← Chapters

အစာစားပြီး အဆီမတက်ဖို့က မဖြစ်နိုင်သော အရာဖြစ်သည်

Vol. 10 Ch. 148

အစာစားပြီး အဆီမတက်ဖို့က မဖြစ်နိုင်သော အရာဖြစ်သည်

Vol. 10 Ch. 148

စာသင်နှစ်၏ ခြောက်ပတ်မြောက်နေ့ ဇွန်လ ၁ ရက်နေ့..

ဤနေ့က ကလေးများနေ့ ဖြစ်သည်။

ကျောင်းသွားရာလမ်းတွင် ဝမ်လင်းက လမ်းမများပေါ်၌ လူအုပ်များစွာကို သတိပြုမိသည်။

နံနက်ခင်း အတန်းထဲ ရောက်ချိန်တွင် ကော်ဟောက်က အိမ်စာတွေ ကူးပြီးသွားပြီ ဖြစ်၍ အချိန်နှင့်ဒီရေက လူကိုမစောင့်ဟူသော အမူအရာဖြင့် မေးစေ့ကို မုတ်ဆိတ်မွေး ရှိနေသယောင် ဟန်ပါပါ ပွတ်သပ်ကာ သက်ပြင်းချလိုက်၏။

"အိုး.. ငါတို့က အသက် တဖြည်းဖြည်း ကြီးလာတော့ ကလေးများနေ့တောင် မဆင်နွှဲနိုင်တော့ဘူး.. နိုင်ငံတကာ ကျင့်ကြံခြင်း အဖွဲ့အစည်းရဲ့ အသက်အရွယ် ပိုင်းခြားမှုအရ ဆိုရင် ငါတို့က သက်လတ်ပိုင်း အရွယ်ကို ဝင်သွားခဲ့ပြီ"

ထိုစကားကိုကြားလျှင် ချန်းချောင်က ဖော်မပြနိုင်လောက်အောင် ဝမ်းနည်းသွားသည်။

သူ့ကိုယ်သူ ငယ်ငယ်ရွယ်ရွယ်နှင့် လုံးဝ အသက်မကြီးတော့ဟု သူထင်ခဲ့၏။

သူက ခန္ဓာကိုယ် ကြံ့ခိုင်ရေးနှင့် ပတ်သက်ပြီး အားကစားတွင် တစ်နေ့မပျက် စွဲလန်းစွာကစားလာ၍ ယောက်ျားလေးများ မနာလိုစရာ ကောင်းသော ခန္ဓာကိုယ်ကို ပိုင်စိုးထားသည်။

သူ၏ ဆက်စီကျသော အချိုးအစားနဲ့ ကြွက်သားများက အမျိုးသားများကို အားကျစေသည် ဆိုလည်းမမှားပေ။

သို့သော် ဤမနက် မြေအောက်ရထား စီးလာသောအခါ လေးနှစ်ငါးနှစ် အရွယ် ချစ်စရာကောင်းသည့် ကလေးက သူ့ကို အန်ကယ်ဟု ခေါ်ဝေါ်ခဲ့သည်။

ယင်းက ချန်းချောင်၏ နှလုံးသားကို မိုးကြိုး တိုက်ရိုက် ထိမှန်သကဲ့သို့ တစ်ကိုယ်လုံး လောင်ကျွမ်းသွားမတတ် ခံစားရစေ၏။

အကိုကြီး မဟုတ်ဘဲ ဦးလေးဟု အခေါ်ခံရသည့် ခံစားချက်မှာ သင်၏ ကောင်မလေးက သင့်ကော်လာကို ဆွဲကိုင်ပြီး သင့်အမေနဲ့ အတူတူ ရေထဲပြုတ်ကျရင် ဘယ်သူ့ကို အရင်ကယ်မလဲဟု အလေးအနက် မေးခွန်းထုတ်ခံရသော ခံစားချက်နှင့်ဆင်တူသည်။

သို့ရာတွင် ထိုဥပမာက သူ့အတွက် သင့်လျော်သော ဥပမာ မဟုတ်ကြောင်း ချန်းချောင် သိသည်။

အကြောင်းမှာ သူ့တွင် ရည်းစား လုံးဝမရှိ၍ ဖြစ်သည်။

ချန်းချောင် နှင့် ကော်ဟောက်တို့ နှစ်ယောက်က သူတို့ကိုယ် သူတို့ အသက်လွန်သွားပြီဟု ခံစားမိကာ တစ်မနက်လုံး မှိုင်တွေနေခဲ့သည်။

