← Chapters

လင်းကျန်းရန်ရဲ့ မွမွ

Vol. 10 Ch. 145

လင်းကျန်းရန်ရဲ့ မွမွ

Vol. 10 Ch. 145

ဤအဖြစ်အပျက်၏ နိဂုံးမှာ ဤသို့ဖြစ်သည်။

ဝမ်လင်းတို့က ကျိုးရီ၏ သိမ်မွေ့သောနည်းလမ်းကြောင့် လုံးဝ ပြေငြိမ်းခွင့် ရခဲ့၏။

စုန့်ဟိုင်မြို့၏ သမိုင်းတစ်လျောက် အသက်အငယ်ဆုံး ကျောင်းပေါင်း ၁၀၀ အထွေထွေ ညွှန်ကြားရေမှူးချုပ်

အတွင်းရေးမှူး စွန်းတာခန်း ကိုယ်တိုင် ရာထူးတိုးထားသော အရာရှိ..

ထိုသို့သော တည်ရှိမှုနှင့် ကြုံရလျှင် မည်သူမဆို ဤကိစ္စကို ချင့်ချိန် စဥ်းစားရတော့မည် ဖြစ်သည်။

ယာဉ်ထိန်းရဲကပ္ပတိန်က ဤကဲ့သို့ နာမည်ကြီး ပုဂ္ဂိုလ်နှင့် ကြုံရလိမ့်မည်ဟု မမျှော်လင့်ထားသဖြင့် ချက်ချင်းပင် ချွေးစေးများ ထွက်ကာ စကားများပင် ထစ်ငေါ့သွားသည်။

ဒီမတိုင်မီ သူ၏ ပြင်းထန်သော သဘောထားမှာ မိုးပျံပူဖောင်းယိုစိမ့်၍ ပျက်စီးသွားသကဲ့သို့ ချက်ချင်းပင် လျော့ကျသွား၏။

"မင်းငါ့ကိုသိလား"

ယာဉ်ထိန်းရဲမှူးကို ကြည့်ရင်း ကျိုးရီက ရိုးရှင်းစွာ ပြုံး၍ မေးခွန်းထုတ်လိုက်သည်။

သူ့မေးခွန်းကိုကြားလျှင် ယာဥ်ထိန်းရဲကပ္ပတိန်က သတိပြန်ဝင်လာသည်။

"ဒါရိုက်တာကျိုး ဒီမှာရှိနေမယ်လို့ ငါမမျှော်လင့်ထားခဲ့ဘူး"

သူ့နောက်က ရဲအရာရှိတွေ အားလုံး ဘာမှ မပြောရဲကြပေ။

".............."

"ဒါဆို ဒီသုံးဘီးဆိုင်ကယ်က.."

ကျိုးရီက မေးလိုက်သည်။

ယာဥ်ထိန်းရဲကပ္ပတိန်က လိမ္မာပါးနပ်စွာဖြင့် ချက်ချင်းပင် ခေါင်းခါယမ်း၍ ပြန်ဖြေလိုက်သည်။

"စိတ်မပူပါနဲ့ ဒါရိုက်တာကျိုး.. ဒီသုံးဘီးဆိုင်ကယ်က ဒါရိုက်တာကျိုးရဲ့ အပိုင် ဆိုမှတော့ ငါတို့တွေ မသိမ်းတော့ပါဘူး"

"ဒါဆို ငါ့သုံးဘီးဆိုင်ကယ်က ယာဉ်စည်းကမ်း ဖောက်ဖျက်တဲ့ ဒဏ်ကြေး မဆောင်ရတော့ဘူးလား"

ကျိုးရီက ထပ်မေးသည်။

ကပ္ပတိန်က ချွေးနည်းနည်း ထွက်လာပြန်သည်။

"သုံးဘီးဆိုင်ကယ် စီးတဲ့သူမရှိဘူး.. ဒါရိုက်တာကျိုးကလည်း အပြစ်မရှိဘူး.. ဒါကြောင့် စိတ်မပူပါနဲ့တော့"

