← Chapters

စီနီယာဝမ်၏အိမ်က မှော်ရတနာများနှင့် ပြည့်နေသည်

Vol. 11 Ch. 154

စီနီယာဝမ်၏အိမ်က မှော်ရတနာများနှင့် ပြည့်နေသည်

Vol. 11 Ch. 154

ဝမ်မိသားစုထံ စုန့်ချင်းရှု အကူအညီ တောင်းခံသော အချိန်တွင် သန်းခေါင်ယံ နီးပါး ရှိနေပြီ ဖြစ်သည်။

ရိုးသားစွာ ပြောရလျှင် မော့အင်မော်တယ် ရဲတိုက်က သူမျှော်လင့်ထားသည်ထက် ပိုမို လျင်မြန်စွာ ရောက်ချလာသည်။

အကယ်၍ သူသာ လေဆိပ်ကို သွားမိလျှင် လေယာဉ် မထွက်ခင် ဖမ်းမိလောက်ပြီ ဖြစ်သည်။

စုန့်ချင်းရှုက သူ၏ ရွေးချယ်မှု အတွက် အနည်းငယ် ဝမ်းသာသွား၏။

ဗုံးပစ်စီနီယာ အင်မော်တယ်နှင့် နားမလည်နိုင်သော နယ်ပယ်တစ်ခုကို ပိုင်ဆိုင်ထားသည့် စီနီယာ ယုန်ဖြူက သူ့ကို လုံး၀ အကာအကွယ် ပေးမည်မှာ သေချာသည်။

စုန့်ချင်းရှုက ဝမ်လင်းကို "ယုန်ဖြူ"ဟု နာမည်ပြောင်ပေးလိုက်၏။

ထိုအချိန်မှာပင် ဝမ်မိသားစု အိမ်ငယ်လေး၏ ပထမထပ်ရှိ ရှေးဟောင်း ချိန်သီးနာရီကြီးက ဆယ့်နှစ်ကြိမ်တိုင်တိုင် လှုပ်ယမ်းသွားသည်။

အတိအကျ ဆိုရလျှင် သန်းခေါင်ကျော်ပြီ ဖြစ်သည်။

ဝမ်လင်းက ညအိပ်၀တ်စုံဖြင့် တံခါးနားသို့ ချဉ်းကပ်လာသည်။

အနီရောင် ချောင်ဆမ် အင်္ကျီဝတ် အမျိုးသမီးက ဝမ်လင်း၏ အနောက်ဘက်မှ စုန့်ချင်းရှုကို လှမ်းကြည့်ရင်း ခနဲ့လိုက်သည်။

"နောက်ဆုံးတော့ ရှင် ထွက်လာပြီပေါ့"

"အားယို.. မင်းဒီကို လိုက်မလာသင့်ဘူး"

စုန့်ချင်းရှုက ဝမ်လင်း နောက်ကနေ ထွက်လာသည်။

ယင်းမှာ ဝမ်လင်းနှင့် ဗုံးပစ်စီနီယာ အင်မော်တယ်တို့ကြောင့် ဖြစ်ကောင်း ဖြစ်နိုင်သလို သူ၏ ယုံကြည်မှု အနည်းငယ် တိုးလာခဲ့ခြင်းကြောင့်လည်း ဖြစ်နိုင်သည်။

"နင်က မော့အင်မော်တယ် ရဲတိုက်ကို စွန့်ပစ်ဖို့ကြိုးစားခဲ့တယ်.. ဒါက ကြီးလေးတဲ့ ရာဇ၀တ်မှုတစ်ခုပဲ"

အားယိုက အော်ဟစ် ပြောဆိုလိုက်သည်။

တစ်ချိန်တည်းမှာပင် သူမ၏ ညာလက်ရှိ အရိုးများက ကြမ်းတမ်း ခိုင်ခံ့သော အမဲသား အရွတ်များကဲ့သို့ ပြောင်းလဲသွားသည်။

