အချစ်ဦးနဲ့ပတ်သက်ပြီး ခံစားချက်မကုန်သေးဘူး
Vol. 8 Ch. 111
ဝမ်လင်းက သူ့ရှေ့တွင် ရပ်နေသော အလှလေးကို ကြည့်ရင်း သူ့ဘဝတွင် ပထမဆုံးအကြိမ် "ကြောက်ရွံ့ခြင်း" ဟူသော ခံစားချက်ကို အနည်းငယ် ခံစားခဲ့ရသည်။
အရေးအကြောင်း အရိပ်အယောင်ပင် မရှိဘဲ လှပသော ဆံပင်နှင့် ဖြူဝင်းသော အသားအရေမှာ ဆရာမဖန်နှင့် တူညီမှန်း မည်သူမဆို သိနိုင်သည်။
ခါးသေးပြီး ဆံပင်ဖြူ ကြိုကြားကြိုကြား ပေါက်နေသောဆံနွယ်များကို နောက်စေ့တွင် စုချည်ထားသည့် ဆရာမဖန်က ရာသီလာ၍ စိတ်ကယောက်ကယက် ဖြစ်ကာ ရောက်လာခဲ့သလော ဒါမှမဟုတ် တစ်စုံတစ်ရာသော အကြောင်းကြောင့် ဤပုံစံဖြင့် ထွက်လာခဲ့သလော သူမသိပေ။
ဝမ်လင်းက အလွန် မိမိုက်နေပြီး အလန်းဇယား ပုံစံ ဖြစ်နေသော ဆရာမဖန်ကို ငေးကြည့်ရင်း အနည်းငယ် ထိတ်လန့်သွားသည်။
သူက ထိတ်လန့်စရာ ဇာတ်ကားကို ကြည့်ပြီး အိမ်မပြန်ရဲတော့သည့် ခံစားချက်မျိုးကို ခံစားခဲ့ရသည်။
မိတ်ကပ် တစ်ပိဿာလောက် ဖို့ထားလျှင်ပင် ဆရာမဖန်က ဤအတိုင်းအတာ အထိ ပြောင်းလဲသွားစရာ အကြောင်းမရှိချေ။
ဆရာမဖန်ကို ကြည့်ရင်း သူက ကြီးမြတ်သော စုန်းကဝေ မန္တန်သုံးမျိုးကိုပင် ရုတ်တရက် သတိရမိသွားသည်။
ထိုမန္တန်သုံးမျိုးကို မိတ်ကပ်အလှကုန် ပစ္စည်းများ၊ ဖိုတိုရှော့ပ်နှင့် ပလပ်စတစ် ဆာဂျရီများကို နှစ်သက်သော အမျိုးသမီးကျင့်ကြံသူများက အသည်းအသန် ရှာဖွေနေကြသည်။
"မင်းဘာတွေ ပေါက်ကရ တွေးနေတာလဲ.. ကျောင်းသားဝမ်လင်း"
ဤအေးစက်စက် မျက်နှာထားရှိသော ကျောင်းသားလေး ထံမှ ရှားရှားပါးပါး အံ့အားသင့်နေသော အမူအရာကို မြင်ရလျှင် ဆရာမဖန်က ကျေနပ်စွာ ပြုံးလိုက်သည်။
"ကျောင်းစည်းမျဉ်းတွေက ဆရာ၊ဆရာမတွေကို မိတ်ကပ်အထူကြီး သုံးတာ ဒါမှမဟုတ် ငယ်ရွယ်နုပျိုစေတဲ့ ဆေးဝါးတွေ သောက်တာကို တားမြစ်ထားတယ်လေ.. ဒါပေမယ့် အခုက ကျောင်းမှာမဟုတ်တဲ့ အတွက် ဒီနံနက် ထွက်လာတဲ့အခါ ငယ်ရွယ်မှုကို တခဏအတွင်း ပြန်ရနိုင်တဲ့ နုပျိုဆေး တစ်လုံးကို စားခဲ့တယ်.. ဒီအကြောင်း တခြားကျောင်းသားတွေကို မပြောနဲ့နော်.. ကျောင်းသား ဝမ်လင်း"
