← Chapters

စီနီယာသူတော်စင်ကြီး.. အဆင်ပြေရဲ့လား

Vol. 8 Ch. 118

စီနီယာသူတော်စင်ကြီး.. အဆင်ပြေရဲ့လား

Vol. 8 Ch. 118

ဒါရိုက်တာစုန့်က မုတ်ဆိတ်မွေးရှည် အဘိုးကြီး၏ စကားကို နားထောင်ရင်း သူတော်စင်ဆယ်ပါး၏ ရက်စက်ကြမ်းကြုတ်မှုက ဟန်ပြမဟုတ်ဘဲ အမှန်တကယ် ဖြစ်ကြောင်း ခံစားခဲ့ရသည်။

တစ္ဆေမျိုးနွယ်ကို လက်စားချေရန် တစ်စုံတစ်ဦးမှ သူတော်စင်ဆယ်ဦးကို တစ်ကြိမ် ငှားရမ်းခဲ့ဖူးကြောင်း ကောလဟာလတစ်ခုကို ဒါရိုက်တာစုန့် ယခင်က ကြားခဲ့ဖူးသည်။

အကြောင်းပြချက်မှာ Onmyoji ဂိမ်းကို ကစားရင်း SSR မရရှိ၍ ဖြစ်သည်။

အဆုံးသတ်တွင် သုံးရက်ကြာ ပြင်ဆင်ပြီးနောက် သူတော်စင်ဆယ်ဦးက တစ္ဆေမျိုးနွယ်စု ထဲကို ဝင်လာပြီး မျိုးနွယ်စုဝင် အားလုံးကို တစ်ရက်တည်းဖြင့် အစုလိုက် အပြုံလိုက် သတ်ဖြတ်ခဲ့သည်။

တစ္ဆေမျိုးနွယ်စု၏ သခင်လေး ရှုထန့်တိုကျီကိုပင် အလွှတ်မပေးခဲ့ပေ။

ဒါရိုက်တာစုန့်၏ အမြင်အရ ရှောင်မျိုးနွယ်စု၏ ရန်သူလုပ်ခြင်းသည် မလိုအပ်သော ပြဿနာသာ ဖြစ်ပြီး ရှောင်ရှားနိုင်လျှင် အကောင်းဆုံး ဖြစ်လိမ့်မည်။

သို့သော် သူတော်စင်ဆယ်ပါး၏ ကြီးကျယ်ခမ်းနားသော တစ်ယူသန် ခံယူချက်အရ ၎င်းတို့မှာ မျိုးနွယ်စုကြီးများအကြားရှိ အာဏာဆက်နွယ် သက်ရောက်မှုကို ထည့်သွင်း စဉ်းစားလေ့ မရှိကြောင်း ရှင်းရှင်းလင်းလင်း သိမြင်နိုင်ပေသည်။

၎င်းတို့ထံတွင် ဤတိုက်ပွဲဝင် ခြင်္သေ့ကြီးကို အလွှတ်ပေးရန် ရည်ရွယ်ချက် လုံးဝ မရှိပေ။

ထို့အပြင် ဒါရိုက်တာစုန့်က မဟာသူတော်စင်၏ မသိမသာ ခြိမ်းခြောက်မှုကိုလည်း ခံခဲ့ရသည်။

"ငါတို့က မင်းရဲ့ စကားကို နားထောင်မှာ ဖြစ်ပေမဲ့ ငါတို့လုပ်ပုံကိုင်ပုံကို မစွက်ဖက်ပါနဲ့.. ငါတို့သဘောမကျတာကို အတင်း အမိန့်လာပေးရင် လှပတဲ့ အဆုံးသတ် မြင်ကွင်းကို မြင်ရမှာမဟုတ်ဘူး"

ဒါရိုက်တာစုန့်က ငတုံးမဟုတ်၍ သူတော်စင် ဆယ်ပါး၏ သက်ရောက်မှုတွေကို သဘာဝကျကျ နားလည်သည်။

