အဖေနှင့်သားက တစ်ထေရာတည်း အမူအကျင့်များ တူကြသည်
Vol. 9 Ch. 123
သူတော်စင် ဆယ်ပါးနှင့် ပတ်သက်သော ကိစ္စက ပြီးသွားပြီ ဖြစ်သည်။
သူတော်စင်ဆယ်ပါးက လက်ရှိတွင် မော့အင်မော်တယ် ရဲတိုက်သခင် စုဆောင်းနိုင်သည့် ထိပ်တန်း ကျင့်ကြံသူများ ဖြစ်နိုင်၏။
ယခုမူ ၎င်းတို့မှာ ထိပ်တန်းကျင့်ကြံသူ နှစ်ယောက်ကို တယောက်ပြီး တယောက် ဆုံးရှုံးခဲ့ရသည်။
ကြေးစားလောကမှ အနားယူရန် ဆုံးဖြတ်ခဲ့သော တတိယ သူတော်စင်မှာ ရဲတိုက်သခင်၏ အချိန်မရွေး ပစ်ပယ်ခံရမည့် အန္တရာယ်နှင့် ရင်ဆိုင်ခဲ့ရသည်။
လောလောဆယ်တွင် မော့အင်မော်တယ် ရဲတိုက် အနေဖြင့် ကျောက်သရဲ မျက်နှာဖုံးကို လုယူရန် အတွက် နောက်ထပ် ကြီးမားသည့် စစ်ဆင်ရေးကို စီစဉ်ဖို့ မဖြစ်နိုင်မှန်း သိသာ ထင်ရှားနေသည်။
ထို့ကြောင့် ဗုံးပစ်စီနီယာ အင်မော်တယ်က မျက်နှာဖုံးထုတ်လုပ်သူ၏ နေရာကို ဆက်လက် ရှာဖွေရန် ဤအချိန်ကို အခွင့်ကောင်းယူနိုင်ပေသည်။
ဝမ်လင်းက အိမ်အပြန်လမ်းတွင် သူ့ကိုယ်ပွားကို ပြန်ခေါ်လိုက်သည်။
တစ်ချိန်တည်းမှာပင် ပြန့်ကျဲနေသော ဝိညာဉ်စွမ်းအင်များ ပြန်လည် ရောက်ရှိလာသည်ကို သူခံစားလိုက်ရ၏။
ယင်းမှာ တစ်နေကုန် ခံစားခဲ့ရသည့် အမှောင်ထုက ရုတ်တရက် ထွန်းလင်းသွားသလိုပင်။
ဤသည်က ကြီးမြတ်သော ခွဲထုတ်ခြင်း မန္တန်၏ အဓိကအားနည်းချက် ဖြစ်သည်ဟု သူခံစားမိသည်။
သူက ကိုယ်ပွားကို စွမ်းအင်သက်သက်ဖြင့် ဖန်တီးထားခြင်းမဟုတ်ပေ။
သူ၏ကိုယ်ပွားတွင် မူလခန္ဓာကိုယ်ကဲ့သို့ နယ်ပယ်၊ စွမ်းအားးနှင့် စိတ်အခြေအနေများ အပါအဝင် အရာ အတော်များများ ပါ၀င်သည်။
သူက အများအားဖြင့် ကြီးမြတ်သော ခွဲထုတ်ခြင်း မန္တန် အသုံးပြုခြင်းကို ရှောင်ကြဉ်လေ့ ရှိသည်။
ဝမ်လင်း အိမ်ကို ပြန်ရောက်လာသောအခါ အိမ်တွင် ဧည့်သည် တစ်ယောက် ရှိနေသည်ကို တွေ့လိုက်ရသည်။
သူ့ဝိညာဉ်ရေး အာရုံများကို အသုံးမပြုလျှင်ပင် တံခါးနားရှိ အဖြူရောင် ယုန်ဖိနပ်(အိမ်တွင်းစီးဖိနပ်) တစ်ရံ ပျောက်နေသည်ကို တွေ့သည်နှင့် ဤနေရာတွင် ရှိနေသူမှာ လဲ့မုန့်မုန့်ဖြစ်ကြောင်း သူသိသည်။
ဤဖိနပ်များက သူ့အတွက် ဖေဖေဝမ် သီးသန့် ပြင်ဆင်ပေးထားသော ဖိနပ်များ ဖြစ်သည်။
ယနေ့တွင်မူ လဲ့မုန့်မုန့်မှာ ဖိုးဖိုးဝမ်အား ထပ်မံ စစ်ဆေးရန် ရောက်ရှိလာခဲ့သည်။
