နတ်ဆိုးဧကရာဇ် ကျွင်းရှဲ့
Vol. 9 Ch. 127
ဗုံးပစ်စီနီယာအင်မော်တယ်က အွန်လိုင်းဝတ္ထုလောက၏ ဂုရုကြီး ဝမ်စစ်ထူကို ဖေဖေဝမ်မှန်း မသိခဲ့ပေ။
အကယ်၍သာ သူသာ ဝမ်စစ်ထူက ဖေဖေဝမ်မှန်း သိခဲ့လျှင် ယခု နောက်ဆုံး ဟော့ဖြစ်နေသော အကြောင်းအရာကို ချန်လှပ်ထားလျှင်ပင် လူအထင်ကြီးစေရန်အတွက် ကြွားလုံးထုတ်သည့် မှတ်ချက်များကို အတောမသတ်နိုင်အောင် ပေးမည်မှာ သေချာသည်။
သို့သော် ဖေဖေဝမ်၏ ပို့စ်အောက်တွင် မှတ်ချက် များလွန်းသဖြင့် လူအများ သတိထားမိရန်မှာ မဖြစ်နိုင်ပေ။
ကျင့်ကြံခြင်းဖိုရမ်မှ လူများ၏ မှတ်ချက်မှာ သိပ်မကြာခင်မှာပင် တခြား မှတ်ချက်တွေကြား၌ တိမ်မြုပ်သွားခဲ့သည်။
ဖေဖေဝမ်၏ ပို့စ်က လူကြိုက်အများဆုံး ခေါင်းစဉ်တစ်ခု ဖြစ်လာရသည့် အကြောင်းအရင်းများ အနက် အများစုမှာ ကောင်းကင်ပေါက်ကွဲဂိုဏ်း၏ အကြီးအကဲ ရှချွယ်၏ ထောက်ခံမှုကြောင့် ဖြစ်သည်။
အရေးအကြီးဆုံးမှာ အကြီးအကဲရှချွယ်၏ ပံ့ပိုးကူညီမှုတွင် ကောင်းကင်လက်ဆောင် အမိန့်ပြန်တမ်း ပါဝင်နေသောကြောင့်ပင်။
ထိုအမိန့်ပြန်တမ်းကို ထုတ်ပြန်လိုက်သည်နှင့် ကျင့်ကြံခြင်းလောက၏ ပညာရှင်အများအပြားကို ချက်ချင်းပင် ဆွဲဆောင်သွားခဲ့သည်။
ထိုအထဲတွင် အများစုမှာ အကြီးအကဲ ရှချွယ်၏ ဂိုဏ်းတူ ညီနောင်များနှင့် သူငယ်ချင်းများ ဖြစ်သည်။
ID နတ်ဆိုးဧကရာဇ် ကျွင်းရှဲ့က ရှချွယ်နှင့် ဖေဖေဝမ်တို့၏ ပို့စ်များကို ထပ်ဆင့် ရှယ်ခဲ့ပြီး အကြီးအကဲရှချွယ် ကြေငြာထားသော ဆုကြေးငွေတွင် အပိုတစ်သန်း ထပ်ထည့်မည်ဟု ဖော်ပြခဲ့သည်။
နတ်ဆိုးဧကရာဇ်ကျွင်းရှဲ့..
