← Chapters

ဆေးပညာလေ့လာမှုက ကျင့်ကြံသူတွေကို ကယ်တင်ဖို့ မလုံလောက်ပါ

Vol. 11 Ch. 151

ဆေးပညာလေ့လာမှုက ကျင့်ကြံသူတွေကို ကယ်တင်ဖို့ မလုံလောက်ပါ

Vol. 11 Ch. 151

ရုန့်ရင်းသော စွမ်းအားကို ပိုင်ဆိုင်သည့် စိတ်ဝိညာဉ်အဆင့် ကျင့်ကြံသူက တန်ပြန်သက်ရောက်မှုကို ခံလိုက်ရသောကြောင့် အသည်းထဲ စိမ့်နေအောင် ထိတ်လန့်သွားခဲ့သည်။

ထိုစွမ်းအားက မည်မျှပြင်းထန်မည်ကို စိတ်ကူးကြည့်ရန်ပင် အမှန်တကယ် ခက်ခဲသည်။

ညနေပိုင်းတွင် ဒါရိုက်တာလီက သေလုနီးပါး ဒဏ်ရာရထားသော လူနာတစ်ဦး အကြောင်း အထက်လူကြီး၏ ဖုန်းဆက်မှုမှ တဆင့် လက်ခံရရှိခဲ့သည်။

ဒါရိုက်တာလီက လူနာ ရှိသည့် နေရာသို့ သွားနေစဥ် သူ၏ လက်ထောက်က လူနာ အခြေအနေကို သတင်းပို့လိုက်သည်။

"လူနာ အခြေအနေ ဘယ်လိုလဲ"

"ရောဂါရှာဖွေတွေ့ရှိချက် အရတော့ လူနာက ထိတ်လန့်တုန်လှုပ်မှုကြောင့် ဖြစ်ရတာပါ"

ဒါရိုက်တာလီက အံအားသင့်သွားသည်။

"..........."

"အဲဒါက ဘယ်လို ထိတ်လန့်မှုမျိုး ဖြစ်နိုင်လဲ… အခုခေတ် ကျင့်ကြံသူတွေရဲ့ ဦးနှောက်တွေက အရမ်းနုနယ်နေတာများလား"

"ဘာအကြောင်းကြောင့်လဲ"

"ကြယ်ငါး လမ်းမှာရှိတဲ့ ယာဉ်ထိန်း ကင်မရာတွေကနေ ကျင့်ကြံခြင်းရဲတွေက ဒီဖြစ်ရပ်ကို စစ်ဆေးခဲ့တယ်.. ကင်မရာထဲကမှတ်တမ်းအရတော့ လူနာက ကောင်းကင်ကနေ ပျံဝဲရင်း ဆိုင်းဘုတ်တစ်ခုနဲ့ တိုက်မိပြီး ပြုတ်ကျလာတာပါ.. အကြောင်းရင်းကိုတော့ စုံစမ်းနေဆဲပါပဲ"

လက်ထောက်က ပြန်ဖြေလိုက်သည်။

"ဒါပေမယ့် ကနဦး အကဲဖြတ်ချက် အရတော့ ဒီလူနာရဲ့ ဒဏ်ရာက အမြင့်ကနေ ပြုတ်ကျတာနဲ့ ဘာမှမဆိုင်ဘူးလို့ ယူဆရတယ်.. လူနာက မပြုတ်ကျခင် ထိတ်လန့်တကြား ဖြစ်ခဲ့ပုံရတယ်.. ကျင့်ကြံခြင်း ရဲတပ်ဖွဲ့က မှုခင်းစစ် ရဲအရာရှိဝမ်ကို စုံစမ်းစစ်ဆေးဖို့ စေလွှတ်လိုက်ပါတယ်.. သူ့ရဲ့ ခွဲခြမ်းစိတ်ဖြာချက် အရတော့ လူနာရဲ့ ဒဏ်ရာက အခင်းဖြစ်ပွားတဲ့ နေရာနဲ့ မီတာတစ်ထောင်လောက် ဝေးတဲ့နေရာက ဇိမ်ခံတိုက်ခန်း ပေါက်ကွဲမှုနဲ့ ဆက်နွှယ်နေနိုင်တယ်လို့ သိရပါတယ်"

