← Chapters

ဗုံးပစ် စီနီယာအင်မော်တယ် နောက်တစ်ကြိမ်တုန်လှုပ်သွားသည်

Vol. 7 Ch. 103

ဗုံးပစ် စီနီယာအင်မော်တယ် နောက်တစ်ကြိမ်တုန်လှုပ်သွားသည်

Vol. 7 Ch. 103

ဝမ်မိသားစု အိမ်ငယ်လေးသို့ ရောက်ရှိပြီးနောက် ဗုံးပစ်စီနီယာအင်မော်တယ်မှာ ဖေဖေဝမ်၏ ဖိတ်ခေါ်မှုအရ ဧည့်ခန်းရှိ ဆိုဖာပေါ်တွင် နာခံစွာ ထိုင်နေသည်။

သူက ထိုနေရာကနေ မလှုပ်ရှားရဲတော့ပေ။

ဤအခိုက်အတန့်တွင် သူ့စိတ်ထဲ၌ အနည်းငယ် တုန်လှုပ်သွားသလို ခံစားလိုက်ရသည်။

ဝမ်မောင်နှံက နှစ်သောင်းချီ သက်တမ်းရှိသည့် ရှေးခေတ်လူနေမှု အကြွင်းအကျန် အကြီးအကဲများ ဆိုလျှင် ဇာတ်မြုပ်နေရာမှ ရုတ်တရက် ထွက်ပေါ်လာသည့် ကြီးမြတ်သော စီနီယာ အဘိုးဝမ်မှာ ဖန်ဆင်းရှင် နတ်ဘုရား အဆင့်တွင် ရှိနေလောက်၏။

"အဖေ့ကို ဒီတစ်ယောက်နဲ့ မိတ်ဆက်ပေးပါရစေ.. ဒါက လင်းလင်းရဲ့ သူငယ်ချင်း လဲ့လေးပါ"

ဖေဖေဝမ်က အပေါ်ထပ်မှ ဖိုးဖိုးဝမ်ကို ဆွဲခေါ်လာပြီး ဆိုဖာပေါ်တွင် ထိုင်နေသည့် ဗုံးပစ်စီနီယာ အင်မော်တယ်နှင့် မိတ်ဆက် ပေးလိုက်သည်။

"အိုး ဒါဆို ဒီကလေးက လင်းလင်းရဲ့ သူငယ်ချင်းပေါ့"

အဘိုးကြီးက ခေါင်းညိတ်လိုက်သည်။

အဘိုးအိုက မှတ်ဉာဏ်ချို့ယွင်းသည့် ရောဂါကို ခံစားနေရသော်လည်း သူ၏ ဉာဏ်ရည်ဉာဏ်သွေးမှာ သာမန်လူတွေထက်ပင် အတော်အတန် သာလွန်နေသည်။

သူက စားဖိုမှူးအဖြစ် နှစ်ပေါင်းများစွာ တာဝန် ထမ်းဆောင်ခဲ့ပြီး အစွမ်းထက် ကျင့်ကြံသူ များစွာ အတွက် ချက်ပြုတ်ပေးခဲ့ရ၍ လူအမျိုးအစား များစွာကို မြင်တွေ့ခဲ့ဖူးသည်။

ဤလူငယ်၏ ၀တ်စားဆင်ယင်ပုံကို ကြည့်ရုံဖြင့် ဤလူငယ်မှာကျင့်ကြံခြင်း လောကထဲမှ ဖြစ်သည်ဟု အခြေခံအားဖြင့် ခန့်မှန်းနိုင်ခဲ့သည့် အပြင် စစ်မှန်သော သန်မာမှုမျိုးကို ပိုင်ဆိုင်ထားသူဟုလည်း တန်းသိလိုက်သည်။

တစ်ဖက်လူက ကျင့်ကြံသူဟု ယူဆရသဖြင့် အဘိုးအိုက စကားပြောသည့် အခါတွင် သတိထားရမည်ဟု ခံစားခဲ့ရ၏။

