← Chapters

သူတပါး ကိုယ်စားဝင်ခံရသူ၏ အားကျိုးမာန်တက် လုပ်ဆောင်မှု

Vol. 10 Ch. 144

သူတပါး ကိုယ်စားဝင်ခံရသူ၏ အားကျိုးမာန်တက် လုပ်ဆောင်မှု

Vol. 10 Ch. 144

ကျိုးရီက ဝမ်လင်းကို ဤနေရာတွင် တိုက်တိုက်ဆိုင်ဆိုင် တွေ့ဆုံရလိမ့်မည်ဟု တစ်ခါမှ မထင်ထားခဲ့ပေ။

သူက လက်အောက်ငယ်သား ထံမှ ဖုန်းလက်ခံ ရရှိပြီးနောက် ဆေးရုံပေါ်မှ ချက်ချင်း ဆင်းလာခဲ့ခြင်း ဖြစ်သညိ။

"မစ္စတာကျိုး.. ဒီလူနှစ်ယောက်က မင်းရဲ့ကားကို ဖျက်ဆီးပြီး အလျော်ပေးချေဖို့ ငြင်းဆန်နေတဲ့ လူနှစ်ယောက်ပဲ.. သူတို့နှစ်ယောက်က ပေရှည်နေတယ်လို့ မစ္စတာကျိုး မထင်ဘူးလား.. တရားဥပဒေအတိုင်း ဆောင်ရွက်ဖို့ ရှေ့နေ ခေါ်ပေးရမလား.."

နေကာမျက်မှန် တပ်ထားသော အမျိုးသားက ပြောလိုက်သည်။

သို့သော် ရှေ့နေ ခေါ်ပေးရမလားဟု မေးလိုက်သော သူ့စကား မဆုံးခင်မှာပင် ကျိုးရီက စူးရှသော မျက်လုံးများဖြင့် သူ့ကို စိုက်ကြည့်နေသည်အား တွေ့လိုက်ရ၏။

ဤအမူအရာကနေ ဖြစ်နိုင်ချေကို မှန်းဆကာ အနည်းငယ် စိတ်ရှုပ်ထွေးသွားသည်။

နေကာမျက်မှန် တပ်ထားသော ထိုလူ၏ မျက်နှာပေါ်မှ ချွေးစက် အနည်းငယ် ကျဆင်းလာသည်။

"..........."

"ဒီလူက ဘယ်သူလဲ သိလား"

ကျိုးရီက ဝမ်လင်းကို ညွှန်ပြလိုက်သည်။

"သူက ငါ့ဆရာပဲ.. ဆရာက ငါ့ကားကို ဖျက်ဆီးလိုက်တာ ဘာအရေးမို့လဲ.. သူက ချစ်စနိုးနဲ့ ကျီစယ်ရုံပဲလေ"

နေကာမျက်မှန်တပ်ထားသည့်လူ "........."

ဗုံးပစ်စီနီယာ အင်မော်တယ် "........"

ဝမ်လင်း "............."

ကျိုးရီက စိတ်လှုပ်ရှားမှု အပြည့်ဖြင့် ရှေ့ကိုထွက်လာပြီး ဝမ်လင်း၏ လက်တွေကို ဆုပ်ကိုင်လိုက်သည်။

"ဆရာ.. ဒီတပည့်က ဆရာ့ကို နေ့ရောညပါ မျှော်လင့်နေခဲ့တာပါ.. နောက်ဆုံးတော့ ဒီတပည့်က ဆရာကို တွေ့ခွင့်ရခဲ့ပြီ"

ကျိုးရီက သူ့ကို မလိမ့်တပတ် လုပ်ကာ ဆရာတင်ချင်နေကြောင်း ဝမ်လင်းက သိသည်။

ယနေ့ခေတ်တွင် ပန်စီကို ကျူးလွန်သော သက်ကြီးရွယ်အို အများအပြား ရှိသည်။

(ပန်စီ=မလိမ့်တပတ် လှည့်ဖြားခြင်း)

