ဒဏ္ဍာရီထဲက မော့အင်မော်တယ် ရဲတိုက်
Vol. 7 Ch. 97
"စိတ်ဝိညာဉ် စည်းခတ်ထားတဲ့ မျက်နှာဖုံးလား"
"ဒါက ကျောက်သရဲ မျက်နှာဖုံး ဖြစ်နိုင်လား"
ဝမ်လင်းက စိတ်ကူးပင် မယဉ်နိုင်လောက်အောင် ဆန်းကြယ်လွန်းသည်ဟု ထင်ခဲ့သည်။
ကျောက်သရဲ မျက်နှာဖုံး အတွင်း အဘိုးအိုတစ်ဦးသာ အမှန်တကယ် ပုန်းအောင်းနေလျှင် သူ၏ ဝိညာဉ်ရေး အာရုံဖြင့် ထိုကဲ့သို့ အရေးကြီးသော အသေးစိတ် အချက်အလက်များကို လွဲချော်သွားလိမ့်မည် မဟုတ်ပေ။
ယခုအခါ ဝမ်လင်းက သူ၏ ယခင်ယူဆချက်ကို ပိုမို ခိုင်မာစွာ ယုံကြည်လာခဲ့ပြီ ဖြစ်သည်။
ဆိုလိုသည်မှာ ဤကျောက်သရဲ မျက်နှာဖုံးက အမြွှာမှော်ရတနာ အမျိုးအစား ဖြစ်နိုင်၏။
ဆရာဝမ် ပြောစကားသာ မှန်လျှင် မိစ္ဆာ အင်ပါယာကွာဖီမှာ အခြားကမ္ဘာရှိ ကျောက်သရဲမျက်နှာဖုံး အတွင်း ရှိနေနိုင်သည်။
မိစ္ဆာအင်ပါယာ ကွာဖီက ထိုနေရာကနေ ဝမ်လင်း ပိုင်ဆိုင်သည့် ကျောက်သရဲ မျက်နှာဖုံးကို အဝေးမှ ထိန်းချုပ်နေပုံရ၏။
ဝမ်လင်းက စိတ်အနှောင့်အယှက် ဖြစ်စရာ ပြဿနာတစ်ခုတွင် ဝင်ရောက် ပတ်သက်မိပြီလားဟု ခံစားမိသည်။
ထို့ပြင် ယင်းပြဿနာမှာ အတော်လေး ဆူးများ ဝန်းရံနေသော ပြဿနာ ဖြစ်၏။
ထိုအကြောင်းကို သူတွေးနေစဥ်မှာပင် ဆရာဝမ်က မိစ္ဆာ အင်ပါယာ ကွာဖီနှင့် ပတ်သက်သည့် အတင်းအဖျင်းကို ပြော၍ ပြီးသွားခဲ့ပြီး "ဒုတိယကွာဖီစစ်ပွဲ"နှင့် ပတ်သက်သည့် ဗဟုသုတရစရာ အချက်များကို စတင် ရှင်းပြခဲ့သည်။
"အစောပိုင်းက ငါတို့ပြောခဲ့တာက ပထမကွာဖီ စစ်ပွဲအပြီးမှာ မိစ္ဆာအင်ပါယာ ကွာဖီက လူမသိသူမသိ ဇာတ်မြုပ်သွားခဲ့တဲ့ အကြောင်းပဲ.. သူမရှိတော့တဲ့ အချိန်မှာ ကွာဖီစစ်တပ်ရဲ့ အမိန့်ပေးသူ နေရာကိုယူပြီး နိုင်ငံရဲ့စီးပွားရေးကို ဆက်လက် ပျက်စီးစေခဲ့တာကတော့ သူ့ရဲ့တပည့် အင်မော်တယ်ရှဲဖီပဲ.. အင်မော်တယ်ရှဲဖီက ဖရဲခွံကို စွဲလန်းနေတဲ့ လူထု အင်အားကို အခွင့်ကောင်းယူပြီး