မိစ္ဆာအင်ပါယာ ကွာဖီ၏ အားနည်းချက်
Vol. 7 Ch. 99
"လခွမ်း.. ကျောက်သရဲမျက်နှာဖုံးလား"
ဝမ်လင်း ပေးပို့သောပုံကို မြင်လျှင် တစ်ဖက်မှ ဗုံးပစ် စီနီယာအင်မော်တယ်၏ အမူအရာက ပြောင်းလဲသွားသည်။
သူက သက်ပြင်းရှည်ချလိုက်ပြီး စိတ်ဆိုးသည့် အီမိုဂျီများနှင့် အတူ မက်ဆေ့ချ်ကို လေအလျင်ကဲ့သို့ မြန်ဆန်စွာ လက်ကွက်ရိုက်၍ ပေးပို့လိုက်သည်။
"ညီနောင်လင်း.. မင်းအရမ်းတော်တယ်ကွာ...ငါ့ကိုတောင် အသိမပေးဘဲ ဒီ ကျောက်သရဲ မျက်နှာဖုံးကို မင်းတကယ် လိုက်ရှာနိုင်ခဲ့တယ်.. ဒီလောက် စိတ်ဝင်စားစရာ ကောင်းတဲ့ မျက်နှာဖုံးကို မင်းနဲ့အတူ လေ့လာဖို့ ဘာလို့ ငါ့ကို မခေါ်တာလဲ.. ဒါတော့ နည်းနည်းများပြီကွာ"
ဗုံးပစ်စီနီယာ အင်မော်တယ်၏ တုံ့ပြန်မှုကို မြင်လျှင် ဝမ်လင်း၏ နှလုံးသားက ချက်ချင်းပင် သက်သောင့်သက်သာ ဖြစ်သွားသည်။
ဗုံးပစ်စီနီယာ အင်မော်တယ်က ကျောက်သရဲ မျက်နှာဖုံး၏ တိကျသည့် သမိုင်းကြောင်းကို ရှင်းရှင်းလင်းလင်း သိနေမှန်း ထင်ရှားနေသည်။
"ဒီကျောက်သရဲ မျက်နှာဖုံးက ဘာနဲ့ လုပ်ထားတာလဲ ဆိုတာ ညီနောင်လင်း အတည်ပြုပြီးပြီလား"
ဝမ်လင်းက သူ့ကိုယ်ပိုင် မေးခွန်းကို မမေးမီ ဗုံးပစ် စီနီယာအင်မော်တယ်က မေးခွန်းထုတ်လိုက်သည်။
ဝမ်လင်းက တိုတိုတုတ်တုတ်သာ ပြန်ဖြေလိုက်သည်။
"ရှေးဟောင်း အနက်ရောင် သလင်းကျောက်"
"ဟုတ်ပြီ.. ဒါက သေချာပေါက် ကျောက်သရဲ မျက်နှာဖုံးပဲ"
ဗုံးပစ်စီနီယာ အင်မော်တယ်က အတော်လေး စိတ်လှုပ်ရှားနေပုံ ရသည်။
"ဒဏ္ဍာရီလာ ကျောက်သရဲ မျက်နှာဖုံးက အနက်ရောင် သလင်းကျောက်နဲ့ ပြုလုပ်ထားတာလေ.. ဒါနဲ့ ညီနောင်လင်းက ဒီမျက်နှာဖုံးကို ဘယ်ကနေရတာလဲ"
"အွန်လိုင်းရှော့ပင်း"
ဝမ်လင်းက ရိုးသားစွာ အမှန်အတိုင်း ပြန်ဖြေလိုက်သည်။
"အိုး…"
ဗုံးပစ်စီနီယာ အင်မော်တယ်က တခဏမျှ ရူးသွပ်သွားခဲ့ပြီး ထိုအချက်ကို လုံးဝ မယုံကြည်နိုင် ဖြစ်နေသည်။
"ညီနောင်လင်း.. မင်းနဲ့ငါက ညီအကိုတွေ ဖြစ်နေတာ နှစ်အတော် ကြာနေပြီနော်.. အမှန်အတိုင်း ပြောစမ်းပါ.. မင်းပြောနေတဲ့ အွန်လိုင်းရှော့ပင်း ဆိုတာ ဘယ်သူလဲ"
"အင်တာနက်.."
