိတ်ဆက်အဖြစ် အသုံးပြုခဲ့သည်။

အတန်းတစ်ခုလုံး ငြိမ်သက်စ ပြုလာချိန်တွင် တကယ့် အကြောင်းအရာက စတင်တော့မည်ဟု လူတိုင်းသိလိုက်၏။

"ဟွာရှို့နိုင်ငံရဲ့ ခေတ်သစ်သမိုင်းနဲ့ ပတ်သက်ပြီး ပြောရရင် ငါတို့ အမျိုးသားသမိုင်းရဲ့ ဆိုးရွားပြီး ရှက်ဖွယ်ကောင်းတဲ့ ပထမ ကွာဖီ စစ်ပွဲနဲ့ စတင်သင့်တယ်"

ထိုအကြောင်းကို စလိုက်သည်နှင့် ဆရာဝမ်က သက်ပြင်းချဖို့ပင် ရင်ထဲ လေးလံလာသည်။

"အဲဒီအချိန်က မိစ္ဆာ အင်ပါယာကွာဖီ ဦးဆောင်တဲ့ စစ်တပ်ကို ခုခံဖို့ ဟွာရှို့လူမျိုးတွေရဲ့ မရေမတွက်နိုင်သည့် စီနီယာ ကျင့်ကြံသူတွေက သူတို့ရဲ့ အသက်ကို စတေးခဲ့ကြတယ်.. တချို့ ကျောင်းသားတွေကတော့ ကွာဖီဆိုတဲ့ အဓိပ္ပါယ်ကို ပဟေဠိဖြစ်နေကြမှာပဲ.. ငါရှင်းပြပါရစေ.. ဖရဲသီးအခွံက အမှန်တကယ်တော့ ဆေးတစ်မျိုးပါ.. ရှေးတုန်းကဆိုရင် လူတွေကစီးကရက်မှာ ထည့်လိပ်ကြလေ့ ရှိတယ်.. တစ်ဖွာရှိုက်လိုက်တာနဲ့ နောက်တစ်ဖွာကို မရှိုက်ဘဲ နေနိုင်မှာ မဟုတ်တော့ဘူး.. ပိုပိုရှိုက်လာလေ မင်းရဲ့ဉာဏ်ရည်က နိမ့်ကျသွားလေ ဖြစ်လာနိုင်တယ်"

လူတိုင်း "..............."

"အရေးကြီးဆုံး အချက်ကတော့ ဖရဲသီးအခွံကို လိမ်းလိုက်ရင် တစ်ကြိမ်ထဲနဲ့ စွဲလန်းသွားလိမ့်မယ်"

လူတိုင်း ".............."

ဆရာဝမ်က ပြုံးလိုက်သည်။

"အဲဒီအချိန်ကဆို ကွာဖီစစ်တပ်က လက်ရှိ သူတော်စင်မြင်းတပ်လိုမျိုး မြန်မြန်ဆန်ဆန် ဖွဲ့စည်းနိုင်ခဲ့တယ်.. ဒါကြောင့် လက်ရှိအစိုးရက ကွာဖီစစ်တပ်ရဲ့ ဆိုးရွားတဲ့ လမ်းစဥ် အတိုင်း နို့မှုန့်အတုဂိုဏ်းက လိုက်လျောက်မှာကို စိုးရိမ်နေကြတာပဲ.. ဒီနို့မှုန့်အတုမှာ ပါရှိတဲ့ ဓာတုပစ္စည်းတွေက လူ့ခန္ဓာကိုယ်အတွက် အန္တရာယ်မရှိဘူးဆိုတာ သက်သေပြနိုင်ပေမဲ့ သူတို့ရဲ့ပိရမစ် အရောင်းဗျူဟာက နိုင်ငံတော်ရဲ့ စီးပွားရေးကို ပြိုလဲစေနိုင်တဲ့ ယုတ်မာတဲ့ဗျူဟာ တစ်ခုပဲ"

လူတိုင်းက ခေါင်းပင် မညိတ်နိုင်ကြတော့ပေ။

ဤသင်ခန်းစာ အတွက် ပြင်ဆင်ထားသည့် ကျောင်းသားများကမူ ထိုအချိန်က ကွာဖီစစ်တပ် နေလိုလလို တစ်ရှိန်ထိုးမတောက်ပခင် အဖွဲ့ဝင် အများအပြားကို အချိန်တိုအတွင်း စုရုံးနိုင်ရန် ပိရမစ်ဗျူဟာကို အားကိုးခဲ့ကြောင်း သိရှိခဲ့ကြသည်။

ထိုအချိန်ကပင် ပိရမစ် ဗျူဟာ၏ အသွင်အပြင်ကို ဟွာရှို့နိုင်ငံက အာရုံမထားမိဘဲ အမှတ်တမဲ့ ဖြစ်နေခဲ့ကြသည်။

