← Chapters

အလှလေးအတွက် ဒေါသအမျက်ထွက်နေသောဝမ်စစ်ထူ

Vol. 9 Ch. 126

အလှလေးအတွက် ဒေါသအမျက်ထွက်နေသောဝမ်စစ်ထူ

Vol. 9 Ch. 126

စာဖတ်ပရိသတ်များ၏ စူပါညီညွတ်မှုက အလွန် ကြောက်စရာကောင်းသည်ဟု ဝမ်လင်း အမြဲ ခံစားခဲ့ရသည်။

ဝမ်လင်း၏ ကျင့်ကြံခြင်း နယ်ပယ်က အလိုအလျောက် တိုးလာသလို ဖေဖေဝမ်၏ ဖော်လိုဝါ အရေအတွက်မှာလည်း Weibo အသုံးမပြုတာ ကြာသည့်တိုင် မလျော့ဘဲ တိုးတက်လာခဲ့သည်။

ယင်းက ထူးဆန်းနေသော်လည်း ဖေဖေဝမ်ထံတွင် အမာခံပရိသတ် အများအပြား ရှိနေဆဲဟု ဖော်ပြနေခဲ့သည်။

သို့သော် ၎င်းမှာ အဓိကအချက် မဟုတ်ပေ။

အဓိကအချက်မှာ ဖေဖေဝမ်က သူ့ပရိသတ်တွေ၏ ခွန်အားကို စုစည်းရန် အချိန်ကျလာပြီဟု ခံစားမိလာခြင်းပင်။

ထို့နောက် ဖေဖေဝမ်၏ လက်ချောင်းများမှာ ကီးဘုတ်ပေါ်တွင် လျှပ်စီးလက်သလို လျင်မြန်စွာ ပျံသန်းသွားခဲ့သည်။

ဆယ်မိနစ်လောက် ကြာပြီးနောက်တွင် သူက "အလှလေးအတွက် ဒေါသ အမျက်ထွက်နေသော ဝမ်စစ်ထူ" ခေါင်းစဉ်ဖြင့် Weiboတွင် ပို့စ်အရှည်ကြီး ရေးတင်ခဲ့သည်။

စာအောက်ခြေ၌ သူက ဝမ်လင်း ရေးဆွဲထားသော ပုံကြမ်းကို လက်ပတ်နာရီဖြင့် ရိုက်ထားသည့် ဓာတ်ပုံတစ်ပုံကိုပါ ပူးတွဲဖော်ပြလိုက်သည်။

ဖေဖေဝမ်က အတည်ပြုသည့် ခလုတ်ကို နှိပ်လိုက်သည့်အခိုက်တွင် ဇနီးသည်ကို ကယ်တင်ရန် လူတစ်သန်းကို ဖျင်ကန်းတိုင်းပြည်သို့ ဦးဆောင်ခဲ့သည့် လီယွင်လုံကဲ့သို့ ခံစားခဲ့ရသည်။

ယင်းမှာ တစ်နည်းနည်းဖြင့် အရမ်း စိတ်လှုပ်ရှားစရာ ကောင်းသလို သူ့ကို ခံစားစေသည်။

ဤတစ်ကြိမ်တွင် ပို့စ်က ရှည်လွန်းသောကြောင့် မှတ်ချက်များနှင့် Likeပေးသည့် အရေအတွက်က ချက်ချင်း ရောက်မလာခဲ့ပေ။

သို့သော် ငါးမိနစ်အကြာတွင် ဖေဖေဝမ်၏ ကွန်ပျူတာက ပျက်ကျသွားပြန်သည်။

ကျင့်ကြံခြင်း စာဖတ်သူ နက်ဝေါ့ခ်၏ အရောင်းရဆုံး စာရင်းတွင် နံပါတ်တစ် နေရာရခဲ့သော စာရေး ဆရာကြီး ဝမ်စစ်ထူမှာ နောက်ဆုံးတွင် ဝမ်စစ်ထူသာ ဖြစ်သည်ဟု ဆိုရမည်။

ဤ Weibo ပို့စ်ရှည်က အလွန်သဘာဝကျပြီး ချောမွေ့သော အရေးအသားဖြင့် ရေးသားထားသည်။

စေ့စေ့စပ်စပ် အတွေးအခေါ်များ သာမက အကျိုးသင့် အကြောင်းသင့် ဆွေးနွေးမှုများပင် ပါရှိသည်။