ဟွာရှို့နိုင်ငံရဲ့ တိုင်းပြည်အာဏာကို သိမ်းဖို့တောင် ကြိုးစားခဲ့တယ်.. အဲဒါကြောင့် အဲဒီကာလတွေမှာ အခြေအနေတွေကို တည်ငြိမ်စေဖို့အတွက် ဟွာရှို့နိုင်ငံက ကွာဖီစစ်တပ်ရဲ့ ဒုတိယမျိုးဆက် ခေါင်းဆောင် အင်မော်တယ်ရှဲဖီနဲ့ အကြိမ်ကြိမ် ညှိနှိုင်းဆွေးနွေးပြီး မမျှတတဲ့ စာချုပ်တွေမှာလက်မှတ်ထိုးခဲ့ရတယ်.. ဒီစာချုပ်ပါ အကြောင်းအရာတွေကို အတိုချုံးပြီး အဓိက အချက်တွေကိုပဲ အလေးပေး ပြောပြတော့မယ်"
ဤစာချုပ်ပါ အကြောင်းအရာများမှာ သာမန်ထက် ထူးခြားသည့် အချက်အလက် တစ်စုံတစ်ရာ မပါဝင်သည့် အခြားသော စာချုပ်များနှင့် အတူတူပင် ဖြစ်သည်။
ယင်းအချိန်တွင် ဆရာဝမ်က စိတ်ဝင်စားစရာ ကောင်းသည့် မေးခွန်းတစ်ခုကို ထုတ်လိုက်သည်။
"ဒုတိယကွာဖီ စစ်ပွဲရဲ့ ရလဒ်ကို တစ်ယောက်ယောက် သိပါသလား"
အတန်းတွင်းရှိ ထိပ်တန်း ကျောင်းသားများက သင်ခန်းစာများကို ကြိုပြီး ကြည့်ရှုလာကြမည်မှာ သေချာသည်။
ဆရာဝမ်က ဤမေးခွန်းကို မေးပြီးနောက် စွန်းရုံက ချက်ချင်းလက်ထောင်ကာ မတ်တတ် ထရပ်လိုက်၏။
သူမ၏ လှပသောရုပ်သွင်က အတန်းထဲရှိ ယောက်ျား၊မိန်းမ အားလုံး၏ အာရုံကို ဖမ်းစားသွားသည်။
"ဒုတိယကွာဖီ စစ်ပွဲမှာ အင်မော်တယ် ရှဲဖီကို အရှင် လက်ရဖမ်းဆီးဖို့ ဟွာရှို့နိုင်ငံကို တည်ထောင်သူ ဗိုလ်ချုပ်ကြီး သုံးဦး ဖြစ်တဲ့ ဗိုလ်ချုပ်ကြီးရီ၊ ဗိုလ်ချုပ်ကြီရှီး နဲ့ ဗိုလ်ချုပ်ကြီးစွန်း တို့က အင်အားတွေ စုပေါင်းခဲ့ကြတယ်.. ဗိုလ်ချုပ်ကြီးလင်းက ဟူမန်ပြည်နယ်မှာ ရှိတဲ့ ဖရဲစိုက်ခင်းတွေ အားလုံးကို မီးရှို့ပစ်လိုက်တယ်.. ဒီလုပ်ရပ်က ကွာဖီစစ်တပ်ကို အဆုံးသတ်စေတဲ့ အလှည့်အပြောင်း တစ်ခု ဖြစ်လာစေခဲ့တယ်...ဆိုရရင် ဒီလုပ်ရပ်က တိုင်းပြည်ကို ကာကွယ်ဖို့ ဟွာရှို့နိုင်ငံရဲ့ ကျင့်ကြံသူတွေ လက်တွေ့ သရုပ်သကန် ပြလိုက်တဲ့ အမျိုးသား ကျင့်ကြံရေး စိတ်ဓာတ်ပဲ"