ဤတစ်ကြိမ်တွင် ဝမ်လင်း၏ မက်ဆေ့ချ်ကို မယုံနိုင် ဖြစ်ကာ ဗုံးပစ် စီနီယာ အင်မော်တယ်က သူ့မျက်လုံးကိုသူ ပွတ်သပ်လိုက်၏။
သူက စိတ်တည်ငြိမ်စေရန် Liuwei Dihuang ဆေးလုံးကို သောက်ရန် လိုအပ်နေပြီ ဖြစ်သည်။
(Liuwei Dihuang Pill= ဆေးခြောက်နှင့် တရုတ်ဆေးဖက်ဝင်အပင်များဖြင့် ပြုလုပ်ထားသောဆေး၊ ရာစုနှစ်များစွာကတည်းက တရုတ်နိုင်ငံတွင်အသုံးပြု)
"သောက်-ဖုတ်ပဲ.. အွန်လိုင်းရှော့ပင်းက ဝယ်တာလား"
ယနေ့ခေတ်တွင် အွန်လိုင်းရှော့ပင်း သမားများမှာ ရှားပါးသော မှော်ကျင့်စဥ်များနှင့် ပစ္စည်းများကို အွန်လိုင်းတွင် အလွယ်တကူ ရောင်းချနိုင်သည် အထိ အစွမ်းထက်လာပါသလော။
ဗုံးပစ် စီနီယာ အင်မော်တယ်က ဒီထက်ပိုပြီး မထိတ်လန့်မတုန်လှုပ်ဘဲ မနေနိုင်တော့ပေ။
"ညီနောင်လင်း.. ဒီကျောက်သရဲ မျက်နှာဖုံးကို လူဘယ်နှစ်ယောက် လိုက်ရှာနေလဲ မင်းသိရဲ့လား”
ထိုစကားကို ပြောပြီးနောက် သူ့ကိုယ်သူ စိတ်တည်ငြိမ်အောင် မိနစ် အနည်းငယ်ကြာသည် အထိ ထိန်းသိမ်းခဲ့ရသည်။
"အဲဒီအချိန်တုန်းက မျက်နှာဖုံးမှာ မိစ္ဆာအင်ပါယာ ကွာဖီရဲ့ စိတ်ဝိညာဥ်ကို တံဆိပ်ခတ်ထားတယ်လို့ ကောလဟလ ထွက်ပေါ်ခဲ့တယ်.. စိတ်ဝိညာဉ် ဖွဲ့စည်းခြင်း နယ်ပယ်နဲ့ အဲဒီ အထက်မှာရှိတဲ့ ကျင့်ကြံသူတွေက သူတို့ရဲ့ စွမ်းအားတွေကို အသုံးပြုပြီး အပူတပြင်း ရှာဖွေခဲ့ကြတယ်.. မျက်နှာဖုံးကို အမွေဆက်ခံခွင့်ရတဲ့ ဘယ်သူမဆို မိစ္ဆာ အင်ပါယာ ကွာဖီရဲ့ အမွေအနှစ်ကိုဆက်ခံခွင့်ရမယ်လို့ ကောလဟလ ရှိတယ်လေ.. ဒီကောလဟလတွေက အမှန်မဟုတ်ဘူးလို့ ပြောကြပေမဲ့ ငါ့ရဲ့နှစ်ပေါင်းများစွာ စုံစမ်းလေ့လာမှု အရတော့ ကောလဟလရဲ့ ၇၀%က မှန်ကန်တယ်လို့ ပြောလို့ရတယ်.. ပြောရရင် ဒီမှော်ဆန်တဲ့ပစ္စည်းက ကျင့်ကြံခြင်း လောကကို တကယ်ကို တုန်လှုပ်သွားစေခဲ့ဖူးတယ်"
(.........)