ဒါရိုက်တာလီက ခေါင်းညိတ်လိုက်သည်။

"အင်း ငါနားလည်ပြီ..ငါအခု လမ်းမှာရောက်နေပြီ.. ခဏနေအဲဒီကို ရောက်တော့မယ်.. လူနာရဲ့ ဒဏ်ရာအခြေအနေ ထူးခြားတာနဲ့ ငါ့ကို ချက်ချင်း သတင်းပို့ပါ.. မြို့တော်ရုံးက ငါ့ကို အမိန့်ပေးထားတယ်.. ငါသူ့ရဲ့ အသက်ကို အတတ်နိုင်ဆုံး စောင့်ရှောက်ပေးရမယ်"

"စိတ်မပူပါနဲ့ ဒါရိုက်တာ.. ရဲအရာရှိဝမ်က အတွေ့အကြုံကြွယ်ဝပါတယ်.. သူက ဒီကိစ္စကို စုံစမ်းဖို့ အတတ်နိုင်ဆုံး ကြိုးစားနေပါတယ်.. သူက Detective Conan ဇာတ်လမ်းတွဲတစ်ခုလုံးကို ကြည့်ရှုပြီးသွားပါပြီ"

"................"

အကြောင်းရင်း တချို့ကြောင့် ဒါရိုက်တာလီက ငိုချင်သလို ခံစားရသော်လည်း မျက်ရည်တော့ မကျခဲ့ပေ။

သေချာသော အချက်မှာ သူ၏ ဆေးပညာ လေ့လာမှုက မလုံလောက်သေးသဖြင့် ကျင့်ကြံသူတွေကို ကယ်တင်နိုင်မည် မဟုတ်ချေ။

....................

ဝမ်မိသားစု အိမ်ငယ်လေး၏ တံခါးဝတွင် မဖိတ်ကြားထားသော ဧည့်သည်တော် တစ်ယောက် ညဆယ်နာရီလောက်၌ ပေါ်လာသည်။

စုန့်ချင်းရှုက အိမ်ရှေ့တံခါးဝတွင် ရပ်နေသည်။

သူ့ဘယ်ဘက်လက်တွင် အိတ်တစ်အိတ်ကို ဆွဲထားပြီး ညာဘက်လက်တွင် longjohn တစ်စုံကို ကိုင်ထားသည်။

သူ၏ မူလအစီအစဥ်မှာ မီရှို့နိုင်ငံသို့ အသံထက်မြန်သော လေယာဉ်ဖြင့် လိုက်ပါသွားရန် ဖြစ်သည်။

သို့သော် နောက်ဆုံး အခိုက်အတန့်တွင် သူ ကြောက်လန့်နေခဲ့သည်။

သူက မော့အင်မော်တယ် ရဲတိုက်မှ ထွက်ပြေးရန် ကြိုးပမ်းခဲ့ရုံသာမက ရဲတိုက်လေဒီ၏ အရည်အချင်းရှိသော လက်အောက်ငယ်သား ဖြစ်သည့် အားကျိုကိုပါ ပြင်းပြင်းထန်ထန် ဒဏ်ရာရစေခဲ့သည်။

ရဲတိုက်လေဒီက သူ့ကို ခြေရာခံပြီး ဖယ်ရှားပစ်ရန် သူမ၏ အဆက်အသွယ် အားလုံးကို အသုံးပြုမည်မှာ သေချာ၏။

စုန့်ချင်းရှုက သူ့အတွက် ပြေးပေါက် မရှိတော့ဟု ခံစားခဲ့ရသည်။

လက်ရှိအချိန်၌ နိုင်ငံရပ်ခြားကို ထွက်ပြေးလျှင်ပင် အန္တရာယ်ကျရောက်နိုင်သည်ဟု ခံစားမိခဲ့သည်။

သို့ဆိုလျှင် ဤကမ္ဘာမြေကြီးပေါ်တွင် သူဘာကို ဆက်လုပ်သင့်ပါသနည်း။

သူ့တိုက်ခန်း အဆောက်အဦးအောက်ရှိ ပန်းခြံငယ်လေးထဲတွင် သူ့ဘဝကိုသူ အချိန်အတော်ကြာ တိတ်တဆိတ် ပြန်တွေးကြည့်ရင်း အတွေးများ ပျောက်ဆုံးနေခဲ့သည်။

ငယ်စဥ်ကတည်းက မကောင်းမှု တစ်ခုခု ကျူးလွန်မိတိုင်း ချောချောမွေ့မွေ့ မဖြစ်ခဲ့ဟု သူခံစားမိသည်။

