အခက်အခဲများက သန်မာစေတယ်
Vol. 10 Ch. 146
မေလ ၃၁ ရက် တနင်္လာနေ့သည် စာသင်နှစ်၏ ခြောက်ပတ်မြောက်နေ့ ဖြစ်သည်။
ယနေ့တွင် ဖိုးဖိုးဝမ်နှင့် မေမေဝမ်က ခရီးမှ ပြန်လာမည်ဖြစ်သည်။
၎င်းတို့က ညနေ ငါးနာရီ၊ ခြောက်နာရီ ဝန်းကျင်ခန့်တွင် အိမ်ပြန်ရောက်မည်ဟု ဝမ်လင်း သတင်းကြားထားသည်။
သူက မေမေဝမ်၏ အာဟာရ ပြည့်ဝသော နံနက်စာကို ရက်အနည်းငယ် မစားရသဖြင့် လွမ်းဆွတ်သလိုပင် ဖြစ်လာသည်။
သူမ ပြုလုပ်ပေးလေ့ ရှိသည့် အာဟာရပြည့်ဝသော နံနက်စာ ဖြစ်သည့် ဆီချက်ခေါက်ဆွဲ နှင့် နှိုင်းစာလျှင် ဝမ်လင်း တကယ် မျှော်လင့်သည့် အရာမှာ အကန့်အသတ်ဖြင့် ထုတ်ထားသော အမဲသား အရသာ အဆာပြေ ခေါက်ဆွဲ ကြွပ်ကြော် ဖြစ်သည်။
ဖိုးဖိုးဝမ်က တောင်ပိုင်း ထျန်းဟဲမှ အမဲသား အရသာ ခေါက်ဆွဲခြောက်ကြွပ်တွေကို သူ့အတွက် ဝယ်လာခဲ့သည်။
ဝမ်လင်း ကျောင်းသို့ ရောက်သောအခါ Grade 1 အခန်း3၏ ယနေ့ နံနက်ခင်းအတွက် အတင်းအဖျင်း အကြောင်းအရာမှာ ယမန်နေ့က အင်တာနက်တွင် ရုတ်တရက် နာမည်ကြီးသွားသော လမ်းဘေး အဆိုတော် အကြောင်း ဖြစ်သည်။
ထိုစကားကို ကြားသည်နှင့် လမ်းဘေး အဆိုတော်မှာ ထန်ယိုနင် ဖြစ်ရမည်ဟု သူ ချက်ချင်း သိလိုက်သည်။
အခြားကမ္ဘာမှ သီချင်းဖြစ်သည့် "ကျောင်းသားဟောင်း" သီချင်း၏ အကျိုးသက်ရောက်မှုကို အားကိုးခြင်းက နောက်ပိုင်းတွင် ထန်ယိုနင် အပေါ် ကြီးကြီးမားမား သက်ရောက်မည်ကို သူသိသည်။
သို့သော် မကြာခင် ဖြစ်လာလိမ့်မည်ဟု သူ မမျှော်လင့်ခဲ့ပေ။
အတင်းအဖျင်း ပြောခြင်းက ကူးစက်ရောဂါနှင့် တူသည်။
စာသင်နှစ် အစက တိတ်ဆိတ်ငြိမ်သက်သော အတန်းမှာ ယခုအခါတွင် အတန်းတစ်တန်းလုံးရှိ လူတိုင်းနီးပါး အထိ အတင်းအဖျင်း ပြောတတ်လာ၏။
နံနက်ခင်း၌ အတင်းအဖျင်း ပြောတတ်သည့် အလေ့အထ တစ်ခုပင် Grade1 အခန်း3တွင် ဖြစ်ပေါ်လာသည်။
ယင်းအလေ့အထမှာ ကော်ဟောက်မှ အစပြု၍ ဖြစ်လာသည်ဟု ဝမ်လင်း ခံစားမိသည်။
ဤအကောင်က အရာရာကို အစပြုခဲ့သူ ဖြစ်၏။
"ဒီ မြေအောက်မီးရထား ဘရားသားက အဆိုတော်တစ်ယောက် ဖြစ်ခဲ့တာ ကြာပါပြီ.. မကြာသေးခင်ကပဲ စွမ်းရည်ရှိုးပွဲတစ်ခုမှာ အသံစစ်ဆေးမှု ကျရှုံးသွားသေးတယ်လို ငါကြားမိတယ်"