သူ့ရှေ့မှ အဖြူရောင်ဝတ်စုံ ၀တ်ထားသူက မတ်တပ်ရပ်၍ လက်ဆွဲနှုတ်ဆက်လျှင် မည်သို့စကား ပြောရမည်ကို အဘိုးအိုက တွေးနေမိသည်။

ယင်းအချိန်မှာပင် ဗုံးပစ်စီနီယာ အင်မော်တယ်က ဖိုးဖိုးဝမ်ကို နှုတ်ဆက်လိုက်သည်။

"မင်္ဂလာပါ.. စီနီယာကြီး.. ဒီအညတရလေးရဲ့ နာမည်က လဲ့မို့ရမ်ပါ.. လဲ့က ထျန်းလဲ့က လဲ့ပါ.. မို့က မို့ဟွားရဲ့မို့ပါ.. ရမ်က ရီကဲရမ်က ရမ်ပါ.. ကျနော့်ရဲ့ တာအိုနာမည်ကတော့ ဗုံးပစ် စီနီယာ အင်မော်တယ်ပါ.. တွေ့ရတာ အရမ်းဝမ်းသာပါတယ် စီနီယာကြီး"

"အမ်.. သူက ငါ့ကို ဘာလို့ စီနီယာကြီးလို့ ခေါ်နေတာလဲ"

အဘိုးအိုက စီနီယာဟု အခေါ်ခံရ၍ အံ့အားသင့်သွားသော်လည်း မြန်မြန်ဆန်ဆန်ပင် တုံ့ပြန်လိုက်သည်။

ယင်းက ကျင့်ကြံခြင်း လောက၏ လုပ်ရိုးလုပ်စဥ် ကျင့်ဝတ်တစ်ခု ဖြစ်ကောင်း ဖြစ်နိုင်သည်။

အဘိုးအိုက ဤမျှလောက်သာ တွေးတောခဲ့ပြီး ရှည်ရှည်ဝေးဝေး စဥ်းစားမနေခဲ့ပေ။

သူက လက်ကို အလျင်အမြန် ဝှေ့ရမ်း၍ ဗုံးပစ်စီနီယာ အင်မော်တယ်ကို ဆိုဖာတွင် ပြန်ထိုင်စေလိုက်ပြီး မေးခွန်း အနည်းငယ် မေးမြန်းလိုက်၏။

"ဘယ်မှာ အလုပ်လုပ်တာလဲ"

ယင်းမှာ သာမန်မေးခွန်း တစ်ခုမျှသာ ဖြစ်သော်လည်း ကျောင်းသား လဲ့မို့ရမ်က အလေးအနက် တွေးတောလိုက်သည်။

သူက အွန်လိုင်းဆွေးနွေးမှု ဖိုရမ်၏ ပိုင်ရှင်ဖြစ်ကြောင်း မှန်ကန်စွာ ပြောခဲ့လျှင် အနည်းငယ် ရှုံ့ချစရာ ဖြစ်နေလိမ့်မည်။

ထို့အပြင် ဤစီနီယာကြီးနှင့် ဆက်ဆံရေး တည်ဆောက်ရာတွင် အလွန်ဆိုးရွားသော အစပြုမှုမျိုး ဖြစ်လာလိမ့်မည် မဟုတ်လော။

အကြောင်းမှာ လူအများစု၏ အမြင်တွင် အတင်းအဖျင်း ဖိုရမ်တစ်ခု၏ ပိုင်ရှင်မှာ အင်တာနက်ပေါ်ရှိ ရေပေါ်ဆီများနှင့် အလားသဏ္ဍာန် တူနေသည်။

ခဏမျှ စဉ်းစားပြီးမှ ကျောင်းသား လဲ့မို့ရမ်က ပြန်ဖြေလိုက်သည်။

"ကျွန်တော်က အများသူငှာ တောင်းဆိုချက်တွေကို လက်ခံလေ့ရှိတဲ့ ဝဘ်ဆိုက်ပိုင်ရှင်ပါ.. ကျင့်ကြံခြင်းနဲ့ ဆိုင်တဲ့ လုပ်ငန်းတာဝန် တချို့ကို ကူညီ ဆောင်ရွက်ပေးပါတယ်.. စီနီယာကြီး အနေနဲ့ အဲဒါကို ပြည်သူ့ဝန်ဆောင်မှုလို့ ယူဆနိုင်ပါတယ်"