ချန်းချောင်၏ စကားကို နားထောင်ပြီးနောက် ဝမ်လင်းက သူ့ဗိုက်ကို တိတ်တဆိတ် လက်ဖြင့် ပွတ်လိုက်သည်။

သူ့ဗိုက်က အဆီတက်ပြီး အရေပြား ပျော့တွဲတွဲ ဖြစ်နေသည်။

ဝမ်လင်းက သူ့ဗိုက်တွင် အဆီတက်လာရသည့် အကြောင်းရင်းကို ခွဲခြမ်းစိတ်ဖြာခဲ့၏။

အကြောင်းရင်းမှာ ဖိုးဖိုးဝမ် တောင်ပိုင်းထျန်းဟဲမှ အိမ်ပြန်လက်ဆောင် ဝယ်လာခဲ့သည့် အမဲသား အရသာ အဆာပြေခေါက်ဆွဲခြောက်ကြွပ်ကြော် တစ်ဖာလုံးကို ကူကယ်ရာမဲ့စွာဖြင့် တစ်ညတည်း အကုန် စားပစ်လိုက်သောကြောင့် ဖြစ်သည်။

ယနေ့ခေတ်တွင် ချုပ်တည်းရခြင်း၏ အဓိပ္ပါယ်ကို နားမလည်သော လူငယ်များစွာ ရှိ၏။

ဝမ်လင်းက အထင်ရှားဆုံး သာဓကတစ်ခုပင်။

သူက စားဖို့ မလိုအပ်သော်လည်း ပါးစပ်ယားလာလျှင် ဟိုဟိုဒီဒီ တွေးမနေဘဲ ဇွတ်ဇွက် စားပစ်တတ်သည်။

အစားတစ်လိုင်း တစ်ယောက်၏ ကမ္ဘာကြီးက မည်သူမဆို နားလည် ပေးနိုင်သည့် အရာတော့ မဟုတ်ပေ။

သို့သော်လည်း ဝမ်လင်းက ကိုယ်အလေးချိန် တက်မည်ကို စိတ်ပူစရာမလိုပေ။

သူ့ခန္ဓာကိုယ်ထဲမှ အဆီပိုတွေကို ဖယ်ရှားရန် အိမ်ပြန်ရောက်သည် အထိ စောင့်နိုင်ပါသေးသည်။

၎င်းက သူဘယ်တော့မှ မဝသည့် အကြောင်းရင်းလည်း ဖြစ်၏။

အဆီတက်လာခြင်းက အမြဲ သတိထားရမည့် အရာ ဖြစ်သော်လည်း တစ်ခါတစ်ရံတွင် ဂရုမစိုက်မိဘဲ ဖြစ်နေတတ်သည်။

ဝမ်လင်းက ကျောင်းထဲတွင် မြေခွေးဟု ရည်ညွှန်းထိုက်သော လူတန်းစား နှစ်မျိုး ရှိသည်ဟု အမြဲခံစားခဲ့ရသည်။

ပထမ အမျိုးအစားမှာ စာမေးပွဲဖြေပြီးသည့် နောက်တွင် စာမေးပွဲကျသည်ဟု စောဒကတက်သည့် ထိပ်တန်း ကျောင်းသားများ ဖြစ်သည်။

ဒုတိယ အမျိုးအစားမှာ ဘယ်လောက်စားစား ဘယ်တော့မှ အဆီတက်မှာ မဟုတ်ဘူးဟု နေ့တိုင်း ကြွားလုံး ထုတ်နေကြသည့် ငပိန်များ ဖြစ်သည်။

....................

နေ့လည်နှစ်နာရီထိုးလေပြီ။

ကာယအတန်း အတွက် အချိန်တန်ပြီ ဖြစ်သည်။

လူတိုင်းက အားကစားကွင်းသို့ ပြေးပြီး လေကောင်းလေသန့်ရှူရန် ပြင်ဆင်နေကြစဉ် ကာယ ဆရာက စာသင်ခန်း တံခါးဝတွင် ပေါ်လာသည်။

သူ့မျက်နှာပေါ်မှ ဒေါသတရား နှင့် သနားစရာ ကောင်းသော အကြည့်ကနေ ကာယဆရာက ကာယအချိန် လုယူခံလိုက်ရပြန်ပြီဟု လူတိုင်းနီးပါး ချက်ချင်း သိလိုက်ကြသည်။

ဆရာမဖန်၏ ဓာတုဗေဒအတန်း၊ ဆရာဟန်မိန်မိန်၏ အင်္ဂလိပ်အတန်းနှင့် ဆရာလုဇီမင်း၏ သင်္ချာအတန်း..

