အဆိပ်ပြင်းသောလျှာဖြင့် အိပ်မက်ကို ချေမှုန်းခြင်း
Vol. 9 Ch. 135
ဝမ်လင်း၏ ပထမဆုံးသော ခံစားချက်မှာ ဤလေလွင့်အဆိုတော်ထံ၌ မည်သည့်ဒေသခံ လေသံမှန်း မသိရသည့် ထူးဆန်းသော လေယူလေသိမ်း ရှိခြင်းပင် ဖြစ်သည်။
ဤပြဿနာများကို ဘေးဖယ်ထားပြီး ခြုံငုံ သုံးသပ်ကြည့်ရမည် ဆိုလျှင် ထိုလူငယ်က အသံ အားနည်းသော်လည်း တစ်ပုဒ်လုံးကို ကောင်းစွာ သီဆိုသွားနိုင်ခဲ့သည်။
သို့သော် ဤလူငယ်လေးက talent show တစ်ခုကို သွားချင်ပြီး တကယ့် ပရော်ဖက်ရှင်နယ် အဆိုတော် တစ်ယောက်ဖြစ်ချင်လျှင်မူ အောင်မြင်မှုနှင့် ဝေးနေဦးမည်မှာ ရှင်းလင်းသော အမှန်တရားပင်။
ဝမ်လင်း၏ ဂီတနားလည်မှုမှာ အကန့်အသတ် ရှိသည်။
သူက ဂစ်တာတီးရာတွင် အပျော်တမ်း တီးသူသာ ဖြစ်သောကြောင့် လူငယ်၏ သီဆိုမှုအပေါ်တွင် ပရော်ဖက်ရှင်နယ် မှတ်ချက်မျိုး မပေးခဲ့ပေ။
talent showတွင် ဘယ်လို ထူးထူးခြားခြား ရပ်တည်မလဲ ဆိုတာက..
လူငယ်က လိုအပ်ချက် အနည်းငယ် ရှိနေသည်ဟု သူခံစားမိသည်။
ပထမအနေဖြင့် အဆိုတော် တစ်ဦးမှာ အထူး ချောမောနေရန် မလိုအပ်လျှင်ပင် အတန်အသင့် ကြည့်ကောင်းရမည်။
ဒုတိယအချက်မှာ အသံက ပရော်ဖက်ရှင်နယ် အဆိုတော်များလောက် မကောင်းလျှင်ပင် အနည်းဆုံး ထူးခြားမှုတော့ ရှိသင့်သည်။
အဆိုတော်အလုပ်မှာ သီချင်းဆိုရုံဖြင့် ပြီးသွားသော အလုပ်မဟုတ်ပေ။
နောက်ဆုံး တတိယနှင့် အရေးကြီးဆုံး အချက်မှာ လူတစ်ဦးတွင် နှိုင်းယှဥ်မြင့်မိုရ်လို ဇာတ်နာစရာ ကောင်းသော ဘဝတစ်ခု ရှိသင့်သည်။
ပိုဇာတ်နာလေလေ ပရိသတ်က သနားကရုဏာ သက်လာလေလေ ဖြစ်ပြီး စကားလုံး လက်တစ်ဆုပ်စာဖြင့် ပရိသတ်မျက်ရည်ကို အကောင်းဆုံး ချူနိုင်မည့် ဇာတ်လမ်းတစ်ပုဒ် ဖြစ်လာနိုင်၏။
ဆိုရလျှင် ဤလူငယ်က အထက်ပါ လိုအပ်ချက်များနှင့် မကိုက်ညီပေ။
လေလွင့် အဆိုတော်တစ်ယောက် အနေဖြင့် ထန်ယိုနင်ကသူ၏ အရိုင်းအစိုင်း အသွင်အပြင်ကို ခေါင်းထဲ သိပ်မထည့်ခဲ့ပေ။
ယင်းမှာ လူတွေကို ညစ်ညမ်းသည့် အထင်အမြင်မျိုး ချမှတ်အောင် သူကိုယ်တိုင် လုပ်ယူထားသလို ဖြစ်နေသည်။
ထို့အပြင် ဤလူငယ်၏ ဘဝက အလုံးစုံ စိတ်မချမ်းမြေ့ဖွယ် ကောင်းသည်ဟု သူလုံးဝ မထင်ပေ။
လူငယ်က သူ၏ သီချင်းလုပ်ဖို့ စိတ်ကူးအိပ်မက်ကြောင့် နုံချာသော အဆိုတော် ဖြစ်နေ၏။
ဟွာရှို့နိုင်ငံတွင် ဤကဲ့သို့သော လူမျိုး အများကြီးရှိသည်။
talent show တစ်ခု၏ ပရိသတ်ရှေ့တွင် ဖျော်ဖြေမည် ဆိုလျှင် အနည်းဆုံးတော့ ကုသ၍ မရသော ရောဂါရှိသည့် မိသားစုဝင် တစ်ယောက် ရှိထားသင့်၏။ (မျက်ရည်ချူဖို့)
