← Chapters

စီနီယာ ဒုတိယ သူတော်စင်.. အဆင်ပြေရဲ့လား

Vol. 8 Ch. 119

စီနီယာ ဒုတိယ သူတော်စင်.. အဆင်ပြေရဲ့လား

Vol. 8 Ch. 119

ကျင့်ကြံခြင်း စွယ်စုံကျမ်း၏ သိပ္ပံကဏ္ဍတွင် ခိုက်ရန်ဖြစ်ပွားမှုကြောင့် ဖြစ်ပေါ်လာသော ဒဏ်ရာများကို ယေဘုယျအားဖြင့် အဆင့်ငါးဆင့် ခွဲခြားထားသည်။

ဤမုတ်ဆိတ်မွေးရှည် အဘိုးကြီးက စတုတ္ထအဆင့် ဒဏ်ရာကို ခံစားခဲ့ရပုံ ပေါ်သည်။

တန်ပြန်လာသည့် ဝိညာဉ်ရေး ဖိအားက သူ့ခန္ဓာကိုယ်ကို ထွက်ပေါက် မရှိအောင် ထိုးဖောက် ဝင်ရောက်သွားပုံ ရသည်။

ထို့ကြောင့် မုတ်ဆိတ်မွေးရှည် အဘိုးကြီးက ထိုဝိညာဥ်ရေးဖိအားကို အပြင်သို့ တွန်းလွှတ်ရန် သူ၏ ဝိညာဉ်စွမ်းအင်ကို ဦးခေါင်းအတွင်းသို့ ပို့လွှတ်လိုက်သောကြောင့် ဦးခေါင်း ရောင်ရမ်းလာခြင်း ဖြစ်၏။

သူ့အခြေအနေက အချိန်မီ မကုသလျှင် ကိုမာ ဝင်သွားနိုင်ပြီး ဟင်းရွက်ကန်စွန်းလို အသုံးမကျသူ ဖြစ်သွားနိုင်ချေ အရမ်းများသည်။

ဒါရိုက်တာစုန့်၏ အတွေ့အကြုံက မည်မျှပင် နိမ့်ကျပါစေ.. သူက စိတ်ဝိညာဉ် ဖွဲ့စည်းခြင်း ကျင့်ကြံသူတွေနှင့် အဆင့်ကြီး တစ်ဆင့်သာ ကွာသည့် စိတ်ဝိညာဉ် တည်ဆောက်ခြင်း ကျင့်ကြံသူ အဖြစ် ရှိနေဆဲ ဖြစ်၏။

သူက နုံအသည်ဟု ထင်ရသော်လည်း မုတ်ဆိတ်မွေးရှည် အဘိုးကြီးက ဒဏ်ရာရရှိနေကြောင်းတော့ ပြောနိုင်သေးသည်။

တန်ပြန်သက်ရောက်မှုတွင် ထိခိုက်နစ်နာခဲ့ရသူမှာ အစီအရင်၏ အဓိက ခေါင်းဆောင် ဖြစ်သည့် မုတ်ဆိတ်မွေးရှည် အဘိုးကြီး ဖြစ်၏။

ဒါရိုက်တာစုန့်က မှင်တက်နေမိသည်။

"ဘုရားရေ...တကယ်ပဲ တန်ပြန် သက်ရောက်ခဲ့တာလား"

"ဒီကမ္ဘာမြေပေါ်မှာ ဒီကလေးက ဘယ်သူလဲ"

ကားအနောက်ခန်းမှ မုတ်ဆိတ်မွေးရှည် အဘိုးကြီးက တုန်လှုပ် ချောက်ခြားမှုမှ ပြန်လည် ကောင်းမွန်မလာမီ ကယောင်ကတမ်း ဖြစ်နေသည်။

"မဟုတ်သေးဘူး.. ဝိညာဉ်ရေးဖိအားကို တုံ့ပြန်လိုက်တယ်လား.. ဒဏ်ရာက ဘယ်အဆင့်လဲ"

သူတော်စင်ဆယ်ပါး ခင်းကျင်းထားသည့် နိုးထခြင်း အစီအရင်မှ သက်ရောက်သော အလင်းရောင်က လျင်မြန်စွာ မှိန်ဖျော့လာပြီး ပိတ်သွားတော့သည်။

