အံ့သြစရာပဲ ဒါက အစစ်အမှန် နတ်လက်နက်လား..
Vol. 10 Ch. 149
ပညာရေး အဖွဲ့အစည်း တစ်ခုအတွက် ကျန်းမာရေး ထုတ်ကုန်များ ရောင်းချခြင်းက အလွန်တရာ ကောင်းမွန်သော်လည်း မော့အင်မော်တယ် ရဲတိုက် အနေဖြင့် မှားယွင်းသော နေရာကို ရွေးချယ်မိပြီဟု ဝမ်လင်း ခံစားမိသည်။
စွန်းရုံက ငယ်ရွယ်စဥ်ကတည်းက ဆေးဝါးလုပ်ငန်းစုတွင် ကြီးပျင်းလာရသဖြင့် ဆေးဝါးများနှင့် ပတ်သက်လျှင် အလွန်အကဲဆတ်သူ (ဝါ) အထိခိုက်မခံသူ ဖြစ်သည်။
ကျန်းမာရေး စောင့်ရှောက်မှု ထုတ်ကုန်များကို လူအများ မဝယ်ဝယ်အောင် မစားရဝခမန်း ဂျင်းထည့်၍ ကြော်ငြာခြင်းသည် ယနေ့ခေတ် ဈေးကွက်တွင် အဖြစ်များ နေသည်။
စွန်းရုံက ပရိုမိုးရှင်း ဗီဒီယိုတွင် ဖော်ပြခံခဲ့ရသော ပညာရှင်လေးဦးကို တစ်ခါမျှ မကြားဖူးသဖြင့် အနည်းငယ် စိုးရိမ်နေခဲ့၏။
အားလပ်ချိန်အတွင်း သူမက ဘဏ္ဍာထိန်း လင်းစန်းအား ဖုန်းဆက်မေးလိုက်သည်။
"လျှိုဟုန်ပမ်း.. လီကျစ်မင်.. ဝမ်ကျစ်ကျင်း.. ကောင်းကျန်းကျုံးလား"
ဖုန်းခေါ်ဆိုမှု၏ အခြားတစ်ဖက်မှ လင်းစန်းက မျက်မှောင်ကြုတ်သွားသည်။
"မမလေး.. ဗီဒီယိုထဲမှာ ဒီလေးယောက်ပါတာ သေချာလား"
စွန်းရုံက ခေါင်းညိတ်လိုက်သည်။
"သူတို့ဆိုတာ သေချာပါတယ်"
ဘဏ္ဍာထိန်း လင်းစန်းက နှုတ်ဆိတ်သွား၏။
အချိန်ခဏကြာမှ သူက ပြန်ဖြေလိုက်သည်။
"ဒီလူလေးယောက်က ကျွမ်းကျင်သူတွေလို ဟန်ဆောင်ပြီး သန်းခေါင်ယံ ကျန်းမာရေး ပရိုဂရမ်တွေမှာ ပေါ်လာလေ့ရှိတယ်.. တကယ်တမ်း သူတို့က ဆေးဘက်ဆိုင်ရာ ဘာအရည်အချင်းမှ မရှိဘူး.. လူတွေက သူတို့ကို အရှေ့အဆိပ်၊ အနောက်အရူး၊ တောင်ပိုင်း ငပျော့၊ မြောက်ပိုင်း လူလိမ်လို့ နာမည်ပြောင်ပေးထားတယ်"
"............"