"သူက ရုတ်တရက်ကြီး နာမည်ကြီးလာမယ်လို့ ဘယ်သူကြိုသိနိုင်မှာလဲ"
ကော်ဟောက်က ထန်ယိုနင် အတွက် အွန်လိုင်းမှ သူငယ်ချင်းများ ဖန်တီးပေးသော "မြေအောက်မီးရထား ဘရားသား" ဟူသော အမည်ပြောင် အသစ်ကို သုံးနှုန်းလိုက်သည်။
ထန်ယိုနင်ကို "မြေအောက်မီးရထား ဘရားသား"ဟု ခေါ်ရသည့် အကြောင်းအရင်းမှာ ကျောင်းသားဟောင်းသီချင်းကို မြေအောက်ရထား ဘူတာရုံတွင် ဖျော်ဖြေနေစဥ် တစ်စုံတစ်ယောက်က ရိုက်ကူးပြီး အင်တာနက်မှာ ဗီဒီယိုဖိုင်တင်ပြီး နောက်ပိုင်း လူကြိုက်များလာသောကြောင့်ဖြစ်၏။
ဗီဒီယိုထဲတွင် ထန်ယိုနင်က သူ့ဆံပင်ကို အသေအချာ ဖြီးသင်ထားသည်။
သူ၏ ဝတ်စုံတစ်ခုလုံးမှာ ယွမ်ငွေ ဒါဇင် အနည်းငယ်သာ ကုန်ကျသည့် ဘေထုပ် ပစ္စည်းများသာ ဖြစ်သည်။
ဟောင်းနွမ်းနေသော ဂစ်တာအပြင် ထန်ယိုနင်၏ အနည်းငယ်မဆိုးသော အသွင်အပြင်မှာ "ကျောင်းသားဟောင်း" သီချင်းကို သီဆိုပြီး ဘဝ၏ မုန်တိုင်းများကို ကြံ့ကြံ့ခံ ခံစားခဲ့ရသည့် အသွင်အပြင်နှင့် အတိအကျပင် ဖြစ်သည်။
ထန်ယိုနင် သီချင်းဆိုရန် ပါးစပ် ဟလိုက်သည်နှင့် တစ်ပြိုင်နက် ဖြတ်သွားဖြတ်လာ လူအများအပြားက ရပ်တန့်ကာ နားထောင်နေကြသည်ကို ဗီဒီယိုထဲတွင် တွေ့မြင်နိုင်သည်။
လူတိုင်းက ထိုသီချင်းနှင့် အတူ ထန်ယိုနင်ကိုပါ စွဲလန်းသွားခဲ့၏။
တကယ်တမ်း ထန်ယိုနင်က အလွန် သမာသမတ်ကျပြီး နူးညံ့သိမ်မွေ့သော အသွင်အပြင် ရှိသည်။
သူ၏ ပိန်ပိန်ပါးပါး ပုံစံမှာ လူငယ် အများစု သဘောကျနှစ်ခြိုက်သော စံနှုန်းနှင့် ကွက်တိ ဖြစ်သည်။
ဤခေတ်က ပိန်ပိန်ဝဝ ခွဲခြား ဆက်ဆံသောခေတ် မဟုတ်သော်လည်း ကမ္ဘာ့အလှဗေဒ စံနှုန်းအရ ပိန်လှီသောသူက ပိုမိုအလေးသာ နေ၏။
အတန်းတွင်းရှိ မိန်းကလေးအချို့မှာ ဗီဒီယိုကို ကြည့်မိပြီး မူးမေ့ လဲကျမတတ်ပင်။
ထန်ယိုနင်က တကယ်ကို ချောမောလွန်းနေသည် မဟုတ်ပါလား။
"ဒီလူက ဘယ်သူလဲ"
"သူ့မှာ ဘယ်လို အတွေ့အကြုံတွေ ရှိခဲ့တာလဲ"
"ဒီလိုသီချင်းမျိုးကို သူဘယ်လိုရေးနိုင်ခဲ့တာလဲ"
ဟုတ်ပါသည်။ ဝမ်လင်း ကိုယ်တိုင်ကမူ ထန်ယိုနင်ကို စိတ်မ၀င်စားခဲ့ပေ။
ဤသီချင်းက သူ့အတွက် အမဲသားခေါက်ဆွဲ နှစ်ပွဲလောက်သာ တန်သည်ဟု မည်သူမှ ထင်မိမည် မဟုတ်ပေ။
သုံးဆယ့်သုံးယွမ်နှင့် ခုနစ်ဆယ်ဆင့်..
