နတ်လက်နက်အဆင့် Long John
Vol. 10 Ch. 150
ခုနစ်ထပ်ရှိ ဓာတ်လှေကားပါသော ဇိမ်ခံတိုက်ခန်းတစ်ခုတွင်..
အားကျိုးက နံရံကိုမှီကာ ရင်ဘတ်ကို လက်ဖြင့်ဖိထားပြီး နာကျင်နေသော အမူအရာဖြင့် သွားများကို အံကြိတ်ထားသည်။
စုန့်ချင်းရှု၏ လက်ဆွဲအိတ်ထဲတွင် ဤမျှ အစွမ်းထက်သော မှော်ရတနာများ ရှိနေမည်ဟု သူမ မထင်ထားခဲ့ပေ။
ထိုမှော်ရတနာက သူမ တိုက်ခိုက်မှုကို တားဆီးနိုင်သည့် အပြင် အဆများစွာ ပိုပြင်းထန်သော စွမ်းအားတစ်ခုဖြင့် သူမအပေါ် ပြန်လည် သက်ရောက်လာခဲ့သည်။
သူမက ယခုလေးတင် ထိုတုံ့ပြန်မှုမှ တဆင့် နံရိုးနှစ်ချောင်း တိုက်ရိုက် ကျိုးသွားခဲ့ပြီး အနည်းငယ် မူးဝေနေသလို ခံစားလိုက်ရကာ ထိတ်ထိတ်ပျာပျာ ဖြစ်သွားခဲ့သည်။
"ဒါက ဘယ်လို မှော်ရတနာမျိုးလဲ"
စုန့်ချင်းရှုက တောက်ပနေသော Long johnကို ကိုင်ထားရင်း မျက်ခုံးပင့်ကာ အားကျိုးကို တုန်တုန်ယင်ယင်ဖြင့် ကြည့်လိုက်သည်။
"ဒါက Long john တစ်စုံပါပဲ"
အားကျိုး "............"
ထို့နောက်တွင် စုန့်ချင်းရှုက အမှတ်တံဆိပ် လိုဂိုကို တစ်ချက် အကဲခတ်လိုက်ရာ ဤ Long john တွေကို ဖန်တီးထားသော ကုမ္ပဏီက နိုကီရာ(Nokia) ဖြစ်ကြောင်း ရုတ်တရက် သိလိုက်ရ၏။
"Nokia ထုတ်ကုန် ဆိုမှတော့ ဒီလောက် အကြမ်းခံနေတာ မဆန်းပါဘူးလေ"
"ရှင်လွတ်မြောက်နိုင်မယ်ထင်လား"
အားကျိုးက သူမ ရင်ဘတ်ကို လက်တစ်ဖက်ဖြင့် ဖိထားရင်း ပြောလိုက်သည်။
"လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက ရှင့်လိုပဲ အခြေတည် စိတ်ဝိညာဉ်အဆင့် ကျင့်ကြံသူ တစ်ယောက် မော့အင်မော်တယ်ရဲတိုက်မှာ ရှိခဲ့တယ်.. သူက သူ့ကိုယ်သူ အရမ်း ဉာဏ်ကောင်းတယ် ထင်နေတာလေ.. သူက ခန္ဓာကိုယ်ကို စွန့်ခွာပြီး သေချင်ဟန်ဆောင်ခဲ့တယ်.. အဲဒီနောက်ပိုင်းမှာ သူ့ ခန္ဓာကိုယ်ကို ပြန်ယူဖို့ ကြိုးစားခဲ့တယ်. ကံမကောင်းစွာပဲ ရဲတိုက်သခင်က သူ့ခန္ဓာကိုယ်မှာ စည်းတံဆိပ် ခတ်ထားလိုက်တယ်လေ.. အဲဒီစည်းတံဆိပ်ရဲ့ စွမ်းရည်ကို ရှင်းပြရရင် လူတစ်ယောက်က ဘယ်လို နည်းလမ်းကိုပဲ အသုံးပြုပါစေ.. ခန္ဓာကိုယ်ကို မူလအတိုင်း ပြန်လည် ကောင်းမွန်အောင် ဘယ်လိုမှ လုပ်လို့ မရတော့ဘူး"
စုန့်ချင်းရှုက မျက်မှောင်ကြုတ်ပြီး သူ့လက်ထဲက Long john ကို ခေါင်းငုံ့၍ ကြည့်လိုက်သည်။