ဒုတိယသူတော်စင်က မျက်မှောင်ကြုတ်ပြီး သူ၏ဝိညာဉ်ရေးအာရုံများကို အသုံးပြု၍ မုတ်ဆိတ်မွေးရှည် အဘိုးကြီး၏ ဒဏ်ရာကို စစ်ဆေးလိုက်ရာ အံ့အားသင့်သွားခဲ့သည်။

"မကောင်းတော့ဘူး.. ဒါက အဆင့်လေး ဒဏ်ရာပဲ"

ထိုစကားကိုကြားလျှင် တခြား သူတော်စင် ရှစ်ယောက်၏ မျက်နှာပေါ်တွင် နာကျင်သည့် အမူအရာများ ဖြစ်ပေါ်လာသည်။

သူတို့၏ပုံစံက အသိစိတ် ကင်းမဲ့သလိုပင် ဖြစ်ချင်လာ၏။

အဆင့်လေး၏ အဓိပ္ပါယ်ကို သူတို့ ကောင်းကောင်းသိသည်။

အသုံးမကျသူအဖြစ် ပြောင်းလဲနိုင်ခြေမှာ ကိုးဆယ်ရာခိုင်နှုန်းအထိ မြင့်မားသည်။

အသက် ဆက်ရှင်လျှင်ပင် သူ၏ ကျင့်ကြံမှုက နိမ့်ကျ သွားလိမ့်မည် ဖြစ်သည်။

ပိုဆိုးသည့်အချက်မှာ တစ်သက်လုံး ဘယ်တော့မှ ထပ်ပြီး ကျင့်ကြံနိုင်တော့မည် မဟုတ်ပေ။

ကြီးကျယ်ခမ်းနားသော နယ်ပယ်တစ်ခုတွင် ရောက်ရှိခဲ့ဖူးသော ကျင့်ကြံသူ တစ်ဦးအတွက် နောက်ထပ် မကျင့်ကြံနိုင်တော့ခြင်းသည် သေခြင်းတရားထက် ဆိုးဝါးသော ကံကြမ္မာဆိုး တစ်ခု ဖြစ်သည်။

အချိန်အတော်ကြာ တိတ်ဆိတ်သွားပြီးနောက် ကားထဲတွင် ဝမ်းနည်းသံများ ရုတ်တရက် ထွက်ပေါ်လာသည်။

ဤကဲ့သို့ လွယ်ကူသည့် တာဝန်က သူတော်စင်ဆယ်ဦး၏ သင်္ကေတကို ဖျက်ဆီးပစ်မည်ဟု မည်သူက ထင်မိမည်နည်း။

သူတော်စင် ညီနောင်များက ရှိုက်ကြီးတငင် ငိုကြွေးနေကြပြီး မုတ်ဆိတ်မွေးရှည် အဘိုးကြီး၏ ခြေထောက်များကို ဆုပ်ကိုင်ထားကြသည်။

"အကိုကြီး.. အစ်ကိုကြီး သတိရပြီလား"

"အကိုကြီး.. မင်း မသာပေါ်ဖို့ ခြေတစ်လှမ်းပဲ လိုတော့တယ်"

ဒုတိယ သူတော်စင်က မုတ်ဆိတ်မွေးရှည် အဘိုးကြီး၏ ပုခုံးကို ရှုံ့တွနေသော လက်များဖြင့် ဆုပ်ကိုင်လိုက်သည်။

"အကိုကြီး.. ငါတို့ ညီအစ်ကိုတွေ အတူတူ မင်းရဲ့ အသက်ကို ဆွဲထားမယ်.. မင်းစိတ်မလျော့လိုက်နဲ့.. ကျေးဇူးပြုပြီး သန်သန်မာမာနဲ့ အသက်ရှင်နေရမယ်"

ထိုစကားကိုကြားလျှင် မုတ်ဆိတ်မွေးရှည် အဘိုးကြီးက မျက်လုံးများကို ကျဉ်းမြောင်းစွာ ဖွင့်လိုက်ပြီး အားစိုက်ထုတ်ကာ လက်ကို မြှောက်လိုက်သည်။

"ငါ.. ငါမသေသေးပါဘူး.. မင်းတို့ တစ်ယောက်ချင်းစီက မင်းတို့ရဲ့ ကျင့်ကြံမှု တစ်စိတ်တစ်ပိုင်း ငါ့ဆီလွှဲပေးရင် ငါ ရှင်သန်နိုင်ဦးမယ် ထင်တယ်..."

