← Chapters

မတရားခံရသော အသက်နှစ်ထောင်ကျော်ကလေး

Vol. 7 Ch. 105

မတရားခံရသော အသက်နှစ်ထောင်ကျော်ကလေး

Vol. 7 Ch. 105

မိဘဆရာ အစည်းအဝေးတွင် ဝမ်လင်းအတွက် ယခင်ကပါဝင်ခဲ့သူများမှာ ဖိုးဖိုးဝမ်၊ လဲ့မုန့်မုန့်နှင့် ဝတ္ထုမွမ်းမံမှုများ အတွက် စေတနာ့ဝန်ထမ်း အဖြစ် တက်ရောက်ခဲ့သည့် ဖေဖေဝမ်၏ ပရိသတ်များ ဖြစ်ကြသည်။

ဖေဖေဝမ်က ဝမ်လင်း အလယ်တန်းကျောင်း တက်ကတည်းက မိဘဆရာ အစည်းအဝေးကို စိတ်မ၀င်စားတော့ဘဲ ထိုကိစ္စကို ဖြေရှင်းရန် ဝမ်လင်းကိုသာ တာဝန်ပေးခဲ့၏။

ထို့ကြောင့် မိဘဆရာ အစည်းအဝေး အကြောင်း သတင်းကြားသည်နှင့် ဝမ်လင်းက မိဘတွေ ကိုယ်စား တက်ရောက်မည့်သူအား စဉ်းစားနေပြီ ဖြစ်သည်။

ယင်းသို့ အကျပ်ရိုက်နေသော အချိန်တွင် ဗုံးပစ်စီနီယာ အင်မော်တယ်က ကိုယ်တိုင်ကိုယ်ကျ ဝမ်လင်း၏ အိမ်ဆီသို့ ရောက်ချလာသဖြင့် ဝမ်လင်းက အခွင့်အရေးကို အမိအရ အသုံးချကာ ချက်ချင်း ဆိုသလို တောင်းဆိုခဲ့ခြင်း ဖြစ်၏။

မိဘဆရာ အစည်းအဝေး ဖိတ်စာကို စိုက်ကြည့်ရင်း အဖြူရောင်ဝတ်စုံဝတ် အမျိုးသားက အတွေးထဲ နက်ရှိုင်းစွာ နစ်မျောသွားခဲ့သည်။

ကျင့်ကြံခြင်းဖိုရမ် အဟောင်းနှင့်အသစ်၊ ချက်ဂရုနှစ်ခုလုံး၏ ပိုင်ရှင် အနေဖြင့် ဗုံးပစ်စီနီယာ အင်မော်တယ်မှာ ဤ နှစ်များတစ်လျှောက်တွငိ အစည်းအဝေး များစွာသို့ ဖိတ်ကြားခံခဲ့ရသည်။

၎င်းတို့ထဲတွင် အများစုမှာ ဂုဏ်ပြုညစာ စားပွဲများ ဖြစ်သည်။

ဥပမာအားဖြင့် ယခုနှစ် မေလတွင် ကျင်းပခဲ့သည့် ရှောင်မျိုးနွယ် လုပ်ငန်းစုမှ စီစဥ်သော ချစ်ခြင်းဖြင့် ပေးကမ်းစွန့်ကြဲခြင်း မီးရှူးမီးပန်း ညီလာခံကို သူတက်ရောက်ခဲ့သည်။

ထိုညီလာခံက အင်မော်တယ်ဓားများ မဝယ်နိုင်သော ဆင်းရဲနွမ်းပါးသော တောင်တန်း ဒေသများရှိ ကလေးငယ်များကို ပံ့ပိုးကူညီရန် ရည်ရွယ်၍ ကျင်းပခဲ့ခြင်း ဖြစ်သည်။