အိမ်သို့ လာရောက် လည်ပတ်သည့် ဆရာမဖန်နှင့် တွေ့ဆုံပြီးနောက် အဘိုးအိုက ရောဂါက ပိုသက်သာလာသည်မှာ ထင်ရှားနေသည်။
သူ့နှလုံးသားထဲမှ အတိတ်၏ ချည်နှောင်မှုများ ပြေပျောက်သွားပြီး ယခုအခါတွင် သက်တောင့်သက်သာ ရှိလာပုံရသည်။
ဖေဖေဝမ်က အနည်းငယ် စိုးရိမ်နေသေးသဖြင့် လဲ့မုန့်မုန့်ကို လာကြည့်ရန် အကူအညီ တောင်းခဲ့ခြင်း ဖြစ်သည်။
ဆိုဖာပေါ်ရှိ အဘိုးအိုက လဲ့မုန့်မုန့်၏လက်များကို ဆုပ်ကိုင်ထား၏။
"စုန့်လေး.. ငါ မင်းကို ထပ်ပြီး ဒုက္ခပေးမိပြီ"
ဤရိုးရှင်းသော စကားလုံးများမှာ လဲ့မုန့်မုန့် နှင့် ဖေဖေဝမ်၏ စိတ်ကို ကြီးမားစွာ သက်သာရာရစေသည်။
အဘယ်ကြောင့်ဆိုသော် အဘိုးအိုက ဤတစ်ခေါက်တွင် နာမည်မှား မခေါ်ခဲ့ခြင်းကြောင့်ပင်။
ယင်းမှာ အဘိုးအို၏ မှတ်ဉာဏ် ချို့ယွင်းရောဂါက လုံးဝ မပျောက်ကင်းသေးလျှင်ပင် သိသိသာသာ သက်သာသွားပြီဟုကောက်ချက်ချရန် လဲ့မုန့်မုန့် အတွက် လုံလောက်သည်။
"မင်္ဂလာပါ အဘိုးဝမ်.. ကျနော် အဘိုးကို မေးခွန်းတချို့ မေးပါရစေ"
စကားပြောနေရင်း လဲ့မုန့်မုန့်က သူ့ကျောပိုးအိတ်ထဲမှ စာရွက်ကောက်လှိုင်းတစ်ခုကို ထုတ်ယူလိုက်သည်။
၎င်းတို့မှာ Yes or No မေးခွန်းများ၊ ရွေးချယ်မှုဆိုင်ရာ မေးခွန်းများနှင့် ဦးနှောက် အကဲဖြတ် မေးခွန်းများ အပါအဝင် သူစုစည်းထားသော စိတ်ရောဂါဆိုင်ရာ အကဲဖြတ် မေးခွန်းများ ဖြစ်သည်။
အဘိုးအိုက ခေါင်းညိတ်ပြလိုက်သည်။ "ကောင်းပြီလေ.. စုန့်လေး.. မေးပါ"
လဲ့မုန့်မုန့် "ပထမမေးခွန်း- ခရမ်းချဉ်သီးနဲ့ မွှေထားတဲ့ ကြက်ဥကို စားတဲ့အခါ ခရမ်းချဉ်သီးကို စားသင့်လား ဒါမှမဟုတ် ကြက်ဥကို အရင်စားသင့်လား ဆိုတာကို ဆုံးဖြတ်ဖို့ မကြာခဏ အတင်းအကျပ် စဥ်းစားခဲ့ရလား"
အဘိုးအိုက ချက်ချင်းပင် ခေါင်းခါယမ်းလိုက်သည်။
လဲ့မုန့်မုန့်က သူ့အဖြေကို ချရေးလိုက်သည်။
"ချောကလက်အရသာ ရှယ်နဲ့ ချောကလက်အရသာ ရိုးရိုးဆို ဘယ်ဟာကို ရွေးမလဲ"
လဲ့မုန့်မုန့်က မေးလိုက်သည်။
အဘိုးအိုက တခဏ တွေးလိုက်ပြီး ရုတ်တရက် ပြန်မေးလိုက်၏။
"ဘာပဲဖြစ်ဖြစ် ချောကလက်မှာ သကြားပါတာပဲ မဟုတ်လား"
လဲ့မုန့်မုန့် ခေါင်းညိတ်လိုက်သည်။
"ဟုတ်ပါတယ်"
အဘိုးအို "ငါက ဆီးချို ဖြစ်နေတာဆိုတော့ စားလို့မရဘူးလေကွာ"
လဲ့မုန့်မုန့် ".........."