"ဒီလိုလုပ်လို့ အဆင်ပြေလို့လား"

ကျိုးရီက နောက်တစ်ကြိမ် ထပ်မေးလိုက်သည်။

ယာဥ်ထိန်းရဲကပ္ပတိန်က ချက်ချင်းပင် ပလုတ်တုတ် ကဲ့သို့ ခေါင်းကို ဆတ်ခနဲ ဆတ်ခနဲ အခါခါ ညိတ်လိုက်သည်။

"ဘာပြဿနာမှ မရှိဘူး.. အဆင်ပြေပါတယ်.. စိတ်မပူပါနဲ့ ဒါရိုက်တာကျိုး.."

"ဘုရားသခင်.. သူ ဘယ်လောက်တောင် သတ္တိကောင်းနေတာလဲ"

ဘေးမှကြည့်နေသည့် ဗုံးပစ်စီနီယာ အင်မော်တယ်နှင့် ဝမ်လင်းတို့က လက်ရှိ ကျင့်ကြံရေး ဗျူရိုကရေစီ၏ စိတ်ပျက်ဖွယ်ကောင်းသော ပုံစံကို ၎င်းတို့၏ နှလုံးသားထဲကနေ ဝေဖန်ခဲ့ကြသည်။

ယင်းအခိုက်အတန့်မှာပင် ကျိုးရီက ယာဥ်ထိန်းရဲကပ္ပတိန်၏ ပခုံးနှစ်ဖက်ကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်လိုက်သည်။

ထို့နောက် ကပ္ပတိန်၏ ရင်ဘတ် ညာဘက်ခြမ်းရှိ ရဲနံပါတ်ကို ကြည့်ကာ ရေရွတ်လိုက်၏။

"မင်းရဲ့ ကိုယ်ပိုင်နံပါတ်က PC12138လား"

"ဒါရိုက်တာကျိုး ဘာဖြစ်လို့လဲ.."

ကျိုးရီက ယာဉ်ထိန်းရဲမှူးကို ဖြောင့်မတ်သော အမူအရာဖြင့် ကြည့်ကာ ခေါင်းကို ခါယမ်းလိုက်သည်။

"ကပ္ပတိန်ကြီး.. မင်းကို ငါအပြစ်တင်ရတော့မယ်.. ယာဉ်ထိန်းရဲ ကပ္ပတိန် တစ်ယောက်အနေနဲ့ မင်းက ဥပဒေကို ဘယ်လိုလုပ် ပြင်နိုင်မှာလဲ.. ငါ မင်းကို စောစောက စမ်းသပ်ခဲ့တာပါ... မင်း ငါ့ကို တကယ် စိတ်ပျက်သွားစေခဲ့တယ်"

ယာဥ်ထိန်းရဲကပ္ပတိန်နှင့် ရဲအရာရှိတွေ အားလုံးက ခေါင်းကို မော့ပြီး မျက်နှာပေါ်တွင် အံသြသော အရိပ်အယောင်များ ဖြစ်ပေါ်လာကြသည်။

"............"

"ကပ္ပတိန်တစ်ဦး ဖြစ်တဲ့အပြင် ကျင့်ကြံခြင်း ဥပဒေစိုးမိုးရေး အရာရှိ တစ်ဦးဖြစ်တဲ့ မင်းက ဒီစမ်းသပ်မှု အသေးစားလေးကိုတောင် မအောင်မြင်နိုင်ခဲ့ရင် အနာဂတ်မှာ ကိစ္စကြီးတွေကို ဘယ်လိုလုပ်ပြီး ကိုင်တွယ်နိုင်မှာလဲ.. မင်းရဲ့ အထက်လူကြီးတွေကရော မင်းကို ယုံကြည်နိုင်မယ်လို့ ထင်လား"

