← Chapters

ရဲတိုက်သခင်က ထပ်ပြီး ပြဿနာ ရှာချင်နေတယ်

Vol. 10 Ch. 140

ရဲတိုက်သခင်က ထပ်ပြီး ပြဿနာ ရှာချင်နေတယ်

Vol. 10 Ch. 140

ဆေးရုံတွင် စုစုပေါင်း အထပ်သုံးဆယ်ရှိပြီး ထူးခြားသော လူနာများကို ကုသပေးသည်။

ဓာတ်လှေကားထဲ ရောက်သောအခါ အမျိုးသမီး သူနာပြု တစ်ယောက်က ဆေးရုံတွန်းလှည်းကြီးကို ဓာတ်လှေကားထဲကနေ တွန်းထုတ်လာခဲ့သည်။

သူမက ဒါရိုက်တာလီကို တွေ့သည်နှင့် ကမန်းကတန်း ဦးညွှတ်၍ နှုတ်ဆက်လိုက်သည်။

"ဒါရိုက်တာလီ.. မင်္ဂလာနံနက်ခင်းပါနော်"

ဒါရိုက်တာလီက မှတ်ဉာဏ်ကောင်းသည်။

သူက ဤဆေးရုံ အဆောက်အဦးတွင် အလုပ်လုပ်သည့် သူနာပြု အများစု၏ နာမည်ကို မှတ်မိသည့် အပြင် မည်သည့်လူနာတွေကို ပြုစုစောင့်ရှောက်ပေးနေလဲ ဆိုသည်က အစ အသေးစိတ် မှတ်မိသည်။

"သူနာပြုလျှို.. ဒီနေ့ လူနာအခြေအနေ ဘယ်လိုလဲ"

ဒါရိုက်တာလီက မေးလိုက်သည်။

သူနာပြုလျှို ပြုစုပေးနေသော လူနာမှာ အလွန်ထူးခြားသည်။

သူ့လူနာ အကြောင်း မေးသည်ကို ကြားလိုက်သည်နှင့် သူနာပြု ဆရာမလေး၏ မိုးမခမျက်ခုံးက အောက်သို့ ကိုင်းညွှတ်သွား၏။

သူမ အလွန် စိတ်ပျက်သွားပုံရသည်။

"ခါတိုင်းလိုပါပဲ.. လူနာက သူ့ကိုယ်သူ အချိန်ခရီးသည်တစ်ယောက်လို့ ညွန်းနေတဲ့အပြင် စူပါ ပါဝါရှိတယ်လို့ပါ အဓိပ္ပါယ်မရှိ အခိုင်အမာ အော်ဟစ်နေတာလေ"

ဗုံးပစ်စီနီယာ အင်မော်တယ် "ဘယ်လိုစူပါ ပါဝါမျိုးလဲ"

သူနာပြုလျှို " ကျမ ရှင့်ကို သရုပ်ပြမယ်..."

ထိုသို့ပြောပြီးနောက် သူနာပြုလျှိုက ချက်ချင်း ဘယ်ခုန်လိုက် ညာခုန်လိုက် လုပ်ကာ ပါးစပ်ကနေ "ဝှစ်"ဟု ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

ဒါရိုက်တာလီ "............."

ဤရှက်ရွံ့ဖွယ်ကောင်းသော ဖျော်ဖြေမှုအပြီးတွင် သူနာပြုလျှိုက စိတ်တည်ငြိမ်မှုကို လျင်မြန်စွာ ပြန်လည်ရရှိရန် အသက် ခပ်ပြင်းပြင်း ရှူလိုက်ရသည်။

"အဲဒီလူနာက ချက်ချင်းပဲ တည်နေရာ ရွှေ့ပြောင်းနိုင်တယ်လို့ ပြောနေတာလေ"

ဗုံးပစ်စီနီယာ အင်မော်တယ်"........."

ဝမ်လင်း ".........."