"စကားမစပ်.. ဒီလိုမေးခွန်းမျိုး သက်ကြီးရွယ်အိုတွေကို ဘာလို့ မေးရတာလဲ.. အသက်ကြီးတဲ့သူ တော်တော်များများက ဆီးချို ရှိနေကြပြီလေ.. ဒီမေးခွန်းမျိုးကို မေးတာက မဟုတ်သေးပါဘူးကွာ"
"ငါ့ကို မေးခွန်းတွေ ပြောင်းမေးစမ်းပါဦး"
လဲ့မုန့်မုန့် "အဘိုးဝမ်.. ဘယ်လို အခြေအနေမျိုးမှာ တစ်နဲ့ တစ် ပေါင်းရင် နှစ်ရတာလဲ
အဘိုးအိုက လဲ့မုန့်မုန့်ကို ဉာဏ်နည်းရကောင်းလား ဟူသော အကြည့်မျိုးဖြင့် စိုက်ကြည့်လိုက်သည်။
"တွက်ချက်မှုမှန်တဲ့ အခါမျိုးမှာ တစ်နဲ့တစ်ပေါင်းရင် နှစ်ရတာပေါ့ကွ.. စုန့်လေး လွန်ခဲ့တဲ့ အနှစ်သုံးဆယ်က နွေဦးပွဲတော်ရဲ့ မေးခွန်းကို မင်းငါ့ကို စမ်းသပ်ရာမှာတော့ မသုံးနဲ့လေကွာ.. ငါက အသက်ကြီးပေမယ့် မပိန်းသေးပါဘူး.. ဒီလို မေးခွန်းတွေက ခေတ်မမီတော့ဘူးလေ"
လဲ့မုန့်မုန့် "............"
အဘိုးအိုက လဲ့မုန့်မုန့်ကို ဝေဖန်ရင်း စိုက်ကြည့်လိုက်သည်။
"အခုခေတ် လူငယ်တွေက ပြဿနာတွေကို ကိုင်တွယ်ရာမှာ အမြော်အမြင် မရှိတာကို တွေ့ရတယ်.. စုန့်လေး.. မင်းရဲ့ မေးခွန်းတွေက မဟုတ်သေးဘူးကွ.. ဘယ်လိုရှေ့ဆက် မေးခွန်းထုတ်ရမလည်း ဆိုတာကို သေသေချာချာ မစဉ်းစားထားတာက မှားတယ်.. ဆန်းသစ်ပြီး ပိုဖမ်းစားနိုင်တဲ့ မေးခွန်းတွေကို မမေးတတ်ဘူးလား.. ငယ်ငယ်လေးနဲ့ ခေတ်ကို အမီ မလိုက်နိုင်ရင် မတော်လို့ ရည်းစားရလာရင် မင်းရည်းစားကို ဘယ်လို ပျော်အောင် ထားမှာလဲ"
"............"