"အိုး ဒီလုပ်ငန်းက အရမ်းကောင်းတယ်"

အဘိုးအိုက ထပ်ခါတလဲလဲ ခေါင်းညိတ်၍ ဗုံးပစ်စီနီယာ အင်မော်တယ်ကို ချီးကျူးလိုက်သည်။

"အခုခေတ်မှာ လူတွေရဲ့ အခက်အခဲကို ကူညီမယ်ဆိုတဲ့ အတွေးအခေါ်မျိုး ကလေးတွေမှာ မရှိတော့ဘူး.. ကုသိုလ်ကောင်းမှု လုပ်ဖို့ ဆိုတာ တကယ်တော့ မလွယ်ပါဘူး.. မင်းရဲ့ ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းက သေချာပေါက် အောင်မြင်မှာပါ"

"စီနီယာ.. ကျေးဇူးပြုပြီး ငါ့ကို အကြံပေးပါဦး.."

"နေက တိမ်တိုက်ရဲ့ နောက်ကွယ်က ထွက်လာတယ် ဆိုတဲ့စကားကို ကြားဖူးတယ် မဟုတ်လား"

"............."

အကြောင်းတစ်ခုခုကြောင့် ဤစကားက တစ်ခုခုလွဲနေပြီဟု သူခံစားမိသော်လည်း သက်ပြင်းကို ကျိတ်၍ ချလိုက်သည်။

မည်သို့ပင်ဖြစ်စေ ပထမ အတားအဆီးကို သူ ကျော်ဖြတ်ပြီးပြီဟု ထင်ရသည်။

သူတို့ဘေးရှိ ကြမ်းပြင်ပေါ်တွင် ထွင်ထျန်းဟာက ပျင်းရိပျင်းတွဲ လှဲလျောင်းနေသည်။

သူက ယခုလက်ရှိ မြင်ကွင်းကို လှောင်ပြောင်ရန်ပင် စိတ်မ၀င်စားပေ။

ဤလူသုံးယောက်၏ စကားကို ဆက်စပ်တွေးတောပြီး သူက စိတ်ရှုပ်သွားသည်။

{မင်း ဒီကို လာရတဲ့ အကြောင်းရင်းက ဝမ်လင်းကို ရှာဖို့ပဲ မဟုတ်လား.. ဘာလို့ ပေရှည်နေရတာလဲ}

အလုပ်အကြောင်း အလာပသလာပ ပြောပြီးသည်နှင့် ဧည့်ခန်းထဲမှ လူသုံးဦးမှာ ဘဝအကြောင်းကို ပျော်ရွှင်စွာ စကားစမြည် ပြောခဲ့ကြသည်။

ခါးရှေ့ဖုံး အဝတ်ကို ၀တ်ထားသည့် မေမေဝမ်က လူသုံးယောက်ကို ကြည့်ကာ ပြုံးလိုက်၏။

"ဆရာမဖန်က ရှောင်တခင် စာမေးပွဲ စစ်နေတဲ့ အတွက် အပြန် နောက်ကျမယ်လို့ လင်းလင်းက မက်ဆေ့ချ် ပို့ထားတယ်.. ကြည့်ရတာ သူ အိမ်ပြန်တာ နည်းနည်း နောက်ကျလိမ့်မယ်"

"ကောင်းပြီလေ.. ဒီညအတွက် ချက်စရာတွေ အများကြီးရှိသေးတယ်.. လင်းလင်း အိမ်ပြန်ရောက်တာနဲ့ ညစာစားဖို့ အခုကတည်းက ပြင်ဆင်ထားလိုက်မယ်"

အဘိုးကြီးက ထရပ်ကာ မီးဖိုချောင် ဘက်သို့ လျှောက်သွားလိုက်သည်။

"လဲ့လေးက ဒီကိုလာဖို့ လွယ်တာ မဟုတ်ဘူး.. သူက အင်မော်တယ် ဝိုင်တောင် ယူလာပေးခဲ့တယ်.. အဖေ.. ဒီတစ်ခါတော့ အဖေ့ရဲ့ အရည်အချင်းကို ပြမှ ဖြစ်တော့မယ် ထင်တယ်"

