လာခဲ့.. ငါမင်းခံစားလို့ ကောင်းအောင် လျက်ပေးမယ်
Vol. 8 Ch. 115
မေလ ၂၄ရက် တနင်္လာနေ့.. မိဘဆရာ အစည်းအဝေးနေ့..
ဤနေ့က အမှတ် ၆၀ အထက်တန်းကျောင်းမှ ကျောင်းသားအားလုံး အတွက် စိတ်အလှုပ်ရှားဆုံးနေ့လည်း ဖြစ်သည်။
ဝမ်လင်းတစ်ယောက်သာ ရေတွင်းအောက်ခြေမှ ရေကဲ့သို့ ငြိမ်သက်နေသည့် တစ်ဦးတည်းသော ပုဂ္ဂိုလ် ဖြစ်ကောင်းဖြစ်နိုင်ပေသည်။
သူက အနည်းငယ် ရယ်စရာကောင်းသည်ဟု ခံစားမိသည်။
မိဘဆရာ အစည်းအဝေး အတွက် တခြားသူကို ကိုယ်စားတက်ဖို့ ရှာဖွေသည်မှာ ဤတစ်ကြိမ်က ပထမဆုံးအကြိမ်တော့ မဟုတ်ပေ။
ယင်းအတွက် အဓိက အကြောင်းရင်းမှာ ဝမ်မောင်နှံ ကိုယ်တိုင်က မလိုလားအပ်သည့် ပြဿနာများစွာ ဖြစ်ပေါ်လာမည် စိုး၍ မသွားချင်ခဲ့ခြင်း ဖြစ်သည်။
ပထမဆုံးအနေဖြင့် ဝမ်မောင်နှံက ကျင့်ကြံခြင်းနှင့်ပတ်သက်၍ ဘာမှ မသိသလို တခြားမိဘတွေနှင့်လည်း ဘာမှမတူညီသည့် သာမန်လူများသာ ဖြစ်သည်။
သို့တိုင် ထိုသာမန်လူ နှစ်ယောက်က အခြေခံ တည်ဆောက်ခြင်းအဆင့်သို့ အမှန်တကယ် ကျင့်ကြံနိုင်ခဲ့သည့် ကလေးတစ်ဦးကို မွေးထုတ်ပေးနိုင်ခဲ့ပြီး ကျင့်ကြံခြင်း အထက်တန်းကျောင်းကို ဝင်ခွင့်ရစေခဲ့သည်။
ဤအကြောင်းကို တွေးမိရုံဖြင့် မည်သူ့ကိုမဆို သံသယဖြစ်လာစေမည် ဖြစ်သည်။
လင်မယားနှစ်ယောက် မသွားချင်သော နောက်ထပ် အကြောင်းရင်း တစ်ခုမှာ အခြားမိဘများ နှင့် နှိုင်းယှဉ်ရန် အလုံအလောက် မရှိသောကြောင့် ဖြစ်သည်။
မိဘဆရာ အစည်းအဝေး မစတင်မီတွင် ကျောင်းသား မိဘများကြား၌ဝမ်မောင်နှံ မကြာခဏ ကြားရလေ့ ရှိသည့်အရာမှာ သားသမီးများ၏ ထက်မြက်မှု.. သားသမီးများ၏ ဓားသိုင်း ကျွမ်းကျင်မှု.. လေ့ကျင့်မှု သီအိုရီ စာမေးပွဲတွင် သားသမီးများ အမှတ်မည်မျှ မြင့်မားကြောင်း ကြွားလုံးထုတ်သော စကားများသာ ဖြစ်သည်။
ထိုအချိန်မျိုးတွင် သူတို့ဇနီးမောင်နှံက အထီးကျန်သလို ခံစားခဲ့ရ၏။
ထို့ကြောင့် ဖေဖေဝမ်နှင့် မေမေဝမ်တို့က ဝမ်လင်း မူလတန်းကျောင်းသို့ ဝင်ခွင့်ရပြီး နောက်ပိုင်းတွင် မိဘ အစည်းအဝေးများကို မသွားတော့ဘဲ ရပ်တန့်လိုက်ကြသည်။
ထိုသို့ ကြွားလုံး အပြိုင်အဆိုင် ထုတ်ရန် တွေ့ဆုံမှုမျိုးက ပျင်းစရာကောင်းလွန်းသည် မဟုတ်လော။
...................