အဘိုးအို၏ စကားကြောင့် လဲ့မုန့်မုန့်က ချက်ချင်းပင် သူ့မျက်နှာကို ဖုံးကွယ်ကာ ငိုကြွေးနေခဲ့သည်။
ဤမေးခွန်းများနှင့် အဖြေများကို ကြားပြီးနောက် ၎င်းတို့ဘေးရှိ ဖေဖေဝမ်က အရာနှစ်ခုကို သေချာသိနိုင်ပြီ ဖြစ်သည်။
ရှေးဦးစွာ အဘိုးအို၏ မှတ်ဉာဏ်ချို့ယွင်း ရောဂါက လုံးဝပျောက်ကင်းသွားပြီ ဖြစ်၏။
ယခင်လို သဘောကောင်းပြီး သွက်သွက်လက်လက် ပြောဆိုတတ်သည့် လူဆိုးကြီးက ပြန်လာခဲ့လေပြီ။
ဒုတိယအချက် အနေဖြင့် အဘိုးဝမ် နှင့် မျက်နှာချင်းဆိုင် ဖလှယ်ပြီးနောက် လဲ့မုန့်မုန့်မှာ အချစ်ဦး၏ ချိုမြိန်သော ပျားရည်ကို မမြည်းစမ်းရသေးသော ဖြူစင်သော နှလုံးသားရှိသည့် ကလေးငယ်မှန်း ဖော်ထုတ်ခံလိုက်ရသည်။
အဘိုးအို၏ စကားကြောင့် လဲ့မုန့်မုန့်မှာ နာကျင်စွာ ထိုးနှက်ခံခဲ့ရသည်။
...................
ညစာစားပြီးနောက် ဝမ်လင်းက တိုက်ရိုက် ထုတ်လွှင့်မှုကို ကြည့်ရှုရန် အချိန်တန်နေပြီ ဖြစ်သည်။
သူ့အိပ်ခန်းထဲမှ တီဗီလေးကို သူက အချိန်အတော်ကြာ မသုံးဖြစ်ခဲ့ပေ။
စီးရီးတွဲ အကြိုပြသစဉ် အတွင်း မဲဖောက်ပေးမည့် Small Raccoon၏ ကံစမ်းမဲ အတွက်သာ မဟုတ်လျှင် သူ့တီဗီက ထာဝစဥ် အနားရသွားနိုင်သည်။
ပရိုဂရမ်တစ်ခုတွင် တိုက်ရိုက် ပါဝင်ရန်နှင့် မဲနှိုက်ရန် အတွက် နံပါတ်များကို စကင်ဖတ်ရာတွင် လက်ပတ်နာရီကို အသုံးပြုနိုင်၏။
ယခုခေတ်တွင် လက်ပတ်နာရီကနေ ဘာမဆို လုပ်နိုင်နေပြီ ဖြစ်သည်။
တီဗီကဲ့သို့သော ခေတ်ဟောင်း ပစ္စည်းများက ခေတ်မစားတော့ပေ။
အဖိုးဝမ် တစ်ဦးတည်းကသာ ၎င်းနှစ်သက်သော တီဗီစီးရီး "အချစ်တိုင်းပြည်"ကို ကြည့်ရန် တီဗီကို အသုံးပြုခဲ့သည်။
......................