ထိုစကားကိုကြားလျှင် စွန်းရုံက အနည်းငယ် စိတ်တိုလာသည်။
"ဒါက မော့အင်မော်တယ်ရေရဲ့ အရည်အသွေးကို အာမ မခံနိုင်ဘူးလို့ ဆိုလိုတာပဲ မဟုတ်လား"
လင်းစန်း "ဒါထက် အများကြီး ပိုတာပေါ့.. အတုအယောင် ထောက်ခံချက်နဲ့ ဒီကုန်ပစ္စည်းက တခြား အန္တရာယ်တွေကို သေချာပေါက် သယ်ဆောင်လာမှာပဲ"
"ဒါဆို အန်ကယ်လင်း သမီးတို့အခု ဘာလုပ်သင့်လဲ"
စွန်းရုံက မေးလိုက်သည်။
လင်းစန်း ခေါင်းညိတ်လိုက်သည်။
"မမလေး စိတ်မပူပါနဲ့.. ကျောင်းအုပ်ကြီး ချန်းကို အခုပဲ ဖုန်းဆက်လိုက်ပါ့မယ်.. ကျောင်းဘုတ်အဖွဲ့ ဒါရိုက်တာ ဖြစ်တဲ့ ငါတို့ရဲ့ လုပ်ပိုင်ခွင့်ကို အသုံးချပြီး ဒီပုဂ္ဂလိက အဖွဲ့အစည်းကို ကျောင်းမှာ ဒီထုတ်ကုန်တွေ ရောင်းချခွင့်မရှိဘူးလို့ တားမြစ်ရမယ်"
လင်းစန်းက ပြောစရာ မလိုလောက်အောက် လုပ်ရည်ကိုင်ရည် ရှိသူ ဖြစ်သည်။
သူက ဖုန်းပြောပြီးသည်နှင့် ချက်ချင်းပဲ ကျောင်းနှင့် ပတ်သက်သည့် ကိစ္စရပ်တွေကို ခပ်သွက်သွက် လုပ်ဆောင်လိုက်သည်။
.......................
စုန့်ချင်းရှုက ကျောင်းအုပ်ကြီးချန်း၏ ရုံးခန်းသို့ ဒေါသတကြီး ဖုန်းဆက်လိုက်သည်။
"ကျောင်းအုပ်ကြီးချန်း.. မင်း ငါတို့ရဲ့ ကြော်ငြာခကို လက်ခံပြီးပြီ.. အခု ဘယ်လိုလုပ်ပေးမှာလဲ"
ကျောင်းအုပ်ကြီး ချန်း၏ မျက်နှာက နောင်တများနှင့် ပြည့်နှက်နေသည်။
"ငါတို့ အတန်းအားလုံးမှာ ပရိုမိုးရှင်း ဗီဒီယိုကို ပြပေးထားပြီးသားပါ.. ကျောင်းမှာ မော့အင်မော်တယ်ရေကို လူသိရှင်ကြား ရောင်းချတာနဲ့ ပတ်သတ်ပြီး ကျောင်းဘုတ်အဖွဲ့ ဒါရိုက်တာက သဘောမကျဘူး ဖြစ်နေတယ်.. ဒီလိုလုပ်ပါလား.. အခကြေးငွေရဲ့ တစ်စိတ်တစ်ပိုင်းကို မင်းဆီ ငါပြန်ပေးမယ်လေ.. ဘယ်လိုလဲ"
စုန့်ချင်းရှု၏ မျက်နှာ အမူအရာက မည်းမှောင်သွားသည်။
"ငါတို့ ထုတ်ကုန်ကို သဘောမကျတဲ့ ဘုတ်အဖွဲ့ ဒါရိုက်တာရဲ့ အချက်အလက်ကို ငါ့ဆီပို့ပေးပါ.. ငါ အခုပဲ ဖုန်းဆက်မေးလိုက်ပါ့မယ်"
ကျောင်းအုပ်ကြီး ချန်းက ကူကယ်ရာမဲ့ ဖြစ်နေသည်။
"မစ္စတာစုန့်.. မင်းရဲ့ စွမ်းအင်တွေကို မဖြုန်းတီးတာ အကောင်းဆုံးပဲ.. ငါတို့ရဲ့ ဘုတ်အဖွဲ့ ဒါရိုက်တာက အရေးကြီးတဲ့ ကိစ္စတွေနဲ့ လုံးပမ်းနေတယ်.. မင်းသူ့ကို ဆက်သွယ်ရင်လည်း ကြာချိန် တစ်နှစ်ခွဲလောက်မှ မင်းသူနဲ့ အဆက်အသွယ် ရမယ်လို့ ငါထင်တယ်"
စုန့်ချင်းရှု "မင်းတို့ ဘုတ်အဖွဲ့ ဒါရိုက်တာက ဘယ်သူမို့လို့လဲ"
ကျောင်းအုပ်ကြီးချန်း "အိုး.. သူက ဟွာကောရေတံခွန်လုပ်ငန်းစုရဲ့ CEO စွန်းခိုင်မင်ပါ.. သူ့သမီးက ဒီမှာ ကျောင်းတက်နေတာလေ.."