ထို့အပြင် ဇနီးသည်၏ အကူအညီမဲ့မှုနှင့် ဘာသိဘာသာနေလေ့ ရှိသော လူ့အဖွဲ့အစည်းကို ပြတ်ပြတ်သားသား ပြစ်တင်ရှုတ်ချထား၏။

ဤWeibo ပို့စ်အရှည်ကို အနှစ်ချုပ်ရလျှင် စာကြောင်း တစ်ကြောင်းတည်းဖြင့် အနှစ်ချုပ်နိုင်သည်။

"ညီနောင်တို့.. ငါ့မိန်းမက အခွင့်အရေး ယူခံခဲ့ရတယ်.. ငါဘာဆက်လုပ်ရမလဲ"

မရေမတွက်နိုင်သော မှတ်ချက်များက ပြည့်လျှံလာသည်။

"သောက်-ဖုတ်ပဲ.. ဒီလူရမ်းကားက တော်တော်ကို ညစ်ပတ်တာပဲ.. သူ့နှလုံးသားက ထင်မထားလောက်တဲ့အထိ ညစ်ညမ်းတာပဲ.. သူ့ကို ဆုံးမပေးနိုင်မဲ့ ပညာရှင် တစ်ယောက်မှ မရှိဘူးလား"

လူအများက စိတ်ဝင်တစားဖြင့် Search barကနေ ရှာဖွေလာကြသည်။

"တောင်းပန်ပါတယ် ဂုရုကြီးဝမ်စစ်ထူ.. ဒီလောက် ကြီးမားတဲ့ ပြဿနာကို မင်းကြုံတွေ့ရလိမ့်မယ်လို့ ငါမထင်ထားဘူး.. ဂုရုကြီး ဝမ်စစ်ထူ အတွက် ပို့စ်ကို ထပ်ဆင့် ရှယ်လိုက်ပါ့မယ်"

ရိုးရှင်းစွာ ပြောရလျှင် ဤမျှ စည်းလုံးသော သူ့ပရိသတ်အင်အားကိုမြင်ပြီး ဖေဖေဝမ်မှာ အလုပ်ထုတ်ခံရသူ ကဲ့သို့ ထိတ်လန့်သွားခဲ့သည်။

သူ့ဝတ္ထုတွေကို စာရင်းသွင်းသည့် အခါက လွဲလျှင် သူ့ပရိသတ်မည်မျှ စည်းလုံးညီညွတ်သလည်း ဆိုသည်ကို ပထမဆုံးအကြိမ် မြင်တွေ့ခဲ့ရခြင်းပင်။

ဝမ်လင်းက ဖေဖေဝမ်၏ ပို့စ်တွင် Likeနှင့် မှတ်ချက်များ နာရီပိုင်း အတွင်း သိသိသာသာ လျင်မြန်စွာ မြင့်တက်လာသည်ကို တွေ့လိုက်ရသည်။

Weiboက သာမန်လူများ အသုံးပြုရန် အတွက်သာ ကန့်သတ်ထားသော ကွန်ယက် တစ်ခု မဟုတ်ပေ။

ယခုအခါတွင် စွမ်းအားကြီးသော ကျင့်ကြံသူ အများအပြားမှာ Weibo ကို ပြန်လည် အသုံးပြုနေကြပြီ ဖြစ်သည်။

ဖေဖေဝမ်၏ ပေ့မှ ဝတ္ထုများကို ကျောင်းသားများ သာမက ဖိစီးမှု ပြေပျောက်စေသည့် နည်းလမ်း အဖြစ် ကျင့်ကြံသူများပါ ဖတ်ရှုကြသည်။

ပရိတ်သတ် ဆယ်သန်းကျော်ရှိသော Weibo အသုံးပြုသူ တစ်ဦး ဖြစ်သည့် "ကောင်းကင်ပေါက်ကွဲဂိုဏ်း၏ အကြီးအကဲ ရှချွယ်"အမည်နှင့် အကောင့်က ဖေဖေဝမ်၏ ပို့စ်ကို စာတချို့နှင့်အတူ ဖြန့်ဝေခဲ့သည်။