၎င်းက ကျင့်ကြံခြင်းပစ္စည်းနှင့် လက်နက်ပုန်း နည်းပညာ ကုမ္ပဏီ၏ သူဌေး ဖြစ်သည်။
သူ၏ ကုမ္ပဏီက ဘုရင်ဘီလီ၏ ရီတာလီ သုတေသန အဖွဲ့အစည်းနှင့် ယှဥ်ပြိုင်နေသည့် အဖွဲ့အစည်း တစ်ခု ဆိုလည်းမမှားပေ။
ဟုတ်ပါသည်။ နတ်ဆိုးဧကရာဇ်ကျွင်းရှဲ့၏ ပါဝင်မှုကြောင့် ပြဿနာက နောက်တစ်ကြိမ် ဝုန်းဒိုင်းကြဲသွားပြန်သည်။
ဖေဖေဝမ်က သူ၏ Weibo ပို့စ်ကို တင်ပြီး နှစ်နာရီအကြာတွင် အလှလေးအတွက် ဒေါသ အမျက်ထွက်နေသော ဝမ်စစ်ထူဟူသည့်ပို့စ်မှာ ဖတ်ရှုသည့် အကြိမ်ရေပေါင်း သန်းတစ်ရာပင်ကျော်သွားခဲ့သည်။
ယင်းက လွန်ခဲ့သည့် နှစ်နှစ်အတွင်း ဝမ်လင်း၏ ကျင့်ကြံခြင်း နယ်ပယ် ဖွံဖြိုးလာပုံနှင့် ဆင်တူသည်။
ဖေဖေဝမ်က ရဲကို ဖုန်းဆက်၍ အိမ်ထိ ဖိတ်ခဲ့သော်လည်း ကံမကောင်းစွာပင် အကြောင်းအမျိုးမျိုးကြောင့် ဤအဖြစ်အပျက်ကို မကိုင်တွယ်နိုင်ခဲ့ပေ။
ယင်းက ပြည်သူများ၏ မကျေနပ်မှုများကို ပို၍ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်စေသည်။
အစိုးရ အရာရှိ တစ်ယောက်က ပြည်သူတွေ တရားမျှတမှု ရဖို့မှ မကူညီနိုင်လျှင် အိမ်ပြန်ပြီး ဥဖြုတ် ရောင်းလိုက်သည်ကသာ အကောင်းဆုံး ဖြစ်၏။
ဤကိစ္စက သာမန်လက်သရမ်းသည့် အသေးအမွှားကိစ္စမဟုတ်တော့ပေ။
အကြောင်းရင်းမှာ ဖေဖေဝမ်က ဤပြဿနာနှင့် ပတ်သက်၍ အွန်လိုင်း ထိတွေ့မှုကို ဖန်တီးရန် သူ၏ ဝိသေသလက္ခဏာကို အသုံးပြုလိုက်၍ ဖြစ်သည်။
ဝမ်စစ်ထူ အဖြစ် အသုံးပြုလိုက်သည်နှင့် လူ့အဖွဲ့အစည်းတွင် ဤကိစ္စ၏ အရေးပါမှုမှာ သိသိသာသာပင် ပြောင်းလဲသွားခဲ့၏။
လူအများအပြားက ကျင့်ကြံခြင်း ရဲများကို ၎င်းတို့၏ လုပ်ဆောင်ချက် ပျက်ကွက်မှု အတွက် အပြစ်တင်စ ပြုလာကြသည်။
ဤဖြစ်ရပ်က အလွန် လျင်မြန်စွာပင် မြို့အုပ်ချုပ်ရေး အဖွဲ့၏ တိုက်ရိုက် အာရုံစိုက်မှုကို ခံခဲ့ရသည်။
....................
သန်းခေါင်ယံအချိန်၌ ဒါရိုက်တာစုန့်က "မစ်ရှင် ကျရှုံးမှုများအပေါ် ပြန်လည်သုံးသပ်ခြင်း အစီရင်ခံစာ" ကို ခါးခါးသီးသီး ရေးနေသည်။
ဤတစ်ကြိမ်၌ သူတော်စင်ဆယ်ပါးတွင် နှစ်ဦး သေဆုံးသွားခဲ့ပြီး တတိယသူတော်စင်မှာ တစ်စုံတစ်ရာသော အကြောင်းကြောင့် သဘောတူညီချက်ကို တိုက်ရိုက်ချိုးဖောက်ကာ ရဲတိုက် သခင်အား သစ္စာဖောက်ခဲ့သည်။