"ပြောသွားတာ ကောင်းတယ်"
ဆရာဝမ်က ကျေနပ်စွာ ခေါင်းညိတ်လိုက်ပြီး မျက်လုံးကို မှိတ်ထားလိုက်သည်။
"ဒါပေမယ့် အဆုံးသတ်မှာ အင်မော်တယ်ရှဲဖီ ဘာဖြစ်သွားလည်း သိကြလား"
ထိုမေးခွန်းကို အတန်းထဲရှိ မည်သူမျှ မဖြေနိုင်ခဲ့ပေ။
အင်မော်တယ်ရှဲဖီ၏ နိဂုံးက အဓိက စာမေးပွဲတွင် မပါဝင်သလို သမိုင်း ပြဌာန်းစာအုပ်တွင်လည်း တစ်ခါမျှ မဖော်ပြခဲ့ဖူးချေ။
ဝမ်လင်းက သူယခင်က ဖတ်ခဲ့ဖူးသော ကျင့်ကြံသူများ၏ သမိုင်းဝင် ပုံပြင် များကို ပြန်အမှတ်ရလာသည်။
သူက အင်မော်တယ်ရှဲဖီ နှင့် ပတ်သက်၍ အလွန်နည်းပါးသောမှတ်တမ်းမှတ်ရာများသာ ရှိကြောင်း သဘောပေါက်ခဲ့၏။
မှတ်တမ်း အများစုကလည်း အသေးအဖွဲ အကြောင်းအရာများသာ ဖြစ်သည်။
ဤအရာက သက်သေပြခဲ့သည်။
ဒုတိယကွာဖီ စစ်ပွဲ ပြီးဆုံးပြီးနောက် ဟွာရှို့နိုင်ငံက အောင်နိုင်သူအဖြစ် သမိုင်းတွင်ကျန် ရစ်ခဲ့ပြီး သေးငယ်ပြီး ထုတ်ဖော်မပြနိုင်သော အစိတ်အပိုင်းတစ်ခုကို ဖုံးကွယ်ခဲ့သည်။
အင်မော်တယ် ရှဲဖီ၏ နိဂုံးက ဤအပိုင်း၏ အစိတ်အပိုင်း တစ်ခု ဖြစ်ကြောင်း ထင်ရှားနေ၏။
ကောက်ကျစ်စွာ ပြုံး၍ စင်ပေါ်တွင် မိန့်မိန့်ကြီး ရပ်နေသည့် ဆရာဖန်ကို ကြည့်ကာ ကျောင်းသားများက အံ့သြသွားကြသည်။
ရှေးဟောင်စာအုပ်ကြီးဟု အမည်ပြောင်ရထားသည့် ဆရာဝမ်မှာ အမှန်တကယ် ရှေးဟောင်းစာအုပ်ကြီးဟုပင် ပြော၍ရသည်။
သမိုင်းစာအုပ်တွင် မပါဝင်သည့် အကြောင်းအရာကို သူမည်သို့ လေ့လာခဲ့မှန်း မသိရပေ။
သူပိုင်ဆိုင်ထားသည့် ကြွယ်ဝသော သမိုင်းဗဟုသုတ အသိပညာများကြောင့် အတန်းထဲတွင် မည်သူမှ မေးခွန်းမထုတ်ရဲကြချေ။
ထို့ကြောင့်လည်း ဝမ်လင်းက ဆရာဝမ်၏ ဝိသေသ လက္ခဏာအမှန်ကို ပိုပိုပြီး သိချင်လာခဲ့သည်။
တကယ်ပဲ ဤလူက မည်သို့သော လူစားမျိုးနည်း။
"များများသိထားလေ အသက်ပိုတိုလေ" ဟူသော စကားပုံကိုဆန့်ကျင်ပြီး များများသိပြီး အသက်ရှင်နေသေးသည့်လူ....