...............
နံနက်ပိုင်း တာအိုအဆောင် စာသင်ချိန်တွင် ဆရာမဖန်က လက်ကမ်းစာစောင်များ ပေးအပ်ခဲ့သည်။
ကျောင်းဆရာများက ကျောင်းသားများအား သီးသန့်သင်ခန်းစာများ ပို့ချခြင်းမပြုရန် တားမြစ်ထားသည်။
အတန်း၏ တိုးတက်မှုကို အမီလိုက်နိုင်ခြင်း မရှိသော ကျောင်းသားများကြောင့် အတန်း၏ ပျမ်းမျှရမှတ်များ အပေါ် သက်ရောက်မှုရှိလာမည်ကို တာဝန်ခံ ဆရာတစ်ဦးစီက စိုးရိမ်ခဲ့ကြသည်။
ထိုကိစ္စနှင့် ပတ်သက်ပြီး ကျောင်း၏ ချဉ်းကပ်ပုံမှာ ကျောင်းသားများကို ပြန်လည်ကုစားရန် သင်ခန်းစာများ အတွက် ပုဂ္ဂလိက ပညာရေး တက္ကသိုလ်သို့ တက်ရောက်ရန် တိုက်တွန်းခြင်း ဖြစ်သည်။
အမှတ် ၆၀ အထက်တန်းကျောင်းက ထိုအတိုင်းသာ ဆောင်ရွက်ခဲ့၏။
ပုံမှန်အားဖြင့် ပြန်လည်ကုစားရေး သာမန် အတန်း တစ်ခုတွင် လူသုံးလေးယောက် ရှိကြပြီး အလယ်အလတ် အတန်းတွင်မူ လူ ရှစ်ယောက်မှ ဆယ်ယောက် ရှိကြသည်။
ဟုတ်ပါသည်။ လူနည်းလေ သင်ခန်းစာက ပိုမို စျေးကြီးလေ ဖြစ်၏။
အမှတ် ၆၀ အထက်တန်းကျောင်း အနေဖြင့် ဤ "ပုဂ္ဂလိကပညာရေး အဖွဲ့အစည်းများ" အတွက် လက်ကမ်းစာစောင်များ ဖြန့်ဝေရန် ဆန္ဒရှိနေရခြင်း၏ အရေးကြီးဆုံး အကြောင်းရင်းမှာ ၎င်းတို့က ဆင်းရဲသောကြောင့် ဖြစ်သည်။
လက်ရှိတွင် ၎င်းတို့က ဟွာကောရေတံခွန် လုပ်ငန်းစု၏ ထောက်ပံ့ကြေးကို စီမံ ဆောင်ရွက်ဆဲ အနေအထားသာ ရှိသေးပြီး လုပ်ငန်းကြီး တစ်ခုအတွက် အချိန်အတော် ယူရဦးမည် ဖြစ်သည်။
ထို့ကြောင့် ကျောင်းမြေကို ပြန်လည်မွမ်းမံရန် အတွက် တရားဝင် ထောက်ပံ့ငွေကို မရရှိမီတွင် ကျောင်းအုပ်ကြီးချန်းမှာ ဤနည်းဗျူဟာကိုသာ အသုံးပြုနိုင်ခဲ့သည်။
.......................