ဝမ်လင်းက စာချန်ပြ အမှတ်အသားကို ပေးပို့လိုက်သည်။
အဘယ်ကြောင့်ဆိုသော် ထိုစကားကို သူသံသယ ရှိနေ၍ ဖြစ်သည်။
မဟာတာအို ၃၀၀၀ ထဲတွင် "ကြီးမြတ်သော သွေးဇစ်မြစ်မန္တန်"မှာ အမွေအနှစ် ဆက်ခံနိုင်သည့် မန္တန် ဖြစ်သည်။
တစ်စုံတစ်ယောက်က ထိုမန္တန်ကို နားလည်လျှင်ပင် မိစ္ဆာ အင်ပါယာ ကွာဖီဆီမှ အမွေကို ဆက်ခံခွင့်ရရန်မှာ လုံးဝ အဓိပ္ပါယ်မရှိပေ။
"ကြီးမြတ်သော သွေးဇစ်မြစ်မန္တန်"ကို အသုံးပြုနိုင်သည့် အခြေအနေ များစွာ ရှိသည်။
ပြီးပြည့်စုံသော အမွေအနှစ် လွှဲပြောင်းမှု အတွက် အပြင်းထန်ဆုံး လိုအပ်ချက် တစ်ခုမှာ ဆေးပညာတွင် ကြုံတွေ့ရလေ့ ရှိသည့် ရိုးတွင်းခြင်ဆီ အစားထိုးခြင်း ကဲ့သို့ လိုက်ဖက်ညီသော သွေးကိုက်ညီမှု ဖြစ်သည်။
ဝမ်လင်းက ကျယ်ပြန်သော ပင်လယ်ကဲ့သို့ မရေမတွက်နိုင်သည့် လူပေါင်းများစွာ ထဲမှ ပြီးပြည့်စုံသော လိုက်ဖက်ညီသူကို ရှာတွေ့ရန်မှာ လုံးဝ အဓိပ္ပါယ်မဲ့သည်ဟု ခံစားမိသည်။
ဤနေရာတွင် ကျင့်ကြံသူများ၏ အားနည်းသော သဘာဝပြဿနာကို ပြောရဦးမည်။
အတိအကျပြောရလျှင် ၎င်းတို့က သွေးကိုက်ညီမှုနှင့် လိုက်ဖက်မှု မရှိမှန်း ကြိုသိခဲ့လျှင်ပင် အချိန်တိုအတွင်း စွမ်းအား ပိုမို ရရှိအောင် ကြိုးစားဖို့ အခွင့်အရေးကို အရယူရန် ဆုံးဖြတ်ထားဆဲ ဖြစ်သည်။
ကျင့်ကြံမှုတွင် မိမိကိုယ်ကို အားကိုးပြီး တစ်ဆင့်ပြီး တစ်ဆင့် လုပ်ဆောင်သင့်သည်ဟု စီနီယာ ကျင့်ကြံသူများက အမြဲ ပြောကြလေ့ ရှိသည်။
ဤမှတ်ချက်ကို ဝမ်လင်းက သဘောမတူနိုင်ပေ။
သူက ကျင့်ကြံခြင်း နယ်ပယ် အလွန်အကျွံ တိုးတက်လာမှုကြောင့် မတည်မငြိမ် ဖြစ်နေသော အခြေခံ အုတ်မြစ် တစ်ခု၏ သားကောင် ဖြစ်နေသည် မဟုတ်လော။
ဆိုရလျှင် သူက ခွန်အားကို တိတိကျကျ မထိန်းချုပ်နိုင်သူ တစ်ယောက် ဖြစ်သည်။
ထို့ကြောင့် အမွေအနှစ်ကို အတင်းအကြပ် ဆက်ခံသူ တစ်ဦး၏ ဖြစ်နိုင်ခြေ အရှိဆုံး အကျိုးဆက်ကို ပြောရလျှင် ၎င်းတို့က အတွင်းစိတ် သွေဖည်မှုကို ကြုံတွေ့ရပြီး အဆုံးသတ်တွင် ၎င်းတို့၏ ကျင့်ကြံမှု အားလုံးကို ဆုံးရှုံးကာ ဒုက္ခိတ ဖြစ်သွားနိုင်ပေသည်။