အမဲသားကို ဝါးရင်း ဝမ်လင်းက သူ၏ နှလုံးသားထဲတွင် လက်ရှိ talent show ပွဲများကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့သည်။
ထိုလူငယ်က နီရဲသော မျက်လုံးများဖြင့် ကောင်းကင်ပိုးကောင် အာလူးချောင်း ထမင်းပေါင်းကို စိုက်ကြည့်နေခဲ့သည်။
"အဆိုတော်ဖြစ်ဖို့ အတွက် ငါတကယ်ပဲ ခရောင်းလမ်းကို မဖြတ်ကျော်နိုင်တော့ဘူးလား"
သူ၏ လေသံတွင် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ပျောက်ဆုံးနေသော ခံစားချက်မျိုး ရှိနေသည်ကို လူတိုင်း ကြားလိုက်ရသည်။
ယနေ့ အသံစစ်ဆေးမှု၏ ကျရှုံးခန်းက ဤလူငယ် အတွက် အတော်လေး စိတ်ထိခိုက်စေမှန်း ထင်ရှားနေသည်။
သူဌေးထန်က တဂျုံးဂျုံး မြည်နေသော အိပ်ဇောပန်ကာကို ပိတ်လိုက်ပြီး သူ့လက်ကို သန့်စင်သော အဝတ်စုတ်ဖြင့် သုတ်လိုက်သည်။
ထို့နောက် သူက လူငယ်လေးဆီသို့ ဖြည်းညှင်းစွာ လျှောက်လာပြီး ပုခုံးကို ပုတ်လိုက်သည်။
"မေးရိုးကြွက်သားတွေကို လေ့ကျင့်ခန်း ပုံမှန်လုပ်သွားရင် တိုးတက်မှု ရလာမှာပါ.. ထန်လေး"
သူဌေးထန်တွင် အလွန်ကြံ့ခိုင်သော ကိုယ်လုံးကိုယ်ပေါက်ရှိသည်။
ယင်းမှာ နှစ်အတော်ကြာ ထမင်းချက်လုပ်ခဲ့သောကြောင့် ဖြစ်ကောင်းဖြစ်နိုင်သည်။
ဤလူငယ်နှင့် နှိုင်းယှဉ်ကြည့်လျှင် ကွာခြားချက်မှာ အလွန်ထင်ရှားသည်။
သူဌေးထန်သာ ခွန်အား နည်းနည်းပိုသုံးခဲ့လျှင် လူငယ်၏ ပခုံးက အပိုင်းပိုင်း ကျိုးသွားနိုင်သည်ကို ဝမ်လင်း သံသယ မ၀င်ခဲ့ပေ။
ဤစားသောက်ဆိုင် သူဌေးက သာမန်လူ မဟုတ်သည်မှာ သေချာ၏။
သူ၏ ကျင့်ကြံမှုက အနည်းဆုံး ရွှေအမြူတေ အဆင့်တွင် ရှိလောက်သည်။
ဝမ်လင်းက တံခါးကို လှမ်းဝင်လိုက်သည်နှင့် ထိုအချက်ကို သတိထားမိလိုက်သည်။
ထန်ယိုနင်ကို ကြည့်ရင်း သူဌေးထန်က သူ့ကို ဆက်လက်နှစ်သိမ့်ခဲ့သည်။
"ပါရမီက တစ်ရာခိုင်နှုန်းပဲ အရေးပါပြီး 99%က အလုပ်ကြိုးစားမှုပေါ်ပဲ မူတည်တယ်.. မင်းအနေနဲ့ ဒီထက်ပိုပြီး အားစိုက်ထုတ်ဖို့ပဲ လိုတယ်.. ဒါကြောင့် ဘာပဲဖြစ်ဖြစ် လက်မလျှော့လိုက်နဲ့"
လူငယ်က မျှော်လင့်ချက် မျက်ဝန်းများ တဖျပ်ဖျပ် လက်လာပြီး မော့ကြည့်လိုက်သည်။
"တကယ်လား"
သို့သော် သူဌေးထန်၏ စကားဆုံးသည်နှင့် ဖေဖေဝမ်၏ အဆိပ်ပြင်းသော လျှာက တုန့်ပြန်မှု အားကောင်းလာသည်။
"ဒီစကားမှာ ဒုတိယအပိုဒ် ရှိသေးတယ်ဆိုတာ မင်းသိလား.. ပါရမီက တစ်ရာခိုင်နှုန်းပဲ လိုတယ် ဆိုပေမဲ့ အဲဒီ တစ်ရာခိုင်နှုန်းက အရေးကြီးဆုံး အစိတ်အပိုင်းပဲ"
သူဌေးထန် ".........."