ဤအတန်းများကို မည်သူမျှ မလုယူ မသိမ်းပိုက်ဝံ့ကြပေ။

ကျောင်းတွင် အောင်ပွဲခံ လှုပ်ရှားမှုများ ရှိလျှင် အများစုမှာ ကာယ အတန်းသာ ဖြစ်ပေလိမ့်မည်။

ဆရာအများစုက ကာယအချိန်ကို လုယူ၍ စာသင်လေ့ ရှိကြသည်။

ကာယဆရာ ယဲ့ဟန်က ဆံပင် ရွှေရောင်ရှိပြီး သဘာဝအတိုင်း ဆံပင်ကောက်သည်။

သူက အရပ်ရှည်ပြီး သန်မာသူ တစ်ဦးလည်း ဖြစ်သည်။

ဝမ်လင်းက သူ၏ စိတ်ဖတ်စွမ်းရည်ဖြင့် ဆရာ ယဲ့ဟန်တွင် အထူးဝါသနာ တစ်ခုရှိကြောင်း သိလိုက်၏။

ဆရာယဲ့ဟန်၏ ဝါသနာမှာ အဓိက အရေးပါသော ခန္ဓာကိုယ် အစိတ်အပိုင်းကို မျက်နှာသုတ်ပုဝါ ပတ်၍ ထပ်ခါထပ်ခါ ဆွဲကစားခြင်း ဖြစ်သည်။

ကောလဟာလအရ ဤသည်က ကာယ ဒဿနိကဗေဒ၏ ဒဏ္ဍာရီလာ ဖခင်ကြီး Herrington ၏ မူပိုင် နည်းစနစ် ဖြစ်၏။

၎င်းက ခန္ဓာကိုယ်ကို အားကောင်းစေ၍ သွေးလည်ပတ်မှု ကောင်းစေသည့် မှော်ဆန်သော အာနိသင် ရှိကြောင်း သိရသည်။

ဆရာယဲ့ဟန်က ကျောင်းတွင် သူ့ကိုယ်သူ နိမ့်ချလေ့ ရှိပြီး အခြားဆရာများနှင့် အတန်းချိန်များ အတွက် မတိုက်ခိုက်ခဲ့ပေ။

ကာယအတန်းချိန်ကို အသုံးပြုရန် လိုအပ်ချိန်တိုင်းတွင် သူ့ကို တစ်ခါမေးရုံဖြင့် လုံလောက်သည်။

၎င်းကို "ရိုးသားသည့် ယောက်ျားတွေက အမြဲတမ်း အခွင့်အရေး ယူခံရတတ်သည်"ဟု ခေါ်သည်။

အမှတ် ၆၀ အထက်တန်းကျောင်းက မော့အင်မော်တယ်ရဲတိုက်၏ ကြော်ငြာခကို လက်ခံခဲ့ပြီးပြီ ဖြစ်သောကြောင့် ကျောင်းအုပ်ကြီး ချန်းက မော့အင်မော်တယ် ရဲတိုက်ကို ပရိုမိုးရှင်း လုပ်ပေးရန် အတွက် တာဝန်ခံဆရာများ အားလုံးကို အတန်းထဲတွင် မော့အင်မော်တယ်ရဲတိုက်မှ ပေးပို့သည့် ပရိုမိုးရှင်း ဗီဒီယို ပြသရန် အမိန့်ပေးခဲ့သည်။

ဆရာမဖန်၏ ပင်ကိုယ်စရိုက်ကြောင့် သူမ အတန်းချိန်ကို အသုံးမပြုမှာတော့ သေချာသည်။

ထို့ကြောင့် ဆရာယဲ့က ထုံးစံအတိုင်း ကံဆိုးသွားခဲ့၏။

ဆရာယဲ့က စတိတ်စင်ပေါ်တွင် မတ်တပ်ရပ်ကာ ကိုင်ဆောင်လာသော အပြာရောင် လက်ပ်တော့ကို ကူကယ်ရာမဲ့စွာဖြင့် စားပွဲပေါ် ချလိုက်သည်။