တစ်ခါက အရည်အချင်းစစ် Glory ပွဲစဉ်တွင် သူက အသင်းဖော်များကို ရည်ရွယ်ချက်ရှိရှိ သစ္စာဖောက်ခဲ့သည်။

သို့သော် နောက်ဆုံးတွင် သူက ယဲ့ရှို့ဟု ခေါ်ဆိုသည့် အလွန်တရာ လက်မြန်သော လူငယ်တစ်ဦးနှင့် ရင်ဆိုင်ခဲ့ရသည်။

ထိုလူက ပြိုင်ဘက်အသင်းမှ အဖွဲ့ဝင်ငါးဦးကို ချေမှုန်းရန် ဟီးရိုး ဇာတ်ကောင်ကို အသုံးပြုခဲ့ပြီး အခြားတစ်ဖက်မှ နောက်ဆုံးတွင် လက်နက်ချသည်အထိ သတ်ဖြတ်မှုပေါင်း သုံးဆယ်ကျော်ကို အောင်အောင်မြင်မြင် လုပ်နိုင်ခဲ့သည်။

တစ်ကြိမ်တွင် သူက ဘေးအိမ်တွင် နေထိုင်သည့် ကလေးတစ်ဦး ထံမှ စုပ်ပြား တစ်ချောင်းကို လုယူခဲ့သော်လည်း ထိုကလေး၏ ရိုက်နှက်ခြင်းကိုသာ ခံခဲ့ရသည်။

အဘယ်ကြောင့် ထိုကလေးက ချိကုန်း သခင် ဝမ့်လင် လက်အောက်တွင် ချိကုန်းကို သင်ယူခဲ့သော ရှောင်လင်တပည့်တစ်ဦး ဖြစ်နေသောကြောင့် ဖြစ်၏။

ထိုကလေးက ရှောင်လင်၏ သားရဲငါးမျိုး လှုပ်ရှားမှုသိုင်းထဲမှ မြွေရိုင်း ပါးပြင်ထောင် သိုင်းကိုပါ သင်ယူခဲ့သည်ဟု သိရသည်။

တစ်ကြိမ်တွင်မူ သူက ရေချိုးနေသည့် မိန်းကလေး တစ်ဦးကို ချောင်းကြည့်မိရာ မိန်းကလေး၏ ချစ်သူက သူ့ကို ဖမ်းမိပြီး ပြားကပ်လုနီးပါး ရိုက်နှက်ခဲ့သည်။

ထိုလူက သူ့ကိုယ်သူ "ကျောင်းအလှလေး၏ သီးသန့် ကိုယ်ရံတော်"ဟု ဂုဏ်ယူစွာ ကြွေးကြော်ခဲ့သော်လည်း ထိုလူထံတွင် မရေမတွက်နိုင်သည့် ရည်းစားများ ရှိနေသည်။

ထိုလူက ထိုမိန်းကလေးများ အားလုံးကို တစ်ပြိုင်နက် တွဲနေခဲ့ခြင်း ဖြစ်၏။

စုန့်ချင်းရှုက သူ့ဘဝအကြောင်းကို တွေးတောနေချိန်တွင် ဥဩသံများပါသော ကျင့်ကြံခြင်း ရဲကားများ၊ အရေးပေါ်မီးနီများပါသော မီးသတ်ကားများက လူနေရပ်ကွက် တစ်ခု အတွင်းသို့ မောင်းနှင်သွားသည်ကို တွေ့လိုက်ရသည်။

ထိုခဏမှာပင် စုန့်ချင်းရှု၏ ဦးနှောက်ထဲသို့ အကြံဉာဏ် တစ်ခု စိမ့်ဝင်လာသည်။

အရင်ကလို သူ့တွင် သွားစရာနေရာ မရှိတော့ပေ။

အကယ်၍ သူသာ လုံခြုံသော နေရာတစ်ခုကို ရွေးချယ်ရမည်ဆိုလျှင် ဝမ်မိသားစု အိမ်ငယ်လေးကသာ သူ၏ တစ်ခုတည်းသော ရွေးချယ်မှု ဖြစ်ကြောင်း စဥ်းစားမိလိုက်သည်။

သို့သော် ဤအိမ်ငယ်လေး၏ စီနီယာကို အကူအညီ တောင်းရန် မည်သို့သော အကြောင်းပြချက် အသုံးပြုရမည်ကို သူ မသိချေ။