ထိုမြင်ကွင်းကိုမြင်လျှင် ဇိမ်ခံကားရှေ့ခန်းမှ ဒါရိုက်တာစုန့် နှင့် လက်အောက်ငယ်သားများက စိတ်လှုပ်ရှားစွာ တုန်လှုပ်သွားကြသည်။

ဘေးဒုက္ခနှင့် ရင်ဆိုင်နေရသည့် ညီအစ်ကိုများ၏ သံယောဇဉ် မြင်ကွင်းကို ကြည့်ကာ သူ့စိတ်က တကယ်ကို လှုပ်ရှားသွား၏။

ဒါရိုက်တာစုန့်က မျက်ရည်လွယ်သောသူမျိုး ဖြစ်သည်။

သူ မျက်ရည်ကျခါနီးတွင် ဒုတိယသူတော်စင်က မုတ်ဆိတ်မွေးရှည် အဘိုးကြီးကို ပွေ့ဖက်ပြီး သူ့လက်တစ်ဖက်ကို ဆန့်ထုတ်လိုက်သည်။

ထို့နောက် သူ့လက်ကို မုတ်ဆိတ်မွေးရှည် အဘိုးကြီး၏ လည်ပင်းပေါ် ဖြည်းညင်းစွာ တင်လိုက်၏။

"ဂျွတ်"

ဒုတိယ သူတော်စင်က ချက်ချင်းပင် လည်ပင်း ညှစ်သတ်လိုက်တော့သည်။

ဒါရိုက်တာစုန့်နှင့် လက်အောက်ငယ်သားက ထိတ်လန့်သွားသည်။

"ဒုတိယသူတော်စင်.. ဒါက..."

ဒုတိယ သူတော်စင်က ဝမ်းနည်းစွာ ခေါင်းခါယမ်းလိုက်သည်။

"ငါက အကိုကြီးကို ကံကြမ္မာဆိုးကြီးကနေ ကယ်တင်တာပါ.. အခု ကယ်လိုက်မယ် ဆိုရင်တောင် သူက အနာဂတ်မှာ ဒုက္ခိတတစ်ယောက် ဖြစ်လာတော့မှာလေ.. အဲဒါက သူ့ကို သေတာထက် ပိုခံစားစေလိမ့်မယ်"

"ဒါပေမယ့် စီနီယာ မဟာ သူတော်စင်ကြီး ပြောတာက မင်းတို့တစ်ယောက်ချင်းစီရဲ့ ကျင့်ကြံမှု တစ်စိတ်တစ်ပိုင်းကို လွှဲပေးရင် အသက်ရှင်မှာဆို"

ဒုတိယ သူတော်စင် "ဒါရိုက်တာစုန့်.. အသက်ငင်နေသူ တစ်ယောက်ရဲ့ ပြောစကားကို မင်းယုံနေတာလား"

ဒါရိုက်တာစုန့်က မော်နီတာစခရင်ကို ကြည့်လိုက်သည်။

စီနီယာ မဟာသူတော်စင်ကြီးက မသေခင် သူ၏ ဒုတိယညီကို မျက်လုံးပြူးပြီး စိုက်ကြည့်နေသည်။

အဆုံးသတ်တွင် သူ့ကို ငရဲပြည်သို့ ပို့မည့်သူက ဒုတိယညီ ဖြစ်လာလိမ့်မည်ဟု သူ လုံးဝ မျှော်လင့်ထားပုံမရပေ။

ဒါရိုက်တာစုန့်က အချိန်အတော်ကြာ စကားမပြောနိုင် ဖြစ်နေသည်။

"..............."