မြို့ အစွန်အဖျားရှိ အိမ်ငယ်လေး ပိုင်ရှင်၏ ရုန့်ရင်းသော စွမ်းအား အောက်တွင် သူ့ လက်အောက်ငယ်သားက ဘောင်းဘီခွပြဲခဲ့ရသည်။
ယင်းနောက်တွင် "ကြင်နာတတ်သော" အိမ်ပိုင်ရှင် ကတော်က Long john တစ်စုံကို ထုတ်ပေးခဲ့သည်။
သူက သမီးရည်းစား သတ်ဖြတ်ခြင်း စီနီယာကို သူငယ်သားနှစ်ယောက်နှင့် အတူ နောက်ယောက်ခံ လိုက်စဥ်တွင် ထိုစီနီယာ၏ စွမ်းအားနှင့် ရင်ဆိုင်ခဲ့ရပြီး ဘောင်းဘီ ခွပြဲသွားခဲ့သည်။
ထို့ကြောင့် သူ့လက်အောက်ငယ်သား ထံမှ Long johnကို ယူဝတ်ခဲ့ရ၏။
သူက Long johnနှင့် ပတ်သက်ပြီး လေးလေးနက်နက် ပြန်လည် တွေးတော၍ ခေါင်းညိတ်လိုက်သည်။
သူ၏ ကျရှုံးမှု အားလုံးက ထိုမထင်မရှား အိမ်ငယ်လေးနဲ့ ပတ်သက်မိရာကနေ စတင်ခဲ့သည်ဟု စဥ်းစားမိခဲ့သည်။
ဗုံးပစ်စီနီယာ အင်မော်တယ်မှာ ထိုမိသားစုနှင့် ရင်းနှီးသောဆက်ဆံရေး ရှိနေသဖြင့် ဤအိမ်ငယ်လေး၏ သခင်က သာမန်လူ မဟုတ်ကြောင်း သူပို၍ ယုံကြည်လာ၏။
Long john တစ်စုံကိုပင် မှော်ရတနာ အဖြစ် အသွင်ပြောင်းပြီး အံ့မခန်း စွမ်းအားကို ထုတ်လွှတ်ပေးနိုင်သည် မဟုတ်လော။
ထိုအိမ်မှ မီးဖိုချောင်သုံးဓားသာ ဆိုလျှင် ကောင်းကင်ကို ခွဲ၍ ကမ္ဘာမြေကြီးကို ထက်ခြမ်း ခွဲပစ်နိုင်မည်လား မပြောတတ်ချေ။
"မိန်းကလေး အားကျိုး.. မင်းဒဏ်ရာရနေပြီ.. မင်းဒဏ်ရာတွေကို ကုသဖို့ အရင် ပြန်သွားတာက အကောင်းဆုံးလို့ ငါထင်တယ်.. ငါတို့ ဘယ်တော့မှ ပြန်မဆုံကြရအောင်"
Long johnကို တင်းကြပ်ကြပ်ကြပ် ဆုပ်ကိုင်ထားရင်း စုန့်ချင်းရှုက ကျန်လက်တစ်ဖက်ဖြင့် လက်ဆွဲအိတ်ကို ဆွဲကာ အခန်းဝသို့ လျှောက်သွားခဲ့သည်။
အားကျိုးက ဒဏ်ရာရနေလျှင်ပင် သူ့အနေဖြင့် အားကျိုးကို သတ်နိုင်မည်ဟု မထင်ထားပေ။
သူမက ရဲတိုက်လေဒီ လက်အောက်မှ အရည်အချင်းရှိသော လုပ်ကြံသူ ဖြစ်သည် မဟုတ်လော။
တစ်ဖက်လူက မည်သို့သော မှော်ရတနာမျိုး အသုံးပြုလာမည်ကို သူတပ်အပ် မသိနိုင်သေးချေ။
စုန့်ချင်းရှုက အခန်းတံခါးကို ဆွဲဖွင့်လိုက်စဥ်တွင် အားကျိုးက သူမ၏ ရင်ဘတ်ကို ဖိကိုင်ထားရင်း မြေပြင်မှ ဖြည်းညင်းစွာ ထရပ်လိုက်သည်။
"ပြေးချင်တာလား"