ဝမ်လင်းက နံနက်ကိုးနာရီတွင် ဗုံးပစ်စီနီယာ အင်မော်တယ် နေထိုင်သည့် ဝမ်ရှန်း ဥယျာဥ်ထဲမှ ဇိမ်ခံအိမ်ကြီးသို့ရောက်လာသည်။
ကျောင်းတက်နေရဆဲ ဖြစ်သောကြောင့် ဝမ်လင်းက ဗုံးပစ်စီနီယာ အင်မော်တယ်၏ အိမ်သို့ လာရန် သူ့ကိုယ်ပွားကို ဖန်တီးခဲ့သည်။
၎င်းမှာ သူ၏ ကိုယ်ပွားတစ်ခုသာ ဖြစ်သော်လည်း ကျောက်သရဲမျက်နှာဖုံးကို ကာကွယ်ရန် လုံလောက်သည်ဟု သူခံစားမိသည်။
ဗုံးပစ်စီနီယာ အင်မော်တယ်၏ အိမ်ရှေ့သို့ ရောက်လာသောအခါ ရွှင်းဖုန့် အမြန်ချောပို့မှ ကွန်တိန်နာ ကားကြီးတစ်စီးကို အိမ်ရှေ့တွင် သူမြင်လိုက်ရသည်။
အနက်ရောင်ဝတ်စုံ ၀တ်ထားသူ နှစ်ဦးက ထိုကားပေါ်မှ ခုန်ဆင်းလိုက်သည်။
တစ်ယောက်က သူ့လက်ထဲမှ အဝေးထိန်း ခလုတ်တစ်ခုကို နှိပ်လိုက်ရာ ကွန်တိန်နာ၏ လေးဘက်လေးတန်က ချက်ချင်းပွင့်သွားပြီး ကြီးမားသည့် လှောင်အိမ်ကြီး တစ်ခုကို ဖော်ထုတ်လိုက်သည်။
လှောင်အိမ်အတွင်း၌ ရွှေအိုရောင် အဆင်းရှိသော ခြင်္သေ့တစ်ကောင်ရှိနေပြီး မည်သည့် ဝိညာဥ်သားရဲ တိရစ္ဆာန်ရုံတွင် မဆို တွေ့ရှိနိုင်သည့် ဝိညာဉ်သားရဲ ခြင်္သေ့များထက် သုံးဆခန့် ပိုမို ကြီးမားသည်။
တစ်ချက်ကြည့်လိုက်ရုံဖြင့် ဤခြင်္သေ့က ရှောင်မျိုးနွယ်စုမှ မွေးမြူထားသော ဝိညာဉ်သားရဲခြင်္သေ့ ဖြစ်သည်ဟု ဝမ်လင်းက သိလိုက်သည်။
ဤအထူး တိုက်ခိုက်ရေး ခြင်္သေ့ကို ရှောင်မျိုးနွယ်စုက ကောင်းစွာ ပြုစု စောင့်ရှောက်ထားပုံရသည်။
၎င်းတွင် အားကောင်းသော ခြေလက်အင်္ဂါလေးခု ပါရှိပြီး အလွန်ကြံ့ခိုင်သည်။
အရေပြားအောက်တွင် ကွယ်ထားသလို ဖြစ်နေသော သွေးပြန်ကြောများကလည်း နဂါးဦးချို ကဲ့သို့ ထူပြီး မာကြောနေသည်။
ကွန်တိန်နာကို ဖွင့်လိုက်သည်နှင့် တစ်ပြိုင်နက် ၎င်း၏ မီးတောက်ရောင် လည်ဆံက လေအဝှေ့တွင် လှုပ်ခါသွားသည်။
ခြင်္သေ့က သူတို့ဆီသို့ ခက်ထန်စွာ ကြည့်လိုက်ရာ ပို့ဆောင်ပေးသူ နှစ်ဦးက အလိုအလျောက် တုန်လှုပ်သွားခဲ့သည်။