ယင်းမှာ သောက်ရမ်း အံ့သြဖို့ကောင်းသည်ဟု ဝမ်လင်း အမှန်တကယ် ခံစားလိုက်ရသည်။
"အဲဲဒီအချိန်က ဒုတိယကွာဖီ စစ်ပွဲအပြီးမှာ အင်မော်တယ်ရှဲဖီက နိုင်ငံတော်ရဲ့ စီးပွားရေးကို ထိခိုက်စေတဲ့ ရာဇ၀တ်မှု၊ နိုင်ငံတော် ပုန်ကန်မှု၊ လူထု မငြိမ်မသက်စေမှုနဲ့ မူးယစ်ဆေးဝါး ရောင်းဝယ် ဖောက်ကားမှုတွေ အတွက် ထောင်ဒဏ် ဆယ်နှစ် ချမှတ်ခံခဲ့ရတယ်.. အဲဒီနောက်မှာတော့ အင်မော်တယ်ရှဲဖီက လဲ့ဖုန်း ဘုရားအောက်မှာ ကွပ်မျက်ခံခဲ့ရတယ်"
ဆရာဝမ်၏ စကားက ဤနေရာသို့ ရောက်သည့် အချိန်တွင် အတန်းထဲမှ လူအများအပြားက ထိတ်လန့် တုန်လှုပ်ကာ ကြောက်ရွံ့သွားကြသည်။
"ဒါပေမယ့် ငါသိသလောက်တော့ အင်မော်တယ်ရှဲဖီကို ကွပ်မျက်ခြင်း မပြုခင် အကျဉ်းသား ဖြစ်နေတဲ့အင်မော်တယ်ရှဲဖီမှာ ကိုယ်ဝန်ရှိနေတာကို သေဒဏ်ပေးသူက တွေ့ရှိခဲ့တယ်… အဲဒီနောက်မှာတော့ အမျိုးသား ကွပ်မျက်ရေး ရုံးချုပ်ရဲ့ အကြီးအကဲဟိုက အစည်းအဝေး တစ်ခု လုပ်ပြီး ဆွေးနွေးခဲ့တယ်.. ဆွေးနွေးမှုအပြီးမှာတော့ အင်မော်တယ်ရှဲဖီကို မွေးဖွားခွင့်ပေးဖို့ ဆုံးဖြတ်လိုက်တယ်.. အဆုံးသတ် ပြောရရင် ကလေးမှာ ဘာအပြစ်မှ မရှိဘူးလေ"
တစ်စုံတစ်ယောက်က ဇာတ်လမ်း တစ်ခုလုံး၏ နိဂုံးကို ကူကယ်ရာမဲ့စွာဖြင့် သိချင်စိတ် ပြင်းပြကာ မေးလိုက်သည်။
"အဲဒါပြီးတော့ ဘာတွေ ဆက်ဖြစ်သေးလဲ ဆရာ"
"အင်မော်တယ်ရှဲဖီမှာ သေဒဏ်က လွတ်မြောက်ဖို့ အခွင့်အရေး ကြီးကြီးမားမား ရှိခဲ့တယ်.. ကွာဖီစစ်တပ်က အဖွဲ့ဝင်တွေရဲ့ ပုန်းအောင်းနေတဲ့ နေရာတွေကို ဖော်ထုတ်မယ် ဆိုရင် သေဒဏ်ကနေ လွတ်ငြိမ်းခွင့်ရပြီး တစ်သက်တစ်ကျွန်း ချခံရမယ်လို့ ကောလဟလတွေ ထွက်ပေါ်ခဲ့ပေမဲ့ အဆုံးသတ်မှာအင်မော်တယ် ရှဲဖီက အဲဒီ အစီအစဥ်တွေကို ငြင်းဆိုခဲ့တယ်"
"အဲဒါဘာကြောင့်လဲ"
"အကြောင်းရင်းက အင်မော်တယ်ရှဲဖီက ကလေးအခွင့်အရေးအတွက် တိုက်ပွဲဝင်ချင်တာကြောင့်ပဲ.. အင်မော်တယ်ရှဲဖီရဲ့ ကလေးမှန်း လူအများသိရင် အေးစက်စက် မျက်လုံးတွေနဲ့ မေးငေါ့တာကို ခံရမှာ သေချာတယ်လေ.. ဒါကြောင့် လဲ့ဖုန်းဘုရားအောက်မှာ ကွပ်မျက်မခံရမီ အင်မော်တယ်ရှဲဖီက အမျိုးသား ကွပ်မျက်ရေး ရုံးချုပ်ရဲ့ အကြီးအကဲဟိုကို သုံးကြိမ်တိုင်တိုင် ဝပ်တွား ဦးချခဲ့ပြီး ကလေးရဲ့ ကိုယ်ရေးကိုယ်တာ အမှန်ကို ဖုံးကွယ်ထားပေးဖို့ တောင်းပန်ခဲ့တယ်"
"..............."