သူက သူ၏ ဝမ်းကွဲ ဖြစ်သည့် ဗုံးပစ် နတ်မိမယ်၏ မွေးနေ့ပွဲသို့ တက်ရောက်ခဲ့ပြီး ၎င်း၏ ထူးခြားသော စွမ်းရည်တစ်ခု ဖြစ်သည့် ဓားသွားကို 100% လက်ဗလာဖြင့် ဖမ်းယူခြင်း စွမ်းရည်ကို သရုပ်ပြပေးရန် တောင်းဆိုခံခဲ့ရသည်။

သူက ထိုက်ကျိ နပမ်း အသိအမှတ်ပြု အဖွဲ့အစည်းတွင် ထိုက်ကျိဂိုဏ်း၏ ကိုယ်စားလှယ် အဖြစ်လည်း ပါဝင်ခဲ့ဖူးသည်။

ဗုံးပစ်စီနီယာ အင်မော်တယ်က အတွေ့အကြုံ များစွာ ရှိပြီးသားဖြစ်၍ ပွဲတက်ရောက်ရသည်ကို မကြောက်ရွံ့ခဲ့ပေ။

သူ့ကိုယ်သူ အရာများစွာကို မြင်ဖူးကြုံဖူးသူ ဖြစ်သည်ဟု ထင်ခဲ့သည်။

သို့သော် ဝမ်လင်း ကမ်းပေးသော မိဘဆရာ အစည်းအဝေး ဖိတ်စာကို ကြည့်ပြီး သူ့လက်များက ကူကယ်ရာမဲ့စွာ တုန်ယင်နေသည်။

သူ အရမ်း စိတ်ဓာတ်ကျသွားသည်။

"ငါက ကျင့်ကြံသူအနေနဲ့ ဆိုရင် ငယ်ငယ်လေးပဲ ရှိသေးတာလေ.. ငါ့လို အရည်အချင်း ပြည့်မီတဲ့ လူပျိုကြီး တစ်ယောက်က မိဘဆရာ အစည်းအဝေးကို ဘာအကြောင်းနဲ့ သွားရမှာလဲ"

ဝမ်လင်းက လဲ့မို့ရမ်၏ ပခုံးကို လက်ဖြင့် ပုတ်လိုက်သည်။

သူက မတရားခံရသော ကလေးငယ်ကို ကြည့်ကာ ခက်ခဲကြမ်းတမ်းသော အလုပ်တာဝန်ကို မျှော်မှန်း၍ စာနာစိတ်ဖြင့် ပြုံးပြလိုက်သည်။

.........................

လဲ့မိုရမ်က ထွက်သွားခါနီးတွင် ဝမ် မိသားစု အိမ်ငယ်လေး၏ အဝင်ဝတွင် ရပ်ကာ စိတ်ခံစားချက် ပြင်းပြစွာဖြင့် အိမ်ငယ်လေးကို စိုက်ကြည့်လိုက်သည်။

ညလေက သူ၏လှပသော ဆံပင်များကို တိုက်ခတ်နေသလို အဖြူရောင် အဝတ်အစားများကိုလည်း တဖျပ်ဖျပ် လူးလွင့်စေ၏။

မကြာခင် သူ့နှလုံးသား၏ အထွတ်အမြတ်ထားရာ ဌာနေတစ်ခု ဖြစ်သည့် ဤနေရာကို နှုတ်ဆက်ရပေတော့မည်။

ယင်းမှာ ငယ်စဥ်က ကျောင်းသား အားကစား ပွဲတော်တွင် နိုင်ငံတော်အလံကို အောက်သို့ ဆွဲချခံရသည်အား မြင်လိုက်ရသော ဝမ်းနည်းမှုနှင့် ဆင်တူသည်။

"လဲ့လေး.. အချိန်မရွေး လာလည်နော်"

မေမေဝမ်က တံခါးဝကနေ လှမ်းအော်လိုက်ပြီး လက်ကို ဝှေ့ရမ်းရင်း နှုတ်ဆက်လိုက်သည်။

သူမ၏ အသံက လဲ့မို့ရမ် (ဝါ) ဗုံးပစ်စီနီယာ အင်မော်တယ်၏ အတွေးကို အနှောင့်အယှက် ဖြစ်စေခဲ့၏။