ခြင်္သေ့ပိုင်ရှင် အင်မော်တယ်ထုန်ရာက ဤနေရာကို မပို့ခင် စိတ်ငြိမ်ဆေး တစ်မျိုးကို ကျွေးခဲ့သည်ဟု ဆိုသော်လည်း မည်သို့ကျွေးခဲ့လည်း ဆိုသည်ကို အမြန်ချောပို့မှ ပို့ဆောင်သူနှစ်ဦးမှာ မတွေးတတ်အောင် ဖြစ်နေသည်။
ထိုနှစ်ယောက်က ချွေးများ အပြိုင်အဆိုင် ထွက်လာကြ၏။
ဆေး၏ အာနိသင်ပြယ်သွားသည်မှာ အလွန်ထင်ရှားနေသည်။
တိုက်ပွဲဝင် ခြင်္သေ့တစ်ကောင်က ဒေါသကြီးမှန်း လူတိုင်းသိသည်။
၎င်း၏ပိုင်ရှင် အနားမှာ မရှိလျှင် တစ်ချိန်လုံးနီးပါး သောင်းကျန်းနေလိမ့်မည်။
ရွှင်းဖုန့် အမြန်ချောပို့မှ ပို့ဆောင်ရေး သမားနှစ်ဦးမှာ လှောင်အိမ်ကို မြေပြင်ပေါ်သို့ အမြန်ချကာ ကွန်တိန်နာကို ပိတ်လိုက်သည်။
၎င်းတို့က အိမ်ရှေ့တွင် ရပ်နေသည့် ဗုံးပစ်စီနီယာ အင်မော်တယ်ကိုမြင်လျှင် ချက်ချင်းပင် ကိုယ်ကိုမတ်ကာ ဦးညွှတ်နှုတ်ဆက်လိုက်ကြသည်။
"ရွှင်းဖုန့် အမြန်ချောပို့ကပါ.. ဆရာလဲ့ ကျေးဇူးပြုပြီး မစ်ရှင်ပြီးမြောက်ကြောင်း လက်မှတ်ထိုးပေးပါလား.."
"အိုး.. ငါ့ရဲ့ ကြယ်ငါးပွင့်မှတ်ချက်ရော မလိုအပ်ဘူးလား"
အမြန်ချောပို့မှ အလုပ်သမားများမှာ မြင့်မားသော ကျင့်ကြံခြင်း နယ်ပယ်များ မရှိကြပေ။
သူတို့က ခြင်္သေ့၏ အကြည့်ကို ရင်မဆိုင်ရဲ၍ ဤနေရာမှ အမြန်ထွက်သွားရန်သာ အလိုရှိနေကြ၏။
"နောက်အခေါက်တွေမှပဲ အပြုသဘောဆောင်တဲ့ အကဲဖြတ်မှု ပေးပါတော့.. မစ္စတာလဲ့က ကျွန်တော်တို့ရဲ့ ဝန်ဆောင်မှုကို ကျေနပ်နေသရွေ့တော့ အဆင်ပြေပါတယ်.. ကျွန်တော်တို့ အရင် ထွက်သွားလိုက်ပါ့မယ်"
အမြန်ချောပို့မှ ပေးပို့သူ နှစ်ယောက်က ထွက်မသွားခင် ဗုံးပစ်စီနီယာ အင်မော်တယ်ကို တစ်ဖန် ဦးညွှတ်လိုက်သည်။
ထို့နောက်တွင် ကွန်တိန်နာ ကားပေါ်သို့ အလျင်အမြန် ပြေးတက်၍ မောင်းထွက်သွားတော့သည်။
ယင်းကို မြင်လျှင် ဗုံးပစ်စီနီယာ အင်မော်တယ်က မရယ်ပဲ မနေနိုင်တော့ချေ။
"ဒီနှစ်ကောင်က အတော် ကြောက်တတ်တာပဲ"
ထိုအချိန်မှာပင် အစောပိုင်းက ကွန်တိန်နာကားဖြင့် ကွယ်နေသည့် ဝမ်လင်းကို မြင်လိုက်ရပြီး ချက်ချင်းပင် နွေးထွေးစွာ နှုတ်ဆက်ခဲ့သည်။
"ဝေ့.. ညီနောင်လင်း တွေ့ရတာဝမ်းသာပါတယ်"
ဝမ်လင်း "..........."