ယခုအချိန်ထိ ဒါရိုက်တာစုန့်က ထိုအကြောင်းကို မသိရသေးပေ။
မည်သို့ပင်ဖြစ်စေ ဆုံးရှုံးသွားခဲ့သော အရာများကို သင်ခန်းစာယူ၍ ၎င်းတို့၏ အစီအစဉ် နောက်တစ်ဆင့်တွင် ဖြစ်ပေါ်လာနိုင်သည့် အခြေအနေများနှင့် အောင်မြင်နိုင်ခြေများကို အစီရင်ခံစာတစ်စောင် ရေးသားထားရမည် ဖြစ်သည်။
ဒါရိုက်တာစုန့်က အစီအစဥ်ကို အသေးစိတ် ရေးဆွဲနေခဲ့သည်။
သူ့အတွက် တစ်ခုတည်းသော သတင်းကောင်းမှာ ရဲတိုက်သခင်က အမှန်တကယ် စိတ်ဆိုးခြင်း မရှိပေ။
ဒါရိုက်တာစုန့်က ရဲတိုက်သခင်၏ နားနှင့်မျက်လုံးများက နေရာတိုင်းတွင် ရှိနေသည်ဟု ခံစားလိုက်ရသည်။
ကျောက်သရဲမျက်နှာဖုံးကို သူတော်စင် ဆယ်ပါးလက်မှ ကာကွယ်နိုင်သည့်သူမှာ နှယ်နှယ်ရရ ပုဂ္ဂိုလ် မဟုတ်သဖြင့် ဒေါသမထွက်သင့်မှန်း သိထားရမည် ဖြစ်သည်။
ထိုပုဂ္ဂိုလ်က သမီးရည်းစား သတ်ဖြတ်ခြင်း စီနီယာ မဟုတ်မှန်း ပြောစရာပင် မလိုအပ်ချေ။
သို့သော် လက်ရှိပြဿနာမှာ သူတော်စင် ဆယ်ပါးကို ဆုံးမလိုက်သူက စိတ်ဝိညာဥ်ဖွဲ့စည်းခြင်း နယ်ပယ်ထက် သာလွန်သည့် နယ်ပယ်မှ ထိပ်တန်းအဆင့် ကျွမ်းကျင်သူ တစ်ဦး ဖြစ်နေ၏။
"ဒီလူက ဘယ်သူလဲ"
ဒါရိုက်တာစုန့်က သူတော်စင်ဆယ်ပါး ကျရှူံးရသည့် ပြဿနာကို ရှင်းရှင်းလင်းလင်း မသိခဲ့ပေ။
အကြောင်းရင်းမှာ ဦးဆောင်သူဖြစ်သည့် တတိယ သူတော်စင်က သူတို့နှင့် အဆက်အသွယ် အားလုံးကို ဖြတ်တောက်ထားသောကြောင့် ဖြစ်သည်။
ဤပဟေဋ္ဌိ တစ်ခုလုံးမှာ တတိယသူတော်စင်ကို ရှာတွေ့မှသာ ဖြေရှင်းနိုင်မည် ဖြစ်၏။
ဒါရိုက်တာစုန့်က သက်ပြင်းချလိုက်ပြီး လက်တစ်ဖက်က ဘောပင်ကို ကိုင်ကာ အစီရင်ခံစာကို မည်သို့ရေးရမလဲ စဉ်းစားနေစဥ် ဖုန်းမြည်လာခဲ့သည်။
ဤဖုန်းက သူ့ထံသို့ တိုက်ရိုက် ဆက်သွယ်ရန် အတွက် သီးသန့် ဟော့လိုင်းတစ်ခု ဖြစ်သည်။
ဒါရိုက်တာစုန့်က နာရီကို ကြည့်ကာ အတန်ငယ် စိတ်အနှောင့်အယှက် ဖြစ်သွားသည်။
{ဒီအချိန်ကြီး ဖုန်းဆက်တာ ဘာကိစ္စများပါလိမ့်}
သူက ခဏလောက် စဉ်းစားပြီးမှ ဖုန်းကို တိုက်ရိုက်ပြန်ဖြေလိုက်သည်။
"ဘယ်သူလဲ"
"ဟယ်လို အစ်ကိုစုန့်လား.. ကျနော် ကျိုးကျဲ့ပါ"
ဒါရိုက်တာစုန့်က မျက်မှောင်ကြုတ်သွားသည်။
"..............."