ဤသည်မှာ မချိမဆံ့ နာကျင်ပြီး မယုံနိုင်လောက်အောင် အန္တရာယ်များသော လုပ်ငန်းစဉ် တစ်ခု ဖြစ်သည်။
ယင်းက ခန္ဓာကိုယ်ကို မည်သည့် အကျိုးကျေးဇူးမှ မပေးသည့်အတွက် "ကြီးမြတ်သော သွေးဇစ်မြစ်မန္တန်" သုံးစွဲမှုကို ဝမ်လင်းက သူ့ကိုယ်သူ တင်းကြပ်စွာ တားမြစ်ထားခဲ့သည်။
သို့သော် လက်တည့်စမ်းချင်သည့် မာနကြီးသော ကျင့်ကြံသူ အများအပြား ရှိနေသေးသည်ကို သူမသိခဲ့ပေ။
အနည်းဆုံးတော့ ဤကျောက်သရဲ မျက်နှာဖုံးက အမွေဆက်ခံခြင်းနဲ့ လုံးဝ မသက်ဆိုင်ကြောင်း သူခံစားခဲ့ရသည်။
ထိုအစား မိစ္ဆာအင်ပါယာ ကွာဖီ ချန်ရစ်ခဲ့သည့် ထောင်ချောက်တစ်ခုပင် ဖြစ်လာနိုင်ဖွယ် ရှိသည်။
တကယ်တမ်း ဝမ်လင်း တစ်ယောက်ထဲ ယခုလို ထင်ခဲ့ခြင်း မဟုတ်ပေ။
အသေအချာ စုံစမ်းထားပါသည် ဆိုသော ဗုံးပစ် စီနီယာအင်မော်တယ်ပင် သံသယ ဝင်နေခဲ့သည်။
နှစ်ဦးသား ခဏမျှ အတွေးနယ်ချဲ့ နေပြီးနောက် ဗုံးပစ်စီနီယာအင်မော်တယ်က မိစ္ဆာအင်ပါယာ ကွာဖီ အကြောင်းကို ပြန်စလိုက်သည်။
"ညီနောင်လင်း.. အဲဒီအချိန်တုန်းက မိစ္ဆာအင်ပါယာ ကွာဖီ ပျောက်ကွယ်သွားရတဲ့ အကြောင်းရင်းကို မင်းသိလား"
တစ်ဖက်လူ၏ မေးခွန်းကို ကြားလျှင် ဝမ်လင်းက တစ်စက္ကန့်မျှ တိတ်ဆိတ်သွားသည်။
ဆရာဝမ်က ဤအကြောင်းကို ပြောပြဖူးသည့် အတွက် သူ့မှတ်ဥာဏ်ထဲတွင် လတ်လတ်ဆတ်ဆတ် ရှိနေခဲ့သည်။
ဗုံးပစ် စီနီယာ အင်မော်တယ်က သူ့စကားကို ပြန်ဆက်လိုက်သည်။
"အဲဒီတုန်းက မိစ္ဆာအင်ပါယာ ကွာဖီရဲ့တပည့် အင်မော်တယ်ရှဲဖီက အာဏာသိမ်းဖို့ အတွက် ဒဏ်ရာရနေတဲ့ သူ့ဆရာကို စည်းတံဆိပ် ခတ်လိုက်တယ်လို့ ကောလဟလတွေ ပြင်ပမှာ ထွက်ပေါ်ခဲ့တယ်.. ဒါပေမဲ့ တကယ်တမ်းက အဲဒီလိုမဟုတ်ဘူး.. ဒီဆရာနဲ့ တပည့်က အလွန်နီးစပ်တဲ့ ဆက်ဆံရေးရှိတယ်လို့ သူတို့ရဲ့ အဆက်အနွယ်တွေ ဆီကနေ ကြားသိခဲ့ရတယ်"
"တကယ်တော့ အဲဒီအချိန်မှာ မိစ္ဆာအင်ပါယာ ကွာဖီက ကြီးမြတ်သော မိစ္ဆာ ထိန်းချုပ်လှိုင်းကို ဘယ်လို ဖြိုဖျက်ရမလည်း ဆိုတာ စူးစမ်းလေ့လာနေတာပါ"
ချက်တင်ဝင်းဒိုးမှ စာသားများကို ကြည့်ရင်း ဝမ်လင်းက မျက်မှောင်မကြုတ်ဘဲ မနေနိုင်တော့ချေ။