သို့သော် ကျိုးရီကမူ သူ့ကို ဆရာတင်ရန် အတွက် အမှန်တကယ် ဆန်းသစ်ပြီး ကျက်သရေရှိစွာဖြင့် ပန်စီ လုပ်ခဲ့သည်။

ဝမ်လင်းက ကျောင်းသို့ သွားရာလမ်းတွင် အဘွားအို တစ်ဦးနှင့် ဝင်တိုက်မိသော ကလေးမလေး တစ်ဦး အကြောင်းကို မကြာသေးမီက ကြားဖူးခဲ့သည်။

ထိုကလေးမလေးက လဲကျသွားသည့် အဘွားအိုကို ကြင်နာစွာ ဆွဲထူပေးခဲ့သော်လည်း အဘွားအိုက ကလေးမလေးကို လျော်ကြေးပေးရန် ခေါင်းမာမာဖြင့် တောင်းဆိုခဲ့သည်။

ထိုအချိန်မှာပင် ကလေးမလေးက တည်ငြိမ်သော အမူအရာဖြင့် မတ်တတ်ထရပ်ပြီး အဘွားအိုကို ပါးရိုက်ကာ သူမ ထွက်မသွားခင် တစ်ခွန်းထဲ ကြုံးဝါးလိုက်သည်။

"ဘာပဲဖြစ်ဖြစ် ငါက အသက်မပြည့်သေးဘူး"

ဤအခိုက်အတန့်တွင် ဝမ်လင်းက အမှန်တကယ်ပင် ကလေးမလေးကို အတုယူချင်ခဲ့သည်။

သူက အသက် ဆယ့်ခြောက်နှစ်သာ ရှိသေးသဖြင့် ဥပဒေအရ အသက်မပြည့်သေးပေ။

သို့ရာတွင် သူက အသက် မပြည့်သေးသော်လည်း သူသာ ဆန္ဒရှိလျှင် ကျိုးရီက သူ့လက်ချက်ဖြင့် သေမှာ သေချာ၏။

"ငါမစ္စတာကျိုးရီ အကြောင်းကို ကြားဖူးတာ ကြာပါပြီ.. ဒါပေမဲ့ မင်းက ညီနောင်လင်းရဲ့ တပည့် ဖြစ်နေလိမ့်မယ်လို့ ဘယ်တုန်းကမှ မထင်ခဲ့မိဘူး"

ဗုံးပစ်စီနီယာ အင်မော်တယ်က လက်သီးဆုပ်၍ အလေးအနက် ဂါရဝပြုလိုက်ပြီး အဆင်မပြေသော လေထု အခြေအနေကို ချေဖျက်ရန် ကြိုးစားခဲ့သည်။

"ဒီစီနီယာက..."

"ငါ့နာမည်က လဲ့မို့ရမ်ပါ.. ငါ့တာအိုနာမည်ကတော့ သမီးရည်းစား သတ်ဖြတ်ခြင်း စီနီယာပါ"

ဗုံးပစ်စီနီယာ အင်မော်တယ်က လက်သီးဆုပ် ဂါရဝပြုရင်း သူ့ကိုယ့်သူ မိတ်ဆက်လိုက်သည်။

"ဒီစီနီယာက သမီးရည်းစားသတ်ဖြတ်ခြင်း စီနီယာလား.."