သတိထားမိသောအခါတွင် အခြေအနေက ပြန်လည် အဖတ်ဆည်၍ မရတော့ပေ။

ဆရာဝမ်၏ သင်ကြားမှု ထုံးစံအရ အတန်းမစမီတွင်သင်ခန်းစာ ဖရိန်ကို အလျင်အမြန် ရှင်းပြလေ့ ရှိသည်။

"ဟွာရှို့နိုင်ငံ ခေတ်သစ်သမိုင်းရဲ့ ပထမ ကွာဖီစစ်ပွဲ"

"ဒီသမိုင်းဝင်ဖြစ်ရပ်ကြီးက မိစ္ဆာအင်ပါယာကွာဖီ ပိရမစ်ဗျူဟာနဲ့ ဖရီးသီးအခွံဆေးကို အရောင်းအဝယ် လုပ်ရာကနေ စတင်လာခဲ့တာပဲ.. ဒါက ဟွာရှို့နိုင်ငံရဲ့ အရှက်ရဆုံး ကာလလည်း ဖြစ်ခဲ့တယ်.. အဲဒီအချိန်ကဆိုရင် နိုင်ငံခြားသားတွေကဟွာရှို့နိုင်ငံသမိုင်းထဲက အဲ့ကာလကို နိုင်ငံလုံးဆိုင်ရာ ဖရဲသီးခွံ ခေတ်လို့တောင် လှောင်ပြောင် ခေါ်ဝေါ်ခဲ့ကြတယ်.. ဒါကြောင့် ကျောင်းသားတွေရဲ့ မှတ်ဉာဏ်ထဲမှာ အဲဒီ အရှက်ရဖွယ် ကာလကို မမေ့သွားရအောင် ယနေ့အချိန်ထိ သမိုင်းအတန်းတင် စာမေးပွဲတွေမှာ အဲဒီအကြောင်းတွေကို အမြဲ ထည့်သွင်း စစ်ဆေးခဲ့တာပဲ"

ပထမကွာဖီစစ်ပွဲ၏ အကြောင်းရင်းကို လျင်မြန်စွာ ကျော်ဖြတ်ပြီးနောက် ဆရာဝမ်၏ အတင်းအဖျင်း ပြောသော အချိန်ကိုတစ်ကျော့ပြန်၍ ရောက်ရှိလာသည်။

ဤတစ်ခေါက် သူအတင်းအဖျင်း ပြောမည်က မိစ္ဆာအင်ပါယာကွာဖီ၏ အကြောင်း ဖြစ်သည်။

"ငါမေးချင်တာက မိစ္ဆာအင်ပါယာ ကွာဖီရဲ့ အကြောင်းကို လူတိုင်းက ဘယ်လောက်ထိ သိထားကြလဲ"

စင်ပေါ်မှာ ရပ်နေသည့် ဆရာဝမ်က မေးလိုက်၏။

ဆရာဝမ်က သူ့စကားကို ခေတ္တ ရပ်တန့်လိုက်သည်။

တစ်တန်းလုံး တိတ်ဆိတ်နေတာကို တွေ့မှ သူ၏ ကိုယ်ပိုင်ဟန်အတိုင်း ပြုံးလိုက်သည်။

"မိစ္ဆာ အင်ပါယာကွာဖီက အလွန် သန်မာတယ်လို့ အများက လက်ခံထားကြတယ်.. ရှင်းလင်းတဲ့ ဥပမာကို ပြရရင် ဟွာရှို့နိုင်ငံကို တည်ထောင်သူ ဗိုလ်ချုပ်ကြီး ဆယ်ဦးထဲမှာ တစ်ဦးအပါအဝင် ဖြစ်တဲ့ ငါတို့ရဲ့ ဗိုလ်ချုပ်ကြီးရီက မိစ္ဆာအင်ပါယာကွာဖီနဲ့ တိုက်ခိုက်ခဲ့တဲ့ တစ်ချိန်က မှတ်တမ်းမှတ်ရာကိုပဲ ပြရမယ်.. သူတို့နှစ်ယောက် ထိပ်တိုက် ဆုံတွေ့တဲ့အခါမှာ မိစ္ဆာအင်ပါယာ ကွာဖီကြောင့် ဗိုလ်ချုပ်ရီက အနောက်ကို ခြေလှမ်းသုံးလှမ်းလောက် ဆုတ်ပြီးမှ ဟန်ချက်ကို ထိန်းနိုင်ခဲ့တယ်"