ဤအရေးကြီးသော အခိုက်အတန့်တွင် အားကျိုးက တောက်ပသော အရောင်ရှိသည့် ကျောက်စရစ်ခဲ တစ်လုံးကို ချက်ချင်း ထုတ်ယူလိုက်သည်။
လျှပ်တစ်ပြက်အတွင်းမှာပင် ကျောက်တုံးထဲကနေ ဝိညာဉ်စွမ်းအင်များ ထွက်ပေါ်လာ၏။
ထိုစွမ်းအားက စုန့်ချင်းရှုကို ရှေ့ဆက် ခြေမလှမ်းနိုင်တော့အောင် ရပ်တန့်ပစ်လိုက်သည်။
"ဝူကျီ ကျောက်တုံးလား"
ပထမဆုံး အမြင်မှာတင် သူမှတ်မိလိုက်သည်။
"ဒါက ရဲတိုက်သခင် အထူး တီထွင်ထားတဲ့ မှော်ရတနာ တစ်ခုပဲ.. ရှင်က သခင်ရဲ့ စည်းတံဆိပ်ခတ်ခြင်းကို ခံထားရတာကြောင့် ဝူကျီကျောက်တုံးရဲ့ ပြစ်ဒဏ်ကနေ လွတ်မြောက်ဖို့ မဖြစ်နိုင်တော့ဘူး.. တစ်ခုခု အမှားအယွင်း ဖြစ်မှာ စိုးရိမ်တဲ့အတွက် လေဒီဆီက တောင်းလာခဲ့တာလေ"
အားကျိုးက တစ်ယောက်ယောက်ကို တားဖို့ "ဝူကျီကျောက်တုံး" ကို သုံးရလိမ့်မည်ဟု ဘယ်တုန်းကမှ မမျှော်လင့်ထားခဲ့ချေ။
စုန့်ချင်းရှု နှင့် ရင်ဆိုင်ရာတွင် သူမ၏ လက်သည်းခြစ်ရာ တစ်ခုဖြင့်ပင် ကိစ္စ ပြီးမြောက်မည်ဟု သူမ ထင်ခဲ့သည်။
ဤ ဝူကျီကျောက်တုံးက စုန့်ချင်းရှု၏ ခြေထောက်ကို လှုပ်မရအောင် ထိန်းချုပ်ထားနိုင်သည်။
၎င်းက အလွန် အားကောင်းသော သံလိုက်တစ်ခုနှင့် တူ၏။
စုန့်ချင်းရှုက ဝူကျီကျောက်တုံး၏ ခွန်အားကို တွန်းလှန်ရန် အတတ်နိုင်ဆုံး ကြိုးစားခဲ့သော်လည်း ခြေလှမ်း တစ်လှမ်းမျှပင် မရွေ့လျားနိုင်ခဲ့ပေ။
အချိန်အနည်းငယ် ထပ်ရလျှင်မူ သူရုန်းထွက်နိုင်လိမ့်မည် ဖြစ်၏။
သို့သော် တစ်ဖက်တွင်လည်း ဝူကျီ ကျောက်တုံး၏ အကူအညီဖြင့် အားကျိုးက သူ့နောက်သို့ တရွေ့ရွေ့ လိုက်လာသည်။
"ရှင်ပြေးမလွတ်ပါဘူးလို့ ကျမ ပြောပြီးပြီလေ "
ယခင် တိုက်ခိုက်မှုတွင် သူမ၏ ညာလက်မှ လက်သည်းများ အားလုံး ကျိုးကြေနေပြီ ဖြစ်သည်။
သို့ရာတွင် သူမ ဘယ်ဘက်လက်ကမူ အကောင်း ပကတိအတိုင်း ရှိနေသေးသည် မဟုတ်လော။
"ရှင် ဒီ Long johnကို မှော်ရတနာ အဖြစ် ဘယ်လို ပြုပြင်ခဲ့လဲတော့ ကျမ မသိဘူး.. ဒါပေမယ့် ဒီတစ်ကြိမ်တော့ ရှင့်ကို ငရဲဆီ တစ်ချက်တည်း ပို့ပေးလိုက်တော့မယ်"
အားကျိုးက သူမ၏ နှုတ်ခမ်းထောင့်မှ သွေးများကို သုတ်လိုက်သည်။
ထို့နောက် နံရိုးကျိုး ဝေဒနာ၏ နာကျင်စွာ ကိုက်ခဲမှုကို တင်းခံကာ စုန့်ချင်းရှုကို အကြင်နာမဲ့စွာ ကုတ်ဆွဲလိုက်သည်။