ထန်ယိုနင်တစ်ယောက် ငိုချင်လာခဲ့သည်။
".............."
{မင်းက ဘာကြောင့် အဲဒါကို ထောက်ပြခဲ့တာလဲ}
ဝမ်လင်း ".........."
{မင်းက နည်းနည်းတော့ ပိုနေပြီ}
ဖေဖေဝမ်၏ လျှာစွမ်းက ပို၍ပို၍ အဆိပ်ပြင်းလာသည်ဟုသာ ပြောနိုင်တော့သည်။
လူငယ်က ဤရုန့်ရင်းသော စကားလုံးဒဏ်ကို လုံးဝမခံနိုင်ပေ။
သူဌေးထန်က တကယ်ကို ကူကယ်ရာမဲ့သလို ခံစားခဲ့ရသည်။
သို့သော် ဖေဖေဝမ်က သူ၏ အဆိပ်ပြင်းသော စကားလုံးများကို မှားသည်ဟု လုံးဝ မထင်ကြောင်း ထင်ရှားနေသည်။
"အဆိပ်ပြင်းသော ကြက်စွပ်ပြုတ်" ကို လူတိုင်းကြားဖူးကြမည် ဖြစ်သည်။
၎င်းက "စိတ်ဝိညာဉ်အတွက် ကြက်စွပ်ပြုတ်" စာအုပ်စီးရီး၏ ဆန့်ကျင်ဘက်ဖြစ်ပြီး စိတ်အားထက်သန်မှုကို လှုံ့ဆော်သော အောင်မြင်ရေး ဘဝဇာတ်ကြောင်းများ ပါရှိသည်။
တရုတ်အင်တာနက် အသုံးပြုသူများက ထိုကဲ့သို့ ဇာတ်လမ်းများကို ညီးငွေ့ကြပြီး ထိုအစား ကြမ်းတမ်းခက်ထန်ပြီး တစ်ခါတစ်ရံတွင် ဟာသဆန်သော ဘဝ ပုံတိုပတ်စများကို မျှဝေကြသည်။
"သင်က တစ်စုံတစ်ရာကို အလိုရှိနေသမျှ ကာလပတ်လုံး ကမ္ဘာပေါ်က ဘက်အခက်အခဲမှ သင့်ကို မတားဆီးနိုင်ဘူး"
ဖေဖေဝမ်က ထိုစကားပုံကို သဘောမကျပေ။
လူတစ်ယောက်က တစ်စုံတစ်ခုအတွက် အရည်အချင်း မရှိလျှင် ၎င်းကို အတင်းအကျပ် ဆုပ်ကိုင်ထားသည်က အလွန်မိုက်မဲသော လုပ်ရပ်က ဖေဖေဝမ်က ခံစားရသည်။
အသက်မွေးဝမ်းကြောင်း လုပ်ငန်းတိုင်းတွင် ထိပ်တန်းအဆင့် ကျွမ်းကျင်ပညာရှင်များ ရှိကြသည်။
သစ်ပင်တစ်ပင်တည်းကိုသာ အဘယ်ကြောင့် ဇွတ်အတင်း တွယ်တက် နေရပါသနည်း။
တခြားသစ်ပင်တွေ အပေါ် တက်ဖို့ အကြိမ်အနည်းငယ်လောက် ကြိုးစားကြည့်သင့်သည် မဟုတ်လော။
အဆိပ်ပြင်းသောလျှာဖြင့် အိပ်မက်ကို ချေမှုန်းခြင်း...
ဖေဖေဝမ်က စီနီယာ တစ်ယောက် အနေဖြင့် ဤလူငယ်ကို အမှန်တရားအား နောက်ကျမှ သိရှိစေခြင်းထက် မှန်ကန်သော လမ်းကြောင်း ပေါ်သို့ ပြန်လည် ရောက်ရှိစေရန် ပညာပေးခြင်းနှင့် သွန်သင်ဆုံးမခြင်းက သင့်လျော်သော လမ်းညွှန်မှုဟု ခံစားမိသည်။
"လင်းလင်း သီချင်းဆိုမလား"
ထိုအချိန်တွင် ဖေဖေဝမ်က ဝမ်လင်းအား ရုတ်တရက် လှည့်ကြည့်၍ မေးလိုက်သည်။
ဝမ်လင်းက နှုတ်ဆိတ်နေသည်။
"............."