ဖေဖေဝမ်က ပြောလိုက်သည်။

"ကောင်းပြီလေ "

အဘိုးအိုသည် လက်ကို ဝှေ့ယမ်းလိုက်ပြီး ရှေးဖုံး ခါးစည်း အဝတ်ကို အဝတ်အစား အပေါ်မှ ထပ်ဝတ်လိုက်သည်။

ရှေ့ဖုံးခါးစည်း အဝတ်၏ ညာဘက်တွင် "အထူး"ဟူသည့်စာလုံးက တောက်ပနေကာ အဘိုးအိုအား သခင်တစ်ဦး၏ ခံစားချက်ကို ပေးစွမ်းနေသည်။

အဘိုးအိုက မီးဖိုချောင်ထဲသို့ ဝင်သွားလျှင် လဲ့မို့ရမ်က အံ့အားသင့်သွားပြီး ဖေဖေဝမ်ကို လေသံတိုးတိုးဖြင့် မေးလိုက်၏။

"စီနီယာဝမ်.. စီနီယာဝမ်ကို မေးခွန်းတစ်ခု မေးရင် စိတ်မဆိုးဘူး မဟုတ်လား.. ကြီးမြတ်သော စီနီယာဝမ်က ဘာအလုပ် လုပ်တာလဲ"

"စားဖိုမှူး"

ဖေဖေဝမ်က ပေါ့ပါးစွာ ဖြေလိုက်သည်။

"စားဖိုမှူးလား"

ဤအဖြေက လဲ့မို့ရမ်ကို ချက်ချင်းပင် ထိတ်လန့်သွားစေ၏။

ဤသက်ရှိရုပ်ကြွင်းထက်ပင် အသက်ပိုကြီးသော သက်ရှိ ရုပ်ကြွင်း ဖြစ်ပြီး ယခင်က စားဖိုမှူးတစ်ဦး ဖြစ်ခဲ့ဖူးသော စီနီယာကြီး..

ဤစရိုက်လက္ခဏာများ အားလုံးကို ပေါင်းစပ်ကာ ဗုံးပစ် စီနီယာအင်မော်တယ်က လူတစ်ဦးကို ချက်ချင်း စဉ်းစားမိလိုက်သည်။

ရေခဲနှင့်မီးကို အသုံးပြုနိုင်တဲ့ ဂန္တဝင်မှော်စားဖိုမှူးကြီး.. ရုံနျန်ပမ်း..

(the legendary magic chef of fire and ice ဇာတ်လမ်းထဲမှ MC)

"အိုဘုရားရေ.. တကယ့်ကို အစွမ်းထက်တဲ့ ဒဏ္ဍာရီလာ ဂန္တဝင်ဆရာသခင်ပါလား"

မီးဖိုချောင်ထဲက အဘိုးကြီး၏ ရှုပ်ပွနေသည့်ပုံကို ကြည့်ရင်း ဗုံးပစ်စီနီယာ အင်မော်တယ်က အံ့အားသင့်သွားပြန်သည်။

..................

တစ်နာရီလောက် အကြာတွင် ညစာက အဆင်သင့် ဖြစ်နေ၏။

ဝမ်မိသားစု အိမ်ငယ်လေးရှိ စားပွဲပေါ်တွင် အိမ်ချက် ဟင်းလျာ အမျိုးမျိုးက လွှမ်းခြုံနေသည်။

ယင်းမှာ စိတ်ခံစားမှုကို နှစ်သက်စေရန် နွေးထွေးသော ရနံ့များကို ပေးစွမ်းနိုင်သော တောက်ပသည့် အစီအစဥ် တစ်ခုလည်း ဖြစ်သည်။

မေမေဝမ်က သူမ၏ ခါးစည်းကို ချွတ်လိုက်ပြီး ချိန်သီးနာရီကို တစ်ချက်ကြည့်ကာ မျက်မှောင်ကြုတ်လိုက်သည်။