တစ်တန်းလုံး ဝုန်းခနဲ ရုတ်ရုတ်သဲသဲ ဖြစ်သွားသည်။

ဗိုလ်ချုပ်ကြီးရီက အဘယ်လောက် စွမ်းအားကြီးသနည်း။

သူက ဓားသူတော်စင်ဖြစ်ပြီး အမျိုးသား ကာကွယ်ရေးဝန်ကြီးဌာနမှ ဗိုလ်ချုပ်ကြီး ရှီးယွီလျန့် နှင့် အတူ နတ်ဆိုးနတ်ဘုရားများစွာကို ခေါင်းဖြတ်သတ်ခဲ့သည့် ဂန္တဝင်ပုဂ္ဂိုလ် တစ်ဦး ဖြစ်၏။

"ဒါပေမဲ့ ငါသိသလောက်ကတော့ တကယ်တမ်းမှာ မိစ္ဆာအင်ပါယာ ကွာဖီကလည်း အဲဒီတုန်းက ဒဏ်ရာ အပြင်းအထန်ရသွားခဲ့တာပဲ.. ဒါပေမဲ့ မိစ္ဆာအင်ပါယာ ကွာဖီက သူ့ကိုယ်သူ ခံနိုင်ရည် ရှိအောင် တောင့်ထားခဲ့တယ်.. ဒါကြောင့် ပထမကွာဖီစစ်ပွဲ အပြီးမှာ သူက ခြေရာလက်ရာမကျန်ဘဲ ပျောက်ကွယ်သွားခဲ့တယ်.. သူဘယ်မှာရှိနေလည်း ဆိုတာကို ဘယ်သူမှ အတိအကျ မသိတော့ဘူး"

ဆရာဝမ်က ပြောကြားလိုက်သည်။

"သူသေသွားတာရော မဖြစ်နိုင်ဘူးလား"

တစ်စုံတစ်ယောက်က မေးခွန်းထုတ်လိုက်သည်။

ယင်းက အတန်းထဲမှ ကျောင်းသားအများစု၏ သိချင်စိတ်ကို လှုံ့ဆော်သွားခဲ့၏။

"သေပြီလို့တော့ ကောလာဟလတွေ ရှိတယ်.. ဒုတိယကွာဖီစစ်ပွဲ အစမှအဆုံး အထိတော့ ကွာဖီစစ်တပ်ရဲ့ အမိန့်ပေးသူနေရာကို သူ့ရဲ့လက်ရင်းတပည့် အင်မော်တယ် ရှဲဖီက ဆက်ခံခဲ့တယ်.. ဒါပေမယ့် အခုအချိန်အထိ မိစ္ဆာအင်ပါယာ ကွာဖီ ကွယ်လွန်တဲ့ သတင်း လုံးဝမရှိတာက အရမ်း ထူးဆန်းနေတယ်.. ဒါက ငါ့ကို နည်းနည်းတော့ သံသယဖြစ်စေတယ်.. အင်မော်တယ်ရှဲဖီက သူအာဏာရဖို့ အတွက် ဒဏ်ရာရနေတဲ့ သူ့ဆရာကို အကျဥ်းချခဲ့တာလားလို့ တွေးမိခဲ့တယ်"

ဆရာဝမ်က သူ၏ အမြင်ကို မျှဝေလိုက်သည်။

ကော်ဟောက်က တအံတသြ ရေရွတ်လိုက်၏။

"အကျဥ်းချထားတာလား.. လခွမ်း.. မိစ္ဆာအင်ပါယာ ကွာဖီက နာကျင်မှုကို သာယာခုံမင်တဲ့သူ တစ်ယောက်များ ဖြစ်နေမလား"

"ဆရာ တပည့်စုံတွဲ.. ဒါကလွဲပြီး ဘယ်အရာက စိတ်ဝင်စားစရာ အကောင်းဆုံး ဖြစ်မှာလဲ"

လင်းရှောင်ယုက စိတ်ထဲတွင် စကားလုံးပေါင်း တစ်သန်း ရှိသည့် BLဝတ္ထုကို ချက်ချင်း ရေးလိုက်သည်။

သူမ မျက်နှာက စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေသည်။

"ဟုတ်တယ်.. သူ့တပည့်တွေရဲ့ လိုက်ရှာမှုကနေ လွတ်မြောက်ဖို့အတွက် မိစ္ဆာ အင်ပါယာကွာဖီက ဒဏ္ဍာရီထဲက မှော်ဆန်တဲ့ အရာဝတ္ထု တစ်ခုမှာ သူ့စိတ်ဝိညာဥ်ကို တံဆိပ်ခတ်ထားခဲ့တယ်လို့ ယုံကြည်နိုင်လောက်တဲ့ ကောလဟာလ တစ်ခု ရှိတယ်"

ဆရာဝမ်က ထိုစကားကို ပြောလိုက်သောအခါတွင် တစ်ချိန်လုံး ခေါင်းစိုက်နေသော ဝမ်လင်းက ရုတ်တရက် ခေါင်းထောင်လာခဲ့သည်။

All Chapters