"မင်းတို့ မြင်တဲ့အတိုင်းပဲ.. ငါတို့ဆီမှာ ထူးဆန်းတဲ့ လူနာတွေ အများကြီး ရှိတယ်.. လွန်ခဲ့တဲ့ နှစ်အနည်းငယ် အတွင်းမှာ ဟွာကောရေတံခွန် လုပ်ငန်းစုက ကုသရခက်တဲ့ ရောဂါတွေ အတွက် သုတေသနဌာန ထူထောင်ဖို့ ကြီးမားတဲ့ ရင်းနှီးမြုပ်နှံမှုတွေ လုပ်ပေးခဲ့တယ်.. ဒါပေမယ့် ကံမကောင်းစွာနဲ့ပဲ ဒီရောဂါတွေ အတွက် ထိရောက်တဲ့ ကုသနည်းကို ငါတို့ ရှာမတွေ့သေးဘူး"

ဒါရိုက်တာလီက သက်ပြင်းချလိုက်သည်။

သူတို့က ဒါရိုက်တာလီနှင့် အတူ ဓာတ်လှေကားထဲသို့ လိုက်ဝင်လာကြသည်။

ဒါရိုက်တာလီက ဆယ့်ရှစ်ထပ်သို့ သွားမည့် ခလုတ်ကို နှိပ်လိုက်ကြသည်။

"ဒီအဆောက်အဦးထဲက လူနာဆောင်တွေကို လူနာတစ်ယောက်ချင်းစီရဲ့ အခြေအနေ ရှုပ်ထွေးမှုအပေါ် မူတည်ပြီး စီစဉ်ပေးထားတယ်.. ရောဂါ ကုသရ ပိုခက်လေ အထပ်က ပိုမြင့်လေလေပဲ"

"ကျောင်းသား သုံးယောက်က ဘယ်အထပ်မှာလဲ"

ဗုံးပစ်စီနီယာ အင်မော်တယ်က ဆယ့်ရှစ်ထပ်သို့ ရောက်သွားသည်အထိ နှလုံးသားက တည်ငြိမ်သွားခြင်း မရှိပေ။

{ဆယ့်ရှစ်ထပ်တောင် ဒီလိုတွေ ဖြစ်နေပြီ... ဒါဆို အထပ်သုံးဆယ်မှာ ဘယ်လို ဝေဒနာသည်တွေများ ရှိနေနိုင်မလဲ}

သီးသန့် ခြံဝင်း အတွင်းရှိ လူနာများ၏ ကျန်းမာရေးအခြေအနေမှာ အခြေခံအားဖြင့် လျှို့ဝှက် အချက်အလက်များ ဖြစ်သည်။

သို့သော် ဒါရိုက်တာလီက သူ၏ အဆက်အသွယ်များမှတစ်ဆင့် တချို့ ကိစ္စရပ်များကို သိရှိနေခဲ့၏။

ဓာတ်လှေကား တက်နေစဉ် သူ မျက်မှောင်ကြုတ်သွားသည်။

"ကျွန်တော်သိသလောက်တော့ ကလေးသုံးယောက် ထဲက နှစ်ယောက်ရဲ့ အခြေအနေကို အခြေခံအားဖြင့် ထိန်းချုပ်ထားနိုင်ပေမယ့် အချိန်မရွေး လက်လွှတ်လိုက်ရတဲ့ ဖြစ်နိုင်ခြေတော့ ရှိတယ်.. ကျန်ကလေး တစ်ယောက်ကတော့ သူတို့ထက် အခြေအနေ ပိုဆိုးပါတယ်"

"ဗီဇပြောင်းဆေးမှာ ပါဝင်ပစ္စည်းတွေ ဘာပါလဲဆိုတာ ဆေးရုံက သိထားလား”