ယနေ့တွင် ဤကလေးများကို မီတာတစ်ထောင် အပြေးလေ့ကျင့်ရန် မူလက သူစီစဉ်ခဲ့သည်။

ဆယ်စက္ကန့်အတွင်း မပြီးမြောက်နိုင်သူများမှာ ကျရှုံးပေလိမ့်မည်။

Grade 1 အခန်းသုံးတွင် ကျောင်းသား ဆယ့်ငါးယောက်သာ ရှိသောကြောင့် ၎င်းတို့ အားလုံးကို စမ်းသပ်ရန် အချိန်အတော်ယူရမည် မဟုတ်ချေ။

သို့သော် ဆရာမဖန်က သူ၏ ကာယချိန် အတွင်း မော့အင်မော်တယ် ရဲတိုက်မှ ပေးပို့သော ပညာရေးဆိုင်ရာ ဟောပြောပွဲ ဗီဒီယိုကို ပြသပေးရန် တောင်းဆိုခဲ့သည်။

"ကျောင်းသားတို့.. ငါလည်း ဒါကို ဘာမှမတတ်နိုင်ဘူး ဆိုတာ မင်းတို့ နားလည်ထားရမယ်"

ဆရာယဲ့ဟန်က စင်ပေါ်ကနေ မကျေမနပ် ညီးညူလိုက်သည်။

စင်အောက်ရှိ ကျောင်းသားများကလည်း ကာယချိန် မကစားရသဖြင့် မကျေမနပ် ညီးညူလိုက်ကြ၏။

မြေပဲလေး အတွက်မူ ဘာမှမထူးခြားပေ။

သူက ကာယချိန်ကို အိမ်စာလုပ်ရန် အခွင့်အရေး အဖြစ် အမြဲလိုလို ဆုပ်ကိုင်ထားသည်။

ဤသည်က မြေပဲလေး အိမ်စာကို အိမ်သို့ပြန်မသယ်သွားရသည့် အကြောင်းအရင်း ဖြစ်သည်။

သူက အိမ်စာ အားလုံးကို ကျောင်းမှာပဲ ပြီးအောင် လုပ်ခဲ့သည်။

ဆရာယဲ့ဟန်က မော့အင်မော်တယ် ရဲတိုက်၏ ပရိုမိုးရှင်း ဗီဒီယိုကို စာသင်ခန်းတွင် ပရိုဂျက်တာဖြင့် ထုတ်လွှင့်ခဲ့သည်။

ဤလက်ရွေးစင် အတန်းတွင်ရှိသော ကျောင်းသားများမှာ ဤပုဂ္ဂလိက ပညာရေး အဖွဲ့အစည်း၏ ပရိုဂရမ် အမျိုးအစား လုပ်ဆောင်ပုံနှင့် ပတ်သက်၍ အလွန် ရင်းနှီးနေပြီ ဖြစ်သည်။

ပရိုဂရမ်၏ တစ်ဝက်တစ်ပျက် သို့မဟုတ် နောက်ဆုံးမိနစ်အနည်းငယ် အတွင်း ဤအဖွဲ့အစည်းက ၎င်းတို့၏ ထုတ်ကုန်များကို ကြော်ငြာရန် သေချာပေါက် စတင်မည် ဖြစ်သည်။

မျှော်လင့်ထားသည့် အတိုင်းပင် အစီအစဉ်၏ နောက်ဆုံးအပိုင်းတွင် ဗီဒီယိုထဲရှိ အမျိုးသမီး အသံလွှင့် အစီအစဉ် တင်ဆက်သူက ကြည်လင်ပြတ်သားသော အသံဖြင့် ရုတ်တရက် ပြောလိုက်သည်။

"နောက်ထပ်အနေနဲ့ လေ့လာရေး ခေါင်းဆောင်ကို ဖိတ်ခေါ်ချင်ပါတယ်.. သူက ကျမတို့ကို အကြံပြုစရာ ရှိတဲ့အတွက် လက်ခုပ်သြဘာနဲ့ ကြိုဆိုလိုက်ကြရအောင်နော်"

ဖန်သားပြင်ပေါ်တွင် ပခုံးပေါ်၌ အစင်းငါးစင်း သင်္ကေတပါသော ဝတ်စုံကို ဝတ်ဆင်ထားသည့် ဖက်တီးတစ်ယောက် ပေါ်လာသည်။