သူမ၏ ဘယ်ဘက်လက်ရှိ လက်သည်းများက ရွှေရောင်အလင်းတန်းများဖြင့် တောက်ပနေ၏။
ဤလက်သည်း နောက်ကွယ်ရှိ စွမ်းအားက စုန့်ချင်းရှု၏ အရေပြားကို ထိုးဖောက် ဝင်ရောက်ရန် လုံလောက်သည်။
အားကျိုး၏ မညှာမတာ တိုက်ခိုက်မှုကို ကြည့်ပြီး စုန့်ချင်းရှု ဒေါသထွက်သွားသည်။
"ခွေးမ ဒီအဖေက ပြေးမယ် ထင်နေလား"
သူက တတ်နိုင်သမျှ ရုန်းကန်၍ ဝူကျီကျောက်တုံး၏ စွမ်းအားကို စေ့စေ့စပ်စပ် စမ်းသပ်ကြည့်လိုက်သည်။
ရဲတိုက်သခင်၏ စည်းခတ်မှု ရှိနေသ၍ လွတ်မြောက်ရန် နည်းလမ်း မရှိပေ။
ဤဝူကျီ ကျောက်တုံးက သံလိုက်တစ်ခုနှင့် တူသည်။
၎င်းက သူ၏ ရွေ့လျားမှုကို ကန့်သတ်နိုင်ပြီး သူ့ကို အမှန်တကယ် မလှုပ်မယှက် ဖြစ်စေခဲ့သည်။
သူက အားကျိုးနှင့် ညှိနှိုင်းကြည့်သေးသော်လည် အသုံးမ၀င်ခဲ့ပေ။
စုန့်ချင်းရှုက သူ့ရှေ့မှ အမျိုးသမီးကို ကြည့်၍ ပြောလိုက်သည်။
"ခွေးမ.. ဒါဆိုလည်း ငါတို့ အတူတူ သေကြတာပေါ့"
ဤတစ်ကြိမ်တွင် အားကျိုး အသုံးပြုလိုက်သော စွမ်းအားက ယခင်ကထက် ပိုမို ပြင်းထန်လာသည်။
ဤတိုက်ခိုက်မှုက မည်သည့် နည်းစနစ်ကိုမျှ အားမကိုးသည့် သာမန် တိုက်ခိုက်မှု တစ်ခုမျှသာ ဖြစ်သော်လည်း ထိုတိုက်ခိုက်မှု အဟုန်ကြောင့် တိုက်ခတ်လာသောလေမှာ တိုက်ခန်းရှိ မှန်အားလုံးကို ချက်ချင်း ကွဲအက်သွားစေခဲ့၏။
စုန့်ချင်းရှု၏မျက်နှာက မီးလောင်ကျွမ်းနေသကဲ့သို့ ပူစပ်စပ် နာကျင်သွားသည်။
သူ့မျက်နှာက အရင်လို မဟုတ်တော့ဘဲ အရေပြားများက လေဖိအားကြောင့် တွန့်လိမ်ကာ တုန်ခါနေသည်။
ထိုသို့ အန္တရာယ်နှင့် ကြုံလာသောအခါတွင် သူလုပ်နိုင်သည့် တစ်ခုတည်းသော အရာမှာ သူ့လက်ထဲမှ တောက်ပသော Long johnဖြင့် ထိုတိုက်ခိုက်မှုကို ခုခံရန်ပင် ဖြစ်၏။
"ဝုန်း"
ဆယ့်ခုနစ်ထပ်တွင် ပေါက်ကွဲသံ ထွက်ပေါ်လာသည်။
အားကျိုး၏ ပြင်းထန်သော တိုက်ခိုက်မှုက Long johnကို ရုတ်ချည်း ထိမှန်သွားပြီး အခိုးအငွေ့များနှင့် ဖုန်မှုန့်များ ထွက်ပေါ်လာ၏။
မယုံနိုင်လောက်အောင်ပင်.. Long johnက ပျက်စီးမသွားဘဲ မီးပွားများသာ ထွက်ပေါ်လာခဲ့သည်။
ထို့အပြင် Long johnက သူမ၏ တိုက်ခိုက်မှုကို တန်ပြန် သက်ရောက်မှု ဖြစ်စေခဲ့၏။
"ဝုန်း"
နောက်ထပ် ပေါက်ကွဲသံ ထွက်ပေါ်လာသည်။
Long johnထံမှ ထွက်ပေါ်လာသည့် စွမ်းအားက အားကျိုးကို အထိန်းအကွပ်မဲ့ လွင့်ပျံစေခဲ့သည်။