ဗုံးပစ်စီနီယာ အင်မော်တယ်က မေးလိုက်သည်။

"သူတို့က လူနာ မိသားစုတွေနဲ့ လျှို့ဝှက် သဘောတူညီချက်တွေမှာ လက်မှတ်ရေးထိုးပြီး လျော်ကြေးငွေ အများအပြားပေးထားတယ်.. သူတို့က ဆေးရဲ့ ပါဝင်ပစ္စည်း စာရင်းကိုတောင် မပေးဘဲ ကျနော်တို့ရဲ့ ကိုယ်ပိုင် နည်းလမ်းတွေနဲ့ ကုသဖို့ လုံးဝ လက်လွှဲထားခဲ့တယ်”

ဒါရိုက်တာလီက ခေါင်းခါလိုက်သည်။

"လက်ရှိ ကုသမှု ရလဒ်တွေအရ ဒီဆေးက သူတို့ရဲ့ ဆဲလ်တည်ဆောက်ပုံတွေကို ထိခိုက်စေရုံသာ မကဘဲ သူတို့ရဲ့ ဦးနှောက်ကိုပါ ထိခိုက်သွားစေပုံရတယ်.. လူနာဆောင်ကို ရောက်ရင် ကျနော် ဘာကိုဆိုလိုလဲ ဆိုတာကို စီနီယာတို့ သိလာပါလိမ့်မယ်..."

စက္ကန့်အနည်းငယ် အကြာတွင် ဓာတ်လှေကားက သက်ဆိုင်ရာအထပ်သို့ ရောက်ရှိလာသည်။

ဒါရိုက်တာလီက သူတို့ကို ရှည်လျားသော စင်္ကြံလမ်း တစ်ခုမှ တဆင့် အတွင်း အကျဆုံးနေရာရှိ လူနာဆောင်ကို ပို့ပေးခဲ့သည်။

လူနာဆောင်က အလွန်ကျယ်ဝန်းပြီး ကုတင်သုံးလုံးကို တစ်ခုနှင့် တစ်ခု ခပ်ခွာခွာ ထားထားသည်။

ထိုကုတင်သုံးလုံးကို ဖန်သားဖြင့် ပြုလုပ်ထား၏။

ဝမ်လင်းက သူ့အသက်အရွယ် ဝန်းကျင်ရှိ ကောင်လေးသုံးယောက်ကို တွေ့လိုက်ရသည်။

ပထမတစ်ယောက်က ကုတင်ပေါ်မှာ ထိုင်ရင်း မရပ်မနား လက်ခုပ်တီးနေသည်။

ဒုတိယ တစ်ယောက်က ကုတင်ပေါ်တွင် ဆန့်ဆန့်ကြီး မလှုပ်မယှက် လဲလျောင်းနေ၏။

တတိယတစ်ယောက်က ဝမ်းဗိုက်ကို ကြမ်းပြင်နှင့် ကပ်ကာ မှောက်လျက် အနေအထားဖြင့် ရှိနေသည်။

ဝမ်လင်းက သူ့ကိုယ်သူ အမြင်ကျယ်သွားသလို ခံစားလိုက်ရသည်။

စိတ်ရောဂါသည်များ၏ စိတ်ကူး အတွေးအမြင်တွေက ကျယ်ပြန့်သည် ဟူသော ဆိုရိုးစကား ရှိသည်။

ထိုစကားက အတော် မှန်ကန်ပုံရ၏။

ဖိုးဖိုးဝမ် မှတ်ဉာဏ်ချို့ယွင်းသော ရောဂါ ဖြစ်စဥ်ကလိုပင် သူ၏ စိတ်ဖတ်စွမ်းရည်က ဤလူငယ်သုံးယောက် အပေါ် အသုံးမဝင်ကြောင်း တွေ့လိုက်ရလျှင် သူက အံ့သြသွားသည်။

ဒါရိုက်တာလီက လက်ခုပ်တီးနေသည့် ပထမဆုံး လူနာကို လက်ညှိုးထိုးပြလိုက်သည်။

"ဒီပထမလူနာက ဗီဇပြောင်းဆေးကို သောက်ပြီးနောက်မှာ ကောင်းကင်မီးလျှံကို ဆင့်ခေါ်နိုင်တယ်လို့ သူ့ကိုယ်သူ အမြဲ ထင်နေတာလေ"