အဆုံးသတ်တွင် ခေတ်သစ် ကျင့်ကြံခြင်း လောက၌ ဥပဒေကို အခြေပြုသော လူ့အဖွဲ့အစည်းနှင့် အထက်အောက် စီမံခန့်ခွဲမှု စနစ်က ကြီးကြီးမားမား အရေးပါသော်လည်း ကျင့်ကြံခြင်း နယ်ပယ် မြင့်မားသော သူများထဲတွင် မာန ထောင်လွှားနေသူများ ရှိနေသေးပြီး စည်းမျဥ်း ဥပဒေသများကို မထီမဲ့မြင် ပြုနေကြဆဲ ဖြစ်သည်။

သူတော်စင်ဆယ်ပါးက ပြီးပြည့်စုံသော ဥပမာတစ်ခုဖြစ်သည်။

ဒါရိုက်တာစုန့်၏ နှလုံးသားက မှန်တစ်ချပ်လို ကြည်လင်နေခဲ့ပြီး အခြေအနေကို ရှင်းရှင်းလင်းလင်း သိနေခဲ့သည်။

ဤလူအုပ်ကြီး သူ့စကားကို ယခုထိ နားထောင်နေသည့် အကြောင်းရင်းမှာ ရဲတိုက်သခင်၏ အမိန့်ကြောင့်သာ ဖြစ်၏။

မည်သို့ပင်ဖြစ်စေ ဤတစ်ခေါက် မစ်ရှင် ကျရှူံးလျှင် သူကိုယ်တိုင်က အလွန် အန္တရာယ်များသော အခြေအနေသို့ ကျရောက်သွားမည် ဖြစ်သည်။

တခဏလောက် စဉ်းစားပြီးနောက် ဒါရိုက်တာစုန့်က သက်ပြင်းတစ်ချက် ချလိုက်သည်။

"သခင်ရဲ့ တစ်ခုတည်းသော တောင်းဆိုချက်က ကျောက်သရဲမျက်နှာဖုံးကို ရရှိဖို့ပါပဲ.. စီနီယာတွေက ခြင်္သေ့နဲ့ အဲဒီချာတိတ်ကို ဘယ်လိုရင်ဆိုင်ရမလဲ ဆိုတာ ကိုယ့်ဘာသာကိုယ် ဆုံးဖြတ်နိုင်ပါတယ်.. ဒါပေမယ့် ဒီချာတိတ်က ဗုံးပစ် စီနီယာအင်မော်တယ် ကိုယ်တိုင် ဖိတ်ခေါ်ထားတယ် ဆိုတာကိုတော့ ကျနော် ထောက်ပြလိုပါတယ်.. ဒါကြောင့် သူနဲ့ပတ်သက်တဲ့ ထူးထူးခြားခြား တစ်ခုခုတော့ ရှိမှာ သေချာတယ်.. စီနီယာတို့သတိထားဖို့ ကျနော်က အကြံပေးတာပါ"

"ဟားဟား.. သူက ကလေးလေးပဲလေ..သူ့ရဲ့ ဝတ်စားဆင်ယင်ပုံကို ကြည့်မယ်ဆိုရင် သူက ဗုံးပစ်စီနီယာ အင်မော်တယ်ရဲ့ လက်ပါးစေလို့ပဲ ငါတော့ထင်တယ်.. ငါတို့က နတ်ဆိုးလမ်းစဉ်ကို ကျင့်ကြံခဲ့တာ နှစ်ထောင်ချီရှိပြီ.. ဒီလက်ပါးစေလေး တယောက်ကို ငါတို့က ဘာလို့ ကြောက်နေရမှာလဲ"