"လင်းလင်း အိမ်ပြန်ရောက်ဖို့ အချိန်နည်းနည်း ကြာဦးမယ်ထင်တယ်.. လဲ့လေး မင်းဘယ်လိုလုပ်မလဲ"

ဗုံးပစ် စီနီယာ အင်မော်တယ်က ထမင်းစား စားပွဲမှ ဟင်းလျာများကို ကြည့်ပြီး ဂန္တဝင်မဟာ မှော်စားဖိုမှူးကြီး ဖြစ်နိုင်သည့်သူ ကိုယ်တိုင် ချက်ပြုတ်ထားသည်ဟု တွေးကာ မစားဝံ့တော့ပေ။

ဤအချိန်က ဟင်းတစ်ပွဲချင်းစီ၏ နောက်ကွယ်မှအကြောင်းရင်းကို စဉ်းစားဖို့ အကောင်းဆုံး အချိန်အခါ ဖြစ်သည်။

ဥပမာအားဖြင့် သူက ဝက်သားနီ ပြုတ်ကို ကြည့်ရင်းပင် နက်နဲသော အတွေးများ ဝင်ရောက်လာခဲ့သည်။

"ဟင်းနုနွယ်ရွက်ကြော်ရဲ့ နောက်ကွယ်က အဓိပ္ပါယ်ကရော ဘာများ ဖြစ်နေမလဲ"

"သင်းခွေချပ်နှင့် ပတ်သက်ပြီး သူဘာပြောမလဲ"

ဗုံးပစ်စီနီယာ အင်မော်တယ်က တွေးတောစရာ များပြားလာသည်ဟု ခံစားမိခဲ့သည်။

ဝမ်မိသားစုအိမ်တွင် စားသောက်ရန် စည်းမျဉ်း အများအပြားမရှိပေ။

သူတို့က လွတ်လပ်ပေါ့ပါးစွာ စားသောက်ကြလေ့ ရှိသည်။

"ကိုယ့်အိမ်လို သဘောထားပါ လဲ့လေး.. မင်းအိမ်မှာ စားတာထက် ပိုစားရမယ်နော်"

ကျောင်းသား လဲ့မို့ရမ်က စားသောက်ရန် ဝန်လေးနေသည်ကိုမြင်လျှင် အဘိုးအိုက ဘရိုကိုလီကြော်ကို ယူ၍ ဗုံးပစ်စီနီယာ အင်မော်တယ်၏ ပန်းကန်ထဲသို့ ချက်ချင်း ခပ်ထည့်ပေးလိုက်သည်။

လဲ့မို့ရမ်က ရိုကျိုးစွာ ပြောလိုက်သည်။

"ကျေးဇူးတင်ပါတယ် စီနီယာကြီး"

".............."

ယင်းအခေါ်အဝေါ်ကြောင့် သူတို့ဘေးမှ ဝမ်မောင်နှံမှာ လန့်ဖြန့်သွားသည်။

နောက်ဆုံးတွေ့ခဲ့သော အချိန်ကထက် လဲ့လေးက ပိုပြီးတုန်လှုပ်နေသည်ကို သူတို့က သတိထားမိလိုက်၏။

ထို့ကြောင့် ဝမ်မောင်နှံက အကြောင်းပြချက် မရှိဘဲ ရုတ်တရက် စိတ်ရှုပ်သွားသလို ခံစားလိုက်ရသည်။

လဲ့လေးက ဤကဲ့သို့ အပြုအမူကို မည်သို့ အစပျိုးခဲ့မိမှန်း သူတို့မသိပေ။

သူတို့ လင်မယား နှစ်ယောက်က ကျောင်းသား လဲ့မို့ရမ်ကို မသိမသာ အကဲခတ်လိုက်သည်။

လဲ့မို့ရမ်က ပန်းကန်လုံးကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်ထားပြီး လက်ရာမြောက်သော ရှေးဟောင်းပစ္စည်းကို ကြည့်နေသကဲ့သို့ ကျောက်စိမ်းနှင့် တူသော ဘရိုကိုလီကို စေ့စေ့စပ်စပ် ကြည့်လိုက်သည်။