မုတ်ဆိတ်မွေးရှည် အဘိုးကြီးက အမုန်းတရားဖြင့် သေဆုံးသွားခဲ့မှန်း သိသာနေသည်။

ဤကဲ့သို့ ဘေးဒုက္ခနှင့် ကြုံတွေ့သည့်အခါ ညီအစ်ကိုများက အသက်ကယ်ရန် တက်တက်ကြွကြွ လုပ်ဆောင်သင့်သည်။

သို့သော် ယင်းအစား ဘယ်သူသေသေ ငတေမာရင်ပြီးရော စကားပုံကဲ့သို့ ပြောင်းလဲသွားသည်။

ဒါရိုက်တာစုန့်၏ ခေါင်းက ကိုက်ခဲနေသည်။

သူ၏ နောက်ဆုံး အစီရင်ခံစာကို ဘယ်လိုရေးရမှန်း သူလုံးလုံး မသိတော့ပေ။

"အစ်ကိုကြီး ဘဝသစ်မှာ အေးချမ်းပါစေ.."

ဒုတိယ သူတော်စင်က သူ့လက်ကို ဆန့်တန်းကာ မုတ်ဆိတ်မွေးရှည် အဘိုးကြီး၏ ပြူးကျယ်နေသော မျက်လုံးများကို ပိတ်ပေးလိုက်သည်။

"စိတ်မပူပါနဲ့ ငါအကိုကြီး အတွက် သေချာပေါက် လက်စားချေပေးမယ်"

ဒါရိုက်တာစုန့် "............"

{သူ့ကို လည်ပင်းညှစ်ပြီး သတ်ခဲ့တာ မင်းပဲလေ}

တစ်ဖက်တွင်လည်း ညီအစ်ကိုများက သနားစဖွယ် ငိုကြွေးနေကြဆဲ ဖြစ်သည်။

"ဒုတိယ အစ်ကို.. ကိုယ့်ကိုကိုယ် အပြစ်တင်မနေပါနဲ့.. အစ်ကိုကြီးက ကောင်းကင်ကနေ ငါတို့ကို ငုံ့ကြည့်နေတယ် ဆိုရင် သေချာပေါက် နားလည်မှာပါ"

ဒုတိယ သူတော်စင်က လက်သီးများကို ဆုပ်လိုက်သည်။

သူ၏ စိမ်းပြာရောင် တာအိုဝတ်ရုံက ဝိညာဉ်ရေးဆိုင်ရာ ဖိအားများ အောက်သို့ ကျရောက်နေသကဲ့သို့ တဖျပ်ဖျပ် လူးလွင့်နေသည်။

"ညီအကိုတို့.. အကိုကြီး ဆုံးသွားပြီ.. ဒါပေမယ့် ငါတို့ရဲ့ ဝမ်းနည်းမှုက ငါတို့ကို လက်စားချေဖို့ တားဆီးနိုင်မှာ မဟုတ်ဘူး"

သူ၏စကားကို ကြားလျှင် သူ့ပတ်ဝန်းကျင်မှာ ရှိသည့် ညီအကိုတွေက အားတက်သရော လက်ခုပ်တီးလိုက်ကြသည်။

တချို့က မျက်ရည်များ ကျနေဆဲ ဖြစ်သည်။

နောက်ဆုံးတွင် တတိယသူတော်စင်က စိတ်တည်ငြိမ်မှုကို ပြန်လည်ရရှိပြီး အခြားသူများ ကိုယ်စား ပြောလိုက်သည်။

"ငါတို့ ဒီအဖွဲ့ကို စတင်ဖွဲ့စည်း ကတည်းကနေ အခုအချိန်အထိ ဘယ်တုန်းကမှ ဒီလို ပြဿနာမျိုး မရှိခဲ့ဘူး.. အခု အစ်ကိုကြီး ဆုံးပါးသွားပြီ.. ငါတို့အားလုံး ဒုတိယအကိုတော် စကားကို နားထောင်သင့်တယ်"

"နားလည်ပါတယ်"