"စီနီယာ.. စီနီယာရဲ့ ဧည့်ဝတ်ပြုမှု အတွက် ကျေးဇူးတင်ပါတယ်"

လဲ့မို့ရမ်က ရိုရိုသေသေ ဦးညွှတ်လိုက်သည်။

"ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ.. လင်းလင်းရဲ့ အဖိုးက အနားယူနေပြီး သူ့အဖေက စာရိုက်နေတုန်းမို့ပါ.. မဟုတ်ရင် သူတို့က မင်းကို ဘူတာရုံထိ လိုက်ပို့ပေးဖြစ်မှာပါ"

"ဒီဂျူနီယာက ကြီးမြတ်တဲ့ စီနီယာကြီးရဲ့ အနားယူမှုကို မနှောင့်ယှက်ရဲပါဘူး.. စီနီယာဝမ် အလုပ်များနေတာလည်း နားလည်ပါတယ်.. စိတ်မပူပါနဲ့ ကျနော် အဆင်ပြေပါတယ်"

"ဒီမှာ လင်းလင်းရဲ့ မျက်နှာဖုံးနဲ့ စောစောက ဘရိုကိုလီတွေ ရှိတယ်.. လင်းလင်းက မျက်နှာဖုံးကို သေတ္တာထဲ ထည့်ထားပေးတယ်.. ဘရိုကိုလီကတော့ ငါကိုယ်တိုင် ထုပ်ပေးထားတာပါ"

လက်တစ်ဖက်တွင် အိတ်တစ်လုံးကို ကိုင်ထားသည့် မေမေဝမ်က ပြုံးလိုက်သည်။

လဲ့မို့ရမ်က အိတ်ကို လက်နှစ်ဖက်ဖြင့် တရိုတသေ လှမ်းယူလိုက်၏။

"ကျေးဇူးတင်ပါတယ် စီနီယာကြီး.. စီနီယာကြီးက သိပ် သဘောကောင်းတာပဲ"

"ဂရုစိုက်ပါ လဲ့လေး.. အိမ်အပြန်လမ်းမှာ သတိထားပါ"

"ဒါဆို ကျွန်တော် စီနီယာတို့ကို မနှောင့်ယှက်တော့ဘူး.. ညီနောင်လင်းနဲ့ ကျွန်တော်က ညီအကိုတွေပဲလေ.. ဒီမျက်နှာဖုံးကို ကျွန်တော် ရှာနေတာ ကြာပါပြီ.. သူက ကျွန်တော့်ကို ပေးဖို့အတွက် စေတနာအပြည့်နဲ့ လုပ်ခဲ့တာပါ.. ကျေးဇူးတင်စကားပြောဖို့ နောက်တစ်နေ့မှပဲ သေချာပေါက် လာခဲ့ပါဦးမယ်"

ထိုသို့ပြောပြီးနောက် လဲ့မို့ရမ်က မေမေဝမ်အား နောက်တစ်ကြိမ် ထပ်ဦးညွှတ်ကာ ဝမ်မိသားစု အိမ်ငယ်လေး၏ အိမ်ရှေ့တံခါးပိတ်သည် အထိ စောင့်ကြည့်နေခဲ့သည်။

ထို့နောက် အိတ်ကို လက်တစ်ဖက်ဖြင့် ကိုင်ကာတိတ်ဆိတ်သော လမ်းကြားရှိ အမှောင်ထဲသို့ ဝင်ရောက်၍ ဖြည်းညင်းစွာ ပျောက်ကွယ်သွားသည်။

....................

