ငါ့ကိုတိုက်ပွဲဝင်ခြင်္သေ့ဌားပေးပါ
Vol. 8 Ch. 113
ဗုံးပစ်စီနီယာအင်မော်တယ်က ဗီလာနောက်ကွယ်ရှိ ဥယျာဉ်ကို မြေတူးစက်ဖြင့် ချေမှုန်းပြီးနောက် အပင်စိုက်ရန် နေရောင်ရသည့် အခန်းတစ်ခုကို ရိုးရှင်းစွာ တည်ဆောက်ခဲ့သည်။
ထိုနေရာတွင် သူက သူ၏ သုတေသနတွင် အသုံးပြုသော မျိုးစပ် ဝိညာဥ်မြက် အမျိုးအစား အမျိုးမျိုးကို စိုက်ပျိုးခဲ့သည်။
ငယ်စဥ်ကတည်းက သူ့ထံတွင် ကျင့်ကြံခြင်း ကမ္ဘာ၏ မျိုးစပ်ဝိညာဉ်မြက်များ၏ ဖခင်ဖြစ်ဖို့ အိပ်မက် အမြဲရှိခဲ့သည်။
သူက စိုက်ပျိုးရလွယ်ကူ၍ ကောင်းကင်နှင့်မြေကြီး၏ ဝိညာဉ်စွမ်းအင်ကို လျင်မြန်စွာ စုဆောင်းနိုင်သည့် ဝိညာဉ်မြက်ပင် တစ်မျိုးကို ပြုစုပျိုးထောင်ရန် ကြိုးပမ်းခဲ့သည်။
ထိုအပင်မျိုးစိတ်သာ စိုက်ပျိုး အောင်မြင်ခဲ့လျှင် ကျင့်ကြံခြင်း အရင်းအမြစ် မရှိသော ဆင်းရဲသော ဒေသမှ ကလေးငယ်များ လည်း ကျင့်ကြံနိုင်တော့မည် ဖြစ်၏။
ဗုံးပစ်စီနီယာ အင်မော်တယ်က ဝမ်ရှန်းဥယျာဥ် အိမ်ရာသို့ မပြောင်းရွှေ့မီ ကာလအတန်ကြာ ကတည်းကပင် ဤသုတေသနဖြင့် အလုပ်ရှုပ်နေခဲ့သည်။
ကံမကောင်းစွာပဲ မျိုးစပ်ဝိညာဥ်မြက်နှင့် စပ်လျဥ်းပြီး နည်းပညာဆိုင်ရာ ပြဿနာများစွာ ကြုံတွေ့ခဲ့ရသည်။
လွန်ခဲ့သည့်နှစ်လကစပြီး သူက သုတေသန လုပ်ငန်းစဥ် တစ်ခုတွင် တစ်ဆို့နေခဲ့သည်။
ထိုအချိန်မှစ၍ သူက နောက်ထပ် အောင်မြင်မှုများ မရရှိတော့ပေ။
ထိုသို့ သူ၏ စိတ်ဓာတ်ကြံ့ခိုင်မှု ပြိုလဲလုနီးနီးအချိန်တွင် ဖိုးဖိုးဝမ်၏ ဘရိုကိုလီက သူ၏ ယုံကြည်မှုကို ပြန်ရလာအောင် ကူညီပေးခဲ့သည်။
ဝမ်မိသားစု အိမ်ငယ်လေးကနေ ပြန်ရောက်ပြီးနောက် သူပထမဆုံး လုပ်ခဲ့သည်မှာ ဘလက်လေးကို ခေါ်ပြီး နေရောင်ရသော သူ၏အခန်းထဲရှိ ဝိညာဉ် မြေဆီလွှာတွင် ဘရိုကိုလီကို စိုက်ပျိုးဖို့ ဖြစ်၏။
ဖိုးဖိုးဝမ်က ဘရိုကိုလီကို ချက်ပြီးသား ဆိုသော်လည်း ဝိညာဥ်မြေဆီလွှာ၏ ထူးခြားသည့် စွမ်းအားက အသက်ပြန်ရှင်လာစေနိုင်သည်။
ယင်းက ကျင့်ကြံခြင်း ခရီးလမ်းတွင် ဂန္တဝင် စီနီယာကြီး သူ့ဆီ ပေးခဲ့သည့် အမွေအနှစ် တစ်ခု ဖြစ်၏။
မည်သည့်အကြောင်းကြောင့်ပင်ဖြစ်စေ ဤဘရိုကိုလီကို ရှင်သန်အောင် စိုက်ရမည်ဟု သူခံစားမိနေသည်။
............................