သူမ၏ ရှင်းပြချက်ကို ကြားလျှင် ဝမ်လင်းက ချက်ချင်း နားလည်သွားသည်။
ဤကဲ့သို့သော ဆေးက ၂၄နာရီသာ အာနိသင် ရှိသည်။
ဆေးလုံးကို စားသုံးပြီးနောက်တွင် လူတစ်ဦး၏ အရေပြားက ချက်ချင်း ကျစ်လစ်လာပြီး အရေပြား လျော့ခြင်းတွဲခြင်းများ မရှိတော့ချေ။
သူတို့၏ ပုံပန်းသွင်ပြင်က အသက်ဆယ့်ရှစ်နှစ် အရွယ်က အတိုင်း ပြန်ဖြစ်လာမည် ဖြစ်ပြီး ခန္ဓာကိုယ်က နုပျို လန်းဆန်း လာမည် ဖြစ်သည်။
ထိုဆေးလုံးကို သောက်ပြီးနောက် ဆရာမဖန်မှာ အမှန်တကယ် ပင် အသက်ဆယ့်ရှစ်နှစ် အရွယ် ဆရာမဖန် ဖြစ်လာသည်။
သူမ ငယ်စဥ်က ထိုမျှ လှပမှန်း ဝမ်လင်း လုံးဝ မထင်ခဲ့ပေ။
ဖိုးဖိုးဝမ်တော့ သောက်ရမ်း ကြွေပေတော့မည်။
ဆရာမဖန်က ဝမ်မိသားစု အိမ်ငယ်လေး ဆီသို့ မဝင်မီ ဖိနပ်ကိုအိမ်ရှေ့တွင် သပ်သပ်ရပ်ရပ် ချွတ်ထားခဲ့သည်။
အိမ်တွင် ဝိညာဉ်စွမ်းအင် မရှိမှန်း သိသောအခါ သူမမျက်မှောင်ကြုတ်လိုက်သည်။
ယနေ့ခေတ် မိဘများမှာ ၎င်းတို့၏ သားသမီးများ ကောင်းစွာအိပ်စက်နိုင်ပြီး ပုံမှန်ကျင့်ကြံနိုင်ရန် အိမ်များတွင် စိတ်ဝိညာဉ်ချီ စုစည်းမှု အစီအရင်များကို ခင်းကျင်းလေ့ ရှိကြသည်။
ယေဘူယျအားဖြင့် ကျောင်းသားတစ်ဦးသာ အသုံးပြုသည့် စိတ်ဝိညာဉ်ချီ စုစည်းမှု အစီအရင်မှာ အလွန် အရွယ်အစား သေးငယ်ပြီး အလွန်လည်း စျေးသက်သာသည်။
ဆရာမဖန်က ဝမ်မိသားစုကို ဤမျှ ဆင်းရဲမည်ဟု လုံးဝ မမျှော်လင့်ထားခဲ့ပေ။
ဤသနားစရာ မိသားစုက စိတ်ဝိညာဉ်ချီ စုစည်းမှု အစီအရင်ပင် မခင်းကျင်းနိုင်ခဲ့ပေ။
ကျောင်းသား ဝမ်လင်းက စိတ်ဝိညာဉ်ချီ စုစည်းမှု အစီအရင် မရှိသည့် ဤကဲ့သို့ ပတ်ဝန်းကျင်တွင် ကြီးပြင်းလာခဲ့ပြီး အခြေခံ တည်ဆောက်ခြင်း အဆင့်ထိ ရောက်ရန် တစ်ဆင့်ပြီး တစ်ဆင့် ကျားကုတ်ကျားခဲ ကျင့်ကြံခဲ့ပါသလော။
အထောက်အပံ့ အရင်းအမြစ် မပါဘဲ အခြေခံတည်ဆောက်ခြင်း အဆင့်အထိ ကျင့်ကြံရန်မှာ အလွန်ပင် ခဲယဉ်းလှသည်။
ဆရာမဖန်က ဝမ်လင်းအား သနားစိတ်ဖြင့် ကြည့်ကာ ဤကလေးငယ်က ကံဆိုးလွန်းသည်ဟု ခံစားလိုက်ရသည်။
ဝမ်လင်း "............"