"ဒါဆို သူက ဘာလို့ လက်ခုပ်တီးနေတာလဲ"

ဗုံးပစ်စီနီယာ အင်မော်တယ်က စောဒက တက်လိုက်သည်။

ဒါရိုက်တာလီ "သူက ဒေါသဘုရားရဲ့ မီးကြာပန်းကို တုပနေတာပါ"

ဝမ်လင်း နှင့် ဗုံးပစ်စီနီယာ အင်မော်တယ် "............"

"စီနီယာတို့ မသိသေးလို့ပါ.. ဒီလူနာက အခု လက်ခုပ်တီးရုံလောက်ပဲ ဆိုတာ ကျနော်တို့က သူ့အခြေအနေကို လတ်တလော ထိန်းထားနိုင်လို့ပါ.. အရင်ကဆိုရင် လက်ခုပ်တီးပြီးတိုင်း ဒေါသဘုရားရဲ့ မီးကြာပန်းလို့ အော်ဟစ်လေ့ ရှိတယ်... ဒါကြောင့် သူ့ရောဂါကို နာတာရှည် သောက်ကမြင်းကြောထတဲ့ မနှစ်မြို့ဖွယ် ရောဂါလက္ခဏာစု အဖြစ် ကျနော်တို့ သတ်မှတ်ထားတယ် "

ဝမ်လင်း "..........."

ဒါရိုက်တာလီက ဒုတိယလူနာကို ညွှန်ပြလိုက်သည်။

"ဒုတိယလူနာရဲ့ အခြေအနေက ပထမလူနာထက် ပိုဆိုးတယ်.. ဗီဇပြောင်းဆေးရဲ့ ပြင်းထန်တဲ့ ဘေးထွက်ဆိုးကျိုးတွေက သူ့ခန္ဓာကိုယ်ရဲ့ ကိုယ်ပိုင် ထိန်းချုပ်ခွင့် စွမ်းရည်တွေကို လုံးဝဖယ်ရှားပစ်လိုက်တယ်လေ"

ဗုံးပစ်စီနီယာ အင်မော်တယ် "ဒီလူက အသီးအပွင့် အနေအထားမှာ ရှိနေတာလား"

ဒါရိုက်တာလီက ခေါင်းညိတ်လိုက်သည်။

"သူ့ရောဂါကို သတိရှိတဲ့ အသီးအပွင့် အခြေအနေလို့ ခေါ်ဆိုနိုင်ပါတယ်.. သူက စားနိုင်သေးပေမဲ့ အစာကိုတော့ ပါးစပ်ထဲ ထည့်ပေးရတယ်. အဆိုးဆုံးကတော့ ဝါးဖို့တောင် စိတ်မ၀င်စားတော့တဲ့ အချိန်ကစပြီး သူ့ခန္ဓာကိုယ်ကို အထောက်အပံ့ပေးဖို့ အာဟာရဓာတ်တွေ ပါတဲ့ ဆေးသွင်းတာမျိုးကို ပြောင်းလဲ လုပ်ဆောင်ခဲ့ရတာပဲ.. သူ့ရောဂါကိုလည်း နာတာရှည် သောက်ကမြင်းကြောထတဲ့ မနှစ်မြို့ဖွယ် ရောဂါလက္ခဏာစု အဖြစ်ပဲ ကျနော်တို့ သတ်မှတ်ထားတယ် "

"............"

