ကမ္ဘာကြီးက ငါ့ကို စော်ကားရင်.. ကျိန်ဆဲရင်.. ငါ့ကို သစ္စာဖောက်ရင် ဘာလုပ်ရမလဲ
Vol. 8 Ch. 117
ဝမ်လင်း၏ လက်ရှိ နယ်ပယ်အရ သူ၏ ကိုယ်ပွားများပင်လျှင် ကြီးမားသော စွမ်းအင်များကို ပိုင်ဆိုင်ထားသည်။
ကိုယ်ပွား၏ စွမ်းအင်ကို ထိန်းချုပ်ရန် အတွက် ဝမ်လင်းက မူလခန္ဓာကိုယ်၏ ဝိညာဉ်စွမ်းအားကို မလွဲမသွေ အသုံးပြုရမည် ဖြစ်သည်။
"သောက်-ချီး.. တီဗီရှိုးကို ငါ ဘယ်လို အေးအေးဆေးဆေး ကြည့်လို့ရတော့မှာလဲ"
ဝမ်လင်းက အပြင်ဘက်မှ စိတ်ဝိညာဥ်ဖွဲ့စည်းခြင်း အဆင့် အရှိန်အဝါ ဆယ်ခုကို ခံစားမိသောအခါ ဗုံးပစ်စီနီယာအင်မော်တယ်ထံ၌ နောက်တစ်ကြိမ် လှည့်စားခံလိုက်ရသလို ခံစားလိုက်ရသည်။
မိဘဆရာအစည်းအဝေးမှ ဗုံးပစ်စီနီယာ အင်မော်တယ် ပြန်လာသည့် အချိန်ထိ ကျောက်သရဲမျက်နှာဖုံးကို စိတ်အေးလက်အေး စောင့်ရမည်ဟု သူထင်ခဲ့၏။
ထို့ကြောင့် ကိုယ်ပွားကို စေလွှတ်လိုက်ခြင်း ဖြစ်သည်။
သို့ရာတွင် ရှုမျှော်ခင်းနယ်မြေ လုပ်ငန်းစုက မျက်နှာဖုံးကို လုယူရန် လူဆယ်ယောက်ကို တကယ်ကြီး ပို့လွှတ်လိုက်မည်ဟု မည်သူက ထင်မိမည်နည်း။
ထို့အပြင် ၎င်းတို့အားလုံးက စိတ်ဝိညာဥ်ဖွဲ့စည်းခြင်း အဆင့်တွင် ရှိနေကြသည်။
မှန်၏။ သူ့ခန္ဓာကိုယ်အစစ်သာ ဤနေရာတွင်ရှိလျှင် သူ့အနေဖြင့် လုံးဝစိတ်ပူစရာ မလိုအပ်ပေ။
ပြဿနာမှာ ဗုံးပစ်စီနီယာအင်မော်တယ် အိမ်သို့ ရောက်နေသည်က ဝမ်လင်း၏ ကိုယ်ပွားမျှသာဖြစ်၍ အားနည်းချက်အချို့ ရှိနေဆဲဖြစ်၏။
ဆိုရလျှင် ပြင်းထန်သော သက်ရောက်မှုအောက်၌ ကိုယ်ပွားက အချိန်မရွေး ဖုန်မှုန့် ဖြစ်သွားနိုင်ပေသည်။
လက်ရှိတွင် အမှတ် ၆၀ အထက်တန်းကျောင်းမှ ကျောင်းသား ကျောင်းသူများ၏ တစ်နေ့တာ မပြီးဆုံးမီ နှစ်နာရီအလိုနှင့် တီဗီရှိုးမလွှင့်မီ သုံးနာရီ အလိုတွင်သာ ရှိနေသေးသည်။
ဆိုလိုသည်မှာ ကိုယ်ပွားက စိတ်ဝိညာဥ်ဖွဲ့စည်းခြင်း အဆင့် ကျင့်ကြံသူ ဆယ်ယောက်ကို ဖယ်ရှားရန် နှစ်နာရီလောက် အချိန်ရမည် ဖြစ်သည်။
ထို့နောက်တွင် သူက သူ၏ကိုယ်ပွားကို ပြန်ခေါ်ပြီး တီဗီရှိုးပွဲစတင်ချိန်ကို စောင့်ဆိုင်းရန် အိမ်သို့ ပျော်ရွှင်စွာ ပြန်သွားရုံပင်။
ဝမ်လင်းက မေးစေ့ကို လက်ဖြင့် ပွတ်သပ်၍ ခဏလောက် စဉ်းစားလိုက်သည်။
နှစ်မိနစ်ခန့်အကြာတွင် သူက ပို၍ ယုံကြည်စိတ်ချရသော အဖြေတစ်ခု ရလာခဲ့သည်။