"ကျင့်ကြံမှုတွေ ပြီးတဲ့အခါမှာ ကျနော့်ရဲ့တာအို နှလုံးသားကို ငြိမ်သက် အေးချမ်းစေမဲ့ နည်းလမ်းတစ်ခု အဖြစ် ကျင့်ကြံခြင်း စာဖတ်သူ နက်ဝေါ့ခ်က စိတ်ဝင်စားဖို့ကောင်းတဲ့ ဝတ္ထုတွေကို အမြဲရှာဖတ်ခဲ့တယ်.. ကျင့်ကြံခြင်းမှာ အခက်ခဲဆုံးသော ပိတ်ဆို့မှု နဲ့ ရုတ်တရက် ကြုံလိုက်ရတဲ့အခါ ဂုရုကြီးဝမ်ရဲ့ ဝတ္ထုက ပိတ်ဆို့မှုကို ဖြတ်ကျော်ဖို့ အကူအညီ ပေးခဲ့ဖူးတယ်.. ဂုရုကြီးက အရမ်း တော်တဲ့ စာရေးဆရာပါ.. ဝမ်စစ်ထူရဲ့မိသားစုက လက်ရှိမှာ အနိုင်ကျင့်ခံနေရတဲ့ အတွက် ကောင်းကင်ပေါက်ကွဲဂိုဏ်းရဲ့ အကြီးအကဲအနေနဲ့ Weibo မှာ ကောင်းကင်လက်ဆောင် အမိန့်ကို တရားဝင် ထုတ်ပြန်လိုက်တယ်.. ဂုရုကြီး ဝမ်စစ်ထူရဲ့ ပုံကြမ်းထဲက လူအကြောင်း တစ်စုံတစ်ယောက်က သတင်း အချက်အလက် ပေးနိုင်မယ် ဆိုရင် ဆုကြေးငွေ ယွမ်တစ်သန်းကို အွန်လိုင်းကနေ တိုက်ရိုက် လွှဲပေးပါမယ်"

Weibo တစ်ခုလုံးက လုံးဝကို ရုတ်ရုတ်သဲသဲ ဖြစ်ပွားခဲ့သည်။

ကောင်းကင်ပေါက်ကွဲဂိုဏ်း..

ဤဂိုဏ်းအကြောင်းကို မကြားရသည်မှာ တော်တော်လေး ကြာနေပြီ ဖြစ်သည်။

ကောင်းကင်ပေါက်ကွဲဂိုဏ်းမှာ တစ်ချိန်က ထင်ရှားခဲ့သောဂိုဏ်းတစ်ခု ဖြစ်သည်။

ရှေးခေတ် ကျင့်ကြံခြင်းကမ္ဘာကို ဖရိုဖရဲကာလ အဖြစ် လူသိများသည်။

ထိုကာလတွင် ကောင်းကင်ပေါက်ကွဲဂိုဏ်း၏ ကောင်းကင်လက်ဆာင် အမိန့်မှာ ရာချီသော ဂိုဏ်းများ၏ သဘောထားကို ကိုယ်စားပြုသည်။

ထိုဂိုဏ်းခေါင်းဆောင်က ဘာသာရေးဂိုဏ်းခေါင်းဆောင် သို့မဟုတ် ပုပ်ရဟန်းမင်းကြီး တစ်ပါးသာ ထုတ်ပေးနိုင်သည့် အထူး အမိန့်မျိုးကို ထုတ်ပေးနိုင်ပြီး အချိန်တိုအတွင်း လျင်မြန်စွာ သက်ရောက်မှု ရှိစေနိုင်သည်။

လူတစ်ဦးက အမိန့်ထုတ်ခံရသည်နှင့် တစ်ပြိုင်နက် ကျင့်ကြံသူအားလုံး၏ ဘုံရန်သူဖြစ်လာပြီး အချိန်မရွေး သတ်ဖြတ်ခံရနိုင်ပေသည်။

ရှေးခေတ် ကျင့်ကြံခြင်း ကမ္ဘာ၏ ယခင်မှတ်တမ်းများ အရ ကောင်းကင်လက်ဆောင် အမိန့် ထုတ်ခံရသည့် သူများတွင် တစ်စုံတစ်ယောက်မှ အသက်မရှင်နိုင်ခဲ့ပေ။

သို့သော် ယခုအခါတွင် ကန့်သတ် စည်းမျဥ်းများကြောင့် ကောင်းကင်ပေါက်ကွဲဂိုဏ်းကို ယခင်ကလို တရားဝင် အသိအမှတ်မပြုတော့ပေ။