ကျိုးရီက ကပ္ပတိန်ကို အပြစ်တင်ရင်း လေးလေးနက်နက် စိုက်ကြည့်နေသည်။

ကပ္ပတိန်၏ နဖူးတွင် ချွေးများဖြင့် စိုစွတ်နေပြီ ဖြစ်သည်။

ထို့နောက် ကျိုးရီက အမှတ် ၂ ဆေးရုံ အဆောက်အအုံကို ညွှန်ပြလိုက်သည်။

"ဒီနေ့ ဆေးရုံကို အလည်လာခဲ့တာ ဘယ်ခေါင်းဆောင်လဲ မင်းသိလား.. ကျင့်ကြံခြင်း ရဲတပ်ဖွဲ့ရဲ့ အကြီးအကဲဟောင်း ချန်ယန်ရှစ်ပဲ.. သူက ပြည်သူတွေရဲ့ နှလုံးသားနဲ့ စိတ်ဝိညာဉ်ကို အလုပ်အကျွေး ပြုနေဆဲ ဖြစ်ပြီး တရားမျှတမှု အတွက် ကြိုးကြိုးစားစား လုပ်ဆောင်ခဲ့တယ်.. မင်းဒီနေ့လုပ်ခဲ့တာကို ခေါင်းဆောင်ချမ်သာ မြင်သွားခဲ့ရင် သူဘယ်လောက်ထိ ခံစားသွားရမလဲ"

ကျိုးရီ၏ ကိုယ်ရေးကိုယ်တာ "သွန်သင်ချက်"ကို ယာဥ်ထိန်းရဲကပ္ပတိန်နှင့် ရဲအရာရှိအားလုံးက တစ်လုံးတစ်ပါဒမှ မပြောဝံ့ဘဲ တောင့်တင်းစွာ မတ်မတ်ရပ်၍ နားထောင်နေကြ၏။

ထိုစကားကိုကြားလျှင် ယာဥ်ထိန်းရဲကပ္ပတိန်၏ ပခုံးများက တုန်ယင်သွားသည်။

သူက အပြစ်ရှိသော အမူအရာဖြင့် ခေါင်းငုံ့ကာ ပြောလိုက်၏။

"ဒါရိုက်တာကျိုး ပြောတာမှန်တယ်.. ကျနော် အရမ်း ရှက်မိတယ်.. ကျနော် အမှားကျူးလွန်မိပါတယ်"

ကျိုးရီက ခေါင်းညိတ်လိုက်သည်။

"ဒဏ်ကြေးကောက်သင့်တဲ့ အချိန်မှာ ဒဏ်ကြေးကောက်ရမယ်.. အပြစ်လုပ်ထားတဲ့ အချိန်မှာ အပြစ်ပေးရမယ်.. တစ်စုံတစ်ယောက်က မင်းရဲ့အထက် အရာရှိ ဖြစ်နေတာနဲ့ပဲ မကြောက်သင့်ဘူး ဆိုတာ သတိရပါ"

ကပ္ပတိန်က ကိုယ်ကို တည့်တည့်မတ်မတ် ထားပြီး ကျိုးရီကို အလေးပြုလိုက်သည်။

"နားလည်ပါပြီ ခေါင်းဆောင်"

ကျိုးရီက ကျေနပ်အားရစွာ ခေါင်းညိတ်ပြလိုက်သည်။

"ငါ့အမှားအတွက် မင်းငါ့ကို ဒဏ်ကြေးကောက်နိုင်တယ်.. ကဲ.. နားလည်သွားပြီ ဆိုရင်လည်း ဒဏ်ကြေးကို လျော့လျော့ပေါ့ပေါ့ ကောက်ပြီး သုံးဘီးဆိုင်ကယ်ကို လွှတ်ပေးလိုက်တော့"

ရဲအရာရှိများ "............"