သူတော်စင်အားလုံးက ခေါင်းညိတ်လိုက်သည်။

ဒုတိယ သူတော်စင်ကလည်း ခေါင်းညိတ်လိုက်သည်။

ထို့နောက် သူက မန္တန်တစ်ခုကို ရွတ်ဆိုလိုက်ရာ သူ့လက်ထဲတွင် ခရမ်းရောင် အလင်းတန်းတစ်ခု တောက်ပလာသည်။

စက္ကန့်ပိုင်းလေး အတွင်းမှာပင် သေဆုံးသွားသည့် မုတ်ဆိတ်မွေးရှည် အဘိုးကြီး၏ သိုလှောင်အိတ်ထဲမှ တုံ့ပြန်မှု တစ်ခု ထွက်ပေါ်လာခဲ့သည်။

သိုလှောင်အိတ်ထဲမှ ထူထဲပြီး အားကောင်းသော ဗုဒ္ဓတောင်ဝှေး တစ်လက်က ပျံသန်း၍ ထွက်လာပြီး ဒုတိယ သူတော်စင်၏ လက်ထဲသို့ ရောက်သွားခဲ့၏။

၎င်းကို မြေပြင်ပေါ်သို့ ဆက်ခနဲ ရိုက်ချလိုက်သော အခါတွင် ကြောက်စရာကောင်းသော ဝိညာဉ်ရေး ဖိအားများ ထွက်လာခဲ့သည်။

နတ်ဆိုးလမ်းစဥ်မှ လွှမ်းခြုံထားသော အရှိန်အဝါဖိအားက မြင်ကွင်းကို ဖုံးလွှမ်းသွားပြီး ချက်ချင်းပင် အသက်ရှူရကြပ်သွားစေ၏။

ကျန် သူတော်စင် ရှစ်ယောက်စလုံး၏ မျက်နှာပေါ်တွင် အံ့အားသင့်နေသည့် အမူအရာများ ဖြစ်ပေါ်နေသည်။

"ညနတ်ဆိုးရဲ့ မှော်လက်နက်လား"

ဒါရိုက်တာစုန့်က မော်နီတာ စခရင်ကို စိုက်ကြည့်ရင်း နှလုံးသား တစ်ခုလုံး ထိတ်လန့် တုန်လှုပ်သွားသည်။

အကြောင်းမှာ ညနတ်ဆိုး၏ မှော်လက်နက်သည် အင်မော်တယ် ရှဲဖီ ကိုယ်တိုင် ဖန်တီးထားသည့် မှော်လက်နက် တစ်ခု ဖြစ်သောကြောင့်ပင်။

သို့သော် ၎င်းက အရမ်းမိစ္ဆာဆန်၍ အင်မော်တယ်ရှဲဖီ ကိုယ်တိုင် စည်းတံဆိပ် ခတ်ခဲ့ရသည်။

ယင်းက ပထမတန်းစား အင်မော်တယ် လက်နက်လည်း ဖြစ်သည်။

၎င်းက အလွန်အစွမ်းထက်ရုံ သာမက သခင်တစ်ဦး သေဆုံးလျှင် ၎င်း၏ဝိညာဉ်ကို မျိုချ၍ နတ်ဆိုးလမ်းစဥ်၏ စွမ်းအားကို မြှင့်တင်ပေးနိုင်သည်။

ထိုလက်နက်က ဝိညာဥ်ကို ဆယ်ကြိမ်အထိ မျိုချနိုင်သောကြောင့် အခြားသော အင်မော်တယ် လက်နက်များထက် အစွမ်းထက်သည်ဟု ဆိုရမည်။

"အဲဒီတုန်းက အကို အကြီးဆုံးက ဒီညနတ်ဆိုးရဲ့လက်နက်ကို ရှာတွေ့ခဲ့တယ်.. သူဆုံးသွားတဲ့အခါ အခု သေသွားတဲ့ အကိုကြီးကို လွှဲပေးခဲ့တယ်.. အခု အစ်ကိုကြီး ဆုံးပါးသွားပြီ..ဒီလက်နက်ကလည်း သူ့ဝိညာဉ်ကို စုပ်ယူသွားခဲ့ပြီ.. ဒီနေ့ကစပြီး ငါက ဒီလက်နက်ရဲ့ တတိယမြောက် သခင်ပဲ.. ဒီလက်နက်နဲ့ အကိုကြီး အတွက် လက်စားချေမယ်.. ဒီချာတိတ်က ဘယ်သူပဲဖြစ်ဖြစ် ဒီနေ့တော့ သူ့ခေါင်းကိုဖြတ်ပြီး အစ်ကိုကြီးရဲ့ အုတ်ဂူကို သူ့သွေးနဲ့ ဆေးပစ်ရမယ်"