"ဆရာ.. မင်းရဲ့သားက ဂီတကို လေ့လာနေတာလား"
သူဌေးထန်က အနည်းငယ် စပ်စုလိုက်သည်။
ဖေဖေဝမ်က ခေါင်းခါယမ်းလိုက်သည်။
"သူက ဒီနှစ်မှ အထက်တန်းကျောင်းမှာ Grade 1ပဲ ရှိသေးတာလေ.. အားလပ်ချိန်မှာ ဂစ်တာ နည်းနည်းပါးပါးတော့ တီးလေ့ရှိတယ်.. အပျော်တမ်းလို့ ပြောလို့ရပါတယ်.. ဒါပေမယ့် သူသာ ကြိုးစားရင် ဂီတနယ်ပယ်ရဲ့ တစ်ဝက်လောက်ကို ပိုင်ဆိုင်နိုင်လိမ့်မယ်လို့ ငါယုံကြည်တယ်"
သူဌေးထန်က ခေါင်းခါယမ်းလိုက်သည်။
"မဟုတ်ဘူး.. ဂီတနယ်ပယ် တစ်ဝက်က ဆရာ ဝမ်ပျဲပေါ် ပိုင်တာပါ"
သူဌေးထန်က ဖေဖေဝမ်၏ အဆိုကို သဘောမတူကြောင်း ပွင့်ပွင့်လင်းလင်း ပြသလိုက်သည်။
"............"
သူဌေးဝမ် ပြောသည့် ဆရာ ဝမ်ပျဲပေါ်မှာ ထူးထူးဆန်းဆန်း စကားများကို ကြီးကြီးကျယ်ကျယ် ပြောတတ်သူ ဖြစ်သည်။
သူသာ ရော့ခ်ဂီတနယ်ပယ်မှာ ကျရှုံးသွားရင် ဂီတနယ်ပယ်တစ်ဝက်လောက်က ကျရှုံးသွားလိမ့်မည်ဟု မီဒီယာတွေ ရှေ့တွင် တစ်ချိန်က ပြောခဲ့ဖူးသည်။
ယင်းကြောင့် "ဝမ်ပျဲပေါ်"ဟူသည့် အမည်ပြောင်ကို ရလာခြင်းဖြစ်သည်။
(ပျဲပေါ်= တစ်ဝက်တစ်ပျက်)
ဖေဖေဝမ်၏ အမွှမ်းတင်သည့် စကားမှာ ယခုအချိန်တွင် အခြေအမြစ် မရှိသော စကားလို ဖြစ်နေသည်။
ဖေဖေဝမ်က သားဖြစ်သူကို အမွမ်းတင် နေသောအခါ လေလွင့် အဆိုတော်က ကျေနပ်မှု မရှိကြောင်း ပြင်းပြင်းထန်ထန် ဖော်ပြခဲ့သည်။
"ကျနော်က တေးရေးဆရာ တစ်ယောက်ရဲ့ လက်အောက်မှာ ဂီတကို လေ့လာခဲ့တာပါ... မင်းရဲ့ သားက အပျော်တမ်းပဲလေ.. ဂီတနယ်ပယ်ရဲ့ တစ်ဝက်လောက်ကို အပိုင်စားရမယ်လို့ ပြောနေတာက ချဲ့ကားလွန်းနေတာ မဟုတ်ဘူးလား"
"သွား.. လင်းလင်း.. မင်းရဲ့ တကယ့် အရည်အချင်းကို ပြသဖို့ အချိန်ရောက်ပြီ"
ဖေဖေဝမ်က သူ၏ ဖြူဝင်းသော သွားများပေါ်အောင် ပြုံးလိုက်ပြီး လက်မထောင်ပြလိုက်သည်။
သူ့သွားများ အနည်းငယ် ဝင်းလက်နေသည်ကို လူတိုင်း မမြင်မြင်အောင် ကြွားနေသလိုပင်။
ဝမ်လင်း "တကယ်ကြီး ဆိုရမှာလား"
ဝမ်လင်းက အမှန်တကယ် ငြင်းဆန်ချင်ခဲ့သည်။
ဂစ်တာနည်းနည်း တီးရုံက အဆင်ပြေသော်လည်း တစ်ချိန်တည်းမှာ သီချင်းဆို ရသည်က တော်တော် ပြဿနာကြီးသည်။