သူက ဤအစီအရင်ကို ကြားဖူးရုံ သာမက ကိုယ်တိုင်လည်း သုံးခဲ့ဖူး၏။
ထိုအစီအရင်က မဟာတာအို သုံးထောင်ထဲမှ တစ်ခု ဖြစ်ပြီး လူဆိုးများ၊ နတ်ဆိုးဝိညာဥ်များ၊ ယုတ်မာသော ဂိုဏ်းဂဏများ စသည်တို့ကို ဆန့်ကျင် ပညာပေးရာတွင် အသုံးပြုရန် တီထွင်ထားသည့် အစီအရင် ဖြစ်သည်။
"ဒီကြီးမြတ်သော မိစ္ဆာထိန်းချုပ်လှိုင်းက သူ့ကို အမြဲ ဆူးတစ်ခုလို ဒုက္ခပေးနေလို့ မိစ္ဆာအင်ပါယာ ကွာဖီက အဲဒါကို ဘယ်လိုဖြိုဖျက်ရမလဲ ဆိုတာကို နက်နက်ရှိုင်းရှိုင်း လေ့လာခဲ့တယ်.. ဆယ်စုနှစ်များစွာ သုတေသနပြုပြီး နောက်မှာ အဖြေကို သူတွေ့ရှိခဲ့ပုံရတယ်.. ဒါကြောင့် သူက ဒီအစီအရင်နဲ့ ပတ်သက်ပြီး ပိုမို နားလည်ဖို့ အတွက် သူ့ရဲ့ တပည့် အင်မော်တယ်ရှဲဖီကို သူ့အပေါ် ကြီးမြတ်သော မိစ္ဆာထိန်းချုပ် အစီအရင် အသုံးပြုဖို့ တောင်းဆိုခဲ့တယ်"
ဝမ်လင်းက အလွန်အမင်း အာရုံစိုက်ကာ နားထောင်နေသည်။
"နောက်တော့ ဘာဖြစ်သွားလဲ"
"နောက်တော့လား.. ဘာမှမဖြစ်ခဲ့ပါဘူး"
ဗုံးပစ် စီနီယာ အင်မော်တယ်က ပခုံးတွန့်သော အီမိုဂျီကို ပေးပို့လိုက်သည်။
"အဆုံးသတ်မှာတော့ မိစ္ဆာအင်ပါယာ ကွာဖီက ကျောက်သရဲ မျက်နှာဖုံးထဲမှာ အလုံပိတ်ခံခဲ့ရတယ်.. ဒါ့အပြင် အဲဒီနောက်ပိုင်း လွတ်မြောက်ဖို့ အခွင့်အလမ်းလည်း ရှာမတွေ့ခဲ့ဘူး"
ဇာတ်လမ်း တစ်ခုလုံးကို ကြားပြီးနောက် ဝမ်လင်းက အတတ်ဆန်းသော မိစ္ဆာအင်ပါယာကွာဖီကို လှောင််ရယ်ဖို့ကိုပင် အမှန်တကယ် စိတ်မဝင်စားနိုင် ဖြစ်သွားခဲ့သည်။
"ဒီကျောက်သရဲ မျက်နှာဖုံးကို ရှာနေကြတာ နှစ်တွေတောင် အတော်ကြာခဲ့ပြီ.. ဒီအရာက အလေးအနက် ထားရမဲ့ မှော်လက်နက်လည်း ဖြစ်တယ်.. မသမာသူလက်ထဲ ရောက်သွားရင် ဘေးဒုက္ခတွေ ဖြစ်လာနိုင်တယ်.. သီအိုရီအရတော့ ကျောက်သရဲ မျက်နှာဖုံးက စစ်မှန်တဲ့ မှော်လက်နက် မဟုတ်ဘူး.. ဒါပေမဲ့ မိစ္ဆာအင်ပါယာ ကွာဖီရဲ့ စိတ်ဝိညာဥ်ကို အထဲမှာ ချိတ်ပိတ်ထားတာ ဆိုတော့ အခုလောက်ဆို သူက လက်နက်ဝိဥာဉ် တစ်ခုလို ဖြစ်နေလောက်ပါပြီ"
ဗုံးပစ်စီနီယာ အင်မော်တယ်က ရှင်းပြလိုက်သည်။
ဝမ်လင်း "............"