မုတ်ဆိတ်မွေးရှည် အဘိုးကြီးက ပတ်ဝန်းကျင်ကို စူးစမ်းကြည့်ရင်း ပြုံးလိုက်သည်။

"ညီနောင်တို့.. ငါ့အမိန့်ကို နားထောင်ကြ.. ငါတို့တွေ အတူတူ လှုပ်ရှားကြမယ်.. ကောင်းကင်နဲ့ ကမ္ဘာမြေကြီးရဲ့ စိတ်ဝိညာဉ်နိုးထခြင်း အစီအရင်ကနေ စိတ်ပိုင်းဆိုင်ရာ ဖိအားကို အသုံးပြုမယ်.. အဲဒါဆို ဒီဇိမ်ခံအိမ်ထဲမှာ ရှိတဲ့ သက်ရှိမှန်သမျှက အသားပြား ဖြစ်သွားမှာ သေချာတယ်.. အချိန်တန်ရင် ဒီအသားပြားတွေကို အသားဆော့ဖြစ်အောင် လုပ်ပစ်မယ်.. ဒီလို အသားဆော့က တစ္ဆေဗိုလ်ချုပ် အကြိုက်ဆုံးပဲ"

ဒါရိုက်တာစုန့်နှင့် သူ့ဘေးနားမှ လက်အောက်ငယ်သားက ချွေးစေးများ ထွက်လာသည်။

ဝိညာဉ်ရေးဖိအားဖြင့် ပြိုင်ဘက်ကို အသားပြား ဖြစ်အောင် ဖိနှိပ်မှုက လက်ခံပေး၍ ရသေးသော်လည်း အသားပြားကိုအသားဆော့ ဖြစ်သည် အထိ လုပ်ရန် စိတ်ကူးနေသည်က ကမ်းကုန်အောင် ရက်စက်သည်ဟု ဆိုရမည်။

ဒါရိုက်တာစုန့်က မော်နီတာစခရင်ကို နောက်တစ်ကြိမ် ကြည့်လိုက်သည်။

ကားနောက်ဘက်တွင် သူတော်စင် ဆယ်ပါး၏ ခေါင်းဆောင်ဖြစ်သော မဟာသူတော်စင်က အစီအရင် ခင်းကျင်းမှုကို တရားဝင် စတင်နေပြီ ဖြစ်သည်။

စိတ်ဝိညာဥ်နိုးထခြင်း အစီအရင်က ထောက်လှမ်းရေး အသွင်ကနေ တိုက်ခိုက်ရေး အသွင်သို့ ပြောင်းလဲသွား၏။

ဒါရိုက်တာစုန့်က မော်နီတာစခရင် ပေါ်ရှိ မြင်ကွင်းမှတဆင့် ကြီးမားသော ဝိညာဉ်ရေး ဖိအားများ၏ သက်ရောက်မှုကို မြင်နေရသည်။

၎င်းတို့က တိုက်ခိုက်မှုကို တရားဝင် စတင်ခဲ့ပြီ ဖြစ်သည်။

ဝိညာဉ်ရေး ဖိအားက သာမန်မျက်စိဖြင့် မမြင်နိုင်သော စွမ်းအင်များ ဖြစ်ပြီး ကျင့်ကြံသူ၏ ဝိညာဉ်ရေးအာရုံမှ တဆင့်သာ သိရှိနိုင်သည်။

မုတ်ဆိတ်မွေးရှည် အဘိုးကြီး၏ ဦးခေါင်းထက်တွင် လေစီးကြောင်းများ ရောနှောသွားသည်။

ထို့နောက် စိတ်ဝိညာဉ် ဖွဲ့စည်းခြင်း အဆင့် ကျင့်ကြံသူ ဆယ်ဦးမှာ တစ်ချိန်တည်းတွင် ဝိညာဉ်ရေး ဖိအားများကို အတူတကွ ထုတ်လွှတ်လိုက်ကြသည်။

ဖိအားက အလွန်ကြီးမားပြီး အဆုံးမရှိ လေဝဲအဖြစ် ၎င်းတို့အထက် လေထုထဲတွင် လှည့်ပတ် စီးဆင်းနေရင်း စွမ်းအင်စီးကြောင်းအဖြစ်သို့ ပေါင်းစည်းသွားသည်။

ဝိညာဉ်ရေးဖိအားက အမြင့်ဆုံး စွမ်းရည်သို့ ရောက်ရှိလာသောအခါတွင် မုတ်ဆိတ်မွေးရှည် အဘိုးကြီးက ကြုံးဝါးလိုက်သည်။

