တောင်ပိုင်းထျန်းဟဲ၏ အထူးပြုမှုကား အဘယ်အရာနည်း
Vol. 10 Ch. 137
ဝမ်လင်း၏ ဘဝတွင် အလိုအရှိဆုံး အရာမှာ အေးဆေး တည်ငြိမ်စွာ နေထိုင်ရန် ဖြစ်ပြီး အခြားအရာများကို အလိုမရှိသလောက်ပင် ဖြစ်သည်။
သို့သော် သူလိုချင်သည့် အရာတွေနှင့် အမြဲတမ်း ဆန့်ကျင်ဘက် ဖြစ်သွားသည်ကို သူနားလည်ခဲ့၏။
သာမန်ဘဝက သူ့အတွက် ခက်ခဲလွန်းနေသည်။
စာသင်ချိန်၏ ပဉ္စမပတ်.. မေလ ၂၉ ရက် စနေနေ့ ဖြစ်သည်။
နံနက်ခင်းတစ်ခုတွင် ဝမ်မိသားစု၏ အိမ်ရှေ့၌ တံခါးခေါက်သံ ထွက်ပေါ်လာသည်။
လွန်ခဲ့သည့်နှစ်ရက်က "အလှလေးကြောင့် ဒေါသအမျက်ထွက်နေရသည့် ဝမ်စစ်ထူ" ဟူသည့် ပို့စ်ကြောင့် ဖေဖေဝမ်က သူ ပုံမှန် ရေးသားရမည့် အခန်းများကို မရေးဖြစ်ဘဲ နောက်ကျကျန်ခဲ့သည်။
ဖေဖေဝမ်က စာမူကို အမီပြီးရန် တစ်ညလုံး မအိပ်ဘဲ ရေးသားခဲ့ရ၍ နံနက်ခင်းရောက်မှ အိပ်ရာဝင်ခဲ့ရ၏။
ထို့ကြောင့် ဝမ်လင်းကိုယ်တိုင် တံခါး ဖွင့်လိုက်သည်။
တံခါးဝတွင် ဗုံးပစ် စီနီယာ အင်မော်တယ်က မိန့်မိန့်ကြီး ရပ်နေသည်။
ဝမ်လင်း ကိုယ်တိုင် တံခါးလာဖွင့်သည်ကို မြင်လိုက်ရသဖြင့် လှိုက်လှိုက်လှဲလှဲ နှုတ်ဆက်လိုက်သည်။
"မင်္ဂလာနံနက်ခင်းပါ ညီနောင်လင်း"
"..........."
ဝမ်လင်း၏ အမူအရာက အေးစက်သွားသည်။
တစ်ခါတရံတွင် ဗုံးပစ်ခြင်း စီနီယာ အင်မော်တယ်က ဝမ်လင်းနှင့် သူငယ်ချင်း ဖြစ်ရခြင်းမှာ အလွန်ပင်ပန်းသည်ဟု ခံစားမိသည်။
ညီနောင်လင်း၏ ကိုယ်ဟန်အမူအရာကို ဖတ်တတ်ရန် သူ့အနေဖြင့် မနည်း ကြိုးစားခဲ့ရ၏။
မဟုတ်လျှင် သူ့ကို လုံးဝ နားလည်နိုင်မည် မဟုတ်ပေ။
ဝမ်လင်းက သူ၏ စံသတ်မှတ်ချက် ဖြစ်သည့် ဖော်ရွေမှုမရှိသော အကြည့်ဖြင့် ကြည့်လိုက်သည်။
ကျင့်ကြံခြင်း လောကရှိ ဝမ်လင်း၏ သူငယ်ချင်း အနည်းငယ်ထဲမှ တစ်ဦး အနေဖြင့် ဗုံးပစ်စီနီယာ အင်မော်တယ်မှာ ဝမ်လင်း၏ မျက်လုံးများထဲမှ ထူးဆန်းသော အရိပ်အမြွက်ကို ဖတ်ရှုနိုင်ခဲ့၏။
၎င်းကို စကားလုံးလေးလုံးဖြင့် အကျဉ်းချုံးနိုင်သည်။