ကပ္ပတိန်က အနည်းငယ် တိတ်ဆိတ်သွားပြီး ခေါင်းကို ညင်သာစွာ ညိတ်လိုက်သည်။

"ကောင်းပါပြီ ခေါင်းဆောင်"

ထိုမြင်ကွင်းကို ကြည့်ပြီး ဝမ်လင်း နဲ့ ဗုံးပစ်စီနီယာ အင်မော်တယ်တို့ နှစ်ယောက်စလုံး သက်ပြင်းကို ခပ်ပြင်းပြင်း မှုတ်ထုတ်မိလိုက်ကြသည်။

ကျိုးရီက ဘာမှမသိသော ကျိုးရီ မဟုတ်တော့ဟုသာ ပြောနိုင်တော့သည်။

ဒါရိုက်တာ ရာထူးကို ရာထူးတိုးပြီး ကတည်းက အမျိုးမျိုးသော လူမျိုးစုံနှင့် ထိတွေ့ ဆက်ဆံလာခဲ့ရသည်။

အထင်ရှားဆုံးသော ပြောင်းလဲမှုမှာ သူ၏ သိမ်မွေ့ပြီး လိမ္မာပါးနပ်သော လုပ်ရိုးလုပ်စဉ် ဖြစ်သည်။

.............

ဝမ်လင်း အိမ်ပြန်ရောက်သောအခါ ဖေဖေဝမ်က သူ့စာဖတ်ပရိသတ်များ အတွက် အပေါ်ထပ်တွင် အလုပ် ကြိုးစားနေ၏။

"နို့ထိန်းမိခင်ဆီ သွားကြစို့"ဝတ္ထုက အဆုံးသတ်သို့ လျင်မြန်စွာ ရောက်လာခဲ့ပြီး ဤနောက်ဆုံးရက် အနည်းငယ်တွင် နောက်ဆုံး အခန်းထိ ပြီးဆုံးသွားခဲ့သည်။

ထို့ကြောင့် ဖေဖေဝမ်က သူအရင်က ရေးခဲ့သော အခန်း အားလုံးကို ဂရုတစိုက် ပြန်ဖတ်နေခဲ့ပြီး မဖြည်ရသေးသောဇာတ်ကွက်များ မကျန်ရစ်စေရန် အသေအချာ ပြန်စစ်ဆေးလိုက်၏။

အချို့သော အွန်လိုင်း စာရေးဆရာများမှာ ဇာတ်ကွက်ကို လိုသလို ဆွဲရေးလေ့ ရှိသော်လည်း သူတို့ကျန်ခဲ့သော ယိုပေါက်များ သို့မဟုတ် မဖြည်ရသေးသော ဇာတ်ကွက်များကို မမှတ်ထားကြပေ။

၎င်းတို့က ပုံမှန်အားဖြင့် ၎င်းတို့၏ ဇာတ်လမ်း အဆုံးတွင် တိုက်ရိုက် တိုက်ခိုက်ခြင်းကိုသာ အသုံးပြုမည် ဖြစ်သည်။

နောက်ဆုံးတွင် ဗီလိန်၏ ရှုံးနိမ့်မှုနှင့် အတူ ဇာတ်လမ်းက ပြီးဆုံးသွားမည်သာ။

ဤကဲ့သို့သော အရေးအသားပုံစံ အတွက် သီးခြားအသုံးအနှုန်း ရှိသည်။

ယင်းကို "ဘူဒိုဇာဖြင့် တွင်းများကို မြေဖို့ခြင်း"ဟု ခေါ်၏။

ရိုးရှင်းသော စကားလုံး နှစ်လုံးဖြင့် အကျဉ်းချုပ် ပြောရလျှင် ဤသည်မှာ ဒဏ္ဍာရီလာ "မကောင်းသော အဆုံးသတ်" ဖြစ်သည်။

ဖေဖေဝမ်က Virgo တစ်ဦး ဖြစ်သည်။

(Virgo= ဆယ့်နှစ်လဂြိုဟ်ခွင်ထဲက တစ်ခု၊ August 23 ကနေ September 22ထိကို Virgoဟု သတ်မှတ်၊ Virgo Sign တွေက စေ့စပ်သေချာမှု ရှိတတ်ကြ)