စုန့်ချင်းရှုက သူ့အသက်ကို နှစ်ကြိမ်တိုင်တိုင် ကယ်တင်ခဲ့သည့် Long johnကို ကြည့်ရင်း အံကို တင်းတင်းကျပ်ကျပ် ကြိတ်လိုက်သည်။

ဤသို့ဖြင့် သူက ဝမ်မိသားစု အိမ်ငယ်လေး၏ တံခါးဝသို့ရောက်လာခဲ့ရခြင်း ဖြစ်၏။

ညဆယ်နာရီခန့် ရှိပြီ ဖြစ်သော်လည်း အိမ်ငယ်လေးထဲရှိ မည်သူမျှ မအိပ်သေးပေ။

မေမေဝမ်က အပေါ်ထပ်တွင် တီဗီဒရမ်မာကို ကြည့်နေရင်း အသားအရေ စိုပြေစေသည့် maskကို မျက်နှာတွင် ကပ်ထားသည်။

ဖေဖေဝမ်ကမူ သူ့စာဖတ် ပရိသတ်များ အတွက် အလုပ်ကြိုးစားနေ၏။

ဖိုးဖိုးဝမ်ကမူ အောက်ထပ်တွင် ကိုယ်ကျင့်တရားနှင့် လောကဓံအကြောင်းကို ဇောင်းပေး ရိုက်ကူးထားသော "Old Driver, Give Me a ride please"စီးရီးကို ကြည့်ရှုနေသည်။

ဤစီးရီးက ဒဏ်ရာရသော်လည်း ရည်မှန်းချက်ကြီးသော အငြိမ်းစား ယာဉ်မောင်းတစ်ဦး အကြောင်းကို ရိုက်ကူးထားခြင်း ဖြစ်သည်။

ထိုယဥ်မောင်းက သူ၏အိပ်မက်ဖြစ်သည့် ပြိုင်ကားမောင်းချန်ပီယံအိပ်မက်ကို သမီးနှစ်ယောက် အပေါ်တွင် ပုံအပ်ခဲ့ပြီးသမီးနှစ်ဦးကို ချီမင်တောင်ပေါ်တွင် ကျင်းပသည့် ဒရွတ်ဆွဲပြိုင်ပွဲသို့ ခေါ်ဆောင်လာခဲ့သည်။

အဆုံးသတ်တွင် သူက သမီးနှစ်ဦးကို ပြိုင်ကားမောင်း ချန်ပီယံများ ဖြစ်လာစေရန် ပြုစုပျိုးထောင်နိုင်ခဲ့သည်။

တံခါးခေါက်သံ ရုတ်တရက် မြည်လာသော အခိုက်တွင် အဘိုးအိုက စီးရီးထဲ နစ်မျောနေခဲ့သည်။

သူက အသက်ကြီးလာပြီ ဖြစ်၍ အကြားအာရုံ အားနည်းလာသော်လည်း အကြိမ်အနည်းငယ် ထပ်မြည်လာသော အခါတွင် သတိပြုမိသွားခဲ့၏။

တစ်ချိန်တည်းမှာပင် ဒုတိယထပ်ရှိ ဝမ်လင်းက သူ့အမြင်စွမ်းအားကို ချဲ့ထွင်၍ ကြည့်လိုက်သည်။

"ဘယ်သူလဲ"

ဖိုးဖိုးဝမ်က လက်နှစ်ဖက် နောက်ပစ်ကာ ဟန်ပါပါဖြင့် တံခါးဝဆီသို့ ဖြည်းညှင်းစွာ လျှောက်လှမ်းလာရင်း မေးလိုက်သည်။

သူက တံခါးဖွင့်လိုက်ရာ တံခါးဝတွင် ရပ်နေသည့် စိတ်ဆင်းရဲသော အမူအရာနှင့် လူတစ်ယောက်ကို တွေ့လိုက်ရသည်။

ထိုလူ့ရုပ်ရည်က အသက်သုံးဆယ်ကျော်လောက် ရှိပုံရပြီး အသားအရေက အနည်းငယ် မွဲခြောက်နေပုံရကာ မျက်ကွင်းများ ချောင်ချိနေသည်။

ဖိုးဖိုးဝမ်က မျက်မှောင်ကြုတ်သွားသည်။

"မင်းက.."