"................."
ထိုစကားကို ကြားပြီးနောက် စုန့်ချင်းရှုက ငိုချင်သလို ခံစားလာရသော်လည်း ကျစရာ မျက်ရည်ပင် မကျန်တော့ချေ။
ဟွာကောရေတံခွန် လုပ်ငန်းစု၏ CEOက ဤကျောင်း၏ ဘုတ်အဖွဲ့ ဒါရိုက်တာ ဖြစ်နေသော်လည်း ဤကျောင်းက ဆင်းရဲဟန် ဆောင်နေခဲ့သည်။
"မင်္ဂလာပါ.. 110ကလား.. ကြော်ငြာခ လိမ်လည်မှု အတွက် တစ်စုံတစ်ဦးကို တိုင်ချက်ဖွင့်ချင်လို့ပါ"
.......................
တစ်ခါတလေ ကံဆိုးချင်သည့်သူတွေက ရေလေးသောက်မိရုံဖြင့် သွားကြားထဲ တစ်ခုခု ကပ်နေတတ်သည်။
စုန့်ချင်းရှုက မြို့တော်ရုံးမှ အထက်တန်းကျောင်း စာရင်းအင်း အချက်အလက်များ အပေါ် အခြေခံ၍ မထင်မရှား ကျောင်းကို ရွေးချယ်ခဲ့ခြင်း ဖြစ်၏။
ဟွာကောလုပ်ငန်းစု၏ မမလေးက ဤကျောင်းတွင် တက်နေမည်ဟု သူ မည်သို့ သိနိုင်ပါမည်နည်း။
ဒါက အတော်လေး ဆိုးဝါး၏။
ယင်းမှာ ထိုကျောင်းတွင် မော့အင်မော်တယ်ရဲတိုက်က ဆေးရည်ကို ရောင်းချဖို့ နည်းလမ်း မရှိတော့ဟု ဆိုလိုနေသည် မဟုတ်လော။
ဆိုရလျှင် သူ့အစီအစဉ် တစ်ဝက်လောက်က ကျရှုံးနေပြီ ဖြစ်၏။
သူသာ ဤအတိုင်း အစီအစဥ်ကို စွန့်လွှတ်လိုက်ရရင် ကောင်းမည်ဟု တွေးမိခဲသည်။
စုန့်ချင်းရှုက ရဲတိုက်သခင်၏ ရက်စက်ကြမ်းကြုတ်မှု နှင့် အလွန်ရင်းနှီးသူ ဖြစ်သည်။
ဤနှစ်များ တစ်လျှောက်တွင် လူများစွာက ရဲတိုက်သခင်၏ လက်အောက်တွင် သေဆုံးခဲ့ကြပြီး ၎င်းတို့၏ ဝိညာဉ်များမှာ အိမ်မွေး တိရစ္ဆာန်များ အဖြစ်သို့ ပြောင်းလဲသွားကြသည်။
မော့အင်မော်တယ် ရဲတိုက်တွင် နှစ်အတော်ကြာ အလုပ်လုပ်ခဲ့သည့် ဝါရင့်ဝန်ထမ်းတွေပဲ ဖြစ်ဖြစ် ကုမ္ပဏီကို ဝင်လာသည့် ဝန်ထမ်း အသစ်လေးတွေပဲ ဖြစ်ဖြစ် သူတို့ သတ်မှတ်ထားသည့် စွမ်းဆောင်ရည် စံနှုန်းနှင့် မကိုက်ညီလျှင် သို့မဟုတ် ဘာမှ မပြီးမြောက်လျှင် သူတို့အတွက် အဆုံးသတ် တစ်ခုသာ ရှိသည်။
ယင်းမှာ သေခြင်းတရား ဖြစ်၏။
သို့သော် သူက သေမင်းကို ထိုင်ပြီး စောင့်ဆိုင်းနေမည်တော့ မဟုတ်ပေ။
မစ်ရှင် လုံးဝ ပျက်စီးသွားပြီဟု ရဲတိုက်သခင် မယူဆခင် သူက အရင်ဦးအောင် ထွက်ပြေးရန် ဆုံးဖြတ်လိုက်သည်။
..................