လက်ရှိ အခြေအနေတွင် သူ၏ကိုယ်ပွား ပျောက်ကွယ်နိုင်ခြေကို လျှော့ချနိုင်သည့် တစ်ခုတည်းသော နည်းလမ်းမှာ ထိုလူများနှင့် တိုက်ရိုက် မထိမိစေရန် သေချာစေခြင်း ဖြစ်သည်။
အကယ်၍ သူ၏ ကိုယ်ပွားသာ ပျောက်ကွယ်သွားလျှင် တိုက်ပွဲဝင် ခြင်္သေ့က ဤစိတ်ဝိညာဥ်ဖွဲ့စည်းခြင်း ဆယ်ဦးအား ကျောက်သရဲ မျက်နှာဖုံးကို လုယူခြင်းမှ တားဆီးရန် မည်သို့မျှ မဖြစ်နိုင်ပေ။
ဝမ်လင်းက ဗုံးပစ်စီနီယာ အင်မော်တယ်၏ အိမ်ထဲတွင် အချိန်အတော်ကြာ မွှေနှောက် ရှာဖွေလိုက်ရာ နောက်ဆုံးတွင် သစ်ကြံပိုးခေါက်မှုန့်၊ အဝါရောင်စက္ကူ၊ နတ်ရေ နှင့် စုတ်တံတို့ကို ရှာတွေ့ခဲ့သည်။
ပန်းချီဆွဲခြင်းက ကျင့်ကြံခြင်း၏ အခြေခံ စွမ်းရည်တစ်ခု ဖြစ်သည်။
ထို့ကြောင့် အထက်ပါ ပစ္စည်းများမှာ အိမ်တိုင်းလိုလိုတွင် မရှိမဖြစ် လိုအပ်သော အသုံးအဆောင်များ ဖြစ်လာသည်။
အနက်ရောင် အမှုန့်များကို ဗုံးပစ်စီနီယာ အင်မော်တယ်က သစ်ကြံပိုးခေါက်မှုန့်ထဲသို့ ရောစပ်ထားသည်ကို မြင်လျှင် ဝမ်လင်းက သက်ပြင်းမချဘဲ မနေနိုင်တော့ချေ။
ထိုသို့ ရောစပ်ထားခြင်းက အစီအရင်ကို အောင်မြင်စွာ ပြုလုပ်နိုင်စေမည့် အခွင့်အလမ်းများကို တိုးမြင့်စေသည်။
စျေးကွက်ထဲတွင် အနက်ရောင် အမှုန့် တစ်ဂရမ်လျှင် ယွမ် နှစ်သောင်းအထိ ရောင်းချနိုင်သည်။
ဒါက တကယ့်ကို အမိုက်စားပဲ..
သို့သော် ဝမ်လင်းက အနက်ရောင်အမှုန့် ရှိ၊ မရှိ ဂရုမစိုက်ပေ။
ဤဖြည့်စွက်ပစ္စည်းများ မရှိလျှင်ပင် သူ၏ အောင်မြင်မှု ရာခိုင်နှုန်းက ကိုးဆယ့်ကိုး ရာခိုင်နှုန်းကျော် ရှိသည်။
ပိုရှားပါးပြီး ပိုအစွမ်းထက်သည့် အစီအရင်တွေကို လုပ်လျှင်ပင် သူ့အနေဖြင့် ကျရှုံးနိုင်သည့် အခွင့်အလမ်း အနည်းငယ်သာ ရှိ၏။
ယခုတစ်ကြိမ်တွင် ဝမ်လင်းက တိုက်ပွဲဝင်ခြင်္သေ့၏ စွမ်းအားကို အဆုံးစွန်ထိ မြှင့်တင်နိုင်မည့် အစီအရင်ကို ရေးဆွဲမည် ဖြစ်သည်။
အင်မော်တယ်ထုန်ရာ၏ တိုက်ပွဲဝင်ခြင်္သေ့မှာ စိတ်ဝိညာဥ်ဖွဲ့စည်းခြင်းအဆင့်ရှိ ကျင့်ကြံသူနှင့် တန်းတူ အဆင့်ရှိ၏။
ဝမ်လင်း ယခုလုပ်ရန် လိုအပ်သည်မှာ တိုက်ပွဲဝင် ခြင်္သေ့ကို အထူးစွမ်းရည်များ ထည့်သွင်းပေးရန် ဖြစ်၏။
ခြင်္သေ့က အလွန် ကြောက်မက်ဖွယ် ကောင်းသည် ဟူသော အထင်အမြင်ကို ပြင်ပမှ လူများကို ပေးနိုင်လျှင် အကောင်းဆုံး ဖြစ်သည်။
........................