စုန့်ချင်းရှုက သူ၏ ဝိညာဉ်ရေးအာရုံဖြင့် စစ်ဆေးလိုက်ရာ သူ့ရှေ့တွင် ရပ်နေသော အဘိုးအိုက ဝိညာဉ်စွမ်းအင် တစ်စုံတစ်ရာ မပိုင်ဆိုင်ထားသည့် သာမန် အဘိုးအို တစ်ဦးမျှသာ ဖြစ်ကြောင်း တွေ့ရှိခဲ့ရသည်။

သို့ရာတွင် စုန့်ချင်းရှုက အဘိုးအိုကို နည်းနည်းလေးမှ အထင်မသေးရဲချေ။

ထိုအဘိုးအိုက သူ့ခွန်အားကို တမင်တကာ ဖုံးကွယ်ထားနိုင်သည် မဟုတ်လော။

"စီနီယာ"

သူက အဘိုးအိုကို ကြည့်ရင်း အသက်ခပ်ပြင်းပြင်းရှူကာ သတ္တိများ စုစည်း၍ ခေါ်လိုက်သည်။

ထို့နောက် သူ့လက်ထဲမှ Longjohnများကို ကမ်းပေးလိုက်သည်။

"ကျ.. ကျနော် ဒီ Long john တွေကို ပြန်ပေးဖို့ ရောက်လာတာပါ"

ဤLongjohnများက ဖိုးဖိုးဝမ် ကိုယ်တိုင် အထည်အလိပ်ဈေးမှ ဒါဇင်နှင့်ချီ၍ ဝယ်ခဲ့ခြင်း ဖြစ်သောကြောင့် တစ်ချက်မြင်ရုံဖြင့် သူဝယ်ခဲ့သည့် Longjohnမှန်း ဖိုးဖိုးဝမ် သိလိုက်သည်။

"ဒါက ငါ့ရဲ့ longjohnပဲ"

အဘိုးအိုက ခေါင်းညိတ်လိုက်သည်။

ထို့နောက် သူက စုန့်ချင်းရှုကို မေးခွန်းထုတ်လိုက်သည်။

"မင်း ဒုက္ခရောက်နေတာလား"

အားကျိုး၏ လုပ်ကြံသတ်ဖြတ်ရန် ကြိုးပမ်းမှုက တစ်နာရီကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သော်လည်း စုန့်ချင်းရှု၏ လက်များက တုန်ယင်နေဆဲ ဖြစ်၏။

သူက အဘိုးအိုကို ဘာပြန်ပြောရမှန်းမသိ ဖြစ်နေသည်။

ဖိုးဖိုးဝမ်က အတွေ့အကြုံ ကြွယ်ဝသူ ဖြစ်သည်။

ငယ်စဥ်ကတည်းက ဂိုဏ်းပေါင်းစုံမှ လူများနှင့် ဆက်ဆံခဲ့ရပြီး လူမျိုးပေါင်းစုံကို ကြုံဖူးသည်။

စားဖိုမှူးအဖြစ် ဆယ်စုနှစ်များစွာ အလုပ်လုပ်ပြီး နောက်တွင် ၎င်းတို့ မျက်မှောင်ကြုတ်လိုက်သည်နှင့် ၎င်းတို့တွေးနေသည့် အရာကို ပြောပြနိုင်သော ၎င်းတို့၏ ဗိုက်ထဲမှ ပုဏ္ဏားလေးလို အစွမ်းထက်လာ၏။

စုန့်ချင်းရှု၏ တကယ့်ရည်ရွယ်ချက်က long john တွေ ပြန်ပေးရတာလောက် မရိုးရှင်းဘဲ တခြား အရာတစ်ခု ဆိုသည်ကိုဖိုးဖိုးဝမ်က မှန်းဆနိုင်ခဲ့သည်။

ထို့အပြင် ဤအချိန်က အလည်အပတ် လာသင့်သော အချိန်မဟုတ်ဘဲ ပုံမှန် မဟုတ်သော အချိန် ဖြစ်ကြောင်း သိသာထင်ရှားနေသည် မဟုတ်ပါလား။

အဘိုးအိုက သက်ပြင်းကိုချရင်း စုန့်ချင်းရှု၏ ပုခုံးကို ခပ်ဖွဖွ ပုတ်လိုက်သည်။

"ဂျူနီယာလေး အထဲကို အရင်ဝင်ပါ... မင်းကို စိတ်အနှောင့်အယှက်ဖြစ်စေတဲ့ အကြောင်းရင်းကို မင်းမှ မပြောပြရင် ငါဘယ်လိုလုပ် သိမှာလဲကွ"

All Chapters