ကျိုးရီက ချက်ချင်းပင် စိတ်လှုပ်ရှားသွားသည်။

ဤလူက ဒဏ္ဍာရီလာ သမီးရည်းစား သတ်ဖြတ်ခြင်းစီနီယာဖြစ်နေသည်။

လက်ရှိအခြေအနေ အတိုင်းသာ မဟုတ်လျှင် ကျိုးရီက ၎င်းကို လေးစားကြည်ညိုစွာဖြင့် ဒူးထောက်၍ ဂါရဝပြုမိလိမ့်မည် ဖြစ်၏။

"စီနီယာ အင်မော်တယ် အကြောင်း ကျနော် အများကြီး ကြားဖူးပါတယ်.. ဒီနေ့ စီနီယာကို ဒီမှာ တွေ့ခွင့်ရလိမ့်မယ်လို့ မထင်ခဲ့မိဘူး"

ဗုံးပစ်စီနီယာ အင်မော်တယ်က သူ့ခေါင်းကို ဟန်ပါပါဖြင့် အနည်းငယ် သပ်ရပ်စွာ ပွတ်သပ်လိုက်သည်။

"ငါက အရမ်း နာမည်ကြီးနေတာလား.. ကျိုးရီ.. ငါ့အကြောင်းဘယ်က ကြားလာတာလဲ"

ကျိုးရီက အနည်းငယ် စဉ်းစားဟန် ပြုလိုက်ပြီးမှ ပြန်ဖြေလိုက်သည်။

"ကျင့်ကြံခြင်း ပုံပြင်ပြောခြင်း ကဏ္ဍ၊ နှစ်ငါးရာက လည်ပင်းဖက် ကြီးပြင်းလာသော မိတ်ဆွေ"

ဗုံးပစ်စီနီယာ အင်မော်တယ် "........"

"မစ္စတာကျိုးရီ ဒီနေ့ဘာလို့ ဒီကို ရောက်နေတာလဲ"

ထိုစကားကို ကြားလျှင် ကျိုးရီက သတိထားသော အမူအရာဖြင့် ပတ်ဝန်းကျင်ကို လှည့်ပတ် ကြည့်ရှုလိုက်သည်။

ယင်းနောက် "ညဆိုင်းသူနာပြုလေး" အဆောက်အဦးဘေးမှ အမှတ်၂ ဆေးရုံ အဆောက်အဦးကို ညွှန်ပြလိုက်၏။

"ကျနော်က ကျောင်းပေါင်း ၁၀၀ အထွေထွေညွှန်ကြားရေး ဌာနရဲ့ ကိုယ်စား ခေါင်းဆောင်ဟောင်း တစ်ယောက်ဆီ လာလည်တာပါ.. အဲဒီခေါင်းဆောင်က ကျင့်ကြံခြင်း ရဲချုပ်ဟောင်း ဖြစ်တဲ့ အကြီးအကဲ ချမ်ပါ"

ထို့နောက် ကျိုးရီက ခေါင်းကို ငုံ့ကာ ခါယမ်းလိုက်သည်။

ဗုံးပစ်စီနီယာ အင်မော်တယ် "အကြီးအကဲချမ်က ရောဂါတစ်ခုခု ဖြစ်နေလို့လား"

ကျိုးရီ နှင့် နေကာမျက်မှန် တပ်ထားသောလူ "........."

ကျိုးရီ "အင်း.. မှတ်ဉာဏ်ချို့ယွင်း ရောဂါ ဖြစ်နေတာပါ"

ဝမ်လင်းက မျက်ခုံးများကို အနည်းငယ် ပင့်တင်လိုက်သည်။

မကြာသေးမီကပဲ ဖိုးဖိုးဝမ်၏ မှတ်ဉာဏ်ချို့ယွင်း ရောဂါကို ခက်ခက်ခဲခဲ ကုသခဲ့ရ၏။

ယနေ့တွင် တူညီသော အခြားကိစ္စရပ် တစ်ခုကို ကြုံတွေ့ရလိမ့်မည်ဟု မမျှော်လင့်ထားပေ။

သေချာသည်မှာ မှတ်ဉာဏ်ချို့ယွင်း ရောဂါက ကျင့်ကြံသူများအတွက်သာမက သာမန်လူများ အတွက်ပါ တကယ်ကို ခက်ခဲသည့် ပြဿနာတစ်ခု ဖြစ်သည်။