ထိုသို့ကြုံးဝါးပြီးသည်နှင့် ဒုတိယ သူတော်စင်က ဗုဒ္ဓတောင်ဝှေးကို မြှောက်ကာ ကြွေးကြော်လိုက်သည်။

"တစ္ဆေကောင်.. ထွက်လာစမ်း"

သူသည် မြေပြင်ကို တောင်ဝှေးဖြင့် အကြိမ်ကြိမ် အဖန်ဖန် ရိုက်ချလိုက်သောအခါ သာမန်လူ တစ်ယောက် မမြင်နိုင်သော စိမ်းပြာရောင် တစ္ဆေ ဗိုလ်ချုပ်၏ အသွင်သဏ္ဍန်က လေထဲတွင် လျင်မြန်စွာ ပေါ်လာခဲ့သည်။

တစ္ဆေဗိုလ်ချုပ်က ဆင်စွယ်ကဲ့သို့ ထူထဲ ခိုင်မာသော အစွယ်များ ရှိပြီး မတ်တပ်ရပ်လိုက်သည့် အခါ အရပ်လေးမီတာ မြင့်သည်။

ဒါရိုက်တာစုန့်နှင့် လက်အောက်ငယ်သားက ခေါင်းမှ ခြေဖျားထိ တုန်လှုပ်သွားပြီး သူတို့၏ ခွန်အားများ ဆုတ်ယုတ်သွားသလို ခံစားလိုက်ရသည်။

နတ်ဆိုးဆန်သော ဖိအားကြောင့် သူတို့က ကုတင်ပေါ်တွင် မလှုပ်နိုင်အောင် ချည်နှောင်ခံထားရသလို ခံစားလိုက်ရသည်။

ထို့နောက် ဒုတိယသူတော်စင်က ဗုဒ္ဓ တောင်ဝှေးကို ဇိမ်ခံအိမ်ဆီသို့ ညွှန်ပြလိုက်သည်။

တစ္ဆေဗိုလ်ချုပ်က ရက်စက်ကြမ်းကြုတ်သော ရည်ရွယ်ချက်ဖြင့် အစွယ်ကို ဝင့်ကာ ဇိမ်ခံအိမ် ဆီသို့ ပြေးတက်လာသည်။

၎င်း၏ ခန္ဓာကိုယ်က ကြီးမားသော်လည်း မယုံနိုင်လောက်အောင် မြန်ဆန်သည်။

သူသွားရာ လမ်းတစ်လျောက်တွင် မြေကြီးက ကျွံဝင်သွားပြီး ပန်းများနှင့် မြက်ပင်များက ချက်ချင်း ကြွေမွသွားသည်။

ကားအတွင်းမှ ဒါရိုက်တာစုန့် နှင့် သူတော်စင် ကိုးယောက်က ၎င်းကို စိုက်ကြည့်နေကြသည်။

သို့သော် မမျှော်လင့်ထားသည့် မြင်ကွင်းက ဖြစ်ပေါ်လာ၏။

ဗုံးပစ်စီနီယာ အင်မော်တယ်၏ ဇိမ်ခံအိမ်ဆီသို့ ဦးတည်သွားနေသည့် တစ္ဆေဗိုလ်ချုပ်က လမ်းတစ်ဝက်တွင် ပြန်လှည့်လာခဲ့သည်။

ယခု သူ့မျက်နှာ အမူအရာက ယခင် ချီတက်စဥ်က သူ၏ ရိုင်းစိုင်းသည့် အမူအရာနှင့် မတူတော့ဘဲ ထိတ်လန့်နေသည့် အမူအရာမျိုး ဖြစ်နေ၏။