လျှပ်စီးများက သူမ လက်တစ်ခုလုံးတွင် အရှိန်အဟုန်ဖြင့် စီးဆင်းနေ၏။

ဤအမျိုးသမီး၏ ညာလက်က မှော်လက်နက် အဖြစ် မထင်မှတ်ဘဲ ပြောင်းလဲသွားခဲ့သည်။

စုန့်ချင်းရှုက အားယို သူ့ကို ကောင်းကောင်းကြီး လှည့်စားလိုက်ပြီဟု ကျောချမှ သိလိုက်ရသည်။

သူတို့၏ ကျင့်ကြံခြင်း နယ်ပယ်များက တူညီသော အဆင့်တွင် ရှိမနေခဲ့ချေ။

ကိုယ့်ထက် နိမ့်ကျသည့် နယ်ပယ်က လူတစ်ယောက်ကို နှိပ်စက်သည်က ကြက် ဒါမှမဟုတ် ခွေးတစ်ကောင်ကို သတ်သကဲ့သို့လွယ်ကူသည်။

သာမန် အခြေအနေ တစ်ခုတွင် ကိုယ့်ထက် မြင့်မားသော နယ်ပယ်တစ်ခုရှိသူ တစ်ဦးကို သတ်ပစ်ရန်မှာ မဖြစ်နိုင်ပေ။

သို့သော် စုန့်ချင်းရှုက တည်ငြိမ်စွာဖြင့် လက်တစ်ဖက်ကို ဆန့်ထုတ်ကာ စိန်ခေါ်လိုက်သည်။

"ဒါဆိုလည်း လာခဲ့လေ"

အားကျိုးနှင့် ယှဥ်လျှင် အားယို၏ တိုက်ခိုက်မှုက ပိုပြင်းထန်မည် ဆိုသည်မှာ သိသာသည်။

သူမ၏ ညာလက် လျှပ်စီးလက်မှာ ကမ္ဘာမြေကြီးနှင့် ကောင်းကင်ကို ဖြိုခွဲနိုင်သည့် ထိပ်တန်း မှော်လက်နက် တစ်ခုနှင့် တူညီသည်။

အားကျိုး၏ ပြိုးပြိုးပြက်ပြက် တောက်ပနေသော လျှပ်စီးလက်က နဂါးတစ်ကောင်ကဲ့သို့ ရှေ့သို့ တိုးထွက်လာသည်။

အားကျိုးက လက်ချောင်းများသာ မှော်လက်နက် အဖြစ် အသွင်ပြောင်းနိုင်သော်လည်း အားယိုကမူ ညာလက်တစ်ခုလုံး အထိ ပြောင်းလဲနိုင်၏။

ဗုံပစ်စီနီယာ အင်မော်တယ် ပင်လျှင် ခန္ဓာကိုယ် အစိတ်အပိုင်းတစ်ခုကို မှော်လက်နက် တစ်ခု အဖြစ် ပြောင်းလဲပစ်သည့် နည်းလမ်းကို မကြားဖူးခဲ့ပေ။

အားယို၏ တိုက်ခိုက်မှုက အားကျိုးထက် ပို၍ ပြင်းထန်သည်။

သူမက ညာလက်ကို ရှေ့သို့ တွန်းထုတ်လိုက်သည်။

သူမ၏ အဆိပ်ပြင်းသော လျှပ်စီးနဂါး လှုပ်ရှားမှုကို စုန့်ချင်းရှုက မည်သည့် ထိပ်တန်း နည်းစနစ်ကိုမျှ အသုံးမပြုဘဲ သူ၏ လက်များကို ခန္ဓာကိုယ်ရှေ့တွင် ကန့်လန့်ဖြတ် ထား၍ ခုခံလိုက်သည်။