ခန္ဓာကိုယ် တည်ဆောက်ပုံအရ ဆိုလျှင် သူက ကော်ဟောက်ထက် နည်းနည်းပိုထွားသည်။

သူက သာမန်ရုပ်ရည်သာ ရှိသော်လည်း လူတိုင်းက သူ့ကို အသိအမှတ် ပြုကြ၏။

ထိုဖက်တီးက ယမန်နှစ် ကောလိပ်ဝင်ခွင့် စာမေးပွဲတွင် အမှတ် အများဆုံးရသည့် ထန်ကျားမင် ဖြစ်ပြီး ကျင့်ကြံခြင်း ကောလိပ် 211 ကို အလွန်မြင့်မားသော 197000 ရမှတ်ဖြင့် တိုက်ရိုက် ဝင်ရောက်ခွင့် ရခဲ့သည်။

လူတွေက သူ့ကို အစင်းငါးစင်း ခေါင်းဆောင်ဟု နာမည်ပြောင်ပေးထားကြသည်။

ထိုအချိန်က ထန်ကျားမင်မှာ အစိုးရ၏ ထောက်ပံ့ကြေးဖြင့် စူပါ စိတ်ဝိညာဥ်ဆေးပြား သုံးခုကို တိုက်ရိုက် လက်ခံ ရရှိခဲ့သောကြောင့် သတင်း မီဒီယာများတွင် ထင်ရှားခဲ့၏။

စူပါစိတ်ဝိညာဥ်ဆေးပြား သုံးခုလုံးမှာ အကောင်းဆုံး ဆုအမျိုးအစား ဖြစ်သည်မှာ သေချာသည်။

ကောလဟာလအရ ထန်ကျားမင်က ရွှေအမြူတေအလယ်အဆင့် ဖြတ်ကျော်ဖို့ နီးကပ်နေပြီ ဖြစ်၏။

စင်ပေါ်၌ ရပ်နေသည့် ထန်ကျားမင်က သူ၏ စာလေ့လာသည့် လျှို့ဝှက် နည်းလမ်းကို မျှဝေခဲ့သည်။

သူ့လက်ထဲတွင် ဝိညာဉ် အလင်းရောင်တစ်ခု တောက်ပလာပြီး အရည်နှင့် ပြည့်နေသော ပုလင်းတစ်လုံး ရောက်ရှိလာ၏။

တစ်ဆက်တည်းမှာပင် ကင်မရာက ထိုပုလင်းကို အသေအချာ ရိုက်ပြလိုက်သည်။

"ဒါပေါ့ မောင့်အင်မော်တယ်ရေက ငါ့လေ့လာမှုရဲ့ လျှို့ဝှက်နည်းလမ်းပဲ"

ဤအရာက ဗီဇပြောင်းဆေး ဖြစ်ကြောင်း ဝမ်လင်း ချက်ချင်း သိလိုက်သည်။

သူက ကောင်းကင်မျက်လုံးဖြင့် သေချာ အကဲခတ်လိုက်သောအခါ ထိုဆေးဝါးက အမှန်တကယ် တိုးတက်နေသော ဗားရှင်း ဖြစ်နေသည်ကို တွေ့ရသဖြင့် အံ့အားသင့်သွားသည်။

ယခင်က ဆေးရည်အရောင်မှာ အနက်ရောင် ဖြစ်သော်လည်းယခုအခါတွင် ရောင်စုံ ကာလာ ဖြစ်လာခဲ့သည်။

ပို၍ ကြောက်စရာ ကောင်းသည်မှာ ထန်ကျားမင်၏ မိတ်ဆက် ပရိုမိုးရှင်း အပြီးတွင် အမျိုးသမီး အသံလွှင့်သူက ကျွမ်းကျင်သူ လေးဦး ပူးတွဲ အသိအမှတ်ပြုထားသော အရည်အသွေး အကဲဖြတ်သည့် စာရွက်စာတမ်းကို ပြသလိုက်ခြင်း ဖြစ်သည်။

၎င်းတို့က ကျန်းမာရေး စောင့်ရှောက်မှု လောကရှိ ထုတ်ကုန်များကို ကြီးကြပ်သည့်သူများ ကြားတွင် ဂန္ထဝင် ဆန်သော ပညာရှင် လေးဦး ဖြစ်သည်။

သာကူး ဆေးနတ်ဘုရား လျှိုဟုန်ပမ်း

ဆီးချို နတ်သမားတော် လီကျစ်မင်

ဒူလာရောဂါကု ဘုရင် ဝမ်ကျစ်ကျင်း

ကျောက်ကပ်ချို့တဲ့မှု မူးယစ်ဆေး အင်ပါယာ ကောင်းကျန်းကျုံး

ဝမ်လင်း "..........."

All Chapters