"ငါတို့ရဲ့ ဝိညာဥ်ရေး ခွန်အားကို မြည်းကြည့်လိုက်စမ်း.. ငါတို့မကျော်လွှားနိုင်တဲ့အရာ ဒီကမ္ဘာမှာ ဘာတစ်ခုမှမရှိဘူး"

ထို့နောက် မမြင်နိုင်သော စွမ်းအင်စီးကြောင်းက ထူထဲသောတိမ်တိုက်များကို ဖြတ်သန်းကာ ကောင်းကင်ပေါ်သို့ ထိုးတက်သွားခဲ့သည်။

"ဒီအိမ်ကြီးထဲမှာရှိတဲ့ တိုက်ပွဲဝင် ခြင်္သေ့နဲ့ ချာတိတ်လေးအတွက်တော့ စိတ်မကောင်းဘူး.. ဒီနေ့ သူတို့တွေ ငါတို့ရဲ့ စွမ်းအားကို သေသေချာချာ ရင်ဆိုင်ရလိမ့်မယ်"

မုတ်ဆိတ်မွေးရှည် အဘိုးကြီးက အေးစက်စွာ ပြုံးလိုက်သည်။

သူက သင်္ချာ ဖော်မြူလာ အပြောင်းအလဲများကို ပြုလုပ်နေသကဲ့သို့ ကောင်းကင်မှ ပြန်လည် စီးဆင်းလာသည့် ဤကြီးမားသော စွမ်းအင်စီးကြောင်းကို အသုံးချခဲ့သည်။

ဒါရိုက်တာစုန့်က မော်နီတာ စခရင်ကို စိုက်ကြည့်ရင်း အေးစက်သော ချွေးစေးများ ထွက်လာသည်။

မော့အင်မော်တယ် ရဲတိုက်သခင်က ကျောက်သရဲမျက်နှာဖုံးကို လုယူဖို့သာ တောင်းဆိုခဲ့သည်။

သို့သော် ကောင်းကင်နှင့် ကမ္ဘာမြေကြီး စိတ်ဝိညာဉ်နိုးထခြင်း အစီအရင်မှ ထုတ်ပေးသည့် ဤပြင်းထန်သော ဝိညာဉ်ရေးဖိအားမှာ ကြီးမားသော ဝိညာဉ်ရေး တိုက်ခိုက်မှု တစ်ခုဖြစ်နေ၏။

သူတော်စင်ဆယ်ပါး အနေဖြင့် ၎င်းတို့၏ပစ်မှတ်ကို တိကျစွာ ချိန်ရွယ်ပြီး ပစ်ခတ်ရန် လိုအပ်သည်။

သို့မဟုတ်လျှင် ထိုစွမ်းအား သက်ရောက်ခံရသည့် သက်ရှိမှန်သမျှမှာ စိတ်ဝိညာဥ် ဖွဲ့စည်းခြင်း ကျင့်ကြံသူ ဆယ်ယောက်၏ ဝိညာဉ်ရေးဖိနှိပ်မှုမှ လွတ်မြောက်နိုင်မည် မဟုတ်တော့ပေ။

..........................

ဝမ်လင်းက စားပွဲပေါ်ရှိ သစ်ကြံပိုးခေါက်မှုန့်ကို ကြည့်ရှုနေသောအချိန်တွင် ဇိမ်ခံအိမ်က မိနစ်ပိုင်းအတွင်း တုန်ယင်လာသည်ကို သတိပြုမိလိုက်သည်။

သူက တိတ်တဆိတ် ခေါင်းမော့ပြီး မျက်နှာကျက်ကို မော့ကြည့်လိုက်၏။

"စကြဝဠာကနေ လာတဲ့ ဝိညာဉ်ရေး ဖိအားပါလား"

သူ အနည်းငယ် အံ့သြသွားသည်။

ယနေ့ခေတ်တွင် ကောင်းကင်နှင့် ကမ္ဘာမြေကြီး နိုးထခြင်း အစီအရင်ကို မည်သို့တည်ဆောက်ရမည်ကို သိရှိသောသူများ ရှိနေဦးမည်ဟု သူ မမျှော်လင့်ခဲ့ပေ။