မေလ၂၅ ရက် အင်္ဂါနေ့ နံနက် အစောပိုင်းတွင် ဖြစ်သည်။
ယနေ့နံနက်တွင် ဝမ်လင်းက အနည်းငယ် စိတ်မငြိမ်ပေ။
အကြောင်းမှာ ရက်ကွန်းတံဆိပ်၏ အမာခံ ပရိသတ်တစ်ဦး အနေဖြင့် ယမန်နေ့ညက ကံစမ်းမဲတွင် နှစ်သိမ့်ဆုပင် မရရှိခဲ့သောကြောင့်ပင်။
ယင်းမှာ မည်မျှ စိတ်ညစ်စရာ ကောင်းလိုက်သနည်း။
ကံစမ်းမဲ ကဲ့သို့သော အရာများသည် ပင်ဂွမ်းကုမ္ပဏီမှ ထုတ်လုပ်သည့် ဂိမ်းများကို အဆင့်မြှင့်တင်ခြင်းနှင့် အခြေခံအားဖြင့် တူညီသည်ဟု သူခံစားခဲ့ရသည်။
အဆင့်မြှင့်တင်မှု အောင်မြင်ရန် အခွင့်အရေး ကိုးဆယ် ရာခိုင်နှုန်း ရှိလျှင်ပင် သင့်အနေဖြင့် အောင်မြင်ဖို့ မလွယ်ကူချေ။
ဝမ်လင်း အတန်းထဲသို့ ဝင်လာသောအခါ တစ်ခန်းလုံးက ထုံးစံအတိုင်း အတင်းပြောနေကြသည်။
ရက်အတော်ကြာ ဆွေးနွေးထားကြသည့် ဒုတိယအကြိမ် စာမေးပွဲ ခေါင်းစဥ်ကို ခေတ္တ ဘေးဖယ်ထားကြသည်။
ယခု အရေးအကြီးဆုံး ခေါင်းစဉ်မှာ ယမန်နေ့က ပြုလုပ်သည့် မိဘဆရာ အစည်းအဝေး ဖြစ်သည်။
အတန်း၏ အတင်းအဖျင်း ဆရာကြီး ကော်ဟောက်က အောက်ပါ အချက်အလက်များကို မျှဝေခဲ့သည်။
"မနေ့က မိဘဆရာ အစည်းအဝေးမှာ မဲခွဲဆုံးဖြတ်မှု တစ်ခု ပြုလုပ်ခဲ့တယ်လို့ ကြားသိရတယ်"
"ဘယ်လို မဲအမျိုးအစားလဲ"
တစ်စုံတစ်ယောက်က မေးလိုက်သည်။
ကော်ဟောက်က ပြောလိုက်သည်။
"ငါတို့ကျောင်းက အတန်းအချင်းချင်း သီချင်းပြိုင်ပွဲတွေ ကျင်းပစေချင်တယ်.. ဆရာမဖန်က မိဘတွေကို ပြိုင်ပွဲဝင် သီချင်းနဲ့ပတ်သက်ပြီး အကြံပြုချက် မဲပေးစေခဲ့တယ်.. ပြိုင်ပွဲမှာ သီဆိုဖို့ ငါတို့အတန်း အတွက် စကာတင် သီချင်းသုံးပုဒ်ကို မဲပေးပြီး ရွေးချယ်စေတာပေါ့"
ထိုသို့ပြောရင်း ကော်ဟောက်က စာရွက်တစ်ရွက်ကို ထုတ်လိုက်သည်။
စာရွက်တွင် ပါဝင်သော မိဘများ၏ မှတ်ချက် အများစုမှာ ကျောင်းအခမ်းအနား အတွက် သီချင်း ရွေးချယ်ခြင်းနှင့် သက်ဆိုင်နေ၏။
ပြိုင်ပွဲဝင် သီချင်းများကို ရှင်းရှင်းလင်းလင်း ဖော်ပြထားသည့် မှတ်စုများကို ကြည့်ရှုရန် ကော်ဟောက်၏ အနားသို့ အားလုံးစုဝေး လာကြသည်။
မဲအများဆုံး ရထားသည့် သီချင်းမှာ အတန်းဖော်လီ၏ ဖခင် လီကုံးဟိုင်မှ အကြံပြုထားသည့် "ညကောင်းကံမှ တောက်ပသော ကြယ်ပွင့်" သီချင်း ဖြစ်သည်။
ဒုတိယ မဲအများဆုံး ရသည့်သီချင်းမှာ ချန်းချောင်၏ အဖိုးမှအကြံပြုထားသည့် "ပြေး" သီချင်း ဖြစ်သည်။
တတိယမှာ မြေပဲလေး၏ ဖခင် အခွံမာသီး ရွေးချယ်ထားသည့် "ပန်းသီးလေး" ဖြစ်သည်။