ဖေဖေဝမ်က သူ့ဇာတ်လမ်း အဆုံးသတ်ကို ပြီးပြည့်စုံကြောင်း သေချာစေချင်သည်။

စာဖတ်သူတွေကို သူ့ဘောင်းဘီကို ဇစ်ဖြုတ်ချဖို့(အရှက်ခွဲဖို့) သူ ဘယ်လိုမှ ခွင့်မပြုနိုင်ပေ။

ဝမ်လင်းက သူ့အခန်းသို့ ပြန်သွားခဲ့သည်။

သူက အနည်းငယ် ငြီးငွေ့လာသဖြင့် QQ သို့ ဝင်ရောက်ခဲ့၏။

ကျင့်ကြံခြင်း ချက်တင်အဖွဲ့သည် ယနေ့တွင် အတော်လေး အသက်ဝင်နေကြောင်း တွေ့ရှိခဲ့သည်။

အဓိက အကြောင်းအရင်းမှာ အိမ်အပြန်လမ်းတွင် ဗုံးပစ်စီနီယာ အင်မော်တယ်က ဝမ်လင်း၏ "တပည့်တစ်ဦး လက်ခံခြင်း" အကြောင်းကို ထုတ်ဖော်လိုက်ခြင်းကြောင့် ဖြစ်သည်။

ချက်ချင်းပင် ချက်တင်တစ်ဖွဲ့လုံးက ပြီးခဲ့သည့် နာရီပိုင်းအတွင်း အလွန်အမင်း တက်ကြွလာခဲ့သည်။

မန်နေဂျာ ချိုက်လျန်က အံ့အားသင့်ဖွယ် အီမိုဂျီတစ်ခုကို ပေးပို့ခဲ့သည်။

"လင်းကျန်းရန်မှာ တပည့်တစ်ယောက်ရှိတယ်လား.. အဲဒီလူက ဘယ်လိုပုံစံလဲ.. သူက သန်မာလား.. မသန်မာဘူးလား.. ထူးခြားတဲ့ အရည်အချင်းရှိလား.. အင်အားကြီးလား.. ခန့်ညားလား"

ဗုံးပစ်စီနီယာ အင်မော်တယ်က ပြန်ဖြေလိုက်သည်။

"သူက အခုဆို ရွှေအမြူတေ အဆင့်ကို ရောက်နေပြီလို့ ငါထင်တယ်.. ဒါပေမယ့် သူက ကိစ္စတွေကို အဆုံးသတ်တဲ့ နေရာမှာတော့ ပြောင်မြောက်တဲ့ စွမ်းရည် ရှိတယ်.. ဒီလိုမဟုတ်ဘဲ လင်းကျန်းရန်ရဲ့ တပည့် ဘယ်လိုလုပ် ဖြစ်လာမှာလဲ.. သူက တရားဥပဒေဘက်ကိုပဲ ကြည့်တယ်.. သူက အရမ်းတော်တယ်"

အဖွဲ့ထဲတွင် စက္ကန့်အတော်ကြာ တိတ်ဆိတ် ငြိမ်သက်သွားခဲ့သည်။

ဖီလန်ဓားအင်မော်တယ်က သူ့အတွေးကို ဝေမျှလိုက်သည်။

"အင်း ဒါဆို တပည့်တစ်ယောက် လက်ခံဖို့ လင်းကျန်ရန်ရဲ့ စံနှုန်းက တရားမျှတပြီး ဘက်စုံတော်တဲ့သူမျိုး ဖြစ်ရမှာပေါ့"

ချိုက်လျန်က မလှောင်ပြောင်နိုင်ဘဲ မနေနိုင်တော့ချေ။

"ဒီခေတ်မှာ တရားမျှတပြီး ဘက်စုံတော်တဲ့ သူမျိုးက ဘာလုပ်လို့ရလို့လဲ.. အရေးအကြီးဆုံးက လွတ်လပ်ပေါ့ပါးတဲ့ ပုံစံမျိုး ရှိဖို့ပဲ"

ဗုံးပစ်စီနီယာအင်မော်တယ် ".........."