"ညီနောင်လင်း မင်းကို မိတ်ဆက်ပေးပါရစေ.. လှောင်အိမ်ထဲက ကောင်လေးက စည်းတံဆိပ်ကို အထူးစောင့်ကြပ်ဖို့ အင်မော်တယ် ထုန်ရာ ဆီက ငှားထားတဲ့ တိုက်ပွဲဝင် ခြင်္သေ့တစ်ကောင်ပါ.. ဒီနေ့တော့ မင်းတို့နှစ်ယောက် တစ်ယောက်ကိုတစ်ယောက် အဖော်ပြုလို့ ရသွားတာပေါ့"
ထိုစကားကို ပြောရင်း ဗုံးပစ်စီနီယာ အင်မော်တယ်က လှောင်အိမ်ထဲမှ လေးလံသည့် အနက်ရောင် သံကြိုးတွေကို ဖယ်ရှားပစ်လိုက်သည်။
"အခုထွက်လာနိုင်ပါပြီ တိုက်ခိုက်ရေး ညီနောင်"
".............."
ထိုစကားကို ကြားသော်လည်း တိုက်ပွဲဝင်ခြင်္သေ့က လှောင်အိမ်ထဲတွင် မှောက်လျက် အိပ်နေရင်း သူ၏ မျက်လုံးများကို ပျင်းရိစွာ ဖွင့်လိုက်သည်။
သူ့ကိုကြည့်ရသည်မှာ အပြင်သို့ ထွက်လာရန် နည်းနည်းလေးမှ ရည်ရွယ်ချက် ရှိပုံမရချေ။
ဝမ်လင်း "..........."
ဤအပြုအမူကို ကြည့်၍ ခြင်္သေ့က လုံးဝ ယဉ်မနေဘူး ဆိုတာထင်ရှားနေသည်။
ယေဘုယျအားဖြင့် အရွယ်ရောက်ပြီးသော ခြင်္သေ့များသည် ၎င်းတို့ ပိုင်ရှင်၏ စကားကိုသာ နားထောင်ကြသည်။
ပိုင်ရှင်မရှိလျှင် အခြား မည်သူ့စကားကိုမှ အဖက်လုပ် နားထောင်လေ့ မရှိချေ။
ဗုံးပစ်စီနီယာ အင်မော်တယ်က အနည်းငယ် ရှက်ရွံ့သွားသည်။
သူက စိတ်ဝိညာဥ် ဖွဲ့စည်းခြင်း အဆင့်တွင် ရှိသော်လည်း သူ၏ ညီနောင်လင်း ရှေ့တွင် ခြင်္သေ့လေး တစ်ကောင်ကိုပင် ယဉ်ပါးအောင် မလုပ်နိုင်ခဲ့ပေ။
ယင်းမှာ တကယ်ကို အရှက်ရစရာဟု ဆိုရမည်။
သူက ခြင်္သေ့နှင့် စေ့စပ်ဆွေးနွေးရန် ခါးထောက်လိုက်သည်။
"တိုက်ခိုက်ရေးညီနောင်.. ငါ့ကို မျက်နှာသာပေးပါ.. မင်း လှောင်အိမ်ထဲက မြန်မြန်ထွက်လာလို့ ရမလား.. ညီနောင်ထုန်ရာနဲ့ ငါက တစ်ယောက်နဲ့ တစ်ယောက် သိနေတာ နှစ်အတော်ကြာပါပြီ.. မင်းကို ငါ့ဆီ ပို့လိုက်တာပဲကြည့်လေ.. ဒီလောက်ဆို မင်းသခင်က ငါ့အပေါ် ဘယ်လောက် ယုံကြည်မှုရှိလည်း မင်း နားလည်မှာပါ"
ခြင်္သေ့ကြီးက သူ့ကို စူးစူးရဲရဲ ကြည့်နေခဲ့သည်။