ဝမ်ရှန်းဥယျာဥ် အိမ်ရာရှိ ဇိမ်ခံအိမ် အပြင်ဘက်တွင် ဇိမ်ခံကားတစ်စီး ရပ်ထားသည်။
အရပ်ရှည်ရှည်နှင့် အမျိုးသားက ဒရိုင်ဘာ နေရာတွင် ထိုင်နေပြီး ဒါရိုက်တာစုန့်က ရှေ့ခန်းရှိ ခရီးသည် ထိုင်ခုံတွင် ထိုင်နေသည်။
ကား၏ အနောက်ဘက်တွင် ကြေးစားစစ်သည်များ ဖြစ်သည့် သူတော်စင်ဆယ်ပါးက ခြေချိတ်၍ ထိုင်နေကြသည်။
ကားအတွင်းပိုင်း နေရာက နေရာလွတ် ချဲ့ထွင်ခြင်း နည်းစနစ်ကို သုံးပြီး ချဲ့ထွင်ထားသောကြောင့် အားကစားကွင်း တစ်ခုလို ကျယ်ဝန်းသည်။
အထဲမှာ နောက်ထပ် လူတစ်ရာ ထပ်ဝင်လျှင်ပင် နေရာက ကျယ်ကျယ်ဝန်းဝန်း ရှိနေဦးမည် ဖြစ်၏။
လောလောဆယ်တွင် စိတ်ဝိညာဥ်ဖွဲ့စည်းခြင်း အဆင့် ကျင့်ကြံသူ ဆယ်ယောက်မှာ အလွန်အံ့သြဖွယ် ကောင်းသော မြင်ကွင်းတစ်ခုကို ဖန်တီးရန် အတွက် အစီအရင် တစ်ခုကို အတူတကွ တည်ဆောက် နေကြသည်။
"သခင်လေး.. သူတော်စင်ဆယ်ပါး ဘာလုပ်နေကြတာလဲ"
အရပ်ရှည်ရှည် အမျိုးသားက ဒါရိုက်တာစုန့်ကို မေးလိုက်သည်။
"သူတို့က ကောင်းကင်နဲ့ ကမ္ဘာမြေကြီးကို လှုံ့ဆော်နိုင်တဲ့ စိတ်ဝိညာဥ်နိုးထခြင်း အစီအရင်တစ်ခုကို ခင်းကျင်းနေကြတာလေ"
ဒါရိုက်တာစုန့်က မျက်လုံးများကို မှိတ်ထားသည်။
ကျင့်ကြံသူ၏ ဝိညာဉ်ရေးအာရုံသည် ဆဲလ်ဖုန်းများ အချက်ပြခြင်းနှင့် ဆင်တူသည်။
ကျင့်ကြံသူ၏ နယ်ပယ် မြင့်မားလေ အနီးနားရှိ ဝိညာဉ်ရေးဆိုင်ရာ အချက်ပြမှုများကို ပို၍ သတိထားမိလေ ဖြစ်သည်။
သူတော်စင်ဆယ်ပါးမှ တည်ဆောက်ထားသည့် ဤကောင်းကင်နှင့် ကမ္ဘာမြေကြီး စိတ်ဝိညာဉ်နိုးထခြင်း အစီအရင်သည် စကြဝဠာမှ ဆင်းသက်လာသော ဝိညာဥ်ရေးအချက်ပြမှုများကို ကောင်းကင်နှင့် ကမ္ဘာမြေကြီးနှင့် ချိတ်ဆက်ကာ မမြင်နိုင်သော အချက်ပြမှုကို ဖြစ်ပေါ်စေသည်။
ထို့ကြောင့် အမြင့်ဆုံးသော နယ်ပယ် ရှိသူကိုပင် သတိမပြုမိစေဘဲ စောင့်ကြည့် ထောက်လှမ်းနိုင်သည်။