သူသည် လူများစွာကို သိသည်။
သို့သော် သူတို့အားလုံး၏ ဖုန်းနံပါတ်ကို မမှတ်မိပေ။
အကယ်၍ သူသာ အလုပ်တွင် ရှိနေလျှင် မည်သူမည်ဝါဖြစ်သည်ကို သူ့ရုံးခန်းမှ တယ်လီဖုန်းလမ်းညွှန်တွင် လှန်ကြည့်ရုံသာ ဖြစ်သည်။
သို့သော် ပြဿနာမှာ လက်ရှိတွင် သူက အိမ်ပြန်ရောက်နေပြီ ဖြစ်သည်။
ကျိုး မျိုးရိုး နာမည်ပါသည့်သူများကို သူသိသည်။
သို့သော် ကျိုးကျဲ့က မည်သူမှန်း သူ အဘယ်ကဲ့သို့ မှတ်မိနိုင်ပါမည်နည်း။
ကံကောင်းထောက်မစွာဖြင့် လိုင်းတစ်ဖက်မှလူက သူ့ကိုယ်သူ အသေအချာ မိတ်ဆက်လိုက်သည်။
"ကျွန်တော်က အစိမ်းရောင်ဂိုဏ်းက ကျိုးကျဲ့ပါ.. နှာခေါင်းပေါက်ကျယ်သူလေ.."
"အိုး.. အစိမ်းရောင်ဂိုဏ်းရဲ့ ခေါင်းဆောင်ကျိုးကျဲ့ပါလား"
ဒါရိုက်တာစုန့် ချက်ချင်း အမှတ်ရသွားသည်။
တစ်ဖက်မှ လူ၏အမည်ပြောင်မှာ နှာခေါင်းပေါက်ကျယ်သူ ဖြစ်သည်။
အကယ်၍ ထိုလူသာ ဤအမည်ပြောင်ကို အသုံးပြုခဲ့လျှင် မည်သူမည်ဝါ ဖြစ်သည်ကို ဒါရိုက်တာစုန့်က ချက်ချင်းသိနိုင်သည်။
"ခေါင်းဆောင်ကျိုး.. မင်း ငါ့ဆီ ဖုန်းဆက်တာ ဘာကိစ္စရှိလို့လဲ"
ဒါရိုက်တာစုန့်က မေးလိုက်သည်။
အစိမ်းရောင်ဂိုဏ်းမှာ စုန့်ဟိုင်မြို့တွင် သြဇာအကြီးဆုံး မြေအောက် ဒုစရိုက်ဂိုဏ်း ဖြစ်ပြီး မော့အင်မော်တယ် ရဲတိုက် စတင် တည်ထောင်ချိန်တွင် ရင်းနှီးသော ဆက်ဆံရေး ရှိခဲ့သည်။
မော့အင်မော်တယ်ရဲတိုက်က ကိုယ်ပိုင် ထောက်လှမ်းရေးကွန်ရက်ကို မဖြန့်ကျက်မီ သတင်း အချက်အလက် အများအပြားကို အစိမ်းရောင်ဂိုဏ်း မှတစ်ဆင့် ယူခဲ့ရသည်။
သို့သော် ပြီးခဲ့သော နှစ်အနည်းငယ် အတွင်း မော့အင်မော်တယ်ရဲတိုက်နှင့် အစိမ်းရောင်ဂိုဏ်း အကြား ဆက်ဆံရေးမှာ လျော့ပါးသွားခဲ့သည်။
ယခုအခါ ၎င်းတို့မှာ စီးပွားရေးအရ ဆက်ဆံမှုများသာ ရှိတော့သည်။
ထို့ကြောင့် မတွေ့ရတာကြာပြီ ဖြစ်သော အစိမ်းရောင်ဂိုဏ်း ခေါင်းဆောင် ထံမှ ရုတ်တရက် ဖုန်းခေါ်ဆိုမှုကို ရရှိလိမ့်မည်ဟု ဒါရိုက်တာစုန့်က မမျှော်လင့်ခဲ့ခြင်းပင်။
"ညီနောင်စုန့်.. ကျွန်တော် ဘယ်သူ့ကို အကူအညီ တောင်းရမှန်းကို မသိတော့ဘူး.. လောလောဆယ် ကျနော် တော်တော် ဒုက္ခရောက်နေတယ်.. ဟိုကိစ္စကို မင်းကြားပြီးပြီလားတော့ မသိဘူး... မကြာသေးခင်က Weibo မှာ ဖြစ်ပျက်ခဲ့တဲ့ ကိစ္စလေ"
ကျိုးကျဲ့၏ စိတ်လှုပ်ရှားစွာ ပြောဆိုမှုကို ကြားပြီးနောက် ဒါရိုက်တာစုန့်က ရယ်လိုက်သည်။
"အလှလေးကြောင့် ဒေါသအမျက်ထွက်နေတဲ့ ဝမ်စစ်ထူဆိုတဲ့ သတင်းကို ပြောတာလား.. အဲဒါက လက်ရှိဟော့ ဖြစ်နေတဲ့သတင်းပဲလေ"
"ကြည့်ရတာ မင်းက ဒီအွန်လိုင်းစာရေးဆရာရဲ့ စာအုပ်တွေကို အရင်က ဖတ်ဖူးမယ်ထင်တယ်... မင်းက သူ့မိန်းမကို ဖောက်ပြန်တယ်လို့ ထင်နေတယ် မဟုတ်လား.. ဟားဟား..."