ယင်းမှာ "မင်းဘာလို့ဒီကိုရောက်နေတာလဲ" ဖြစ်၏။
ဗုံးပစ်စီနီယာ အင်မော်တယ်က သူ့လက်ထဲမှ အိတ်ကို ကမ်းပေးလိုက်သည်။
"ငါ့ရဲ့ စိတ်ဝိညာဥ် မြေဆီလွှာမှာ စီနီယာကြီး ငါ့ကို လက်ဆောင်ပေးခဲ့တဲ့ ဘရိုကိုလီကို စိုက်ပျိုးခဲ့တယ်.. မနက်တိုင်း ပုံမှန် ရေလောင်းတော့ ခဏလေးနဲ့ အရမ်းကြီးထွားလာတယ်လေ.. ဒီ လတ်လတ်ဆတ်ဆတ် ဘရိုကိုလီ တစ်ထုပ်ကို ခူးဆွတ်ပြီး စီနီယာကြီးတွေကို ပေးချင်လို့ပါ"
စကားတစ်ခွန်းမှ မပြောဘဲ ဝမ်လင်းက တံခါးကို ပိတ်လိုက်သည်။
ဗုံးပစ်စီနီယာ အင်မော်တယ်က သူ့လက်ကို တံခါးကြားထဲသို့လျင်မြန်စွာ ထိုးထည့်လိုက်သည်။
"ညီနောင်လင်း.. ခဏနေပါဦး.. ငါဒီနေ့ ရောက်လာတာ အလုပ်ကိစ္စလည်း ပါပါတယ်.. နောက်ဆုံးအချိန်က တတိယ သူတော်စင်ကို မှတ်မိသေးလား.. သူက ငါ့ ဇိမ်ခံအိမ်ကို ခရီးဆောင် အိတ်တစ်ခု ပို့ပေးပြီး မင်းကို ကြည့်စေချင်နေတယ်"
ဝမ်လင်းက ခဏလောက် စဉ်းစားပြီးမှ တံခါးလက်ကိုင်ကို ဖြေလျှော့ကာ ဝင်ခွင့်ပြုလိုက်သည်။
အိမ်ထဲသို့ ဝင်ရောက်ပြီးနောက် ဗုံးပစ်စီနီယာ အင်မော်တယ်က အိမ်တွင်းစီး ဖိနပ်ကို စီးလိုက်ပြီး နှလုံးသားထဲကနေ အဆုံးမရှိ မြည်တမ်းလိုက်သည်။
ယခုခေတ်တွင် စီနီယာကြီးများ အေးအေးဆေးဆေး ဇာတ်မြုပ်နေထိုင်သည့် ဤသန့်ရှင်းသောနေရာမျိုးကို လာခွင့်ရရန်မှာ အလွန် ခဲယဉ်းလှသည်။
ယနေ့တွင် ဝမ်မိသားစု အိမ်ငယ်လေးက ထူးထူးခြားခြား တိတ်ဆိတ် ငြိမ်သက်နေသည်ကို ခံစားမိပြီး သူက စိတ်ရှုပ်ထွေးစွာဖြင့် မေးလိုက်၏။
"ညီနောင်လင်း.. စီနီယာကြီးတွေ ဒီနေ့ အိမ်မှာ မရှိဘူးလား"
ဝမ်လင်းက ရှင်းပြရန် ပျင်းလွန်းသဖြင့် ကော်ဖီ စားပွဲပေါ်ရှိ ခရီးသွား မဂ္ဂဇင်းများကို သဲလွန်စအနေဖြင့် ညွှန်ပြလိုက်သည်။
ယင်းမှာ မေမေဝမ်နှင့် ဖိုးဖိုးဝမ်တို့ ခရီး မထွက်မီက မဂ္ဂဇင်းများ ဖြစ်သည်။
ဗုံးပစ်စီနီယာ အင်မော်တယ်က ချက်ချင်း သဘောပေါက်သွားသည်။
စီနီယာကြီးများက ခရီးထွက်သွားပုံရ၏။
သို့သော် ဦးတည်ချက်က အနည်းငယ် ထူးဆန်းနေသည်။
"ဟဲနန်လား.."