ဤကောင်းကင်နှင့် ကမ္ဘာမြေကြီး စိတ်ဝိညာဉ်နိုးထခြင်း အစီအရင်သည် နတ်ဆိုးမျိုးနွယ်၏ လှုပ်ရှားမှုများကို စောင့်ကြည့်ရန် ရှေးခေတ် တိုက်ပွဲများတွင် စီနီယာ ကျင့်ကြံသူများ အသုံးပြုခဲ့သည့် ရှေးခေတ် အစီအရင် အခင်းအကျင်း တစ်ခု ဖြစ်ကြောင်း ဒဏ္ဍာရီထဲတွင် ဖော်ပြထားသည်။
လိုအပ်လျှင် ထိုအစီအရင်၏ ဝိညာဥ်ရေး ဖိအားကို ထိုးစစ်ဆင်ရန် အတွက်လည်း အသုံးပြုနိုင်သည်။
ကောင်းကင်မှ ကျဆင်းလာသော ဤအစီအရင်၏ ဖိအားသည် ဂြိုလ်တုလေဆာ အမြောက်၏ ကြီးမားသော စွမ်းအားမျိုးကို ရရှိစေမည် ဖြစ်သည်။
ယနေ့ခေတ်တွင် ထိုအစီအရင်၏ ဖိအားကို ယှဥ်နိုင်သူ နည်းပါးလာပြီ ဖြစ်၏။
ဤအစီအရင်ကို အသက်သွင်းရန် လူတစ်ဦး၏ နယ်ပယ်သည် အနည်းဆုံး စိတ်ဝိညာဥ် ဖွဲ့စည်းခြင်းအဆင့် သို့မဟုတ် ထိုအဆင့်ထက် မြင့်သော အဆင့်တွင် ရှိနေရမည် ဖြစ်သည်။
ထို့အပြင် အစီအရင်ကို အတူတကွ တည်ဆောက်ရန်အနည်းဆုံးလူ သုံးဦး လိုအပ်သည်။
လူများလေ အစီအရင်၏ စွမ်းအားက ပိုမိုအားကောင်းလေဖြစ်သည်။
ရှေ့ခရီးသည်တင် ထိုင်ခုံမှ ဒါရိုက်တာစုန့်မှာ မော်နီတာစခရင်ပေါ်မှ မြင်ကွင်းကို ကြည့်ပြီး စိတ်ထဲတွင် မတုန်လှုပ်ဘဲ မနေနိုင်တော့ပေ။
ထိုဆယ်ယောက်မှာ သူတော်စင်ဆယ်ပါး ဖြစ်သည်။
၎င်းတို့က ရှေးဟောင်း အစီအရင် အကြောင်း သိရုံသာမက ကျွမ်းကျင်အဆင့်တွင် ရှိ၏။
ထိုအချိန်တွင် အစီအရင် ခင်းကျင်းနေသည့် မုတ်ဆိတ်မွေးရှည် အဘိုးကြီးတစ်ဦးက အေးဆေးစွာ ပြောလိုက်သည်။
"ဒါရိုက်တာစုန့်.. ဗုံးပစ်စီနီယာ အင်မော်တယ် ထွက်သွားပြီ"
ဤအဘိုးကြီးက သူတော်စင်ဆယ်ပါး၏ ခေါင်းဆောင်ဖြစ်သည်။
သူ၏ တာအိုအမည်မှာ မဟာသူတော်စင် ဖြစ်၏။
"ထွက်သွားပြီလား"
ဒါရိုက်တာစုန့် မျက်မှောင်ကြုတ်လိုက်သည်။
"ဗုံးပစ်စီနီယာ အင်မော်တယ်ရဲ့ ပင်ကိုယ်စရိုက်အရ ကျောက်သရဲမျက်နှာဖုံးကို ဇိမ်ခံအိမ်မှာ ပိုင်ရှင်မဲ့ ထားခဲ့ဖို့ ဆိုတာ မဖြစ်နိုင်ဘူး.."