"တိုက်ခိုက်ရေးညီနောင်.. ငါအရင်က ဒီလို ကိုယ့်ကိုယ်ကို တစ်ခါမှ မနှိမ့်ချဖူးဘူး.. မင်းသာ ညီနောင်ထုန်ရာရဲ့ အိမ်မွေးတိရစ္ဆာန် မဟုတ်ရင် ငါ မင်းကို ရိုက်နှက်ပြီးလောက်ပြီ.. ဟမ့်.. ငါဒေါသ ထွက်လာရင် ငါ့ကိုယ်ငါတောင် ပြန်ကြောက်ရတာနော်"
ဗုံးပစ်စီနီယာ အင်မော်တယ်က ကြွေးကြော်လိုက်ပြီး လှောင်အိမ်ထဲသို့ သူ့ခေါင်းကို တိုက်ရိုက် ထိုးထည့်လိုက်သည်။
"ဂါး"
တိုက်ပွဲဝင် ခြင်္သေ့က ဒေါသထွက်ပြီး လှောင်အိမ်ထဲသို့ ဝင်လာသည့် ဗုံးပစ်စီနီယာအင်မော်တယ်၏ လည်ပင်းကို အံသွားများဖြင့် ကိုက်ခဲလိုက်သည်။
ချက်ချင်းပင် ဗုံးပစ်စီနီယာ အင်မော်တယ်၏ လည်ပင်းမှ သွေးများ စီးကျလာသည်။
ဝမ်လင်း "..............."
ခြင်္သေ့ပါးစပ်ထဲမှ ဗုံးပစ်စီနီယာ အင်မော်တယ်က သက်ပြင်းချလိုက်သည်။
"ညီနောင်လင်းကို ဒီလို ဝမ်းနည်းစရာကောင်းတဲ့ မြင်ကွင်းမျိုး ငါမြင်ခွင့်ပေးခဲ့မိတယ်... ဒါပေမယ့် ငါကြိုတင် ပြင်ဆင်ထားခဲ့ပါတယ်လေ"
ထိုသို့ ပြောပြီးသည်နှင့် သူ့လက်ပတ်နာရီထဲမှ အသံတစ်သံ ထွက်ပေါ်လာတယ်။
"ငဆိုးကောင်.. လွှတ်လိုက်စမ်း"
ထိုအသံက အင်မော်တယ်ထုန်ရာ၏ အသံ ဖြစ်သည်။
ထိုအသံကိုကြားသည်နှင့် ခြင်္သေ့ကြီးက ချက်ချင်းပဲ ပါးစပ်ကို ဟပေးလိုက်သည်။
ခြင်္သေ့ပါးစပ်မှ လွတ်လာပြီးနောက် ဗုံးပစ်စီနီယာ အင်မော်တယ်က သူ့လည်ပင်းရှိ သွေးများကို သုတ်လိုက်သည်။
"ကံကောင်းတာက ငါ အကိုထုန်ရာရဲ့ အသံကို သွင်းခဲ့တာပဲ.. ငါ့ဖြတ်ထိုးဉာဏ်က မဆိုးဘူးမဟုတ်လား"
သူက နာရီမှ ခလုတ်ကို နှိပ်လိုက်သည်။
ဝမ်လင်းက အသံမျိုးစုံကို ကြားလိုက်ရသည်။
ထိုအသံများမှာ ဗုံးပစ်စီနီယာ အင်မော်တယ်က အင်မော်တယ်ထုန်ရာကို တောင်းဆိုခဲ့သည့် စကားစုများ ဖြစ်၏။
"ငဆိုးကောင်.. ထွက်သွားစမ်း"
"ငဆိုးကောင် အိပ်စမ်း"
"ငဆိုးကောင် လက်မြှောက်ထားစမ်း"
"ငဆိုးကောင် သွားစမ်း"
ဗုံးပစ်စီနီယာ အင်မော်တယ်က သက်ပြင်းချလိုက်သည်။
"ညီနောင်လင်း.. မင်း အဲဒီကောင်ကို မထိန်းနိုင်တော့ရင် ဒီအသံတွေကိုသာ ဖွင့်ပြလိုက်ပါ"
ဝမ်လင်း "..............."