စုန့်ဟိုင်မြို့ရှိ ဇိမ်ခံတိုက်ခန်းတစ်ခုတွင် စုန့်ချင်းရှုက သူ၏ ပစ္စည်းများကို ထုတ်ပိုးနေသည်။
သူက မှတ်ပုံတင်ကတ် အတုဖြင့် လေယာဉ်လက်မှတ် ဝယ်ပြီး နိုင်ငံခြားသို့ ထွက်ပြေးရန် ကြံစည်ခဲ့သည်။
သူက ရာထူးကို မစွန့်ရသေးသဖြင့် အချက်အလက် အတုဖြင့် ဖန်တီးထားသည့် IDကတ် အတုတစ်ခုရဖို့ မခက်ခဲချေ။
ထို့အပြင် သူသိထားသည့် မော့အင်မော်တယ် ရဲတိုက်၏ စွမ်းဆောင်ရည်များကို အခြေခံ၍ ရှောင်တိမ်းခဲ့လျှင် ပုန်းအောင်းနေသည့် နှစ်များ တစ်လျောက်လုံး သူ့ကိုသတ်ရန် နိုင်ငံရပ်ခြား၌ ခြေရာခံနိုင်ခြင်း ရှိမည်မဟုတ်ဟု သူကောင်းစွာ တွေးမိခဲ့သည်။
အရာအားလုံးသာ အဆင်ပြေ ချောမွေ့သွားလျှင် သူ၏ လွတ်မြောက်ရေး အစီအစဉ်က အောင်မြင်ရန် ရှစ်ဆယ်ရာခိုင်နှုန်းကျော် အခွင့်အရေး ရှိသည်ဟု စုန့်ချင်းရှု ခံစားမိသည်။
လက်ဆွဲအိတ်ငယ်ကို နောက်ဆုံးတစ်ကြိမ် စစ်ဆေးပြီးနောက် သူ၏ အမည်မှန်ကို ဖုံးကွယ်ရန် လိုအပ်သော စာရွက်စာတမ်း အတုများ အားလုံးကို အတည်ပြုခဲ့သည်။
ထို့နောက် ၎င်းတို့ကို သီးခြား အိတ်တစ်ခု အတွင်း သိမ်းဆည်းခဲ့သည်။
ထိုအရာအားလုံးက အတုလုပ်ထားသော်လည်း အစစ်အမှန်အဖြစ် အပြည့်အ၀ ဖြတ်သန်းနိုင်သည်။။
သူ၏ အွန်လိုင်းပရိုဖိုင်ကို ပြောင်းလဲရန် မြို့တော် ကျင့်ကြံရေး ရဲတပ်ဖွဲ့၏ နည်းပညာဌာနရှိ မိတ်ဆွေတစ်ဦးအား တောင်းဆိုထားသောကြောင့် သူ၏ အထောက်အထားကို အွန်လိုင်းတွင် စစ်ဆေးမည်ဆိုလျှင်ပင် ပြဿနာ တစ်စုံတစ်ရာ ရှိမည် မဟုတ်ချေ။
တိုက်ခန်းထဲမှ ပစ္စည်းများမှာ တကယ်ကို များလွန်းသည်။
အချိန်သိပ်မရှိသဖြင့် စုန့်ချင်းရှုက အရာအားလုံးကို သူနှင့်အတူ မယူသွားနိုင်ခဲ့ပေ။
အနည်းဆုံးတော့ သူ့မှာ ပစ္စည်းထည့်မည့် နေရာ အလုံအလောက် မရှိမည်ကို စိုးရိမ်နေစရာ မလိုအပ်ချေ။
အဘယ်ကြောင့်ဆိုသော် သာမန် နေရာလွတ် မှော်ရတနာ တစ်ခုကပင် ထိုပြဿနာကို ဖြေရှင်းပေးနိုင်သောကြောင့် ဖြစ်၏။