အားယို၏ တိုက်ခိုက်ရေး လမ်းကြောင်းကို သူ မမြင်နိုင်ခဲ့ပေ။

ဤသည်မှာ ကျင့်ကြံခြင်းနယ်ပယ် ကွာဟမှုကြောင့် ဖြစ်သည်။

အားယို၏ လှုပ်ရှားမှုများက သူ့မျက်လုံးများနှင့် လိုက်ကြည့်ရန် မဖြစ်နိုင်သည်အထိ မြန်ဆန်လွန်းနေသည်။

သူမ၏ လှုပ်ရှားမှုက ခွန်အားပါသဖြင့် လေခွင်းသံက ကျယ်လောင်စွာ ထွက်ပေါ်လာသည်။

"ဝုန်း"

သူမ၏ ရိုက်ချက်က စုန့်ချင်းရှု၏ ကန့်လန့်ဖြတ် လက်နှစ်ဖက်ဆီသို့ တိကျစွာ ကျရောက်သွားသည်။

ထိုစွမ်းအားက အလွန်ကြီးမားသဖြင့် စုန့်ချင်းရှု၏ ခန္ဓာကိုယ်က သံမှိုကို တူနှင့် ထုရိုက် ခံရသလို မြေကြီးထဲသို့ ဖြည်းဖြည်းချင်း နစ်ဝင်သွား၏။

သို့ရာတွင် ထိုခဏ၌ စုန့်ချင်းရှု၏ လက်နှစ်ဖက်ကနေ ရွှေရောင် အလင်းတန်းများ တောက်ပလာခဲ့သည်။

"ဝုန်း"

ထိုရွှေရောင်အလင်းတန်းက အားယို၏ ညာဘက်လက်ကို ထိမှန်သွားရာ အားယိုက လွင့်ထွက်သွားပြီး သူမ အနောက်ဘက်ရှိ ထူထဲသော သစ်ပင်ကြီး တစ်ပင်နှင့် ဝင်ဆောင့်မိသွား၏။

အားယို၏ ညာလက်က ဆိုးရွားစွာ ပျက်စီးသွားခဲ့သည်။

သူမက မီတာတစ်ရာကျော် အထိ လွင့်ထွက်သွားခဲ့ရသည်။

စုန့်ချင်းရှုက ဤမြင်ကွင်းနှင့် ရင်းနှီးပြီးသား ဖြစ်သည်။

သူ့ထံမှ ရွှေရောင်အလင်းတန်းက အားကျိုးကို ဒဏ်ရာ ပြင်းပြင်းထန်ထန် ရစေခဲ့ခြင်း ဖြစ်၏။

ဆန့်ကျင်ဘက်အားဖြင့် စုန့်ချင်းရှုက မြေမှုန် အနည်းငယ်ပေရုံမှလွဲ၍ နည်းနည်းလေးမျှ မထိခိုက်ခဲ့ပေ။

သူက တွင်းထဲမှ တက်လာပြီး မြေမှုန်များကို ခါထုတ်ရင်း ဝမ်လင်းဆီသို့ ကျေးဇူးတင်သော အကြည့်ဖြင့် ကြည့်ကာ လက်မ ထောင်ပြလိုက်သည်။

"စီနီယာ.. စီနီယာရဲ့ longjohnက တကယ် အသုံးဝင်တာပဲ"

ဝမ်လင်း "............."

အားယို၏ အနီရောင်အင်္ကျီက စုတ်ပြဲနေပြီ ဖြစ်သည်။

သူမက တုန်ယင်စွာဖြင့် မြေပြင်ပေါ်မှ ထရပ်လိုက်၏။

သူမ၏ ညာဘက် လက်တစ်ဖက်လုံးက စုတ်ပြတ်သွားပြီး အရိုးများ ကြေမွကာ သွေးများ တရဟော စီးကျနေသည်။