ထိုအစီအရင်မှာ တစ်ချိန်က နတ်ဆိုးမျိုးနွယ်ကို ဆန့်ကျင်ရာတွင် အသုံးပြုခဲ့သည့် အစီအရင်လေးမျိုးထဲမှ တစ်မျိုး ဖြစ်သည်။

ဒီလူတွေက တကယ်ကို သာမန်လူတွေ မဟုတ်လောက်ပေ။

ဝမ်လင်းက သူ့ဘေးနားရှိ တိုက်ပွဲဝင်ခြင်္သေ့ကို ကြည့်လိုက်သည်။

ခြင်္သေ့က ခရုလိုကွေးနေပြီး အလွန်တရာ ထိတ်လန့်နေပုံရ၏။

ဝိညာဉ်သားရဲများက သာမန်လူများထက် ဤကဲ့သို့ ဝိညာဉ်ရေး ညှဉ်းပန်းမှုပုံစံကို ပို၍ အကဲဆတ်ကြသည်။

ယင်းမှာ တုန်လှုပ်ချောက်ခြားဖွယ်ကောင်းသော ငလျင်လှုပ်ခြင်းကို ခံစားရပုံနှင့် ဆင်တူသည်။

ဤ တိုက်ပွဲဝင်ခြင်္သေ့က အစွမ်းထက်သော်လည်း စိတ်ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့် ဆယ်ယောက်၏ ဝိညာဉ်ရေးဖိနှိပ်မှုကို ခံနိုင်ရည် မရှိသည်မှာ ထင်ရှားနေ၏။

တစ်ဖက်လူများ၏ ရည်ရွယ်ချက်မှာ ရှင်းသည်။

၎င်းတို့ကို ဖယ်ရှားရန် မမြင်နိုင်သော ဝိညာဉ်ရေးရာ ဖိအားများကို အသုံးပြုလိုက်ခြင်းဖြစ်၏။

သို့သော် ဝမ်လင်းက ၎င်းတို့၏ နည်းစနစ်က မရင့်ကျက်သေးကြောင်း ခံစားခဲ့ရသည်။

ကောင်းကင်နှင့် ကမ္ဘာမြေကြီး၏ စိတ်ဝိညာဉ်နိုးထခြင်း အစီအရင်၏ အားသာချက်မှာ စကြဝဠာမှ မမြင်နိုင်သော စွမ်းအားများဖြင့် ပေါင်းစပ်ထားခြင်း ဖြစ်၏။

ကိုယ်ပွားက ဝမ်လင်း၏ ကိုယ်ပွားသာ ဖြစ်သော်လည်း ဤအစီအရင် အခင်းအကျင်းနှင့် ပတ်သက်၍ တစ်ဖက်မှ လူများက ကျွမ်းကျင်မှု ကင်းမဲ့ကြောင်း ခံစားမိသည်။

ဤမမြင်နိုင်သော ဝိညာဉ်ရေးဖိအားက ဇိမ်ခံအိမ် အနီးသို့ရောက်လာသောအခါ ဝမ်လင်းက ခေါင်းကို မော့၍ သက်ပြင်းကို မှုတ်ထုတ်လိုက်သည်။

"ဖူး.."

...........................

ဇိမ်ခံကားအတွင်းမှ ဒါရိုက်တာစုန့် နှင့် သူ့ဘေးနားရှိ လက်အောက်ငယ်သားက မော်နီတာစခရင်ကို ကြည့်နေကြသည်။

စကြဝဠာမှ မမြင်နိုင်သော ဝိညာဉ်ရေးရာ ဖိအားများက သူတော်စင်ဆယ်ပါး၏ စွမ်းအားနှင့် ပေါင်းစည်း၍ တိုက်ခိုက်မှု တစ်ခု စတင်လိုက်သည်။