ဝမ်လင်းက သူ့အိပ်ခန်း ပြတင်းပေါက်မှာ မတ်တပ်ရပ်နေပြီး လဲ့မို့ရမ် ထွက်သွားသည်ကို စောင့်ကြည့်နေသည်။

မွေးကတည်းကပင် ဝမ်မိသားစုအိမ်ငယ်လေး တဝိုက်ရှိ လေထုကို သူ ရင်းနှီးခဲ့၏။

သူက လေထဲရှိ အနည်းငယ်မျှသော မူမမှန်မှုကို ချက်ချင်းပင် သတိထားမိခဲ့သည်။

ဝမ်လင်း ကျောက်သရဲ မျက်နှာဖုံးကို အွန်လိုင်းတွင် ရှာတွေ့သည့် နေ့ကတည်းက ရှုမျှော်ခင်းနယ်မြေ လုပ်ငန်းစုမှာ ဝမ်မိသားစု အိမ်ငယ်လေးကို အနီးကပ် စောင့်ကြည့်နေခဲ့သည်။

ဤလူအုပ်စုက သူတို့ကိုယ်သူတို့ လျှို့ဝှက်လှပြီဟု ထင်ထားသော်လည်း ဝမ်လင်း၏ အာရုံမှ လွတ်မြောက်ရန်မှာ မည်သို့မှ မဖြစ်နိုင်ပေ။

သူက အိမ်ငယ်လေး၏ တံခါးဝတွင် မေမေဝမ်အား ကျောက်သရဲမျက်နှာဖုံးကို လဲ့မို့ရမ်ထံသို့ ရည်ရွယ်ချက် ရှိရှိ ပေးစေခဲ့သည်။

ထိုလုပ်ရပ်ကို အကောင်အထည် ဖော်ပြီးနောက် ချိန်ကိုက်ဗုံးကို ဖယ်ရှားပစ်နိုင်သကဲ့သို့ ခံစားလိုက်ရ၏။

ဝမ်မိသားစု အိမ်ငယ်လေးကို စောင့်ကြည့်နေသည့် အကြည့်များက သူတို့၏ စောင့်ကြည့်ရေး ပစ်မှတ်ကို ချက်ချင်းပြောင်းလိုက်ပြီး လျင်မြန်စွာ တုံ့ပြန်ခဲ့သည်။

ဝမ်မိသားစု အိမ်ငယ်လေး၏ အရှေ့မှလမ်းကို အရှေ့ဟွမ်လမ်းဟု ခေါ်သည်။

ဝမ်မိသားစု အိမ်ငယ်လေးနှင့် အနီးဆုံး ကားမှတ်တိုင်သို့ ဤလမ်းကြောင်း အတိုင်း သွားရသော ဘတ်စ်ကားမှ လွဲလျှင် တစ်ဖက်မြို့များသို့ အရင်းအမြစ်များ တခါတရံ ပို့ဆောင်ရသည့် ထရပ်ကားကြီးများ နှင့် ဖြတ်သွားဖြတ်လာ အနည်းငယ်သာ ဤလမ်းကို အသုံးပြုကြလေ့ ရှိသည်။

အရှေ့ဟွမ်လမ်းတွင် တစ်ကိုယ်တည်း လမ်းလျှောက်နေသောလဲ့မို့ရမ်မှာ ဝမ်မိသားစု အိမ်ငယ်လေးနှင့် အတော်လှမ်းလှမ်းသို့ ရောက်သော အချိန်တွင် သူ့နောက်မှ ရန်လိုသည့် အရိပ်အယောင်များကို ရှင်းရှင်းလင်းလင်း ခံစားလိုက်ရသည်။

ဤခံစားချက်မျိုးက သူ့နှင့် ရင်းနှီးလွန်းသည်။

သူက သေရေးရှင်ရေး အခြေအနေ များစွာကို ကြုံတွေ့ခဲ့ရဖူးပြီး နောက်ယောင်ခံလိုက်ခြင်း သို့မဟုတ် နောက်ယောင်အလိုက်ခံရခြင်း များတွင် အတွေ့အကြုံ များစွာ ရှိသူ တစ်ဦး ဖြစ်သည်။

"ဒီလူတွေက ညီနောင်လင်း မျှော်လင့်ထားတဲ့အတိုင်း တကယ်ကို တုံ့ပြန်ခဲ့တာပဲ"