"ဘရိုကိုလီလား"

"စီနီယာကြီးက ဘရိုကိုလီကို ဘာအတွက် ပေးတာလဲ.. ဒီနောက်ကွယ်မှာရှိတဲ့ လေးနက်တဲ့ အဓိပ္ပါယ်က ဘာလဲ"

ကျောင်းသား လဲ့မို့ရမ်က စဉ်းစားနေရင်း မေးစေ့ကို ပွတ်သပ်လိုက်သည်။

"လဲ့လေး မင်းဘာလို့ မစားတာလဲ.. အရသာ မကောင်းဘူးထင်လို့လား"

လဲ့မို့ရမ်၏ အပြုအမူကို မြင်ပြီး အဘိုးအိုက ဟင်းချို တစ်ပန်းကန်ကို ချက်ချင်း ထည့်ပေးလိုက်သည်။

"ချဉ်တဲ့အရာတွေက အစာ စားချင်စိတ်ကို လှုံ့ဆော်ပေးနိုင်တယ်.. ငါ့ရဲ့ ခရမ်းချဉ်သီး ကြက်ဥစွပ်ပြုတ် ဟင်းချိုကို မြည်းစမ်းကြည့်ပါဦး"

"ခရမ်းချဉ်သီး ကြက်ဥစွပ်ပြုတ် ဟင်းချိုလား"

"စီနီယာက ဘာလို့ ငါ့ကို ခရမ်းချဉ်သီး ကြက်ဥစွပ်ပြုတ် ဟင်းချို ကျွေးတာလဲ.. ဒီနောက်ကွယ်က လေးနက်တဲ့ အဓိပ္ပါယ်က ဘာလဲ"

ဤအခိုက်အတန့်တွင် ကျောင်းသား လဲ့မို့ရမ်မှာ အလွန်စိတ်ပူပန်နေ၏။

သူမည်မျှပင် တွေးတောနေပါစေ.. အဖြေက ပဟေဠိ ဖြစ်နေဆဲ ဖြစ်သည်။

သူက ကူကယ်ရာမဲ့စွာဖြင့် သက်ပြင်းချလိုက်သည်။

ကမ္ဘာတစ်ဝန်းလုံးကို လှည့်ပတ် သွားလာ၍ မရေမတွက်နိုင်သော ကျင့်ကြံမှုဆိုင်ရာ လျှို့ဝှက် ဆန်းကြယ်မှုများကို နှစ်ပေါင်းများစွာ ဖြေရှင်းနိုင်ခဲ့သော ဗုံးပစ်စီနီယာ အင်မော်တယ်မှာ ကျင့်ကြံခြင်း လောကတွင် သူ့ကိုယ်သူ အလွန် နှံ့စပ်သည်ဟု တွေးထင်ခဲ့သူ ဖြစ်သည်။

သို့သော် ဤအခိုက်အတန့်တွင် သူ၏ ကျင့်ကြံမှုနှင့် ကြိုးစားအားထုတ်မှုမှ ရရှိခဲ့သော နားလည်မှု စွမ်းအားများမှာ အသေးအဖွဲသာ ဖြစ်ကြောင်း နက်နက်ရှိုင်းရှိုင်း သိရှိနားလည်သွားခဲ့သည်။

ဤစီနီယာ ဆိုလိုချင်သည့် အရိပ်အမြွက်လေးကိုပင် ပုံဖော်၍ မရခဲ့ပေ။

ကြည့်ရသည်မှာ သူ့အနေဖြင့် လုံလုံလောက်လောက် မနှံ့စပ်သေးပုံ ရသည်။

ဘရိုကိုလီနှင့် ခရမ်းချဉ်သီး ကြက်ဥစွပ်ပြုတ် ဟင်းချိုကို ကြည့်ရင်း ဗုံးပစ် စီနီယာ အင်မော်တယ်မှာ သက်ပြင်းပင် မချနိုင် ဖြစ်သွားခဲ့၏။

ထွင်ထျန်းဟာ "မင်းက အရူးပဲ.. ညစာ အေးအေးဆေးဆေး မစားတတ်ဘူးလား"

All Chapters