မေလ ၂၃ရက် တနင်္ဂနွေနေ့ နံနက်စောစောတွင် မြူခိုးများကို ဖြတ်၍ ပထမဆုံး နေအလင်းတန်းများ ထိုးဖောက် ဝင်ရောက်လာသော အချိန်၌ ဗုံးပစ် စီနီယာအင်မော်တယ်မှာ သူ့အိမ် အနောက်ဘက်ရှိ ဥယျာဉ်ထဲတွင် ရောက်ရှိနေပြီ ဖြစ်သည်။
နံနက်တိုင်း ဘရိုကိုလီကို စိုက်ကြည့်လေ့ရှိသည့် အပြင် guichu ဗီဒီယိုတွေ ကြည့်၍ မျက်လုံးလေ့ကျင့်ခန်း ကစားသည်က သူ့အတွက် ပုံမှန်လို ဖြစ်လာ၏။
သူက ခြေပစ်လက်ပစ် ထိုင်ကာ ဘရိုကိုလီကို စိုက်ကြည့်ရင်း အတွေးများ အဆက်မပြတ် ချဲ့ထွင်နေခဲ့သည်။
သူက ကောင်းကင်တရား၏ ဉာဏ်အလင်းရရှိခြင်းမှ လက်တစ်ကမ်းမျှသာ ကွာဝေးတော့သည်ဟု ခံစားနေရ၏။
စိတ်ဝိညာဉ် ဖွဲ့စည်းခြင်း အဆင့်ကို ချိုးဖျက်၍ ဟင်းလင်းပြင်မွမ်းမံခြင်းအဆင့်...
သို့ရာတွင် သူ့ကို ဘရိုကိုလီ ပေးခဲ့သည့် စီနီယာကြီး၏ ဆိုလိုရင်း အဓိပ္ပါယ်ကို ယခုထိ နားမလည်နိုင်သေးပေ။
ဤအကြောင်းကို သူတွေးနေချိန်တွင်"အမည်မသိဒေသ" က မက်ဆေ့ခ်ျတစ်ခု ဝင်လာသည်။
ဗုံးပစ်စီနီယာ အင်မော်တယ်က ဘလက်လေး ဖြစ်ရမည်ဟု ချက်ချင်း သိလိုက်၏။
စာကိုဖွင့်၍ ဖတ်လိုက်သည်နှင့် သူ့အကြည့်များက တဖြည်းဖြည်း လေးလံလာသည်။
သူ့လက်ချောင်းတွေက စခရင်၏ အောက်ခြေကို ရောက်သောအချိန်တွင် သူက တအံ့တသြ ဖြစ်သွားသည်။
သူက မက်ဆေ့ချ်၏ အကြောင်းအရာကို ထပ်ပြီး အတည်ပြုခဲ့သည်။
ထို့နောက်တွင် ဗုံးပစ်စီနီယာ အင်မော်တယ်က အသက်ကို ခပ်ပြင်းပြင်း ရှူလိုက်သည်။
ဘလက်လေး၏ စုံစမ်းစစ်ဆေးမှုအရ ဤမော့အင်မော်တယ် ရဲတိုက်သခင်မှာ အင်မော်တယ်ကွာဖီနှင့် ဆက်စပ်နေပုံရသည်။
ထိုအချိန်က အသတ်မခံရခင် ကျန်ရစ်ခဲ့သည့် အင်မော်တယ်ရှဲဖီ၏ ကလေးက မော့အင်မော်တယ် ရဲတိုက်သခင်များ ဖြစ်နေသလော။
ခိုင်လုံသော အထောက်အထား မရှိ၍ မည်သူမှ အတိအကျ မသိနိုင်ကြပေ။
ဘလက်လေး၏ စုံစမ်းစစ်ဆေးမှု ရလဒ်မှာ ကွန်ပြူတာကို အသုံးပြုပြီး ဒေတာ အမျိုးမျိုးကို ပေါင်းစပ် တွက်ချက်၍ သူ့ဘာသာသူ အဖြေထုတ်ထားခြင်း ဖြစ်သည်။
ဘလက်လေးက စာသားမက်ဆေ့ခ်ျ၏ အောက်ခြေတွင် ဤအချက်အလက်များကို တိကျသည်ဟု ယူဆနိုင်သည့် ရာခိုင်နှုန်း အတိုင်းအတာကိုပင် မီးမောင်း ထိုးပြထားသည်။
ကွန်ပြူတာ၏ တွက်ချက်မှုအရ ဤအချက်အလက်များ၏ အလုံးစုံ တိကျမှုမှာ ငါးဆယ့်ရှစ် ရာခိုင်နှုန်း ဖြစ်သည်။
"ငါးဆယ့်ရှစ်ရာခိုင်နှုန်း.."