ထို့နောက် ဒါရိုက်တာလီက နောက်ဆုံး လူနာကို ညွှန်ပြလိုက်သည်။

"သူတို့ သုံးယောက်ထဲမှာ တတိယလူနာက ဗီဇပြောင်းလဲခြင်း အောင်မြင်တယ်လို့ ယူဆနိုင်ပေမယ့် သူ့ရဲ့ အစွမ်းအစကတော့ အတော်လေး အားနည်းနေတယ်"

ဗုံးပစ်စီနီယာ အင်မော်တယ် "သူက ဘာလို့ ကြမ်းပြင်နှင့် ဝမ်းဗိုက်ကို ကပ်ထားရတာလဲ"

ဒါရိုက်တာလီ၏ အမူအရာက တည်ငြိမ်သွားသည်။

"သူက စပိုက်ဒါမန်းကို အတုခိုးနေတာ"

ဝမ်လင်းနှင့် ဗုံးပစ်စီနီယာ အင်မော်တယ် "............."

............................

ဒါရိုက်တာလီ၏ ဦးဆောင်မှုဖြင့် ဝမ်လင်းနှင့် ဗုံးပစ် စီနီယာအင်မော်တယ်တို့က "ညဆိုင်းသူနာပြုလေး" အဆောက်အဦးသို့ ဝင်သွားပြီး သိပ်မကြာမီမှာပင် ကားပါကင် နေရာရှိ (Maybach) ဇိမ်ခံကား၏ ပြတင်းပေါက်က အောက်သို့ ဖြည်းညင်းစွာ လျှောကျသွားခဲ့သည်။

ယာဉ်မောင်းထိုင်ခုံတွင် ထိုင်နေသူမှာ စုန့်ချင်းရှု၏ ငယ်သားဖြစ်သည့် အရပ်ရှည်ရှည်နှင့်လူ ဖြစ်သည်။

ဝမ်လင်းတို့ အဆောက်အဦးထဲသို့ ဝင်သွားသည်ကို သူက စောင့်ကြည့်ခဲ့ပြီး စုန့်ချင်းရှုကို ချက်ချင်း ဖုန်းဆက်ကာ အခြေအနေကို သတင်းပို့ခဲ့သည်။

"ဒါရိုက်တာကြီး.. ထင်ထားတာ ကွက်တိပဲ.. ဒီကိစ္စကို တကယ်ပဲ အာရုံစိုက်နေတဲ့ သူတွေရှိနေတယ်..."

စုန့်ချင်းရှု တိတ်တဆိတ် သက်ပြင်းချလိုက်သည်။

အခြေအနေကို စောင့်ကြည့်ဖို့ တစ်စုံတစ်ယောက်ကို စေလွှတ်ထားသည်က ကောင်းမွန်သော လှုပ်ရှားမှု တစ်ခု ဖြစ်မှန်း သူ့အနေဖြင့် သေချာသွားခဲ့သည်။

"ကျနော်တို့ အခု ဘာဆက်လုပ်ကြမလဲ"

အရပ်ရှည်ရှည်နှင့် လူက မေးလိုက်သည်။

"ရဲတိုက်သခင်က ဒီဆေးရဲ့ လျှို့ဝှက်ချက်ကို အပြင်လူတွေ ဘယ်တော့မှ ရှာမတွေ့နိုင်ဘူးလို့ ရှင်းရှင်းလင်းလင်း ပြောပြထားတယ်.. တတိယ သူတော်စင် သစ္စာဖောက်ပြီးတဲ့ နောက်မှာ ဒီလူက ငါတို့ကို ဆန့်ကျင်မှာကို ငါ အမြဲတမ်း စိုးရိမ်နေခဲ့တယ်.. ဒါပေမဲ့ သိပ်မကြာခင် ဖြစ်လာမယ်လို့တော့ ငါ ဘယ်တုန်းကမှ မမျှော်လင့်ထားမိဘူး"

စုန့်ချင်းရှု၏ လေယူလေသိမ်းက အလျင်အမြန်ကြီး မဟုတ်သလို နှေးကွေးခြင်းလည်း မရှိပေ။

"လောလောဆယ် ငါတို့မှာ ရွေးချယ်စရာ နှစ်ခုရှိတယ်.. ကျောင်းသား သုံးယောက်ကို ရှင်းပစ်မလား ဒါမှမဟုတ် ဒီဧည့်သည်တွေကိုလည်း ရှင်းပစ်မလား ဆိုတာပဲ"