"ဇိမ်ခံအိမ်မှာ တခြား ခုခံကာကွယ်မှုတွေ ရှိမှာ သေချာသလောက်ပဲ.. စီနီယာ မဟာသူတော်စင်.. တခြား ဘာကို ထောက်လှမ်းမိသေးလဲ"
အဘိုးအိုက ခေါင်းညိတ်လိုက်သည်။
"ဒါရိုက်တာစုန့် မျှော်လင့်ထားသလိုပဲ.. ဗုံးပစ် စီနီယာ အင်မော်တယ် အိမ်က ထွက်သွားတယ် ဆိုပေမယ့် ဇိမ်ခံအိမ်ထဲမှာ ချာတိတ်တစ်ယောက်နဲ့ ခြင်္သေ့တစ်ကောင် ရှိနေတုန်းပဲ"
"ဘာလို့ ခြင်္သေ့တစ်ကောင်က ရှိနေတာလဲ"
ဒါရိုက်တာစုန့် မျက်မှောင်ကြုတ်သွားသည်။
ဤခြင်္သေ့က ရှောင်မျိုးနွယ်စုမှ မွေးမြူပြီး လေ့ကျင့်ပေးထားသောကြောင့် သာမန် စိတ်ဝိညာဉ် သားရဲမျိုး မဟုတ်ပေ။
ဗုံးပစ်စီနီယာ အင်မော်တယ်က တိုက်ပွဲဝင် ခြင်္သေ့တစ်ကောင်ကို ငှားရမ်းခဲ့ပါသလော။
ယင်းမှာ ၎င်းနှင့် ရှောင်မျိုးနွယ်စုတို့ကြား ရင်းနှီးသော ဆက်ဆံရေး ရှိသည်ဟု ဆိုလိုနေသည် မဟုတ်လော။
စီနီယာ မဟာသူတော်စင်က အေးစက်စွာ ပြုံးလိုက်သည်။
"ဒီတိရစ္ဆာန်ကောင်ကို ငါ သတ်ပေးရမလား"
ဒါရိုက်တာစုန့် "ငါ့အထင် ငါတို့လုပ်ရပ်တွေရဲ့ အကျိုးဆက်ကိုလည်း ထည့်သွင်းစဉ်းစားရမယ် ထင်တယ်.. ဒီခြင်္သေ့ကို ငါတို့ သတ်လိုက်မယ်ဆိုရင် ရှောင်မျိုးနွယ်စုက ဒီကိစ္စကို လက်လွှတ်လိုက်မယ်လို့ မထင်ဘူး.. မင်းရဲ့ထင်မြင်ချက်က ဘယ်လိုလဲ.. စီနီယာ မဟာသူတော်စင်"
"ဒါရိုက်တာစုန့်က ငါတို့တွေ ဘယ်လိုအလုပ်လုပ်တယ် ဆိုတာကို သေချာ နားမလည်သေးဘူးနဲ့ တူတယ်"
မုတ်ဆိတ်မွေးရှည် အဘိုးကြီးက ခေါင်းခါယမ်းလိုက်သည်။
"ဒါရိုက်တာစုန့်က တာအိုကျင့်ကြံသူ ဟန်ရှန် နဲ့ တာအို ကျင့်ကြံသူ သဲယွင်တို့ရဲ့ ဇာတ်လမ်းကိုတော့ ရင်းနှီးပြီးသား ဖြစ်မှာပါ.. တစ်ချိန်တုန်းက သူတို့နှစ်ယောက်က တစ်ယောက်နဲ့ တစ်ယောက် ရန်ဖြစ်ခဲ့ကြတယ်.. အဲဒီ ထိပ်တိုက် တွေ့ဆုံမှုကနေ နာမည်ကြီးတဲ့ ဆိုရိုးစကား တစ်ခု ထွက်ပေါ်လာခဲ့တယ်"
ဒါရိုက်တာစုန့် ရုတ်တရက် နားလည်သွားသည်။
"လောကကြီးက ငါ့ကို အသရေဖျက်ရင်.. ငါ့ကို သစ္စာဖောက်ရင်.. ငါ့ကို ကဲ့ရဲ့ရင်.. လှောင်ပြောင်ရင်.. မထီမဲ့မြင်ပြုရင်.. အရှက်ခွဲရင်...မုန်းတီးရင်.. လှည့်စားရင် ဘယ်လို ကိုင်တွယ်ရမလဲ ဆိုတဲ့ စကားကို ပြောတာ မဟုတ်လား.. အဲဒီစကားရဲ့ နောက်ဆက်တွဲ စကားဖြစ်တဲ့ သည်းခံလိုက်ပါ.. ထားလိုက်ပါဆိုတဲ့ စကားကိုလည်း ကြားဖူးပါတယ်"