မော့အင်မော်တယ်ရဲတိုက်သခင်က အင်မော်တယ်ရှဲဖီ၏ ကလေး မဟုတ်လျှင်ပင် ဆက်စပ်မှုအချို့ ရှိမည်မှာ သေချာသည်။
သို့သော် သမိုင်းမှတ်တမ်းများနှင့် ဗုံးပစ်စီနီယာအင်မော်တယ် ကြားသိခဲ့ရသည့် အတင်း စကားများ အရ အင်မော်တယ်ရှဲဖီ အသတ်မခံရမီ မည်သည့်တပည့်ကိုမျှ မဖော်ထုတ်ခဲ့ပေ။
သို့ဆိုလျှင်...
အင်မော်တယ်ရှဲဖီနှင့် ပတ်သက်နေသည့် ရဲတိုက်သခင်..
ဤသူကား ကမ္ဘာပေါ်တွင် မည်သူနည်း။
{ကျောက်သရဲမျက်နှာဖုံးကို အဘယ်ကြောင့် အသည်းအသန်လိုချင်နေရသနည်း.. လက်စားချေလို၍လော}
ဗုံးပစ်စီနီယာအင်မော်တယ်က မည်သည့်ယူဆချက်ကိုမျှ ပြတ်ပြတ်သားသား မချနိုင်ခဲ့ပေ။
လောလောဆယ်တွင် အားလုံးမှာ ထင်မြင်ယူဆချက်သာ ဖြစ်သည်။
တကယ်တမ်း ရှင်းရှင်းလင်းလင်း ပြောရလျှင် ဤပြဿနာမှာ လျစ်လျူရှု၍ မရသည့် ကြီးမားသော ပြဿနာတစ်ခုဖြစ်၏။
သူက ညီနောင်လင်းနှင့် စီနီယာများစွာကို ဂုဏ်ယူဝံ့ကြွားနေပြီ ဖြစ်သည်။
မျက်နှာဖုံးထုတ်လုပ်သူကို ရှာမတွေ့မချင်း ကျောက်သရဲ မျက်နှာဖုံးကို သူ့မှာရှိသမျှ အစွမ်းအစဖြင့် ကာကွယ်မည်ဟု သံဓိဌာန် ချထားခဲ့သည်။
...........