အဘယ်ကြောင့်ဆိုသော် သူ့မူရင်းကိုက 'အသံတိတ်မုဒ်' ဖြစ်နေသောကြောင့် ဖြစ်သည်။
အဆုံးသတ်တွင် ဖေဖေဝမ်၏ တိုက်တွန်းသော အကြည့်အောက်၌ ကျရှုံးသွားပြီး သီချင်းဆိုရန် ဆုံးဖြတ်လိုက်တော့သည်။
ပထမဆုံး အချက် အနေဖြင့် သူသာ ငြင်းရင် ဖေဖေဝမ်က မုန့်ဖိုးဖြတ်ပစ်မည်ကို စိုးထိတ်နေမိသည်။
ဒုတိယအချက်မှာ ဤလူငယ်၏ မထီမဲ့မြင် အကြည့်က သူ့ကို အနည်းငယ် စိတ်အနှောင့်အယှက် ဖြစ်စေခဲ့သောကြောင့် ဖြစ်၏။
သူ့အနေဖြင့် အဘယ်ကြောင့် ခဏတဖြုတ် မဖျော်ဖြေရပါမည်နည်း။
ထို့ကြောင့် ဝမ်လင်းက ထောင့်နားသို့ တိတ်တဆိတ် သွားကာ ထန်ယိုနင်၏ သစ်သားဂစ်တာကို ကောက်ကိုင်လိုက်သည်။
သူက အသက်ကို ခပ်ပြင်းပြင်းရှူလိုက်၏။
ကျောင်းမှာ အသည်းယားစရာ ဖြတ်သန်းခဲ့ရသည့် နေ့ရက်တွေထက်ပင် ပို၍ စိတ်လှုပ်ရှားနေမိသည်။
ထန်ယိုနင်က လက်ပိုက်၍ ကြည့်နေပြီး ရှုံ့ချရန် အသင့်ဖြစ်နေသည်။
"အိုး.. မင်း အခု စိတ်လှုပ်ရှားနေပြီလား.. ငါဆို လမ်းမတွေပေါ်မှာ တစ်ချိန်လုံး သီချင်းဆိုနေတာလေ.. ငါ့ကို ကြည့်နေတဲ့ လူတွေ အများကြီးရှိပေမဲ့ တစ်ခါမှ စိတ်မလှုပ်ရှားဖူးဘူး"
ဝမ်လင်းက လေလွင့် အဆိုတော်ကို ဂရုမစိုက်ဘဲ တစ်နေရာသို့ ငေးစိုက်ကြည့်နေသည်။
သူ့အမူအရာက တုန်ယင်မှု အနည်းငယ်ပင် ရှိမနေခဲ့ပေ။
{ကမ္ဘာပေါ်က ဘယ်သီချင်းကို ဆိုပြရင် ကောင်းမလဲ}
ဟွာရှို့နိုင်ငံက ဂီတကို သိပ်အလေးမပေးသောကြောင့် ပတ်ဝန်းကျင်တွင် လူကြိုက်များသော သီချင်းများစွာ မရှိခဲ့ပေ။
ယင်းက သီချင်းကောင်းတွေကို ဝမ်လင်း မဆိုတတ်ဟု မဆိုလိုပေ။
သူ၏ ကောင်းကင်နား စွမ်းရည်က FM ရေဒီယိုကဲ့သို့ ဖြစ်တည်မှုရှိပြီး မည်သည့်ဂြိုဟ်တွင် မဆို တည်ရှိသည့် ကမ္ဘာ့လိုင်း မှန်သမျှကို ချိတ်ဆက်နိုင်သည်။
ခဏလောက် စဉ်းစားပြီးနောက် ဝမ်လင်းက အခြားဂြိုဟ် တစ်ခုမှ သူကြားဖူးသည့် သီချင်းတစ်ပုဒ်ကို ရုတ်တရက် ပြန်အမှတ်ရပြီး သီချင်း စဆိုရန် ပြင်လိုက်၏။
သူက ဂစ်တာကို ကိုင်ထားရင်း သီချင်း တီးခတ်ရာတွင် လိုက်လျောညီထွေမှု ရှိစေရန် အကြိမ်ပေါင်းများစွာ စစ်ဆေးခဲ့သည်။
ဂီတာထဲမှ လန်းဆန်းတက်ကြွမှု အပြည့်ရှိသော အသံက ထွက်ပေါ်လာသည်။
ထို့နောက်တွင် ဝမ်လင်းက စတင် သီဆိုခဲ့၏။