သူမ ဧည့်ခန်းထဲကို လှမ်းကြည့်လိုက်သည်နှင့် ဆိုဖာပေါ်မှ ဖိုးဖိုးဝမ်က ချက်ချင်း ထရပ်လိုက်သည်။
မျက်လုံးချင်း ဆိုင်ကြည့်မိသောအခါ နှစ်ယောက်လုံး လန့်ဖျပ် သွားကြသည်။
နှစ်ပေါင်းများစွာ ကြာပြီးနောက်တွင် ဆရာမ ဖန်ရှန့်စုန့်က ယခင်က ကဲ့သို့ နုပျိုနေမည်ဟု မမျှော်လင့်ထားသောကြောင့် အဘိုးအိုက အံ့သြသွားခဲ့သည်။
ဆရာမဖန်ကလည်း အကြောင်းတစ်ခုခုကြောင့် သူ့ရှေ့မှ အဘိုးအိုကို ရင်းနှီးသလို ခံစားမိကာ အံ့ဩသွားသည်။
သို့သော် ဤအဘိုးအိုက မည်သူဖြစ်နိုင်သည်ကို သူမ မတွေးနိုင်ခဲ့ပေ။
တစ်ဖက်တွင် ဝမ်လင်းက သူမ၏ အတွေးများကို ဖတ်နေခဲ့သည်။
ဖိုးဖိုးဝမ်ကို သူမ သိပ်မမှတ်မိတော့ဘူး ဆိုသည်မှာ သိသာထင်ရှားနေ၏။
အဆုံးသတ်တွင် နှစ်ပေါင်း မြောက်မြားစွာ ကုန်လွန်သွားခဲ့ပြီ မဟုတ်လော။
ထို့အပြင် အရေးကြီးဆုံး အချက်မှာ ဖိုးဖိုးဝမ်၏ ချစ်ခြင်းမေတ္တာက အပြန်အလှန် ချစ်မေတ္တာမျိုး မဟုတ်ဘဲ တစ်ဖက်သတ် ချစ်ခြင်းသာ ဖြစ်နေခြင်းပင်။
ဝမ်လင်းက အချစ်ကို ရှာဖွေသူမျိုး မဟုတ်၍ ချစ်ခြင်းမေတ္တာ၏ နာကျင်မှုကို တစ်ခါမျှ မခံစားခဲ့ဖူးပေ။
လက်ရှိအချိန်တွင် ဖိုးဖိုးဝမ်မှာ ဤခံစားချက်ကို အမှန်တကယ် နားလည်နိုင်သည့် တစ်ဦးတည်းသော ပုဂ္ဂိုလ် ဖြစ်ကောင်းဖြစ်နိုင်ပေသည်။
နှစ်ဦးစလုံး တစ်ယောက်ကို တစ်ယောက် အချိန်အတော်ကြာ ကြည့်မိလိုက်ကြသည်။
ဆရာမဖန်က သူ့ကို မမှတ်မိသည်ကို မြင်လျှင် ဖိုးဖိုးဝမ်က အနည်းငယ် စိတ်ဓာတ်ကျပြီး စိတ်ထဲကနေ သက်ပြင်းချကာ ရေရွတ်လိုက်သည်။
{အင်း.. ငါ အသက်ကြီးပြီလေ.. ဟိုတုန်းကနဲ့မှ မတူတော့တာ}
ဤလူနှစ်ယောက်၏ အကြည့်များနှင့် ပတ်သက်ပြီး ကျင့်ကြံသူများနှင့် သာမန်လူများကြားရှိ ယှဥ်မရသော ကွာဟချက်ကို ဝမ်လင်းလည်း ရိပ်စားမိခဲ့သည်။
ကျင့်ကြံသူတစ်ဦးက နိုပျိုမှုဆေးလုံးကို သောက်ခြင်းဖြင့် ၎င်းတို့၏ အသွင်အပြင်ကို ထိန်းထားနိုင်သည်။
၎င်းတို့က ဆေးလုံး၏ အာနိသင်ကို ဝိညာဥ်စွမ်းအားဖြင့် ခန္ဓာကိုယ်ထဲသို့ အပြည့်အဝ စုပ်ယူနိုင်သည်။
တစ်ဖက်တွင်မူ သာမန် လူတစ်ဦးက ထိုကဲ့သို့ ဆေးဝါးမျိုး မည်မျှပင် မှီဝဲပါစေ.. အဆုံးသတ်တွင် ဝိညာဉ်စွမ်းအင် ချို့တဲ့ခြင်းကြောင့် ၎င်းတို့က တဖြည်းဖြည်း အသက်ကြီးလာမည်သာ ဖြစ်သည်။
ယင်းက ဝမ်းနည်းစရာလား ဆိုလျှင် နည်းနည်းတော့ ဖြစ်နိုင်သည်။
သို့သော် ထိုအရာက မပြောင်းလဲသော အမှန်တရား တစ်ခုပင်။
ဖိုးဖိုးဝမ်က ယဉ်ကျေးသိမ်မွေ့ပြီး ဤကဲ့သို့သော အရာအတွက် စိတ်ထဲ တွေးပူမနေခဲ့ပေ။
သူက ဆရာမဖန်ကို ဆိုဖာတွင် ထိုင်ပြီး လက်ဖက်ရည်ကြမ်း သောက်ရန် ဖိတ်မန္တက ပြုလိုက်သည်။
"ဆရာမဖန်.. ထိုင်ပြီး လက်ဖက်ရည်သောက်ပါဦး.."