"တောင်ပိုင်း ထျန်းဟဲလား"
ထိုနေရာက သာမန်လူများ အတွက် သာယာလှပသော ခရီးသွားနေရာတစ်ခု ဖြစ်နိုင်သော်လည်း ကျင့်ကြံသူများ အတွက် တန်ဖိုးမရှိဟု သူခံစားမိသည်။
တောင်ပိုင်းထျန်းဟဲတွင် သဘာဝ စိတ်ဝိညာဉ် စွမ်းအင်များ ချို့တဲ့ရုံ သာမက စိတ်လှုပ်ရှားစရာ စွန့်စားခန်းဖွင့်၍ ရသည့်နယ်မြေများပါ ပျောက်ကွယ်နေပြီ ဖြစ်၏။
ယနေ့ခေတ်တွင် သာယာလှပသော သဘာဝ ရှုခင်းနယ်မြေများသည် ကျင့်ကြံသူများနှင့် ၎င်းတို့၏ ငွေကြေးများကို သဲ့ယူရန် ကြိုးကြိုးစားစား ဖန်တီးထားသည့် လှည့်ကွက်များဖြစ်လာသည်။
လက်ရှိတွင် လူကြိုက်အများဆုံး နေရာများမှာ နွားနက် ရတနာမြို့တော် ဖြစ်ကောင်း ဖြစ်နိုင်ပြီး နတ်ဆိုးအိုဟန် ယခင် နေထိုင်သော နေရာဖြစ်သည့် malegebi ၏ မွန်မြတ် သန့်စင်သော မြေလည်း ဖြစ်နိုင်သည်။
ဗုံးပစ်စီနီယာ အင်မော်တယ်က ခရီးသွား မဂ္ဂဇင်းများကို အချိန်အတော်ကြာ စိုက်ကြည့်နေခဲ့သည်။
နောက်ဆုံးတွင် သူက မေးစေ့ကို ပွတ်သပ်လိုက်ပြီး သက်ပြင်းမချဘဲ မနေနိုင်တော့ချေ။
"ငါဒီမဂ္ဂဇင်းနှစ်စောင်ကို အိမ်ယူသွားပါရစေ.. စီနီယာကြီး နှစ်ယောက် သွားလည်ဖို့ ရွေးချယ်ခဲ့တယ် ဆိုမှတော့ ဒီနေရာနဲ့ ပတ်သက်ပြီး ထူးထူးခြားခြား တစ်ခုခု ရှိနေမှာ အသေအချာပဲ"
ဝမ်လင်း "............"
ဗုံးပစ်စီနီယာအင်မော်တယ် "ငါမှတ်မိသလောက်ဆို တောင်ပိုင်းထျန်းဟဲမှာ ထူးထူးခြားခြား ဘာမှ မရှိပါဘူး.. ဒါပေမဲ့ ရေဆိုးမြောင်း အဖုံး တွေကိုတော့ မရေတွက်ရသေးဘူး"
ဝမ်လင်းက မည်သို့ ပြန်ပြောရမည်ကိုပင် မသိတော့ပေ။
"..............."
သမိုင်းက သူ့ကို ပြောပြခဲ့သည်။
ဒေသတစ်ခု၏ အစိတ်အပိုင်းကို နှောင့်ယှက်သူအတွက် ပျော်ရွှင်စရာ အဆုံးသတ်က ရှိလာမည် မဟုတ်ချေ။
"စကားမစပ်.. ညီနောင်လင်း.. တတိယသူတော်စင် ပေးလိုက်တဲ့ ခရီးဆောင်အိတ်ကို ဖွင့်ကြည်ပါလား
နောက်ဆုံးတွင် ဗုံးပစ်စီနီယာ အင်မော်တယ်က လာရင်းကိစ္စသို့ စိတ်ပြန်လည်လာခဲ့သည်။
ဝမ်လင်း တိတ်တဆိတ် ခေါင်းညိတ်လိုက်သည်။
ဗုံးပစ် စီနီယာ အင်မော်တယ်၏ လက်ထဲတွင် ဝိညာဉ်အလင်းတန်း တစ်ခု လင်းလက်လာပြီး သော့ခတ်ထားသော ခရီးဆောင် အိတ်တစ်ခု ပေါ်လာသည်။
"သော့ကို ကုဒ်ဝှက်ထားပုံပဲ.."