တစ်ဖက်မှ အစိမ်းရောင်ဂိုဏ်း ခေါင်းဆောင် ကျိုးကျဲ့၏ မျက်နှာက ချက်ချင်းပင် မည်းမှောင်သွားခဲ့သည်။
"သူ့မိန်းမကို ပြဿနာ ရှာလိုက်တာက ငါ့ဝမ်းကွဲညီလေးပဲ"
ထိုစကားကိုကြားလျှင် ဒါရိုက်တာစုန့်က ရယ်မောနေရာမှ ရုတ်တရက် ရပ်တန့်သွားသည်။
"..........."
ကျိုးကျဲ့ သက်ပြင်းချလိုက်သည်။
"ညီနောင်စုန့်က ဒီကိစ္စကို မသိလိုက်ဘူးထင်တယ်.. ဒါပေမယ့် အခုက ကိစ္စကြီး ဖြစ်သွားပြီ... တကယ်ကို ဒုက္ခရောက်နေပြီ"
ကျိုးကျဲ့၏ နောက်ဆက်တွဲ ရှင်းပြချက်ကို နားထောင်ရင်း ဒါရိုက်တာစုန့်၏ မျက်နှာပေါ်ရှိ အပြုံးက တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။
သူက ရယ်စရာ အဖြစ် မတွေးရဲတော့ပေ။
"မင်းပြောတာက ကောင်းကင်ပေါက်ကွဲဂိုဏ်းရဲ့အကြီးအကဲရှချွယ်က ကောင်းကင်လက်ဆောင် အမိန့်ကို ထုတ်ပြီး မရေမတွက်နိုင်တဲ့ ကျင့်ကြံသူတွေကို လှုံ့ဆော်လိုက်တယ်လား.. နတ်ဆိုးဧကရာဇ်ကျွင်းရှဲ့က အပိုဆုတောင် ထပ်ထည့်လိုက်တယ်ပေါ့လေ"
ထိုစကားကို ကြားလျှင် ဒါရိုက်တာစုန့်၏ နှလုံးသားထဲ၌ သက်ပြင်းပင် မချနိုင်တော့ပေ။
ဒါက.. တကယ်ကို ကပ်ဘေးတစ်ခုပဲ..
ကောင်းကင်လက်ဆောင် အမိန့်ကို ထုတ်ပြန်ရန် အရည်အချင်း ပြည့်မီသည့်သူမှာ ပုပ်ရဟန်းမင်းကြီး သို့မဟုတ် ထိပ်တန်း ဂိုဏ်းတစ်ခုခု၏ အကြီးအကဲများ ဖြစ်သည်။
ထိုအမိန့်ကို ထုတ်ပြန်ပြီးလျှင် လွယ်လွယ်နှင့် ပြန်ရုတ်သိမ်းလေ့ မရှိပေ။
ကောင်းကင်ပေါက်ကွဲဂိုဏ်း၏ အကြီးအကဲ ရှချွယ်မှာ နာမည်ဆိုးဖြင့် ကျော်ကြားသည့် ရက်စက်ကြမ်းကြုတ်သော လူတစ်ယောက်ဖြစ်ပြီး မော့အင်မော်တယ်ရဲတိုက်ပင်သွေးတိုးမစမ်းရဲသည့် ဖြစ်တည်မှု တစ်ခု ဖြစ်သည်။
ဒါရိုက်တာစုန့် "ခေါင်းဆောင်ကျိုး.. မင်းရဲ့ဝမ်းကွဲညီလေး ဘာလို့ ပိုကောင်းတဲ့ ပစ်မှတ်ကို မရွေးချယ်တာလဲ.. လခွမ်း.. အဲဒီအစား သူက ဝမ်စစ်ထူလို အွန်လိုင်း နာမည်ကျော် စာရေးဆရာကြီးရဲ့ ဇနီးမယားကိုမှ ပြဿနာ သွားရှာရဲတယ်.."