မည်သို့ပင်ဆိုစေကာမူ ကောင်းကင်လက်ဆောင် အမိန့်ပြန်တမ်းမှာ ကျင့်ကြံခြင်း ကမ္ဘာ၏ အလေးအနက် ထားရသော ဓလေ့တစ်ခု အဖြစ် ရှိနေဆဲ ဖြစ်သည်။

ထိုအမိန့်ကို လက်ခံရရှိလျှင် ကာယကံရှင်အပြင် အပြစ်မရှိသော ၎င်း၏ မျိုးဆက် ဆယ့်ရှစ်ဆက်ထိပင် အသတ်ခံရနိုင်သည်။

ကောင်းကင်ပေါက်ကွဲဂိုဏ်းသာ အလိုရှိလျှင် ၎င်းတို့ဘိုးဘေးများ၏ မီးသဂြိုဟ်ရာမှ ရရှိသည့် ပြာမှုန် အရေအတွက်ကိုပင် ရေတွက်နိုင်သည်ဟု အွန်လိုင်းတွင် စကားတစ်ခွန်း ရှိခဲ့သည်။

ယခင် ကောင်းကင်လက်ဆောင် အမိန့်က လူသား အမဲလိုက်ခြင်း နှင့် ပတ်သက်သည့် အမိန့်ပြန်တမ်း တစ်ခု ဖြစ်ခဲ့လျှင် ယခုခေတ် ကောင်းကင်လက်ဆောင် အမိန့်မှာ တစ်စုံတစ်ယောက်၏ ကိုယ်ရေး အချက်အလက်များကို ဖော်ထုတ်ရန် အဆုံးစွန်သော အမိန့်ပြန်တမ်း ဖြစ်သည်။

ကောင်းကင် ပေါက်ကွဲဂိုဏ်း၏ အကြီးအကဲ ပေးပို့သော စာကို မြင်လျှင် ဝမ်လင်းက ကူကယ်ရာမဲ့စွာဖြင့် နာကျင်နေခဲ့သည်။

တစ်နည်းအားဖြင့် ဤအဆုံးစွန်သော အမိန့်ပြန်တမ်းမျိုးက လူတစ်ဦးကို သတ်သည်ထက်ပင် ပို၍ ကြောက်စရာကောင်းသည်။

အလွန်လျင်မြန်စွာပင် ကောင်းကင်ပေါက်ကွဲဂိုဏ်း အကြီးအကဲ၏ ပို့စ်အောက်၌ မှတ်ချက်များစွာ ထွက်ပေါ်လာသည်။

"ဘော့စ် လာပြီဟ.. ဘော့စ်ကိုယ်တိုင်တောင် ဂုရုကြီး ဝမ်စစ်ထူရဲ့ ဝတ္ထုတွေကို ဖတ်ဖူးမယ်လို့ မထင်ထားမိဘူး.. မထင်မှတ်ဘဲ ဘော့စ်နဲ့ ငါတို့က စာပေမိတ်ဆွေတွေ ဖြစ်နေပါလား"

"ကောင်းကင် ပေါက်ကွဲဂိုဏ်းရဲ့ ဖြောင့်မတ်တဲ့ စကားလုံးတွေကို ထောက်ခံပါတယ်.. ဒီအကျင့်မကောင်းတဲ့ လူကို အရှင်လတ်လတ် ဖမ်းပေးပါ.. ဂုရုကြီး ဝမ်စစ်ထူရဲ့ မိသားစုကို တရားမျှတမှု ပေးပါ"

Weibo ၏ အရှာဖွေခံရဆုံး ဟော့သတင်းများ၏ ထိပ်ဆုံးနေရာကို တစ်နာရီအတွင်း ဂုရုကြီး ဝမ်စစ်ထူက လုံးလုံးလျားလျား သိမ်းပိုက်သွားခဲ့ကြောင်း ဝမ်လင်း သိလိုက်ရသည်။

ရေပန်းစားသော အကြောင်းအရာ(၁) အလှလေးအတွက် ဒေါသအမျက် ထွက်နေသော ဝမ်စစ်ထူ

ရေပန်းစားသော အကြောင်းအရာ(၂) ကောင်းကင်ပေါက်ကွဲဂိုဏ်း၏ အကြီးအကဲ ရှချွယ်က ကောင်းကင်လက်ဆောင် အမိန့်ကို ကြေငြာသည်

ရေပန်းစားသော အကြောင်းအရာ(၃) အမျိုးသမီးများ၊ ဤဖြစ်ရပ်ကို နမူနာယူ၍ လက်ကမြင်းတဲ့သူတွေကို ဆန့်ကျင်ပါ။

...........................