ဤရောဂါက ဆေးသောက်ရုံဖြင့် ပျောက်ကင်းနိုင်သည့် ရောဂါမျိုး မဟုတ်ပေ။

ဗုံးပစ်စီနီယာ အင်မော်တယ်က အမှတ်(၂)ဆေးရုံ အဆောက်အဦးကို တစ်ချက် ကြည့်လိုက်ပြီး အလေးအနက် မျက်မှောင်ကြုတ်လိုက်သည်။

"ဟိုးအရင်က အကြီးအကဲချမ်ကို ငါတွေ့ဖူးတယ်.. လွန်ခဲ့တဲ့ နှစ်နှစ်လောက်က လေအားလျှပ်စစ် စက်ရုံ အလုပ်သမားတွေရဲ့ အလုပ်သမား အခွင့်အရေးကို မြှင့်တင်ဖို့ အတွက် သူတစ်ယောက်တည်း စက်ရုံကို ဝင်စီးပြီး မြေတူးစက် တစ်ဒါဇင်ခန့်ကို လှန်ပစ်လိုက်တယ်လေ"

ဝမ်လင်း "............"

"အကြီးအကဲချမ် နဲ့ ငါက အကျင့်စရိုက်ချင်း တူတယ်လို့ ငါ အမြဲတမ်း ခံစားမိခဲ့တယ်"

ဗုံးပစ်စီနီယာ အင်မော်တယ်က ပြောလိုက်သည်။

"အကြီးအကဲချမ်ရဲ့ ရောဂါအတွက် ညီနောင်ထုန်ရာကို အထူးကုသနည်း ရှိလား ငါ မေးပေးပါ့မယ်"

ထိုစကားကိုကြားလျှင် ကျိုးရီက ချက်ချင်း ဦးညွှတ်လိုက်သည်။

"စီနီယာရဲ့ အကူအညီ အတွက် အကြီးအကဲ ချမ် ကိုယ်စား ကျေးဇူးတင်ပါတယ်"

"အားမနာပါနဲ့. ဒါက အပန်းမကြီးပါဘူး"

ဗုံးပစ်စီနီယာ အင်မော်တယ်က ခပ်ယဲ့ယဲ့ ပြုံးလိုက်သည်။

ယနေ့တွင် ကျိုးရီက ကံဇာတာ အထွတ်အထိပ် ရောက်နေပြီဟု သူ့ကိုယ်သူ ခံစားမိသည်။

သူ အချိန်အတော်ကြာ အားကျခဲ့ရသော သူ၏ အိုင်ဒေါလ် နှစ်ယောက်ကို မမျှော်လင့်ဘဲ တစ်ချိန်တည်းတွင် တွေ့ခဲ့ရသည်။

သို့သော် ဤမွန်းစတား နှစ်ယောက် သူ့ရှေ့ အမှန်တကယ်ရပ်နေသည့် အခါတွင် ၎င်းတို့၏ WeChat ID များကို တောင်းရန်အထိ သတ္တိမရှိဟု သူ့ကိုယ်သူ နားလည်ခဲ့သည်။

"ငါသူတို့နဲ့ အရှင်လတ်လတ်ကြီး တွေ့ပြီးပြီပဲ.. WeChat မှာအပ်ချင်တာနဲ့ပဲ သူတို့ကို သွားအာရုံနောက်လို့ မဖြစ်ဘူး"

"မတော် ငါမရိုမသေ လုပ်နေတယ်လို့ ထင်သွားပြီး စီနီယာတွေက ငါ့ကို အမြင်စောင်းသွားရင်.. "

"စီနီယာတွေက ငါ့ရဲ့ တောင်းဆိုမှုကို ငြင်းလိုက်ရင် ဘယ်လောက်တောင် ရှက်ဖို့ကောင်းလိုက်မလဲ မသိဘူး"

"°အကယ်၍ စီနီယာတွေကသာ WeChat ကို အသုံးမပြုခဲ့ရင် ငါ့လောက် မိုက်မဲတဲ့သူ ရှိတော့မှာ မဟုတ်ဘူး"

"ငါဘယ်လိုလုပ်ရမလဲ.."