ဝမ်လင်းက ကောင်းကင်မျက်လုံးကို အသုံးပြု၍ သေသေချာချာ စစ်ဆေးကြည့်ရှုခဲ့သည်။
ထိုအချိန်က တတိယသူတော်စင်ကို သူလွှတ်ပေးခဲ့သည်။
ထိုလူက ယခု ဘယ်ရောက်နေမှန်း မသိရသော်လည်း ပေးထားသည့် ကတိကို အမှန်တကယ် လိုက်နာပြီး မော့အင်မော်တယ်ရဲတိုက် အတွက် အလုပ်မလုပ်တော့ပေ။
တစ်ချိန်တည်းမှာပင် သူတော်စင်ဆယ်ပါး အဖွဲ့မှလည်း နုတ်ထွက်သွားခဲ့သည်။
ဝမ်လင်းက ခရီးဆောင်အိတ်ထဲတွင် တစ်စုံတစ်ခုကို ဖွက်ရန် တတိယသူတော်စင် ဉာဏ်သုံးထားသည်ဟု ခံစားမိသည်။
ဝမ်လင်းက အိတ်ပေါ်ရှိ သော့ကို ကိုင်လိုက်ပြီး မျက်မှောင်ကြုတ်လိုက်သည်။
သော့က ကြေးကျောက်စိမ်းဖြင့် ပြုလုပ်ထားပြီး စကြာဝဠာတွင် အခက်ခဲဆုံးအရာ မဟုတ်သော်လည်း ကမ္ဘာပေါ်တွင် အခက်ခဲဆုံးများထဲမှ တစ်ခုအဖြစ် အဆင့် သတ်မှတ်ခံရဆဲဖြစ်သည်။
သို့သော် ၎င်းက တကယ့် ပြဿနာ မဟုတ်ပေ။
တကယ့် ပြဿနာမှာ တတိယသူတော်စင်က သော့ကို ကုဒ်ဝှက်ထားခြင်း ဖြစ်သည်။
ဗုံးပစ်စီနီယာအင်မော်တယ် "သော့ကို ကြည့်ရတာ အတော်လေး အနုစိတ် ဒီဇိုင်းထုတ်ထားပုံပဲ.. သော့က အပိတ်မပါဝင်ပေမဲ့ စကားဝှက်မသိဘဲ ဖွင့်လို့မရအောင် ကုဒ်ဝှက်ထားတဲ့ အစီအရင် တစ်ခု ရှိနေတယ်.. သော့ဖွင့်ဖို့ဆိုရင် ဒီအစီအရင်ကို ကုဒ်ဖြည်ဖို့ လိုအပ်တယ်"
"ငါလွန်ခဲ့တဲ့ နှစ်ရက်ထဲက ကုဒ်ဖြည်ဖို့ အချက်အလက်တွေ အများကြီး ရှာဖွေခဲ့ပေမဲ့ အခုထိ ဘာမှတော့ မထူးသေးဘူး.. နှစ်ရက်လုံးလုံး သုတေသန လုပ်ထားပေမယ့်လည်း ချိုးဖျက်လို့ မရဘူး.. ညီနောင်လင်းမှာရော သော့ကိုဖွင့်ဖို့ အကြံဥာဏ်ကောင်းတွေ ရှိလား"
ဗုံးပစ်စီနီယာ အင်မော်တယ်၏ စကားဆုံးသည်နှင့် ဝမ်လင်းက သော့ဆီသို့ သူ့လက်ကို ဆန့်ထုတ်လိုက်သည်။
ထို့နောက် "ကလစ်"
ကြေးကျောက်စိမ်းသော့က ဖုန်မှုန့်များ အဖြစ် တိုက်ရိုက် ပြောင်းလဲသွားပြီး ခရီးဆောင်အိတ်က ပွင့်သွားသည်။
"............"
ထို့နောက် ဝမ်လင်းက ခရီးဆောင် အိတ်ကို ဗုံးပစ်စီနီယာ အင်မော်တယ် ဆီသို့ တွန်းပို့ခဲ့သည်။
ဗုံးပစ် စီနီယာ အင်မော်တယ်".........."