ထိုစကားကိုကြားလျှင် အားလုံးက ပြောစရာစကား မရှိတော့ပေ။
ဤလျှို့ဝှက်ချက်ကို ထိန်းသိမ်း ထားပေးဖို့ အင်မော်တယ်ရှဲဖီက အမှန်တကယ် တောင်းဆိုခဲ့သည် ဆိုလျှင် သူတို့၏ ဆရာဝမ်က မည်သို့သိနေရသနည်း။
"တကယ်တော့ သမိုင်းမှာ ဒီအချက်အလက်တွေကို လျှို့ဝှက်မထားပါဘူး.. လဲ့ဖုန်း ဘုရားအောက်မှာ အင်မော်တယ်ရှဲဖီ သုံးကြိမ် ဝပ်တွား ဦးချခဲ့တဲ့ ဇာတ်လမ်းကို တက္ကသိုလ် သမိုင်းစာအုပ်တွေမှာ တွေ့ရှိနိုင်ပါတယ်.. ဒါပေမဲ့ အများစုကတော့ အတိုချုံး ဖော်ပြချက်တွေပါပဲ.. ဒီအကြောင်းအရာတွေကအမှတ်ပေး စာမေးပွဲမှာ မပါဝင်ပေမဲ့လည်း ကျောင်းသားတွေအနေနဲ့ သမိုင်းကြောင်းကို အနည်းအကျဥ်းလောက် နားလည်ဖို့ မျှော်လင့်ပါတယ်"
ထို့နောက် ဆရာဝမ်က အားပါးတရ ပြုံးလိုက်ပြီး မေးခွန်းထုတ်လိုက်၏။
"ဒီပုံပြင်ကို နားထောင်ပြီးတော့ ဘာတွေ သင်ခန်းစာရခဲ့လဲ"
မြေပဲလေးက သူ့လက်ကို မဝံ့မရဲ မြှောက်လိုက်သည်။
"မိခင်မေတ္တာက ကြီးမြတ်တယ်လို့ ဆိုလိုချင်တာ မဟုတ်လား"
"မဟုတ်သေးဘူး"
ဆရာဝမ်က ခေါင်းယမ်းလိုက်သည်။
"မင်းတို့ကို ပြောပြချင်တာက အင်မော်တယ်ရှဲဖီက တကယ်တော့ ယောက်ျား တစ်ယောက်ပဲ.. ဒါပေမယ့် သူ့ရဲ့ ဇီဝကမ္မ ဖြစ်စဥ်က သာမန်လူ တစ်ယောက်နဲ့ မတူဘူး.. သူက ကျားမလိင်အင်္ဂါ နှစ်မျိုးလုံး ရှိတဲ့သူပဲ"
လူတိုင်း "..............."
…...........................
များမကြာမီတွင် သမိုင်း သီအိုရီ အတန်းချိန် ပြီးဆုံးသွားသည်။
ကျောင်းသားများ၏ အားပေးသံများကြားမှ ထွက်ခွာလာရသဖြင့် ဆရာဝမ်၏ မျက်နှာက တောက်ပနေသည်။
ထို့နောက် အတန်း တစ်တန်းလုံးက ၎င်းတို့ သင်ယူခဲ့သော သမိုင်း သီအိုရီ အသေးစိတ်ကို အားသွန်ခွန်စိုက် စတင်ဆွေးနွေးကြတော့သည်။
စူပါချန်က သူယခုမှ ကြားဖူးသည့် အရာ အတွက် စိတ်လှုပ်ရှားစွာဖြင့် မျက်နှာ နီရဲနေသည်။
"ငါတို့ လဲ့ဖုန်း ဘုရားကျောင်းကို ခရီးထွက်ဖို့ ဘယ်အချိန် စီစဥ်ကြမလဲ"
ဝမ်လင်း "..............."