စာရွက်စာတမ်း အတုတွေနှင့် ပြည့်နေသည့် ပိုက်ဆံအိတ်အပြင် သူ့ လက်ဆွဲအိတ်ငယ်ထဲ၌ အဝတ်အစားများ၊ မှော်ရတနာများနှင့် အဖိုးတန်ဆေးဝါး အချို့လည်း ပါရှိသည်။
သူထွက်ပြေးသွားကြောင်း သိသည်နှင့် ရဲတိုက်သခင် သေချာပေါက် ပထမဆုံး လုပ်ဆောင်မည့် အရာမှာ သူ့အမည်ဖြင့် ဘဏ်စာရင်း အားလုံးကို ပိတ်သိမ်းခြင်းပင် ဖြစ်ကြောင်း စုန့်ချင်းရှု တွက်ဆထားသည်။
သို့သော် အချိန်တိုအတွင်း ငွေအမြောက်အမြား ထုတ်ယူခြင်းက သံသယ ဖြစ်စေမည် ဖြစ်၏။
သေချာ စဉ်းစားပြီးနောက် စုန့်ချင်းရှုက မှော်ရတနာများနှင့် ဆေးရည်များကို ယူ၍သာ ထွက်ပြေးရန် ဆုံးဖြတ်ခဲ့သည်။
နိုင်ငံခြားသို့ ရောက်ပြီးနောက်တွင် ဤမှော်ရတနာများကို ရောင်းချခြင်းဖြင့် ကြီးမားသော ချမ်းသာကြွယ်ဝမှုကို ရရှိနိုင်သည် မဟုတ်လော။
အားလုံးအဆင်သင့် ဖြစ်သည့်အခါ စုန့်ချင်းရှုက သူ့ လက်ဆွဲအိတ်ကို ကောက်ယူလိုက်သည်။
သို့ရာတွင် အိမ်ရှေ့တံခါးကို ဖွင့်လိုက်သည်နှင့် အနက်ရောင်အင်္ကျီကို ဝတ်ဆင်ထားပြီး နေကာမျက်မှန် တပ်ထားသော ဆံပင်ရှည်ရှည် အရပ်မြင့်မြင့် အမျိုးသမီးတစ်ယောက် တံခါးဝတွင် ရပ်နေသည်ကို တွေ့လိုက်ရ၏။
သူ့ကို မြင်လိုက်သည်နှင့် ထိုအမျိုးသမီးက နှုတ်ခမ်းကို အနည်းငယ် တွန့်ကွေးကာ အေးစက်စက် ရယ်မောလိုက်သည်။
"မစ္စတာစုန့်ချင်းရှု.. မင်းတကယ် ပြေးတော့မလို့လား"
"မင်းက.."
စုန့်ချင်းရှု အံ့အားသင့်သွားသည်။
ဤမိန်းမက ရဲတိုက်သခင် သို့မဟုတ် ရဲတိုက်လေဒီ စေလွှတ်သော လူသတ်သမား ဖြစ်ရပေမည်။
"ကျမက အားကျိုးပါ.. ရဲတိုက်လေဒီရဲ့ လက်အောက်ကပေါ့.. ရှင်ထွက်ပြေးမယ် ဆိုတာ သူမ ကြိုသိထားတယ်လေ"
စကားပြောနေရင်း သူမက သူမ၏ လှပသော လက်သည်းများကို ပြောင်လက်အောင် စိမ်ပြေနပြေ ပွတ်ကစားနေသည်။
"မဖြစ်စလောက် အစီအစဥ်လေးနဲ့ ရဲတိုက်လေဒီကို ဖုံးကွယ်ထားနိုင်မယ်လို့ ရှင်ထင်နေလား.. ဒီနှစ်တွေ တစ်လျောက်လုံး ထွက်ပြေးဖို့ ကြိုးစားတဲ့သူတွေ အများကြီးပဲ.. ရှင်က သူတို့ကို ကိုင်တွယ်ခဲ့ရသလို ကျမကလည်း ရဲတိုက် လေဒီအမိန့်နဲ့ သူတို့ထဲက တချို့ကို ရှင်းပစ်ခဲ့ရတယ်"