လဲ့မို့ရမ်က စိတ်ထဲကနေ သက်ပြင်းကိုပင် မချနိုင်တော့ပေ။

အစောပိုင်းက ဝမ်မိသားစု အိမ်ငယ်လေးတွင် ရှုမျှော်ခင်းနယ်မြေ လုပ်ငန်းစု အကြောင်းကို ဝမ်လင်းက ပြောပြခဲ့သည်။

လွန်ခဲ့သည့် ရက်အနည်းငယ် အတွင်း ရှုမျှော်ခင်းနယ်မြေ လုပ်ငန်းစုက ဝမ်မိသားစုထံ အကြိမ်ပေါင်း များစွာ လာရောက်လည်ပတ်ခဲ့ပြီး အလွန် မြင့်မားသော စျေးနှုန်းဖြင့် ကျောက်သရဲ မျက်နှာဖုံးကို ဝယ်ယူရန် ကမ်းလှမ်းခဲ့သည်ကို သူကြားသိခဲ့ရသည်။

ဗုံးပစ်စီနီယာ အင်မော်တယ်က ငတုံး မဟုတ်သဖြင့် ရှုမျှော်ခင်းနယ်မြေ လုပ်ငန်းစု၏ ရည်ရွယ်ချက်က မည်ကဲ့သို့ ဖြစ်သည်ကို သဘာဝကျကျ ခန့်မှန်းနိုင်ခဲ့သည်။

ဤကျောက်သရဲ မျက်နှာဖုံးကို စိတ်ဝင်စားသူ အများစုမှာ ကောလဟာလ ထွက်နေသည့် မျက်နှာဖုံးမှ စွမ်းအားကို မရိုးသားသော အကြံအစည်ဖြင့် လောဘဇောတိုက်နေသူများ ဖြစ်ကြသည်။

ဤကဲ့သို့ မကောင်းဆိုးဝါး ဆန်သော အရာဝတ္ထုမျိုးမှာ နေ့ရက်များကို ကောင်းကောင်းမွန်မွန် ဘယ်တော့မှ ဖြတ်သန်းမည် မဟုတ်ချေ။

ဝမ်လင်း ထံမှ ကျောက်သရဲ မျက်နှာဖုံးကို လက်ခံရရှိပြီးနောက် လဲ့မို့ရမ်က မျက်နှာဖုံး ထုတ်လုပ်သူအား စုံစမ်းစစ်ဆေးရန် တစ်စုံတစ်ဦးကို ရှာဖွေခဲ့သည်။

ကမ္ဘာပေါ်တွင် ရှေးဦး အနက်ရောင် သလင်းကျောက်လို အရာဝတ္ထုများကို ဖောက်ထွင်းနိုင်သော ကျွမ်းကျင် အတတ်ပညာရှင် အလွန်နည်းပါးသည်။

အဆုံးသတ်တွင် ဤအရာမှာ စကြဝဠာတွင် အမာကြောဆုံး သတ္တု ဖြစ်သည်။

ဤမျက်နှာဖုံး ပြုလုပ်သော အတတ် ပညာရှင်ကို သူရှာတွေ့နိုင်သရွေ့ တခြား ကျောက်သရဲမျက်နှာဖုံး အကြောင်းကိုပါ သဲလွန်စတချို့ ရနိုင်မည် ဖြစ်၏။

သို့သော် ထိုအချိန် မတိုင်ခင်..

သူ့နောက်က ကြွက်တွေလို ကောင်စားတွေကို အရင်ရှင်းထုတ်ပစ်ရပေမည်။

ညဉ့်သန်းခေါင်ယံ၌ အရှေ့ဟွမ်လမ်းတွင် လမ်းလျှောက်နေသော အဖြူရောင်ဝတ် အမျိုးသားက ရုတ်တရက် ရပ်တန့်လိုက်သည်။