ဝမ်လင်း "..........."

တစ်ဖွဲ့လုံး ပျော်ပျော်ပါးပါး ဆွေးနွေးနေသော အချိန်တွင် ID တစ်ညကိုးကြိမ်က အဖွဲ့ထဲသို့ ပို့စ်တစ်ခုကို ရုတ်တရက် ထပ်ဆင့် ရှယ်လိုက်သည်။

"ဒီပို့စ်ကို ကြည့်ကြပါဦး.. ကျင့်ကြံခြင်း ဖိုရမ်ရဲ့ 'အတင်းအဖျင်းကမ္ဘာ' ကဏ္ဍကနေ ယူလာခဲ့တာ.. အဲဒီမှာ ဗုံးပစ်စီနီယာ အင်မော်တယ်နဲ့ လင်းကျန်းရန် အကြောင်းကို ဖော်ပြထားတယ်"

ဝမ်လင်းက လင့်ခ်ကို စိုက်ကြည့်ကာ အချိန်အတော်ကြာ တိတ်ဆိတ်နေခဲ့သည်။

အကြောင်းတစ်ခုခုကြောင့် သူ့တွင် ဆိုးရွားသော ခံစားချက်တစ်ခု ရှိနေသည်။

ဤပို့စ်ကို လွန်ခဲ့တဲ့ နာရီဝက်က တင်ခဲ့ခြင်းဖြစ်၏။

တင်ထားသောသူ၏ IDမှာ စူပါ အထက်တန်းကျောင်း အဆင့် ဒါရိုက်တာ ဖြစ်သည်။

နာမည်ကိုကြည့်ရုံဖြင့် ဝမ်လင်းက အကောင့်ပိုင်ရှင် မည်သူမှန်း သိပြီးသား ဖြစ်၏။

ပို့စ်၏ အဓိက အကြောင်းအရာ "ဒီနေ့.. ငါ ဗုံးပစ်စီနီယာ အင်မော်တယ်နဲ့ လင်းကျန်းရန်ကို အပြင်မှာ အရှင်လတ်လတ် တွေ့လိုက်ရတယ်.. သူတို့က ကျင့်ကြံခြင်း ဖိုရမ်ထဲမှာ ငါအနှစ်သက်ဆုံး အိုင်ဒေါလ် လေးယောက်ထဲက နှစ်ယောက်ပဲ.. နောက်ဆုံးတော့ ငါ့ဘဝရဲ့ မဟာ ရည်မှန်းချက် လေးခုမှာ နှစ်ခုကို ဖြည့်ဆည်းနိုင်ခဲ့ပြီ"

တစ်စုံတစ်ယောက်က မေးလိုက်သည်။

"ငါအတင့်ရဲစွာ မေးပါရစေ.. မင်းရဲ့ မဟာရည်မှန်းချက် လေးခုက ဘာတွေလဲ"

ကျိုးရီက ပြန်ဖြေလိုက်သည်။

ချိုက်လျန်ရဲ့ ခြေအိတ်

ဗုံးပစ်စီနီယာ အင်မော်တယ်ရဲ့ နားဖာကလော်

အင်မော်တယ်ထုန်ရာရဲ့ အနက်ရောင် နာနတ်သီး

နောက်ဆုံးတစ်ခု..

လင်းကျန်းရန်ရဲ့ မွမွ

"........."

{ငါဘယ်တုန်းက မင်းကို မွမွ ပေးခဲ့လို့လဲ}

ယခုအချိန်တွင် ဤပို့စ်ကို ရှယ်လုပ်သူ ငါးရာကျော်ပင် ရှိနေပြီ ဖြစ်သည်။

ဝမ်လင်းက ဤပို့စ်ကို သတင်း အချက်အလက် အမှားဟု ခေါင်းစဥ်တပ်၍ တိုက်ရိုက် Report တင်ရန် ဆုံးဖြတ်လိုက်သည်။

All Chapters