စုန့်ချင်းရှုက အေးစက်သော ချွေးများ ချက်ချင်း ထွက်လာသည်။
ဤမိန်းမက မည်မျှ ကြောက်စရာကောင်းသည်ကို သူ ခံစားနိုင်သည်။
သူမက အနည်းဆုံး စိတ်ဝိညာဥ် ဖွဲ့စည်းခြင်း အဆင့်တွင် ရှိရပေမည်။
ယင်းမှာ သူ့ကို သတ်ပစ်ရန် လုံလောက်နေပြီ ဖြစ်သည်။
"မိန်းကလေး အားကျိုး.. ကျေးဇူးပြုပြီး ငါ့ကို လွှတ်ပေးပါ.. မင်းလိုချင်တာကို ငါ ပေးနိုင်ပါတယ်"
စုန့်ချင်းရှုက သူ့လက်ဆွဲအိတ်ကို ရင်ခွင်တွင် ပွေ့ပိုက်ရင်း ညှိနှိုင်းနေသည်။
သူ့နှလုံးသားထဲတွင် ထိတ်လန့်မှုနှင့် အဆုံးမဲ့ ဝမ်းနည်းခြင်းများ ပြည့်နှက်နေသည်။
သူက မော့အင်မော်တယ် ရဲတိုက်၏ ဒါရိုက်တာ တစ်ဦး အဖြစ် ဤနှစ်များ တစ်လျှောက်တွင် ယခုလောက် နှိမ့်ချမှုမျိုး ဘယ်သောအခါမှ မပြုမူခဲ့ဖူးချေ။
"ရှင်ကျမကို ပေးမယ်ဆိုတဲ့ အရာတွေက သခင်နဲ့ လေဒီဆီက ရတာတွေထက် ပိုမယ်လို့ ရှင်ထင်လား"
စကားပြောရင်း အားကျိုးက သူမ၏ လက်ချောင်းများကို ဖြန့်လိုက်သည်။
သူမ၏ သွေးနီရောင် လက်သည်းများက တောက်ပသော ရွှေရောင် အဖြစ်သို့ ပြောင်းလဲသွားသည်ကို စုန့်ချင်းရှု တွေ့လိုက်ရ၏။
ဤအမျိုးသမီးက သူမ၏ ကိုယ်ပိုင် လက်သည်းများကို မှော်ရတနာတစ်ခု အဖြစ် သန့်စင်ထားသောကြောင့် မည်သည့်လက်နက်မှ မကိုင်ဆောင်ထားပုံ ရသည်။
"ငါ့လက်သည်းတွေက သတ္တမတန်းစား သိဒ္ဓိ လက်နက်နဲ့ အတူတူပဲ"
အမျိုးသမီးက သူ့အနီးသို့ ဖြည်းညှင်းစွာ ချဉ်းကပ်လာသည်နှင့်အမျှ လက်သည်းထံမှ ရွှေရောင်အလင်းတန်းများက ပြင်းပြင်းထန်ထန် တောက်ပလာသည်။
သူမက နေကာမျက်မှန် အောက်ကနေ စုန့်ချင်းရှုကို တည့်တည့်ကြည့်လိုက်သည်။
သတ္တမတန်းစား သိဒ္ဓိလက်နက်..
စုန့်ချင်းရှု လုံးဝ အံသြသွားသည်။
နဝမတန်းစား သိဒ္ဓိလက်နက်သည် စိတ်ဝိညာဉ်ဖွဲ့စည်းခြင်း အဆင့်အောက်ရှိ မည်သူ့ကိုမဆို အလွယ်တကူ ဒဏ်ရာရစေနိုင်သည်။
ဤလက်သည်းက သတ္တမတန်းစား သိဒ္ဓိ လက်နက်တမျှ အစွမ်းထက်နေလျှင် သူ့ကို တစ်ချက် ခြစ်မိသည်နှင့် သူသေသွားမည်မှာ သေချာသည်။
"ဟူး.."