သို့သော် သူစကားမဆုံးမီ မုတ်ဆိတ်မွေးရှည် အဘိုးကြီးက သူ့လက်ကို တိုက်ရိုက် ဝှေ့ယမ်းကာ ငြင်းဆိုလိုက်သည်။
"မဟုတ်ဘူး.. အဲဒါ မဟုတ်ဘူး"
ဒါရိုက်တာစုန့် အနည်းငယ် အံ့ဩသွားသည်။
"စီနီယာမဟာ သူတော်စင် ကျေးဇူးပြုပြီး ငါ့ကို ညွှန်ကြားပေးပါ"
"ဒါရိုက်တာစုန့်.. မင်းက ရဲတိုက်သခင် ကိုယ်တိုင် ခန့်အပ်ထားတဲ့ အုပ်ချုပ်သူပါ.. တရားဝင် ကိစ္စတွေမှာ ငါတို့တွေက ကျင့်ကြံခြင်း နယ်ပယ်နဲ့ လိုက်ပြီး ဦးစားပေး ဆုံးဖြတ်ကြတယ်.. ဒါပေမဲ့ ရဲတိုက်သခင်ရဲ့အမိန့်ကြောင့် မင်းရဲ့ ညွှန်ကြားချက်နဲ့ စီစဉ်မှုတွေကို ငါတို့အားလုံး လိုက်နာပါ့မယ်"
မုတ်ဆိတ်မွေးရှည် အဘိုးကြီးက ပြုံး၍ ပြောလိုက်သည်။
"ဒါပေမယ့် အနာဂတ်မှာ ငါတို့ရဲ့ တာဝန်တွေကို ချောမွေ့စွာ အကောင်အထည် ဖော်နိုင်ဖို့ ငါတို့ သူတော်စင် ဆယ်ပါးရဲ့ ခံယူချက်တွေကို ဒါရိုက်တာစုန့်ကို ရှင်းပြဖို့ လိုနေသေးတယ်လို့ ငါထင်တယ်"
တာအိုကျင့်ကြံသူ ဟန်ရှန် နှင့် သဲယွင် တို့၏ ခံယူချက် စကားစုများမှာ အများအားဖြင့် သူသိပြီးသား ဖြစ်သည်။
ထို့ကြောင့် ဒါရိုက်တာစုန့်က စီနီယာ မဟာသူတော်စင်ထံမှ ဤဆိုရိုးစကား၏ မတူညီသော အဓိပ္ပာယ် ဖွင့်ဆိုချက်နှင့် ပတ်သက်၍ အလွန် သိချင်နေမိသည်။
"လောကကြီးက ငါ့ကို စော်ကားရင်.. ကျိန်ဆဲရင်.. ငါ့ကို သစ္စာဖောက်ရင် ဘာလုပ်ရမလဲ.. တကယ်တော့ အဖြေက ရိုးရှင်းပါတယ်"
ဒါရိုက်တာစုန့်၏ မျက်လုံးများက မော်နီတာ စခရင်ပေါ်သို့ စိုက်ကြည့်နေသည်။
မုတ်ဆိတ်မွေးရှည် အဘိုးကြီးက ခြေချိတ်ထိုင်နေရင်း ဖြည်းညင်းစွာ ပြောလိုက်သည်။
"မင်းရဲ့ရန်သူကို သင်္ချိုင်းကုန်းဆီ မပို့ခင် သူ့ကို စိတ်ရှုပ်အောင် လုပ်ရမယ်.. ဆော့ကစားရမယ်.. လှောင်ရယ်ရမယ်.. အစိတ်စိတ်ပိုင်းရမယ်.. ထိုးကြိတ်ရမယ်.. ရိုက်နှက်ရမယ်.."
ဒါရိုက်တာစုန့် "............."
ထိုသို့ပြောပြီးနောက် အဘိုးကြီးက သူ့မုတ်ဆိတ်မွေးကို ကျေနပ်စွာ ပွတ်သပ်လိုက်၏။
"ဒါက ငါတို့ သူတော်စင် ဆယ်ပါးရဲ့ခံယူချက်ပဲ.. အဲဒါက သားရဲ တစ်ကောင်ပဲလေ.. ရှောင်မျိုးနွယ်စုက ဟုတ်ဟုတ် မဟုတ်ဟုတ် ဘာလို့ ဂရုစိုက်နေမှာလဲ.. ငါတို့အတွက် ကြောက်နေစရာ ဘာအကြောင်းမှ မရှိဘူး"
ဒါရိုက်တာစုန့် "..........."