{လခွမ်း.. ဒါက တအားကြမ်းလွန်းသွားပြီ}
ဝမ်လင်း မှန်းဆထားသည့် အတိုင်းပင် ခရီးဆောင်အိတ်ကို ဖွင့်လိုက်သည်နှင့် ဒေတာ အစုအဝေး တစ်ခုက သူတို့၏ မျက်လုံးများကို ဆွဲဆောင်သွားခဲ့သည်။
၎င်းကို အကြမ်းဖျင်း ကြည့်ရှုလိုက်ရာ ရှုမျှော်ခင်းနယ်မြေ လုပ်ငန်းစုနှင့် မော့အင်မော်တယ် အကြားရှိ နောက်ကွယ်မှ စီးပွားရေး အရောင်းအ၀ယ်များ၏ မှတ်တမ်းများ ဖြစ်ကြောင်း သိရှိလိုက်ရသည်။
အကယ်၍ ၎င်းတို့သာ အနာဂတ်တွင် မော့အင်မော်တယ်ရဲတိုက်ကို တရားစွဲဆိုရန် အခွင့်အရေးရခဲ့လျှင် ဤအရာအားလုံးမှာ သက်သေ ဖြစ်လာမည် ဖြစ်သည်။
"မော့အင်မော်တယ် ရဲတိုက်ရဲ့ အကောင့်စာအုပ်တွေက တတိယသူတော်စင် လက်ထဲ ရောက်နေလိမ့်မယ်လို့ ဘယ်တုန်းကမှ မထင်ခဲ့မိဘူး.. ဒါက ခိုင်လုံတဲ့ သက်သေတစ်ခုပဲ.. အစကတော့ သက်သေ တစ်စုံတစ်ရာ ရှာမတွေ့နိုင်တော့မှာကို အရမ်း စိုးရိမ်နေမိတာ"
ဤစာရင်းက အံ့သြစရာကောင်းသော်လည်း ဗုံးပစ်စီနီယာအင်မော်တယ်က အနည်းငယ် စိတ်ပျက်နေသေးသည်။
ဤအထောက်အထားများမှာ လက်ရှိ အခြေအနေအပေါ် များစွာ သက်ရောက်မှုရှိမည် မဟုတ်ပေ။
အများစုမှာ စျေးကွက်တွင် လူသိများသော ပညာရေးအဖွဲ့အစည်းတစ်ခု ဖြစ်သည့် မော့အင်မော်တယ်ရဲတိုက်၏ လျှို့ဝှက် လုပ်ဆောင်မှုများကို သက်သေပြနိုင်ရုံပင်။
ထိုရဲတိုက်၏ သခင်က အလွန်သတိရှိသူ တစ်ဦး ဖြစ်သည်။
အချိန်ကြာလာသည်နှင့်အမျှ တတိယသူတော်စင် တွေ့ရှိခဲ့သော မှတ်တမ်းများမှာ နောက်ဆုံးတွင် ဖုံးကွယ်သွားလိမ့်မည်ဖြစ်သည်။
ဤလူများအတွက် ငွေကြေးခဝါချခြင်းမှာ ထမင်းစား ရေသောက် သကဲ့သို့ပင် လွယ်ကူသည်။
ဝမ်လင်းက ခရီးဆောင်အိတ်ကို ခဏမျှ စိုက်ကြည့်နေသည်။
ထို့နောက် သူက အချက်အလက် အစုအဝေးကို တွန်းဖယ်လိုက်ပြီး နောက်ဆုံးတွင် အိတ်၏ အတွင်းအောက်ခြေ၌ မထင်မရှား လျှို့ဝှက်အခန်း တစ်ခုကို ရှာဖွေတွေ့ရှိခဲ့သည်။
ဤအခန်းကို နေရာလွတ် စွမ်းရည်ဖြင့် ချဲ့ထွင်ထားသော်လည်း အပြင်ဘက်တွင်မူ အပ်တစ်ချောင်းကဲ့သို့ ပါးလွှာသည်။
မည်သို့ပင် ဆိုစေကာမူ ဝမ်လင်း၏ မျက်လုံးမှ မလွတ်မြောက်နိုင်ခဲ့ပေ။
ဤသည်ကိုကြည့်၍ တတိယသူတော်စင်က ဤခရီးဆောင်အိတ်ကို အခြားသူများလက်သို့ မကျရောက်အောင် ကာကွယ်ထားကြောင်း သူတို့ စိတ်ကူးကြည့်နိုင်သည်။
တခြားတစ်ယောက်ယောက်က ဤမှတ်တမ်းတွေကို လက်ဝယ်ရခဲ့လျှင်ပင် နားလည်နိုင်မည် မဟုတ်ပေ။
လျှို့ဝှက်ခန်းအတွင်း ရှိသော အရာမှာ အဓိက အရာဖြစ်မှန်း သိသာ ထင်ရှားလှသည်။
"ညီနောင်လင်းလို့ မပြောရဘူး.. ဒါကိုတောင် တွေ့အောင်ရှာနိုင်တယ်.."
ဗုံးပစ်စီနီယာ အင်မော်တယ်က အခွင့်အရေး ရသည်နှင့် မြှောက်ပင့်လိုက်သည်။
သူက စိတ်ဝိညာဉ်စွမ်းအင်ကို အသုံးပြု၍ လျှို့ဝှက်ခန်း အတွင်းမှ အရာဝတ္ထုကို ဆွဲထုတ်လိုက်သည်။
ထို့နောက်တွင် အနီရောင် ဘရိုကိတ် အိတ်ငယ်လေးကို တွေ့လိုက်ရ၏။