ဆိုရလျှင် ကောင်းကင်နှင့် ကမ္ဘာမြေကြီး စိတ်ဝိညာဉ်နိုးထခြင်းအစီအရင်ကို အသက်သွင်းခဲ့သည်မှာ စက္ကန့်သုံးဆယ်ပင် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

သို့သော် မော်နီတာစခရင်ပေါ်ရှိ ဇိမ်ခံအိမ်တွင် ထူးထူးခြားခြား ဖြစ်ရပ်များ အရိပ်အမြွက်မျှပင် မရှိပဲ အရာအားလုံး လုံးလုံးလျားလျား ငြိမ်သက်နေခဲ့သည်။

"စီနီယာ မဟာသူတော်စင်.. အဆင်ပြေရဲ့လား"

ဒါရိုက်တာစုန့်က မေးလိုက်သည်။

မုတ်ဆိတ်မွေးရှည် အဘိုးကြီးက ပြန်ဖြေလိုက်သည်။

"ဟားဟား... အချိန်တန်ရင် သေချာပေါက် မသာပေါ်မှာပဲ.. ဝိညာဉ်ရေး ဖိအားတွေ သက်ရောက်ဖို့ အချိန်ပဲလိုတယ်.. ငါတို့ စိတ်ရှည်ရမယ်"

ဒါရိုက်တာစုန့် "..............."

နောက်ထပ် စက္ကန့်သုံးဆယ် ကြာသွားသည်။

ဒါရိုက်တာစုန့်က မော်နီတာစခရင်ကို ကြည့်ရင်း တစ်ခုခု မူမမှန်သလို ခံစားလာရသည်။

အကြောင်းတစ်ခုခုကြောင့် မုတ်ဆိတ်မွေးရှည် အဘိုးကြီး၏ ဦးခေါင်းက အရင်ကထက် ပိုကြီးလာပုံရ၏။

အဘယ်အတွက်ကြောင့် အဘိုးကြီး၏ ခေါင်းက ဖောင်းလာရသနည်း။

ဒါရိုက်တာစုန့် အံ့အားသင့်စွာ အော်ဟစ်လိုက်သည်။

"စီနီယာ မဟာသူတော်စင်.. မင်းရဲ့ ခေါင်း အဆင်ပြေရဲ့လား"

မုတ်ဆိတ်မွေးရှည်အဘိုးကြီး "ငါက Big head sonကို တုပနေတာပါ.. နားမလည်ရင် အာရုံလာမနောက်နဲ့"

( Big head son= သဘာဝတရားကြီးကို ချစ်၍ ပတ်ဝန်းကျင်မှလူများကို ကူညီတတ်သည့် ကလေးဇာတ်ကောင်)

ထိုစကားကို ပြောပြီးသည်နှင့် သူ့မျက်နှာအမူအရာက ပြောင်းလဲသွားပြီး ပါးစပ်ကနေ သွေးများ တဟုန်ထိုး ထွက်ကျလာသည်။

သူက ရင်ဘတ်ကို ဖိထားရင်း ခန္ဓာကိုယ် တစ်ခုလုံး တဆတ်ဆတ် တုန်ယင်နေသည်။

ထိုအချိန်တွင် အဘိုးကြီး၏ ဦးခေါင်းက ဖရဲသီး တစ်လုံး၏ အရွယ်အစားထက် သုံးဆအထိ ရောင်ကိုင်းနေပြီ ဖြစ်သည်။

"ဒါက သွေးအရိပ် မှော်စွမ်းရည် တစ်ခုပဲ.. ငါ့ရန်သူတွေကို သတ်ဖို့ ငါ့ရဲ့သွေးကို စတေးရတယ်.. ဟမ့်.. ဒီလို အသစ်အဆန်း စွမ်းရည်တွေကို မင်းအမြင်ကျယ်အောင် ငါပြပေးမယ်"

ဒါရိုက်တာစုန့် "..........."

"လခွမ်း.. ဒါက သေချာပေါက် တန်ပြန်သက်ရောက်လို့ ရလာတဲ့ ဒဏ်ရာ မဟုတ်ဘူးလား"

All Chapters