သမိုင်းမတင်မီက မွန်းစတား အချို့နှင့် ကြုံတွေ့ခဲ့ရသလိုပင် ၎င်းက အလွန် ထိတ်လန့်နေပြီး တစ်ချက်မျှပင် မပြောနိုင်ဘဲ ညနတ်ဆိုး၏ လက်နက်ထဲသို့ ပြန်ပြေးသွားခဲ့သည်။

နတ်ဆိုးလမ်းစဥ်၏ စွမ်းအားကို တစ်စွန်းတစ်စမျှပင် အသုံးမပြုရသေးခင် တစ္ဆေဗိုလ်ချုပ်က အမှန်တကယ် ပြန်လှည့်လာမည်ဟု မည်သူမျှ မျှော်လင့်မထားခဲ့ပေ။

တစ္ဆေဗိုလ်ချုပ်နှင့်အတူ နတ်ဆိုးလမ်းစဥ်၏ ကြီးမားသော စွမ်းအားက ညနတ်ဆိုး၏ လက်နက် အတွင်းသို့ ထိုးဖောက် ဝင်ရောက်သွားပြီး ဒုတိယ သူတော်စင်မှာ ဓာတ်လိုက်ခံရသကဲ့သို့ တုန်လှုပ်ချောက်ခြား သွားခဲ့သည်။

သူက သွားများကို အံကြိတ်ကာ ဝေဒနာကို တင်းခံလိုက်၏။

လူတိုင်းက ကြည့်လိုက်သောအခါ ဗုဒ္ဓတောင်ဝှေးကို ကိုင်ဆောင်ထားသည့် ဒုတိယ သူတော်စင်၏ ညာလက်မှ လက်ချောင်းများက အပိုင်းပိုင်း ပြတ်ကျသွားသည်ကို တွေ့လိုက်ရသည်။

သူ၏ လက်တစ်ခုလုံးက သွေးများဖြင့်ရွှဲနစ်နေသည်။

လက်ချောင်းများ မရှိ၍ ဗုဒ္ဓတောင်ဝှေးက မြေပြင်ပေါ်သို့ပြုတ်ကျသွား၏။

ယင်းအချိန်မှာပင် ဒုတိယသူတော်စင်၏ ဦးခေါင်းက ပိုပို၍ ကြီးလာသည်ကို လူတိုင်းက တွေ့လိုက်ရသည်။

မော်နီတာစခရင်ရှေ့မှ ဒါရိုက်တာစုန့်က ထိတ်လန့်သွားသည်။

"စီနီယာ ဒုတိယသူတော်စင် မင်းရဲ့ ခေါင်းက အဆင်ပြေရဲ့လား"

ဒုတိယ သူတော်စင်က သူ့လက်ချောင်းမပါသော ညာလက်ကို ကြည့်လိုက်သည်။

"ငါက ဒိုရေမွန်ကို လိုက်တုပကြည့်နေတာ.. နားမလည်ရင် အာရုံလာမနောက်နဲ့"

ထိုစကားကို ပြောပြီးသည်နှင့် ချောင်းတဟွတ်ဟွတ် ဆိုးကာ ပါးစပ်ကနေ သွေးများကို အန်ထုတ်လိုက်သည်။

ဒုတိယသူတော်စင်က သူ၏ ခန္ဓာကိုယ် အတွင်းရှိ နတ်ဆိုးလမ်းစဥ်၏ စွမ်းအားကို ခက်ခက်ခဲခဲ ချေဖျက်နေရသည်။

ဒုတိယသူတော်စင် အောင်မြင်ခါနီး အချိန်တွင် သူ၏ ဦးခေါင်းက ဖရဲသီးလေးလုံး အရွယ်အစားလောက် ရှိနေပြီ ဖြစ်သည်။

"အစောပိုင်းက အစ်ကိုကြီးက သွေးအရိပ်မှော်စွမ်းရည်ကို မထုတ်ဖော်နိုင်ခဲ့ဘူး.. မင်းအမြင်ကျယ်အောင် ငါပြပေးမယ်"

ဒါရိုက်တာစုန့် "..........."

{ဘယ်သူက မင်းစကားကို ယုံမှာလဲ}

All Chapters