သူမ ပြန်လည် မတ်တပ် ရပ်တည်နိုင်ခဲ့သည့် တစ်ခုတည်းသော အကြောင်းပြချက်မှာ သူမ၏ သာလွန် ကောင်းမွန်သောကျင့်ကြံခြင်း နယ်ပယ်ကြောင့် ဖြစ်သည်။

သူမ နေရာတွင် နယ်ပယ်ခြင်း တူညီသော အခြေအနေရှိသည့် တခြား ကျင့်ကြံသူ တစ်ယောက် ဆိုလျှင် ဤဝေဒနာကြောင့် အသက်ပင် ဆုံးရှုံးရနိုင်၏။

စုန့်ချင်းရှုက တစ်စက္ကန့်ထက် နည်းပါးသော အချိန် အနည်းငယ်အတွင်း မီတာရာပေါင်းများစွာ အကွာအဝေးရှိအားယို ထံသို့ အလျင်အမြန် ချဉ်းကပ်သွားသည်။

အားယိုက ဝေဒနာကိုတင်းခံကာ စုန့်ချင်းရှုကို ကြည့်လိုက်၏။

"မင်းရဲ့နယ်ပယ်နဲ့ဆိုရင် မင်းဒီလောက်ထိ အရှိန်အဟုန် မြန်နေစရာ အကြောင်းမရှိဘူး"

"ငါက မှော်ရတနာ သုံးထားတယ်လေ"

စုန့်ချင်းရှုက သူစီးထားသည့် ဖိနပ်ကို ညွှန်ပြလိုက်သည်။

ယင်းက ညှပ်ဖိနပ်တစ်စုံ ဖြစ်နေကြောင်း မမျှော်လင့်ဘဲ တွေ့လိုက်ရလျှင် အားယို အံ့သြသွားခဲ့၏။

"ငါက စီနီယာဝမ်ကို အကူအညီတောင်းပြီး သူ့အိမ်မှာ စကားစမြည် ပြောဖြစ်ခဲ့တယ်.. အဲဒီအချိန်မှာ မင်းက ဒီကို ရုတ်တရက် ရောက်လာမယ်လို့ ငါ မမျှော်လင့်ထားခဲ့ဘူးလေ.. ဒါကြောင့် ငါ့ဖိနပ်ကို စီးဖို့ အချိန်မရှိဘဲ စီနီယာဝမ်ရဲ့ အိမ်စီးညှပ်ဖိနပ်နဲ့ ပြေးထွက်လာခဲ့ရတာပဲ"

ရဲတိုက်လေဒီ၏ အရည်အချင်းရှိသော ငယ်သား တစ်ယောက်ဖြစ်သည့် အားယိုက ဤမြင်ကွင်းကို မယုံနိုင်လောက်အောင် စိုက်ကြည့်နေမိသည်။

"ဒါက ဘယ်လိုဟာသမျိုးလဲ"

စကားပြောနေရင်း စုန့်ချင်းရှုက Longjohnကို ထုတ်ပြလိုက်သည်။

"တွေ့လား.. ဒီlongjohnတွေက စီနီယာဝမ်ရဲ့ မိသားစုဆီက လာတာပဲ.. ဒါက မင်းရဲ့ တိုက်ခိုက်မှုကို ရပ်တန့်စေခဲ့တဲ့ မှော်ရတနာတစ်ခုပဲ.. ဒီမှော်ရတနာသာ မရှိခဲ့ရင် အခုနေ ငါသေနေလောက်ပြီ"

အားကျိုးက စုန့်ချင်းရှု၏ စကားကို လက်မခံနိုင် ဖြစ်နေသည်။

"မင်းငါ့ကို နောက်နေတာလား"

"စီနီယာဝမ်က အရမ်းသဘောကောင်းနေလို့ မင်းသက်သာရာ ရနေတာ သိရဲ့လား.. ဒါပေမဲ့ မင်းက စီနီယာဝမ်ကို အဆက်မပြတ် နှောင့်ယှက်နေတယ်.. စီနီယာဝမ်က ငါ့ကို ကာကွယ်ပေးမယ်လို့ ကတိပေးထားတယ်.. မင်း နောက်ထပ် နှစ်အနည်းငယ် ထပ်ပြီး အသက်ရှင်ချင်တယ် ဆိုရင် မနှောင့်ယှက်ဘဲ ပြန်သွားတာ အကောင်းဆုံးပဲ"

"..............."