ဤကြီးကျယ် ခမ်းနားသော ပထမ မျိုးဆက် မိစ္ဆာအင်ပါယာလို အတတ်ဆန်းသည့် အခြား မည်သူမှမရှိဟု သူခံစားခဲ့ရသည်။
အကယ်၍ ကွာဖီကဲ့သို့ မိုက်မဲသော စိတ်ထားရှိသည့်သူကို ရှာမည်ဆိုလျှင် နတ်ဆိုးဘုရင် ဖြစ်ခဲ့ဖူးသည့် ထွင်ထျန်းဟာကို ထိုစာရင်း၏ ထိပ်ဆုံးတွင် ထားရှိရပေမည်။
ဗုံးပစ် စီနီယာ အင်မော်တယ်၏ ရှင်းလင်းချက်ကို နားထောင်ပြီးနောက် ကျောက်သရဲ မျက်နှာဖုံးနှင့် ပတ်သက်ပြီး ဝမ်လင်း၏ သံသယ အများစုမှာ ရှင်းလင်းသွားပြီ ဖြစ်သည်။
ရှင်းမပြနိုင်သော အရာတစ်ခုသာ ကျန်တော့သည်။
ယင်းမှာ မျက်နှာဖုံးက အမြွှာမှော်ရတနာ တစ်စုံ ဟုတ်မဟုတ် ဆိုသော အချက် ဖြစ်သည်။
ဝမ်လင်း သူ့ဆီ ပို့လိုက်သည့် မက်ဆေ့ချ်ကို မြင်ပြီးနောက် ဗုံးပစ် စီနီယာ အင်မော်တယ်က ကူကယ်ရာမဲ့စွာဖြင့် ခေါင်းညိတ်လိုက်သည်။
"ဒီအယူအဆနဲ့ ပတ်သက်ပြီး ညီနောင်လင်းနဲ့ ငါနဲ့က အတွေးတူတယ်.. ငါလည်း ဖြစ်နိုင်ချေကို တွေးကြည့်ပြီး အရင်ထဲက သံသယ ဖြစ်နေခဲ့တာ..စဥ်းစားကြည့်လေ.. လူတော်တော်များများက ကျောက်သရဲ မျက်နှာဖုံးကို နှစ်စဉ် ရှာနေကြပေမယ့် မိစ္ဆာ အင်ပါယာရဲ့ အရိပ်အယောင်ကို ဘယ်သူမှ ရှင်းရှင်းလင်းလင်း ခြေရာခံ မမိခဲ့ကြဘူး.. ကမ္ဘာမြေကြီးမှာ ဒီလိုဖြစ်စရာ အကြောင်းမှ မရှိတာ.. ဒါပေမဲ့ ညီနောင်လင်းရဲ့ အယူအဆ အတိုင်းသာ ဆိုရင် လက်ရှိ အခြေအနေတွေ အားလုံးက အဓိပ္ပါယ်ရှိသွားပြီ.. ညီနောင်လင်းဆီမှာ ရှိတဲ့ မျက်နှာဖုံးက အမြွှာမျက်နှာဖုံးထဲက တစ်ခု ဖြစ်နိုင်တယ်.. မူရင်းက သေချာပေါက် အဝေးကနေ လှမ်းပြီး ထိန်းချုပ်နေတာ ဖြစ်ရမယ်.. ဒါပေမဲ့ သေချာအောင် မျက်နှာဖုံးကို အရင် ကြည့်သင့်တယ် ထင်တယ်.. ဒါနဲ့ ညီနောင်လင်း ငါတို့ ဘယ်အချိန်တွေ့ဖို့ စီစဥ်ကြမလဲ"
"တွေ့ကြမလို့လား"
ဝမ်လင်းက ပထမတော့ ငြင်းချင်ခဲ့သည်။
သို့သော် သူက ကျောက်သရဲ မျက်နှာဖုံး အကြောင်း ခဏလောက် သေချာ စဉ်းစားပြီးမှ ထုံးစံအတိုင်း စကား တိုတိုတုတ်တုတ် ပြန်ဖြေလိုက်သည်။
"ဝမ်မိသားစု အိမ်ငယ်လေးမှာ ဆုံကြစို့"