"မင်္ဂလာပါ ဆရာ.. ရှင်က.."
သူမက မျက်မှောင်ကြုတ်၍ မေးလိုက်သည်။
"အိုး.. ငါက ဝမ်လင်းရဲ့ အဖိုးပါ.. လင်းလင်း ရဲ့ မိဘတွေက ဒီနေ့ အရေးတကြီး ကိစ္စရှိလို့ အပြင်ထွက်သွားကြတယ်လေ.. အဲဒါနဲ့ပဲ မင်းနဲ့တွေ့ဖို ငါပဲ အိမ်မှာ ကျန်ရစ်ခဲ့ရတော့တာပေါ့"
"ဪ... ကျမ နားလည်ပြီ"
ဆရာမဖန်က အခြေအနေကို သဘောပေါက်ပြီး ပြုံးလိုက်သည်။
"ဒါက ပြဿနာ မဟုတ်ပါဘူး.. ကျမကလည်း ရုတ်တရက် စိတ်ကူးပေါက်ပြီး ရောက်ချလာတာကိုး"
ဆရာမဖန်က အသံမှလွဲ၍ အခြားကဏ္ဍ အားလုံး နီးပါးတွင် နုပျို သွားပုံရသည်ဟု ဝမ်လင်းက ခံစားမိသည်။
သူမ၏ လက်ရှိ သဘောထားက စာသင်ခန်းထဲရှိ ဆရာမဖန်နှင့် လုံးဝမတူပေ။
အထူးသဖြင့် ယခုအခါတွင် သူမက နူးညံ့သိမ်မွေ့ပြီး ကြင်နာတတ်နေပုံ ရသည်။
"အဆင်ပြေပါတယ် ဆရာမဖန်"
အဘိုးအိုက တောက်ပစွာ ပြုံး၍ ပြောလိုက်သည်။
"ဒါဆို ဆရာ.. ငါ မင်းကို ဘယ်လိုခေါ်ရမလဲ.. မစ္စတာဝမ်လား ဒါမှမဟုတ် ဖိုးဖိုးဝမ်လား"
ဝမ်လင်း "............."
ဖိုးဖိုးဝမ်က စိတ်ဓာတ်ကျသွားသည်။
".............."
သူ၏ ပထမဆုံး အချစ်ဦးထံမှ "ဖိုးဖိုး"ဟု အခေါ်ခံရသည့် ခံစားချက်က ဖိုးဖိုးဝမ် လိုချင်နေသော အရာမဟုတ်ပေ။
ဖိုးဖိုးဝမ်က ရှုပ်ယှက်ခတ်နေသော အတွေးများကို အလျင်အမြန် တည်ငြိမ်အောင် ထိန်းလိုက်ပြီး ပြောလိုက်သည်။
"ငါ့ကို မစ္စတာဝမ်လို့ပဲ ခေါ်ပါ"
"ကောင်းပါပြီ မစ္စတာဝမ်"
ဆရာမဖန်က လက်ထဲတွင် နို့လက်ဖက်ရည်ခွက်ကို ကိုင်ထားရင်း ချိုမြိန်စွာ ရယ်မောလိုက်သည်။
သူမ၏ ဟန်ပန်က အင်တာနက်မှ နာမည်ကျော် Milk Tea Sister နှင့် တူသည်ဟု ဝမ်လင်း ခံစားလိုက်ရသည်။
(ကျန်းဇီထျန်း= JD.com ဇိမ်ခံစီးပွားရေးလုပ်ငန်း၏ ဘီလျံနာ သူဌေး လျူချမ်းသောင်၏ ဇနီး။ ဖက်ရှင်အကြံပေး ။ တရုတ်စီးပွားရေး လုပ်ငန်းရှင်နှင့် ရင်းနှီးမြုပ်နှံသူ။ နို့လက်ဖက်ရည်ကိုင်ထားသော သူမ၏ ဓာတ်ပုံတစ်ပုံက အင်တာနက်တွင် နာမည်ကျော်လာပြီးနောက် Milk tea sister အဖြစ် ထင်ရှားလာသည်)
ဝမ်လင်းက သူတို့နှင့် ဆန့်ကျင်ဘက်တွင် ထိုင်နေသည်။
၎င်းတို့က သူ့အကြောင်း မပြောမီ ယဉ်ကျေးသော စကားလုံးအချို့ဖြင့် အပြန်အလှန် ပြောဆိုနေသည်ကို နားထောင်နေခဲ့သည်။