"ငါတို့က ပိုင်စုကျန်းဆီ အလည်သွားမလို့လား"
(ပိုင်စုကျန်း=တရုတ်ရိုးရာ ဘာသာတရား၏ ဒဏ္ဍာရီလာပုဂ္ဂိုလ်တစ်ဦး၊ နှစ်တစ်ထောင်သက်တမ်းရှိ မြွေဖြူဝိညာဥ်၊ "ဒဏ္ဍာရီထဲမှမြွေဖြူမလေး"ဇာတ်လမ်းထဲမှ ဇာတ်ကောင်)
"အင်မော်တယ်ရှဲဖီရဲ့ ကလေးသာ အသက်ရှင်နေဦးမယ် ဆိုရင် ငါတို့ အဖိုးအရွယ်လောက်တော့ ရှိနေမယ် ထင်တယ်နော်"
စွန်းရုံက ပြောလိုက်သည်။
"အဲဒါကို ငါမသိချင်ဘူး.. ငါအမှန်တကယ် သိချင်တာက အင်မော်တယ်ရှဲဖီရဲ့ ကလေးက လိမ္မာရေးခြား ရှိသလား ဆိုတာပဲ"
လင်းရှောင်ယု၏ မျက်နှာပေါ်တွင် စိတ်လှုပ်ရှားနေသော အမူအရာများ ပေါ်လာသည်။
ဤဝါရင့် ဖူဂျိုရှီမ၏ ဦးနှောက်က လိင်နှစ်မျိုးလုံးကို အားပေးသော စကားလုံးများဖြင့် ပြည့်နှက်နေသဖြင့် ဝမ်လင်းကို အနည်းငယ် ထိတ်လန့်စေသည်။
ကော်ဟောက်က ပခုံးတွန့်ကာ သူ့ကိုယ်ပိုင် ထင်မြင်ချက်ကို ထုတ်ဖော်လိုက်သည်။
"လိင်နှစ်မျိုးလုံးကို စိတ်ဝင်စားသည် ဖြစ်စေ စိတ်မဝင်စားသည် ဖြစ်စေ အခုခေတ်မှာ လူအများစုက ကျားမ တန်းတူညီမျှရေးကို တောင်းဆိုနေကြပြီ.. လူသားတွေရဲ့ လိင်အမျိုးအစား ဘယ်လောက်ရှိလည်း မင်းတို့တွေသိလား"
ကော်ဟောက်က လက်ချောင်းကို ဖြန့်ကာ ဂရုတစိုက်ရေတွက်ရင်း "တဟားဟား" ရယ်မောလိုက်သည်။
"လူသားတွေမှာ အမျိုးသား၊ အမျိုးသားဘက် စိတ်အားသန်သူ၊ နှစ်ဖက်ချွန်၊ အမျိုးသမီးဘက် စိတ်အားသန်သူ၊အမျိုးသမီး ဆိုပြီး လိင်အမျိုးအစား ငါးမျိုးရှိတယ်"
"..............."
"မဟုတ်ဘူးနော်.. ငါ့ကို ဒီလို ထူးဆန်းတဲ့ အကြည့်မျိုးနဲ့ မကြည့်ကြနဲ့.. ဒါက သင်ရိုးပြင်ပမှာ ပြင်းပြင်းထန်ထန် ကြိုးစားအားထုတ်မှုကနေ ရလာတဲ့ အသိပညာပါ"
ကော်ဟောက်က သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။
"မင်းတို့တွေ မော့ အင်မော်တယ်ရဲတိုက်ကို သိလား"
ဝမ်လင်းက ခဏလောက် ထိတ်လန့်သွားသည်။
သူ အမှတ် မမှားရင် ထိုအမည်က လွန်ခဲ့သည့် နှစ်နှစ်လောက်က ရေပန်းစားခဲ့သည့် သင်တန်းစင်တာ တစ်ခု၏ နာမည် ဖြစ်၏။
"အဲဒီနေရာက ငါတို့ သွားတက်သင့်တဲ့ နေရာပဲ.. အဲဒီမှာ ကျောင်းတက်ပြီး တစ်ရက်ရက်မှာ အဓိက တေးသွားကို ဆိုနိုင်ခဲ့ရင် ကျောင်းလခ တစ်ဝက်တောင် လျော့ပေးတယ်"
ထိုသို့ပြောပြီး ကော်ဟောက်က လည်ချောင်းကို ရှင်းကာ သီချင်း စတင် ဆိုလိုက်သည်။
"ဒဏ္ဍာရီထဲမှ မော့အင်မော်တယ်ရှိပြီး ရဲတိုက်သခင်က ထူးခြားတဲ့သခင် တစ်ယောက်ပဲ..
သူ့ရဲ့ လမ်းညွှန်မှုကို လက်ခံရရှိတဲ့ မော့အင်မော်တယ် တိုင်းက ပိုမိုကောင်းမွန်တဲ့ ကမ္ဘာကြီးကို မျှော်လင့်နိုင်တယ်"
"................"
ထိုသီချင်းကို ကြားလျှင် ဝမ်လင်းနှင့် ပတ်ဝန်းကျင်မှ အတန်းဖော်အားလုံးက အုန်းအုန်းကျွက်ကျွက် ဖြစ်သွားကြသည်။