ကျိုးရီက နှလုံးသားထဲတွင် တခဏအတွင်း ဆုံးဖြတ်ချက်လွန်ဆွဲနေသည်။

ထိုအချိန်တွင် ဆေးရုံအပြင်ဘက်မှ ဥသြသံများကို ကြားလိုက်ရပြီး ရဲကားလေးစီးက ကားပါကင်သို့ ရောက်လာကာ သူတို့ကို ချက်ချင်းပင် ဝိုင်းရံထားလိုက်ကြသည်။

လုံခြုံရေးအစောင့် အကြီးအကဲက ကျိုးရီ၏ အထောက်အထားကို သိရှိသောကြောင့် ကျိုးရီ နားသို့ချဉ်းကပ်ပြီး လက်ရှိ အခြေအနေကို တင်ပြလိုက်သည်။

ယခုကိစ္စက Maybach ကို နောက်က လိုက်ဖမ်းသည့် သုံးဘီးဆိုင်ကယ်လေးနှင့် ပတ်သက်နေ၏။

သုံးဘီးဆိုင်ကယ်က ကားလမ်းပေါ်ရှိ Maybach ကို အရှိန်လွန်စွာ ဖြတ်ကျော်သွားကြောင်း ကြားသိရသဖြင့် ယာဉ်ထိန်းရဲအဖွဲ့က သုံးဘီးဆိုင်ကယ်ကို စစ်ဆေး၍ ခြေရာခံကာ လိုက်လာခဲ့ကြောင်း သိိလိုက်ရသည်။

"ညီနောင်လင်း.. သူတို့ကို ကြည့်ရတာ ငါတို့ကို မကျေနပ်ချက် တစ်ခုခု ရှိနေပုံပဲ"

ဗုံးပစ်စီနီယာ အင်မော်တယ်၏ မျက်ဝန်းများက ရေကဲ့သို့ တည်ငြိမ်နေသည်။

လက်တစ်ဆုပ်စာ ရဲအရာရှိများကို သူက လုံးဝ မကြောက်ပေ။

သူ မကြောက်သော်လည်း လတ်တလော အဖြစ်အပျက်က သူ့ကို တကယ် အခက်တွေ့စေသည်။

တရားဥပဒေစိုးမိုးသော ကျင့်ကြံခြင်း လူ့အဖွဲ့အစည်းတွင် အရာအားလုံးကို ကျင့်ကြံခြင်း နယ်ပယ်ဖြင့် မဆုံးဖြတ်နိုင်ချေ။

အင်မော်တယ် ဓားပျံများ သို့မဟုတ် ကားများဖြစ်စေ ယာဉ်စည်းကမ်း လမ်းစည်းကမ်းကို ဖောက်ဖျက်သော အခါမျိုးတွင် စိတ်ဝိညာဥ် အဆင့် ကျင့်ကြံသူများပင် အကုသိုလ်များ ကြုံရတတ်ပြီး တချို့ဆိုလျှင် ထောင်ထဲသို့ပင် ရောက်သွားကြသည်။

ဗုံးပစ်စီနီယာ အင်မော်တယ်က အွန်လိုင်း ကျင့်ကြံခြင်း ဖိုရမ်တွင် အလွန်ကျော်ကြားသည့် ဆယ်လီ ဖြစ်၏။