ကျိုးကျဲ "ညီနောင်စုန့်.. မင်းရဲ့အကူအညီကို ငါ တကယ် လိုအပ်နေတယ်.. ငါ့မှာ ဒီဝမ်းကွဲညီလေး တစ်ယောက်ပဲရှိတယ်.. ဒီအဖြစ်အပျက်ကို နှိမ်နင်းဖို့ နည်းလမ်း ရှာပေးပါလား"
ဒါရိုက်တာစုန့်က စကားမပြောနိုင် ဖြစ်နေသည်။
"ဂုရုကြီး ဝမ်စစ်ထူရဲ့ ပရိသတ်တွေ ဘယ်လောက်ကြောက်စရာကောင်းလဲ မင်းသိလား.. ကောင်းကင်ပေါက်ကွဲဂိုဏ်းရဲ့ အကြီးအကဲလို Weiboကို သုံးတဲ့သူတွေ ရှိပေမယ့် Weibo မသုံးတဲ့ သူ့ပရိသတ်တွေကလည်း အများကြီးပဲ.. သူတို့တွေကအခြေအနေတွေကို သီးသန့် စောင့်ကြည့်နေတာလည်း ဖြစ်ကောင်း ဖြစ်နိုင်တယ်"
ဒါရိုက်တာစုန့်က ဤစကားတွေကို ချဲ့ကားပြောဆိုနေခြင်း မဟုတ်ပေ။
အဆုံးသတ်တွင် သူ၏ ရဲတိုက်သခင်တောင်မှ ဝမ်စစ်ထူ ရေးသည့်နို့ထိန်းမိခင်ဆီသွားကြစို့ ဝတ္ထုကို ဖတ်ဖူးသည်။
သို့သော် ရဲတိုက်သခင်က Weiboကို အသုံးမပြုခဲ့ပေ။
ဖုန်းထဲမှ အစိမ်းရောင်ဂိုဏ်းခေါင်းဆောင် ကျိုးကျဲ့က သူ့သွားတွေကို အံကြိတ်လိုက်သည်။
"ဘယ်လိုလဲ ညီနောင်စုန့်.. ဒီအဖြစ်အပျက်ကို ဖြေရှင်းနိုင်ရင် မင်း အရမ်းလိုချင်နေတဲ့ အချက်အလက် တစ်ခု ငါမင်းကို ပေးမယ်"
ဒါရိုက်တာစုန့်က ခဏမျှ စဉ်းစားပြီးနောက် ခေါင်းခါယမ်းလိုက်သည်။
"အရမ်းခက်ခဲတယ်"
ကျိုးကျဲ့က အတင်းအကျပ် ထပ်တောင်းဆိုနေလျှင် ဖုန်းချလိုက်တော့မည်ဟု ဆုံးဖြတ်ခဲ့သည်။
"ညီနောင်စုန့်က ကျောက်သရဲ မျက်နှာဖုံး ထုတ်လုပ်သူရဲ့ နေရာကို ရှာနေတာ ငါသိပါတယ်.. ငါ့မှာ သဲလွန်စတစ်ခု ရှိတယ်.. ညီနောင်စုန့်သာ ငါ့ကို ကူညီနိုင်ရင် ငါ မင်းကို အချက်အလက်တွေ ပေးပါ့မယ်"
ကျိုးကျဲ့၏ စကားကို ကြားသောအခါ ဖုန်းခေါ်ဆိုမှုကို ပိတ်တော့မည့် ဒါရိုက်တာစုန့်၏ လက်မှာ ခလုတ်နှင့် တစ် စင်တီမီတာ အကွာတွင် ရပ်တန့်သွားခဲ့သည်။
"မင်း.. ဘာပြောလိုက်တာလဲ"