လူတိုင်းက ထိုသီချင်းများကို မြင်လျှင် ခေါင်းညိတ်လိုက်ကြသည်။
သီချင်းခေါင်းစဉ်တွေက မိဘတွေ၏ စိတ်ကို တကယ် ထင်ဟပ်စေသည်ဟု ခံစားခဲ့ရသည်။
ဟုတ်ပါသည်။ ဤသီချင်းသုံးပုဒ် အပြင် ဖယ်မထုတ်ရသေးသည့် တခြား အကြံပြုထားသော သီချင်းများလည်း ရှိပါသေးသည်။
ဥပမာအားဖြင့် လင်းရှောင်ယု၏ မိခင် အကြံပြုထားသော "အရှေ့လေတိုက်ခတ်သော်" သီချင်းကို တစ်ချက်ကြည့်လိုက်ရုံဖြင့် မေမေလင်းက ဖူဂျိုရှီ အသိုင်းအဝိုင်း အတွင်းမှ ဝါရင့်ပုဂ္ဂိုလ် ဖြစ်ကြောင်း မည်သူမဆို ပြောနိုင်ပေသည်။
အခြားဥပမာအနေဖြင့် ကော်ဟောက်၏ ဖခင်ဖြစ်သူ ဖေဖေကော်က "ရွပိုးထိုးခြင်း" ဟုခေါ်သော သီချင်းတစ်ပုဒ်ကိုရွေးချယ်ခဲ့သည်။
ဤသီချင်းက အပျော်အပါးမက်သော စုံတွဲများကို သောက်တင်းတုပ်ထားသော သီချင်းမျိုး ဖြစ်သည်။
မျှော်လင့်ထားသည့်အတိုင်း အဖေက သားနှင့် အကျင့်စရိုက် တစ်ထေရာတည်း ဖြစ်ပုံရသည်။
မှတ်စုများ အဆုံးတွင် မဲတစ်မဲမှ မရသည့် သီချင်း အကြံပြုချက် တစ်ခုရှိသည်ကို လူတိုင်း သတိပြုမိကြသည်။
"အယ်.. ဒီသီချင်းကို ဘယ်သူမှ မဲမပေးခဲ့ဘူးလား.. ရွပိုးထိုးတဲ့ သီချင်းတောင် မဲရခဲ့တယ်လေ"
"ဘယ်သူအကြံပေးတာလဲ"
တစ်စုံတစ်ယောက်က မေးလိုက်သည်။
"အဲ့လူနာမည်က ဝမ်လဲ့လို့ခေါ်တယ်"
တစ်စုံတစ်ယောက်က ပြန်ဖြေလိုက်သည်။
".........."
ထိုအမည်ကို ကြားလိုက်သည်နှင့် အစည်းအဝေးပွဲ အတွက် ဗုံးပစ်စီနီယာ အင်မော်တယ် အသုံးပြုခဲ့သော နာမည်မှန်း သံသယကင်းစွာဖြင့် ဝမ်လင်း သိလိုက်သည်။
ချန်းချောင်က ဖျပ်ခနဲ စဥ်းစားမိသွားသည်။
"ဝမ်လဲ့လား.. အဲဒါက အတန်းဖော် ဝမ်လင်းရဲ့ အဖေများ ဖြစ်နေမလား"
အဆုံးသတ်တွင် သူတို့အတန်းထဲ၌ မျိုးရိုးအမည် ဝမ်နှင့်ကျောင်းသားမှာ တစ်ယောက်ထဲသာ ရှိသည်။
"ဘယ်သီချင်းကို အကြံပြုခဲ့တာလဲ"
"ခမ်းနားထည်ဝါမှု"
"လခွမ်း.. စစ်ချီသီချင်းလား.."
ထိုစကားကို ကြားပြီးနောက် တစ်တန်းလုံး တိတ်ဆိတ်ငြိမ်သက်သွားကြသည်။
လူတိုင်းက ဝမ်လင်းကို ကြည့်ပြီး စိတ်ထဲကနေ သက်ပြင်း မချဘဲ မနေနိုင်တော့ချေ။
အတန်းဖော် ဝမ်လင်း၏ အေးစက်သော မျက်နှာသေ အသွင်အပြင်အောက်တွင် ထိုကဲ့သို့ တက်ကြွသော နှလုံးသား တစ်ခု ရှိနေလိမ့်မည်ဟု မည်သူက စိတ်ကူးမိပါမည်နည်း။
ယခုအချိန်တွင် ဝမ်လင်းက သူ့ကိုယ်သူ စိတ်တည်ငြိမ်အောင် မနည်း ရုန်းကန်နေရသည်။
"............"