"ဝမ်လင်းဆိုတဲ့ ကလေးက များသောအားဖြင့် ကျောင်းမှာ အေးတိအေးစက် နေတတ်တယ်.. ဒါက အိမ်မှာရှိတဲ့ မိသားစုရဲ့ အငွေ့အသက်ကြောင့်လို့ ကျမ ယူဆခဲ့တာ.. ဒါပေမယ့် ဒီတစ်ခေါက် အိမ်အလည်လာမှပဲ မစ္စတာဝမ်က အရမ်းကို တက်ကြွတဲ့ စိတ်နေစိတ်ထားမျိုး ရှိတာကို တွေ့လိုက်ရတယ်"
အဘိုးအိုက ရှက်ရွံ့စွာ ခေါင်းကုတ်လိုက်သည်။
"ဒီကလေးက သူ့မိဘတွေလိုပါပဲ.. တကယ်ကို နွေးထွေးပြီး လိုက်လျောညီထွေ နေတတ်တဲ့ ကလေးကောင်း တစ်ယောက်ပါ.. သူနဲ့ ရင်းနှီးလာတဲ့အခါ သူ့မှာ ထူးခြားတဲ့ အရည်အသွေးတွေရှိတာကို တွေ့လာရပါလိမ့်မယ်.. သာမန်အားဖြင့်တော့ သူက အေးစက်စက် မျက်နှာထားကိုပဲ အမြဲတမ်း ပိုင်ဆိုင်ထားတယ်.. ငယ်ငယ်ကတည်းက သူက ဒီပုံစံအတိုင်းပဲလေ.. သူက ဒီပုံစံကို ဘယ်လိုမှ မပြောင်းလဲနိုင်တော့ဘူး.. ငါတို့မိသားစုက အေးစက်စက် သူ့မျက်နှာထားကို "အေးတိအေးစက် ရောဂါလက္ခဏာ'လို့ နာမည်ပေးထားတယ်.. ကျေးဇူးပြုပြီး စိတ်မဆိုးပါနဲ့ ဆရာမဖန်"
ဝမ်လင်း "..........."
{ငါ့အဖိုးက နှုတ်သွက်လှချည်လား}
ဆရာမဖန်က ပါးစပ်ကို လက်ဖြင့် အုပ်ပြီး ရယ်လိုက်သည်။
"မစ္စတာဝမ်.. ရှင်က တကယ်ကို ဟာသဉာဏ်ရှိတာပဲ.. ကျမ ရှင့်ကို မေးချင်တာတစ်ခု ရှိတယ်"
ဖိုးဖိုးဝမ် "ဘာမေးမလို့လဲ"
ဆရာမဖန် "မစ္စတာဝမ်.. ကျောင်းသား ဝမ်လင်းကို ဘယ်လမှာ မွေးတာလဲ"
"ဒီဇင်ဘာလ ၂၆ ရက်နေ့"
အဘိုးအိုက ချက်ချင်း ပြန်ဖြေလိုက်သည်။
ဆရာမဖန်က ဝမ်လင်းကို စိုက်ကြည့်ပြီးနောက် သက်ပြင်းတစ်ချက် ချလိုက်သည်။
"မဆန်းပါဘူး.."
ဖိုးဖိုးဝမ် "တစ်ခုခုမှားနေလို့လား ဆရာမဖန်"
ဆရာမဖန် "ဘာမှမဟုတ်ပါဘူး.. ကျောင်းသား ဝမ်လင်းက Capricorn ဖြစ်တာကို သိလိုက်ရလို့ပါ"
(Capricorn=ရာသီခွင် ၁၂ခုထဲမှ ဆယ်ခုမြောက် ရာသီခွင်၊ ဒီဇင်ဘာ၂၂ရက်မှ ဇန်နဝါရီ၁၉ရက် အတွင်း မွေးသူကို Capricornလို့ သတ်မှတ်၊ ထိုရာသီဖွားများက လက်တွေ့သမားများ ဖြစ်ပြီး လုံ့လဝီရိယ ရှိသည်၊ အာရုံစူးစိုက်မှု ကောင်းမွန်ပြီး အေးတိအေးစက် နေတတ်သော စရိုက်ရှိသည်။)
ဝမ်လင်း ".............."