ထိုအချိန်တွင် ဝမ်လင်းက သူ၏ လက်ပတ်နာရီပေါ်တွင် Weibo ကို ပြန်လည် ဆန်းသစ် နေခဲ့သည်။

ကောင်းကင်ပေါက်ကွဲဂိုဏ်း၏ အကြီးအကဲဖြစ်သူ ရှချွယ်၏ ကောင်းကင်လက်ဆောင် အမိန့်ကြေငြာချက် အောက်တွင် မှတ်ချက်တချို့ ဝင်ရေးထားသော ကျင့်ကြံခြင်းဖိုရမ် ချက်တင်မှ သူ့အသိအကျွမ်း အချို့ကို တွေ့ခဲ့ရသည်။

ဖီလန်ဓားအင်မော်တယ် "ဂုရုကြီး ဝမ်စစ်ထူရဲ့ တရားမျှတမှုအတွက် ပြောနေတဲ့ မိတ်ဆွေကြီး ရှချွယ်ကို ထောက်ခံပါတယ်.. ဂုရုကြီး ဝမ်စစ်ထူရဲ့ စာအုပ်တွေက အရမ်း ဖတ်ကောင်းတယ်.. ဝမ်စစ်ထူက ဒီအဖြစ်အပျက်တွေကို မြန်မြန်ဆန်ဆန် ဖြေရှင်းနိုင်မယ်လို့ မျှော်လင့်ပါတယ်"

ချိုက်လျန် "ခွေးသား.. ကျင့်ကြံခြင်းရဲတွေက ဘာလုပ်နေတာလဲ.. ငါတို့ ကျင့်ကြံခြင်း လောကမှာ သင်ခန်းစာပေးမယ့်သူ မရှိဘူးလို့ ထင်နေတာလား.. ခွေးသားလေးက ဂုရုကြီး ဝမ်စစ်ထူရဲ့ ဇနီးကိုတောင် ထိဝံ့သေးတယ်.. ဒီအကျင့်မကောင်းတဲ့ ခွေးသားရဲ့ လိပ်စာကို ငါသိခဲ့ရင် သူ့အိမ်ထဲဝင်ပြီး ငယ်ပါကို ဓားနဲ့လေးပိုင်း ပိုင်းပစ်မယ်"

လျှပ်စီးဓမ္မရာဂျာ "လုပ်ဖော်ကိုင်ဖက်တွေ စိတ်အေးအေးထားပါ.. ဒီလူကိုဖမ်းမိရင် ငါ့ဆီသာ ပို့ပေးလိုက်ပါ.. ငါသူ့ကို လျှပ်စီးနဲ့ ဓာတ်လိုက်တဲ့အရသာ ပေးမြည်းမယ်.. ဂုရုကြီးဝမ်စစ်ထူကို ငါတို့တွေ ပံ့ပိုးရမယ်.. စကားမစပ်.. အင်တာနက် စင်တာကနေ ထွက်ပြီး ဒီယွမ်တစ်သန်းရမဲ့ အခွင့်အရေးကို ကံစမ်းကြည့်ရမယ်.."

ဗုံးပစ်စီနီယာ အင်မော်တယ် " မိတ်ဆွေကြီးရှချွယ်ရဲ့ လုပ်ရပ်ကို ထောက်ခံတယ်.. ဂုရုကြီးဝမ်စစ်ထူရဲ့ နို့ထိန်းမိခင်ဆီ သွားကြစို့ ဝတ္ထုက ငါအရမ်းကြိုက်တဲ့ ဝတ္ထုပဲ.. အထူးသဖြင့် ကျူးကောလျန့်က နဂါးနိုင်လက်ဝါးသိုင်း ဆယ့်ရှစ်ကွက်ကို အသုံးပြုပြီး တိုက်ခိုက်တဲ့အခန်းပဲ.. အဲဒီအခန်း အရမ်းမိုက်တယ်

ဝမ်လင်း "..........."

{လခွမ်း.. စာအုပ်ထဲမှာ ကျူးကောလျန့်လည်း မပါဘူး.. ငါ့အဖေရဲ့ ဝတ္ထုကို ဖတ်ဖူးတယ်ဆိုပြီး မင်းကို လူအထင်ကြီးအောင် အရှက်မရှိ လေမပန်းနဲ့}

All Chapters