အရပ်ရှည်ရှည် အမျိုးသားက သိသိသာသာပင် အံသြသွားသည်။

"ဒါရိုက်တာစုန့်… ရိုသေလေးစားစွာ ပြောပါရစေ.. ဒီလူနှစ်ယောက်ကို သတ်ဖို့ဆိုတာ မဖြစ်နိုင်လောက်ဘူးလို့ ကျနော်ထင်တယ်"

"ငါတို့ရဲ့ ခွန်အားက အရင်လို မဟုတ်ပေမဲ့လည်း သူတော်စင်ဆယ်ပါးမှာ ခုနစ်ပါးတောင် ကျန်နေပါသေးတယ်.. စိတ်ဝိညာဉ် ဖွဲ့စည်းခြင်း အဆင့် ကျင့်ကြံသူ ခုနစ်ယောက်အားနဲ့ မကိုင်တွယ်နိုင်တဲ့ ပြဿနာရှိလို့လား.. သူတို့ဘက်မှာက လူနှစ်ယောက်ပဲ ရှိတာလေ"

အရပ်ရှည်ရှည် အမျိုးသား "ဒါပေမယ့် ဒီလူနှစ်ယောက်ထဲက တစ်ယောက်က သမီးရည်းစား သတ်ဖြတ်ခြင်း စီနီယာနော်"

"............."

စုန့်ချင်းရှု ကျိန်ဆဲချင်လာသည်။

"လခွမ်း.. ဘာလို့ သူပဲ ထပ်ဖြစ်နေရတာလဲ"

ဒါရိုက်တာစုန့်က သူ့ကိုယ်သူ စိတ်တည်ငြိမ်အောင် လုပ်ယူလိုက်ရင်း အသက်ခပ်ပြင်းပြင်း ရှူလိုက်သည်။

"ဒါဆို တခြားလူက ဘယ်သူလဲ"

"သူက ချာတိတ်လေး တစ်ယောက်ပဲ... သူ့ကို သမီးရည်းစားသတ်ဖြတ်ခြင်း စီနီယာနဲ့ အမြဲတပူးတွဲတွဲ တွေ့ရလေ့ ရှိတယ်.. ထူးဆန်းတာက ဒီချာတိတ်ကို သမီးရည်းစား သတ်ဖြတ်ခြင်း စီနီယာက အတော် လေးစားပုံရတာပဲ"

အရပ်ရှည်ရှည် အမျိုးသာက ရိုးရိုးသားသား ပြန်ဖြေလိုက်သည်။

ဗုံးပစ်စီနီယာ အင်မော်တယ် နဲ့ တွဲပြီး မြင်ရတတ်တဲ့ ချာတိတ်လား။

ထိပ်တန်းကျင့်ကြံသူ နှစ်ယောက်ဖြစ်သည့် မဟာ သူတော်စင်နှင့် ဒုတိယ သူတော်စင် တို့ကို ဆုံးရှုံးလိုက်ရသည့် အချိန်ကတည်းက "ချာတိတ်" ဆိုသည့် စကားလုံးမှာ စုန့်ချင်းရှု၏ နှလုံးသားထဲတွင် စိတ်ပိုင်းဆိုင်ရာ အရိပ်မည်းကြီး တစ်ခုလို နက်နက်ရှိုင်းရှိုင်း ခြောက်လှန့်နေခဲ့သည်။

{ဒီ ချာတိတ်က ဗုံးပစ်စီနီယာ အင်မော်တယ်ရဲ့ ဇိမ်ခံအိမ်မှာ တွေ့ခဲ့ရတဲ့ ချာတိတ်လား}

သူက စဉ်းစားမိပြီး လက်ဖျားများပင် တုန်ယင်လာသည်။

သူတကယ်ပဲ ကြောက်နေခဲ့ပါသလော။

All Chapters