သို့သော် ယင်းမှာ ရဲဦးလေးကြီးများကို ဖိအားပေးနိုင်မည် မဟုတ်ချေ။

ဝမ်လင်းလည်း အလွန် တုန်လှုပ်နေသည်။

သူ၏ သုံးဘီးဆိုင်ကယ်လေးမှာ ကလေးလေး တစ်ယောက်နှင့် တူသည်။

သူမ စိတ်နေစိတ်ထားက ထိလွယ်ရှလွယ်၍ အနည်းငယ် စိတ်ဆတ်၏။

တစ်ခါတရံ သူမ စိတ်ညစ်နေသည့် အခါမျိုးတွင် သူမကိုယ်သူမ လုံးဝ ထိန်းချုပ်၍ မရခဲ့ပေ။

ယာဥ်ထိန်းရဲအုပ်စုကို ကြည့်ကာ ဝမ်လင်း အနည်းငယ် စိုးရိမ်သွားခဲ့သည်။

ဆန့်ကျင်ဘက်အားဖြင့် ဝမ်လင်း နံဘေးမှ ကျိုးရီ၏ မျက်လုံးများက တောက်ပလာ၏။

သူ့အစွမ်းအစကို ထုတ်ဖော်ပြသဖို့ အခွင့်အရေး ရောက်လာချေပြီ။

"ဆရာနဲ့စီနီယာက ဒီအဖြစ်အပျက် အတွက် စိုးရိမ်နေတာလား"

ကျိုးရီက မေးလိုက်သည်။

ဗုံးပစ်စီနီယာ အင်မော်တယ် "ဒီကိစ္စကို မင်း ကိုင်တွယ်နိုင်မလား"

ကျိုးရီက သူတို့ကို လက်မ ထောင်ပြလိုက်သည်။

"ဒါက ယာဥ်ထိန်း ရဲအုပ်စုလေး တစ်စုပါပဲ.. သူတို့ကို ဖြေရှင်းဖို့က အလွယ်လေးပါ.. ကျနော့်ရဲ့ စွမ်းဆောင်ရည်ကို ကြည့်လိုက်စမ်းပါ စီနီယာတို့"

ထိုအချိန်တွင် ရဲကားပေါ်ရှိ ယာဉ်ထိန်းရဲကပ္ပတိန်က ကားပေါ်မှ ဆင်းလာပြီး တံခါးကို ပြင်းထန်စွာ ဆောင့်ပိတ်လိုက်သည်။

ရဲအရာရှိ အနည်းငယ်က သူ့နှင့်အတူ လိုက်ပါလာပြီး သတ်မှတ် အရှိန်ကို ကျော်လွန်သွားသည်ဟု သံသယရှိသည့် သုံးဘီးဆိုင်ကယ်ကို အကဲခတ်လိုက်သည်။

ထို့နောက် သူက ချက်ချင်းပင် ပတ်ဝန်းကျင်ရှိ လူများကို ဝေ့ကြည့်လိုက်သည်။

"ဒါဘယ်သူ့ သုံးဘီးဆိုင်ကယ်လဲ"

ကျိုးရီ၏ စိုက်ကြည့်မှုအောက်တွင် နေကာမျက်မှန် တပ်ထားသော အမျိုးသားက စကားလုံးဝ မပြောဝံ့တော့ပေ။

"............."

"အဲဒါ ငါ့ဟာပါ"

ထိုအခိုက်အတန့်တွင် ကျိုးရီက ခေါင်းမော့ ရင်ကော့ကာ ရှေ့သို့ တိုးလာသည်။

ယင်းအချိန်တွင် ဝမ်လင်း နှင့် ဗုံးပစ်စီနီယာ အင်မော်တယ် နှစ်ဦးစလုံးက ကျိုးရီဆီမှ ဖြာထွက်လာသည့် တောက်ပသော နတ်အလင်းရောင်ကို ခံစားမိလိုက်သည်။

ကျိုးရီက သုံးဘီးဆိုင်ကယ် ပြဿနာကို ဖြေရှင်းရုံတင်မက သူတို့ နှစ်ဦးအပေါ် ကျရောက်နိုင်သည့် ဖိအားကိုပါ ဖယ်ရှားပေးခဲ့၏။

ဝမ်လင်းက ဤလုပ်ရပ်ကို သူတပါး ကိုယ်စားဝင်ခံရသူ၏ အားကျိုးမာန်တက် လုပ်ဆောင်မှုဟု သတ်မှတ်ခဲ့သည်။

All Chapters