.............................
ဝမ်လင်းက လှောင်အိမ်အတွင်းရှိ တိုက်ခိုက်ရေး ခြင်္သေ့ကို တည်ငြိမ်စွာ ကြည့်လိုက်သည်။
သူ့အနေဖြင့် ဤတိုက်ပွဲဝင် ခြင်္သေ့ကို တမင်တကာ ညှဉ်းဆဲရန် ဖိအား အနည်းငယ်မျှပင် မလိုအပ်ပေ။
တစ်ချက်ကြည့်လိုက်ရုံဖြင့်ပင် ဤ ကြီးကျယ်ခမ်းနားသော တိုက်ပွဲဝင် ခြင်္သေ့ကြီးမှာ လည်ဆံတစ်ခုလုံး အဆုံးထိ ထောင်ထလာပြီး အလွန်တရာ ကြောက်ရွံ့နေပြီ ဖြစ်သည်။
"ဒါက ဘယ်လိုဖိအားမျိုးလဲ"
ခြင်္သေ့သည် ထိတ်လန့်ကာ ဖော်မပြနိုင်သော ခံစားမှုတစ်ခုကိုခံစားလိုက်ရသည်။
ဝိညာဥ်သားရဲတစ်ကောင် အနေဖြင့် အန္တရာယ်ကို အာရုံခံနိုင်စွမ်းရှိသည့် မွေးရာပါ အစွမ်းက ထိုဖိအား၏ သက်ရောက်မှုကို ပြောပြနေသည်။
"ဒီကလေးက လုံးဝလျော့တွက်လို့ မရတဲ့ ကလေးပဲ"
"ဘယ်လိုလုပ်ရမလဲ.. ယဥ်ပါးတဲ့ပုံစံမျိုး လုပ်ဆောင်သင့်လား"
"တစ်ခုခုမှားယွင်းရင် ငါသေရလိမ့်မယ်"
ခြင်္သေ့က ဝမ်လင်းနှင့် ပတ်သက်ပြီး ခဏမျှ စဉ်းစားနေခဲ့သည်။
လက်ရှိအခြေအနေတွင် သူက ကြောင်ကဲ့သို့ ချစ်စရာကောင်းသည့် အမူအရာတွေကိုသာ အသုံးပြုနိုင်တော့မည် ဖြစ်၏။
ထို့နောက် ဗုံးပစ်စီနီယာ အင်မော်တယ်နှင့် ဝမ်လင်းတို့ရှေ့မှာပင် လှောင်အိမ်ထဲမှ ဖြည်းညှင်းစွာ ထွက်လာသည့် ခြင်္သေ့ကြီးမှာ ပက်လက်လှန်လိုက်ပြီး အူမြူးသလို လူးလှိမ့်ပြလိုက်သည်။
"လာခဲ့.. ငါမင်းခံစားလို့ ကောင်းအောင် လျက်ပေးမယ်"
ဝမ်လင်း "............."