တစ်ချိန်တည်းမှာပင် အဖြူရောင်၀တ် အမျိုးသားကို နောက်ယောင်ခံ လိုက်လာသော အမျိုးသားသုံးဦးမှာ သူတို့နောက်က လိုက်လာသည်ကို အဖြူရောင်ဝတ် အမျိုးသား သိသွားလောက်ပြီဟု သိလိုက်ပြီး အံ့အားသင့်စွာဖြင့် ခြေလှမ်းများ ရပ်တန့်သွားခဲ့သည်။

ညအမှောင်ကို အကာအကွယ် ယူထားသော အမျိုးသားသုံးဦးက ဖုံးကွယ်ခြင်း တာအိုအစီအရင်ကိုပါ အသုံးပြုထားမှန်း ထင်ရှားနေ၏။

ရုတ်တရက် ကြည့်လျှင် လူအရိပ်အယောင်ကို လုံးဝ တွေ့ရမည် မဟုတ်ပေ။

အမျိုးသားသုံးဦး အနက်မှ တစ်ဦးမှာ အားလုံးထဲတွင် အသက်ကြီး၍ ပိုမို ရင့်ကျက်သော အသွင်အပြင် ရှိသည်။

ဤအမျိုးသားက အမှန်တကယ်ပင် ရှုမျှော်ခင်း နယ်မြေ လုပ်ငန်းစုမှ ဒါရိုက်တာ ဖြစ်သည်။

သူ့က သူ့လက်အောက်ငယ်သား နှစ်ယောက်နှင့် အတူ နောက်ယောင်ခံ လိုက်လာခြင်းဖြစ်သည်။

ငယ်သားနှစ်ဦးတွင် တစ်ဦးက အရပ်ရှည်ပြီး တစ်ဦးက အရပ်ပုသည်။

ထိုနှစ်ယောက်က ဝမ်မိသားစု အိမ်ငယ်လေးကို စေ့စပ်ညှိနှိုင်းရန် မနေ့က သွားခဲ့သည့် အနက်ရောင် ဝတ်စုံဝတ် အမျိုးသား နှစ်ယောက် ဖြစ်၏။

သူတို့ရှေ့မှ အဖြူရောင်ဝတ်စုံနှင့် အမျိုးသားက ရုတ်တရက် လမ်းလျှောက်တာကို ရပ်လိုက်ပြီး ခေါင်းကို အနောက်သို့ လှည့်ကြည့်လိုက်သည်။

ထိုအမျိုးသား၏ မျက်လုံးက ထူးထူးခြားခြား ဘာမှမဟုတ်ဟု ထင်ရသော်လည်း အမှောင်ထဲတွင် ပုန်းအောင်းနေသည့် လူသုံးယောက်၏ စိတ်နှလုံးကို ချွန်ထက်သော ဓားတစ်ချောင်းဖြင့် ထိုးဖောက်လိုက်သလို ခံစားရစေသည်။

ဤအခိုက်အတန့်တွင် ရှုမျှော်ခင်းနယ်မြေ လုပ်ငန်းစုမှ လူသုံးယောက်မှာ အသက်ရှုကြပ်ပြီး လုံးဝ မလှုပ်ရှားရဲတော့ပေ။

"ဘယ်လို.. ဒါ ဘယ်လိုဖြစ်နိုင်မှာလဲ"

ဒါရိုက်တာက တခဏအတွင်း ချွေးဒီးဒီး ကျလာသည်။

ဖုံးကွယ်ခြင်း တာအိုအစီအရင်ကို ၎င်းတို့၏ သခင် ကိုယ်တိုင် ပြုလုပ်ခဲ့ခြင်း ဖြစ်၏။

စိတ်ဝိညာဥ် ဖွဲ့စည်းခြင်း နယ်ပယ်များ သို့မဟုတ် ထိုအထက်တွင် ရှိသော ကျင့်ကြံသူများသာ ၎င်းတို့ကို အာရုံ ခံစားနိုင်မည်ဖြစ်သည်။

"ဒီကမ္ဘာကြီးပေါ်မှာ ဒီလူရဲ့ တည်ရှိမှုက ဘာများလဲ"

All Chapters