နံနက်ခင်း လေ့ကျင့်ခန်းပြီးနောက် ဗုံးပစ်စီနီယာအင်မော်တယ်က ကျောက်သရဲ မျက်နှာဖုံး၏ စည်းတံဆိပ်ကို အားဖြည့်ရန် နောက်ထပ် လုပ်ရိုးလုပ်စဉ် တာဝန်တစ်ခုကို လုပ်ဆောင်ခဲ့သည်။
ဤအရာက မှန်းဆ၍မရအောင် အန္တရာယ်များသော ကျိန်စာသင့် မျက်နှာဖုံး ဖြစ်၏။
ထို့ကြောင့် သူက မြေအောက်ခန်းရှိ အခန်းတစ်ခုတွင် ကျောက်သရဲမျက်နှာဖုံးကို စည်းတံဆိပ်ခတ်ထားသည်။
ကျောက်သရဲ မျက်နှာဖုံး၏ မကောင်းသော စွမ်းအင် များကို နှိမ်နင်းရန် အတွက် သူကိုယ်တိုင် ရေးဆွဲထားသော စည်းတံဆိပ်ဖြင့် စည်းခတ်ထားသည်။
ထို့အပြင် အခန်း၏ ထောင့်တစ်ခုစီတွင် အသေစိုက်ထားသည့် ငရဲကမ္ဘာ ကွင်းဆက် သံကြိုးလေးခုဖြင့် မျက်နှာဖုံးကို ချိတ်ဆွဲထားသည်။
ငရဲကမ္ဘာ ကွင်းဆက်သံကြိုးမှာ ဗုံးပစ်စီနီယာ အင်မော်တယ် စျေးကွက်ထဲတွင် ဝယ်ယူခဲ့သည့် အင်မော်တယ် ရှေးဟောင်း ပစ္စည်းတစ်ခု ဖြစ်သည်။
၎င်းက ဖျက်ဆီးရန် ခက်ခဲပြီး သူ့ဘာသာ ပြုပြင်နိုင်စွမ်း ကောင်းမွန်သည်။
ဤငရဲကမ္ဘာ သံကြိုးတွေကို မဖြတ်နိုင်မချင်း ကျောက်သရဲမျက်နှာဖုံးကို မည်သူမှ ယူပြေးနိုင်မည် မဟုတ်ချေ။
သူ၏ စည်းတံဆိပ်က အဆင့်မြင့်သော်လည်း သူ၏လုံခြုံရေး အစီအမံများတွင် ပြဿနာအချို့ ရှိနေသေးသည်ဟု ခံစားမိသည်။
သူက အခန်းအတွင်းရော အပြင်မှာပါ ကာကွယ်ရေး အစီအမံများ ချမှတ်ထားပြီး အခန်းကို တင်းတင်းကြပ်ကြပ် စောင့်ကြည့်နေခဲ့သည်။
သူက အလွန်ဝေးကွာနေသော နေရာသို့ ရောက်နေလျှင်ပင် သူ၏ လက်ပတ်နာရီပေါ်ရှိ App ဆော့ဝဲလ် ဖြင့် အခြေအနေကို စောင့်ကြည့်နိုင်သည်။
သို့သော် တစ်ခုခုတော့ လွဲနေသည်ဟု သူခံစားမိနေဆဲပင်။
သူက ထိုသို့ မကြုံဖူးသဖြင့် မေးစေ့ကို ပွတ်သပ်ရင်း ခဏလောက် စဉ်းစားနေခဲ့သည်။
ယေဘုယျအားဖြင့် သန့်ရှင်းသော ရှေးဟောင်းပစ္စည်းများ သို့မဟုတ် တံဆိပ်ခတ်ထားသော အရာဝတ္ထုများတွင် အစောင့်အကြပ်များ ထားရှိပေးရမည် မဟုတ်ပါလား။
သူ့တွင် အစောင့်ခွေးလေး ကင်းမဲ့နေခဲ့ခြင်းပင်။
ထိုသို့ တွေးမိလိုက်သည်နှင့် ဗုံးပစ်စီနီယာ အင်မော်တယ်က ချက်ချင်း ဆိုသလို အဂ္ဂိရတ်ပညာရှင် အင်မော်တယ် ထုန်ရာဆီ ဖုန်းခေါ်ဆိုလိုက်၏။
ဖုန်းခေါ်လိုက်သည်နှင့် ဖုန်းလိုင်းပေါ်မှ တဆင့် "ဝုန်း" ဟူသော အသံကို ကျယ်လောင်စွာ ကြားလိုက်ရသည်။
ပြောစရာတောင် မလိုဘဲ သူသိသည်။
အင်မော်တယ်ထုန်ရာ၏ မီးဖိုက ပေါက်ကွဲသွားပြန်သည်သာ ဖြစ်ရပေမည်။
"အဟွတ်.. အဟွတ်.. အဟွတ်"
အင်မော်တယ်ထုန်ရာက ပေါက်ကွဲမှုမှ မီးခိုးငွေ့ကြောင့် ပြင်းထန်စွာ ချောင်းဆိုးနေသည်ဟု ယူဆရသည်။
"အဟွတ် အဟွတ်.. ဟယ်လို ဘယ်သူလဲ.. ငါအင်မော်တယ်ထုန်ရာပါ.. ဘာလိုချင်လို့လဲ"
"ဗုံးတစ်လုံးလောက် လိုချင်လို့ပါ.."