စီနီယာ မျိုးဆက်ဟောင်းများကနေ လက်ရှိမျိုးဆက် အထိ အမှတ် ၆၀ အထက်တန်းကျောင်းတွင် အမှတ်တရ အရာ တချို့ အမြဲတစေ ရှိခဲ့သည်။
သူတို့အပေါ်၌ အနက်ရှိုင်းဆုံး စွဲထင် ကျန်ရစ်ခဲ့သော အမှတ်တရမှာ ကျောင်းအဝင်ဝတွင် တွေ့ရသည့် သက်တမ်းရင့် သစ်ပင် အနည်းငယ်ပင် ဖြစ်သည်။
ဝမ်လင်းက ထိုသစ်ပင်များ ရှေ့မှ ဖြတ်သွားတိုင်း မိုးကြိုးပစ်ခံရပြီး ရှင်သန်ခဲ့သော တာဟွမ် လမ်းပေါ်ရှိ သစ်ပင်တစ်ပင်ကို အမြဲလိုလို တွေးမိခဲ့သည်။
မြေငလျင်ဒဏ်ကြောင့် လူတွေ ခက်ခဲလာသလို ရေကြီးလာ၍ ဝက်များလည်း အခက်အခဲ တွေ့လာနိုင်၏။
အမှတ် ၆၀ အထက်တန်းကျောင်းမှ သစ်ပင်များကမူ သဘာဝ ဘေးအန္တရာယ်နှင့် ကြုံတွေ့ခဲ့လျှင်ပင် ပိုမို အကြမ်းခံလာပုံ ရသည်။
...........................
လက်ကမ်းစာစောင်ကို လက်ခံရရှိသော အခါတွင် ဝမ်လင်း၏ မျက်လုံးများက အနည်းငယ် ကျဉ်းမြောင်းသွားသည်။
ပရိုမိုးရှင်း လာဆင်းနေသော ပုဂ္ဂလိက ပညာရေး အဖွဲ့အစည်းမှာ မော့အင်မော်တယ် ရဲတိုက် ဖြစ်နေသောကြောင့်ပင်။
၎င်းတို့က အမှတ် ၆၀ အထက်တန်းကျောင်းကို မျက်စိကျနေပြီး ဤကျောင်းတွင် ဆေးအတုရောင်းရန် ကြံစည်နေပါသလော။
ဝမ်လင်းက စာရွက်ကို စိုက်ကြည့်ရင်း လေးလေးနက်နက် တွေးတောနေမိသည်။
ယနေ့တွင် ညဆိုင်းသူနာပြု အဆောက်အဦး၏ ဆယ့်ရှစ်ထပ်၌ လူနာသစ် တစ်ယောက် ရှိနေသည်။
ဤလူနာကို မနေ့ကမှ အရေးပေါ်ခန်းကနေ ဆယ့်ရှစ်ထပ်သို့ ပို့ထားခြင်း ဖြစ်သည်။
ယင်းအချိန်တွင် အရေးပေါ်ခန်း၌ ဝန်ထမ်း အလုံအလောက် မရှိသဖြင့် ကျန်းမာရေးဌာန အကြီးအကဲက အိမ်ပြန်သွားသော ခွဲစိတ်ဆရာဝန် အားလုံးကို ချက်ချင်း ပြန်လာရန် တောင်းဆိုခဲ့သည်။
ဒါရိုက်တာလီက ဆေးရုံအုပ်မှ ခေါ်ယူခြင်း ခံရသော နံနက်စောစော နှစ်နာရီ သို့မဟုတ် ၃ နာရီ အချိန်တွင် အိမ်သို့ပြန်ရောက်နေပြီ ဖြစ်သည်။
အဓိက အကြောင်းအရင်းမှာ လူနာက ၎င်းတို့ထံ လျင်မြန်စွာ မရောက်ရှိခဲ့သောကြောင့် ခွဲစိတ်မှုကို အချိန်မီ မလုပ်ဆောင်နိုင်ခဲ့သည့် ကိစ္စ ဖြစ်သည်။
အရေးပေါ်ခန်းသို့ လူနာ ရောက်လာသောအခါတွင် ဆရာဝန်များက လူနာ၏ အခြေအနေကို မကယ်တင်နိုင်တော့ပေ။
လူနာက မသေသေးသော်လည်း သူ့ဦးနှောက်ထဲမှ အာရုံကြောများ ဆိုးဆိုးရွားရွား ပျက်စီးသွားသဖြင့် ပြင်းထန်သော စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းမှု ဖြစ်ပေါ်ခဲ့သည်။