ဆယ့်ခုနစ်ထပ်မှ တိုက်ခန်း နံရံရှိ လူပုံသဏ္ဍာန် အပေါက်ကို စိုက်ကြည့်ရင်း စုန့်ချင်းရှုက နှလုံးသားထဲကနေ ကြောက်ရွံ့တုန်လှုပ်နေသည်။
ပြင်းထန်သော တိုက်ပွဲအပြီးတွင် ပြာများနှင့် ဖုန်မှုန့်များက ငြိမ်သက်သွားသော်လည်း ဆယ့်ခုနစ်ထပ် တစ်ခုလုံးက ကြီးမားသော ပျက်စီးဆုံးရှုံးမှုကို ခံစားခဲ့ရသည်။
ကံကောင်းထောက်မစွာပင် ဇိမ်ခံတိုက်ခန်း၏ ဤအထပ်တွင် နေထိုင်သူမှာ သူတစ်ဦးတည်းသာ ရှိခဲ့သည်။
ထိုသို့ မဟုတ်ဘဲ အပြစ်မဲ့သူများ ပါဝင်လာလျှင် မည်သို့မည်ပုံ ဖြစ်သွားမည်ကို စုန့်ချင်းရှု တွေးဆ၍ပင် မရချေ။
"အောက်ထပ်မှာ ဘာလို့ ဆူညံနေတာလဲ.. သောက်ချီးပဲ.. မနက်ဖြန် အလုပ်ရှိသေးတယ်ကွ.. ငါ တိုက်ခန်း မန်နေဂျာကို ခေါ်ပြီးပြီ.. မင်း ခဏနေ ဖြေရှင်းဖို့ပြင်ထားလိုက်တော့"
ဆယ့်ရှစ်ထပ်မှ ရွှေအမြူတေအဆင့် ကျင့်ကြံသူ တစ်ယောက်က ဒေါသတကြီးဖြင့် အဆုတ်ကွဲထွက် မတတ် အော်ဟစ်လိုက်သည်။
ထိုအသံကို ကြားမှ ထိတ်လန့်နေသည့် စုန့်ချင်းရှုက သတိပြန်ဝင်လာပြီး ထွက်ပြေးဖို့ အချိန်တန်ပြီဟု သဘောပေါက်လိုက်သည်။
သူက ကြမ်းပေါ်သို့ ကျနေသည့် လက်ဆွဲအိတ်ကို ချက်ချင်း ဆွဲယူလိုက်ပြီး အလျင်စလို တိုက်ပေါ်က ဆင်းလာခဲ့၏။
သူက အကာအကွယ် အဖြစ် Long johnကို လက်က မချရဲတော့ချေ။
.......................
အခြားတစ်ဖက်တွင် ရဲတိုက်လေဒီ ထံမှ စေလွှတ်ခြင်း ခံရသော လုပ်ကြံသူ အားကျိုးမှာ တုံ့ပြန်မှု၏ ပြင်းထန်သော တွန်းကန်အားကြောင့် တိုက်ခန်းနံရံကို ဖောက်ထွက်ကာ အပြင်သို့ လွင့်ထွက်သွားခဲ့သည်။
သူမက မီတာတစ်ထောင် အထိ ကြယ်ကြွေသလို ပျံသန်းသွားခဲ့ပြီး အဝေးပြေးလမ်းမ တစ်ခုအနီးရှိ ဆိုင်းဘုတ် တစ်ခုနှင့် တိုက်မိကာ မြေပေါ်သို့ ပြုတ်ကျလာသည်။
သူမက နံရိုးများ ကျိုးသွားသည့် အပြင် လက်သည်းများ ကျွတ်ထွက်ကာ လက်နှစ်ဖက်လုံး သွင်သွင်ကျိုးသွားခဲ့၏။
အားကျိုးက မသေဆုံးသေးသော်လည်း တုန်လှုပ်သွားခဲ့သည်။
ထို Long john များကို ဝမ်လင်းက အဆင့်မြှင့်တင်ထားခြင်းဖြစ်သော်လည်း သူမက Long john၏ တုံ့ပြန်မှု နှစ်ခုမှ အသက်ရှင်နိုင်ခဲ့သည်။
ဝမ်လင်းသာ ဤအကြောင်းကိုသိလျှင် အံ့သြနေမည်မှာ သေချာသည်။