"အိုး.. ဗုံးပစ် စီနီယာ အင်မော်တယ်ကိုး"
ဗုံးပစ်စီနီယာအင်မော်တယ်"ညီနောင်ထုန်ရာ.. မင်း ဘာလုပ်နေတာလဲ"
အင်မော်တယ်ထုန်ရာ"အင်း.. အခုလေးတင် ငါ ဆေးဝါး အမျိုးအစား အသစ်ကို ဖန်တီးနေတာ.. အဲဒီဆေးပြားက WiFiဆေးပြားပဲ.. တစ်ခါသောက်လိုက်တာနဲ နှစ်ဆယ့်လေးနာရီကြာအောင် Wifiရစေလိမ့်မယ်.. စီနီယာ အင်မော်တယ် ဘယ်လိုလဲ.. ငါဖန်တီးနေတဲ့ ဆေးဝါးက မိုက်တယ်မဟုတ်လား"
"အင်းပါ.. တကယ်မိုက်တယ်.. ဒါနဲ့မင်းကို ငါအကူအညီတောင်းစရာ တစ်ခုရှိတယ်"
အင်မော်တယ် ထုန်ရာက ယဉ်ကျေးနေရန် မလိုအပ်သောကြောင့် ဗုံးပစ်စီနီယာ အင်မော်တယ်က သူ၏လာရင်းကိစ္စကို တိုက်ရိုက် ပြောလိုက်သည်။
သူတို့နှစ်ဦး၏ ခင်မင်ရင်းနှီးမှုကြောင့် ကွေ့ဝှက်နေစရာ မလိုအပ်ချေ။
သူ့တောင်းဆိုမှုကို နားထောင်ပြီးနောက် အင်မော်တယ်ထုန်ရာက အံ့အားသင့်သွားသည်။
"တိုက်ပွဲသခင်လား.. တိုက်ပွဲသခင် လိုချင်ရင် ဘာလို့ ရှောင်မျိုးနွယ်စုကို တိုက်ရိုက် သွားမမေးတာလဲ.. ဒါပေမယ့် သူတို့မှာလည်း ရှေးကာလက လက်ကျန် တိုက်ပွဲဝင် သခင်တွေပဲ ကျန်တော့တယ်.. သူတို့တွေက တိုက်ပွဲဝင်ဖို့ ချီမရှိတော့သလို ဝိညာဥ်စွမ်းအင်လည်း မရှိတော့ဘူး.. ပြောရရင် သူတို့က သိပ်မဟန်တော့ပါဘူး.. လက်ရှိမှာတော့ သူတို့က လုံခြုံရေးအစောင့်တွေ အဖြစ်နဲ့ပဲ ရှောင်မျိုးနွယ်စုမှာ တာဝန် ထမ်းဆောင်နေကြတယ်.. တစ်ဖက်ကလည်း ရှောင်မျိုးနွယ်စုရဲ့ စည်းကမ်းထိန်းသိမ်းရေး အဖြစ်နဲ့ပေါ့"
ထိုစကားကို ကြားလျှင် ဗုံးပစ်စီနီယာ အင်မော်တယ်က ချွေးစေးများ ထွက်လာသည်။
"ညီနောင် ထုန်ရာ..မင်း မင်းရည်ရွယ်ချက်ရှိရှိ ရှောင်မျိုးနွယ်စုက တိုက်ပွဲသခင်တွေဆီ ငါ့ကို အရောက်ပို့နေတာလား.. ငါက တိုက်ပွဲဝင် ကျင့်ကြံသူကို ရှာနေတာ မဟုတ်ဘူး.. ငါလိုချင်တာ တိုက်ပွဲဝင် ခြင်္သေ့တစ်ကောင်ပဲ.. တစ်ချိန်က ရှောင်မိသားစုဆေးဝါး ပြိုင်ပွဲမှာ မင်းအနိုင်ရခဲ့တဲ့ ဆုလာဘ်ပဲ"
အင်မော်တယ်ထုန်ရာ "..........."