မြို့ခေါင်းဆောင်များ၏ ဖိအားများ အောက်တွင် ဆေးရုံအကြီးအကဲသည် လူနာအား ဒါရိုက်တာလီ၏ သီးသန့် ဆေးရုံဝင်း အတွင်းသို့သာ လွှဲပြောင်းပေးနိုင်ခဲ့ပြီး အထူးကုသရေးနည်းလမ်းများ ရှိမရှိ သိရှိနိုင်ရန် အထူးကု ဆရာဝန်များကို ညတွင်းချင်း ခေါ်ယူ ဆွေးနွေးခဲ့သည်။
မော့အင်မော်တယ် ရဲတိုက်၏ ကြော်ငြာလက်ကမ်း စာစောင်များကို Grade 1 အခန်းသုံးတွင် ဝေမျှနေချိန်၌ ဒါရိုက်တာလီမှာ ဆေးရုံရှိ အထူးကုများ ဖိုရမ်ကို ဦးဆောင်နေသည်။
အထူးကုများမှာ စိတ်ရောဂါကု ဌာနမှ အထူးကု ရှစ်ဦး ဖြစ်သည်။
၎င်းတို့က ကုသရခက်ခဲသော စိတ်ရောဂါများ အတွက် သီးသန့် ဆေးရုံဝင်း အတွင်း အတော်ဆုံး စာရင်းဝင်များလည်း ဖြစ်၏။
ဆွေးနွေးပွဲ စားပွဲထိပ်တွင် ရပ်နေသည့် ဒါရိုက်တာလီက သက်ပြင်းချ၍ ပြောလိုက်သည်။
"အစည်းဝေး မစခင် လူနာရဲ့ ကနဦး ဦးနှောက်ဒဏ်ရာကို ဘယ်သူ ရှင်းပြနိုင်မလဲ"
နှုတ်ခမ်းမွှေးနှင့် ဆံပင်များ ဖြူဆွတ်နေသော အထူးကုဆရာဝန် တစ်ယောက်က အလျင်အမြန် ဖြေကြားလိုက်သည်။
"ကနဦး ရောဂါလက္ခဏာ အရ နာတာရှည် ဦးနှောက်ကမောက်ကမ ဖြစ်မှု လက္ခဏာစု.. တစ်နည်းပြောရရင် ဦးနှောက်ထိခိုက်ခြင်း ဖြစ်နိုင်ပါတယ်"
"ဘယ်လိုအကြောင်းကြောင့်လဲ"
ဒါရိုက်တာလီက မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။
အခြား အထူးကုဆရာဝန် တစ်ယောက်က ပြန်လည် ဖြေကြားခဲ့၏။
"လူနာမှာ မိသားစုဝင် မရှိပါဘူး.. လူနာရဲ့ ရောဂါနဲ့ ပတ်သက်ပြီး လူနာရဲ့ အထက်လူကြီး အဆိုအရတော့ လူနာက သုံးဘီးဆိုင်ကယ် နဲ့ တိုက်မိခဲ့တာပါ"
"သုံးဘီးဆိုင်ကယ်လား"
ဒါရိုက်တာလီက ဤဖြစ်ရပ်နှင့် အနည်းငယ် ရင်းနှီးသည်ဟု ရုတ်တရက် ခံစားလိုက်ရသည်။
"အသေးစိတ် ပြောပြလို့ရမလား"
"လူနာ သတိကပ်နေတဲ့အချိန် ဖော်ပြချက်အရတော့ သူ Maybach ကားကို ရှစ်လမ်းသွားလမ်းပေါ် မောင်းနှင်နေတဲ့အချိန်မှာ သုံးဘီးဆိုင်ကယ် တစ်စီးက သူ့နောက်ကနေ ထပ်ကြပ်မခွာ လိုက်လာပြီး တစ်နာရီ ကီလိုမီတာ သုံးရာနှုန်းနဲ့ ဝင်တိုက်ခဲ့တယ်လို့ ပြောတယ်.. ကားက မပေါက်ကွဲမီ မီတာငါးဆယ်လောက် လိမ့်ထွက်သွားပြီး တခြား ကားလမ်းမပေါ် ရောက်သွားခဲ့တယ်"
"..........."
ထိုစကားကို ကြားပြီးနောက် ဒါရိုက်တာလီက လူနာအနေဖြင့် အသက်ရှင်ရန် လွယ်ကူလိမ့်မည် မဟုတ်ဟု လေးလေးနက်နက် ခံစားလိုက်ရသည်။