အားကျိုးက သူမ လက်သည်းကို ဝှေ့ယမ်းရင်း စုန့်ချင်းရှုကို တိုက်ရိုက် ကုတ်ဆွဲလိုက်သည်။
သူမ၏ တိုက်ခိုက်မှုက စုန့်ချင်းရှု၏ လက်ဆွဲအိတ်ထဲသို့ တိုက်ရိုက် နက်ရှိုင်းစွာ ထိုးဖောက် ဝင်ရောက်သွားခဲ့သည်။
စုန့်ချင်းရှုက သူ့ကိုယ်သူ သေလူဟု သတ်မှတ်ကာ မျက်လုံးများကို မှိတ်ထားလိုက်သည်။
"စိတ်မပူပါနဲ့ မနာပါဘူး..."
သို့သော် အားကျိုး၏ လက်သည်းတွေက သူ့လက်ဆွဲအိတ်ကို ထိုးဖောက်ပြီး နောက်တွင် တစ်စုံတစ်ခု၏ ပိတ်ဆို့ခြင်းကို ခံခဲ့ရကာ နောက်ထပ် ထိုးဖောက်၍ မရတော့ချေ။
"ဘာတွေဖြစ်နေတာလဲ"
သူမ အတတ်နိုင်ဆုံး ရုန်းကန်ခဲ့သည်။
"ခရက်"
နောက်ဆုံးတွင် "အက်ကွဲ"သံသာ ထွက်ပေါ်လာခဲ့၏။
သူမ လက်သည်းတွေက မထင်မှတ်ပဲ ကျိုးပဲ့သွားသည်ကို မြင်လိုက်ရပြီးနောက် သူမ သဘောပေါက်သွားသည်။
ထိုနောက်တွင် စုန့်ချင်းရှု၏ လက်ဆွဲအိတ်ငယ်လေး ထဲမှ ကြီးမားသော တွန်းကန်အား တစ်ခု ထွက်ပေါ်လာပြီး အားကျိုးကို သူမ နောက်ဘက်ရှိ နံရံထဲသို့ ပျံသန်း ဝင်ရောက်စေခဲ့၏။
မယုံနိုင်လောက်အောင် ပြင်းထန်သော ရိုက်ခတ်မှုက အားကျိုး၏ ပါးစပ်ကနေ သွေးအန်သည်အထိ တွန်းအားပေးနိုင်ခဲ့သည်။
သူမက စုန့်ချင်းရှုကို မယုံကြည်နိုင်သော အကြည့်ဖြင့် ကြည့်လိုက်၏။
"မင်းရဲ့ လက်ဆွဲအိတ်ထဲမှာ ဘာမှော်ရတနာ ပစ္စည်း ရှိနေတာလဲ"
စုန့်ချင်းရှုက လက်ဆွဲအိတ်ကို ချက်ချင်း ဖွင့်ကြည့်လိုက်သည်။
သူက တောက်ပနေသော Long john တစ်စုံကို အလျင်အမြန် ရှာတွေ့ခဲ့သည်။
(long john = ညဝတ် အသားကပ် ဘောင်းဘီရှည်)
စုန့်ချင်းရှုက လက်ထဲတွင် Long johnကို ကိုင်ထား၏။
သူ့မျက်နှာတွင် အလွန်အံ့သြသော အမူအရာများ ရှိနေသည်။
ဤအရာက ဝမ်မိသားစု အိမ်ငယ်လေးက Long john ဖြစ်၏။
သူက ထွက်ပြေးရန် အလျင်လိုနေသဖြင့် သူ့အဝတ်များနှင့်အတူ long johnကိုပါ လုံးထွေး ထုတ်ပိုးခဲ့ခြင်းပင်။
ကြောက်မက်ဖွယ် အကောင်းဆုံးမှာ ဤLongjohnက သတ္တမတန်းစား သိဒ္ဓိ လက်နက်၏ စွမ်းအားကို အမှန်တကယ် တားဆီးပြီး သူ့အသက်ကို ကယ်တင်ခဲ့ခြင်း ဖြစ်သည်။