ဝမ်လင်းက ကျိုးရီ၏ ပန်စီလုပ်ခံရပြီး နောက်တွင် ထပ်မံအတင်းအကျပ် လုပ်ခံနေရသည်ဟု ခံစားလိုက်ရသည်။

"နင် ငါ့ကို တကယ် ခြိမ်းခြောက်ဝံ့တယ်လား.. ငါနင်သိအောင်ပြောရဦးမယ်.. ငါဒီကို မလာခင်ကတည်းက အဆင်သင့် ပြင်ထားခဲ့တယ်... ငါ ဒီက ပြန်မသွားနိုင်ရင်တောင် နင့်ကိုတော့ ရအောင် သတ်ပစ်မယ်"

အားယိုက ကြိမ်းဝါးရင်း စုန့်ချင်းရှုကို ပြင်းပြင်းထန်ထန် စိုက်ကြည့်လိုက်သည်။

ထိုခဏတွင် သူမ၏ အမူအရာက ထိတ်လန့်သော အသွင်အပြင်သို့ လျင်မြန်စွာ ပြောင်းလဲသွားသည်။

"ဘာလို့လဲ... မင်းမှာရှိတဲ့ စိတ်ဝိညာဉ် အမှတ်အသားက ဘယ်ရောက်သွားတာလဲ"

"ဟက်.. ကျိန်စာနဲ့ သတ်ချင်တာလား"

စုန့်ချင်းရှုက ခပ်ထေ့ထေ့ ရယ်မောသည်။

"စိတ်မကောင်းစရာပဲ.. စီနီယာဝမ်က ငါ့ရဲ့ စိတ်ဝိညာဥ် အမှတ်အသားကို အဝတ်လျှော် ဆပ်ပြာမှုန့်နဲ့ သန့်စင်အောင် ဆေးဖို့ ကူညီပေးလိုက်ပြီ"

"အဝတ်လျှော် ဆပ်ပြာမှုန့်လား"

အားယိုက အံသြသွားသည်။

ကျိုးကြောင်းဆီလျော်စွာ ပြောရလျှင် စုန့်ချင်းရှု အပေါ် ရဲတိုက်သခင် ပြုလုပ်ထားသည့် စိတ်ဝိညာဥ် အမှတ်အသားမှာ သန့်စင်၍ မရနိုင်တော့သည့် အဆင့်သို့ ရောက်ရှိနေပြီဖြစ်သည်။

"ဒါက ဘယ်လို ငရဲမျိုးလဲ.. အစွန်းအထင်း ကိုးဆယ့်ကိုးမျိုးကို တကယ်ပဲ ဖယ်ရှားနိုင်တယ်လား"

"မင်းမှာ နောက်ဆုံးအနေနဲ့ ပြောစရာ စကားရှိသေးလား"

စုန့်ချင်းရှုက မေးလိုက်သည်။

"နင်က အခုထိ ဘယ်လိုပျားအုံကို တုတ်နဲ့ထိုးမိတယ် ဆိုတာ မသိသေးဘူးကိုး.. အားကျိုးနဲ့ ငါက လေဒီအတွက် အလုပ်လုပ်နေတယ် ဆိုပေမဲ့ ငါတို့ကို သူက ဌားရမ်းထားတာပဲ.. ငါတို့က မော့အင်မော်တယ် ရဲတိုက်နဲ့ တကယ်တမ်း ဘာမှမပတ်သက်ဘူး.. ငါတို့နဲ့ တကယ် ပတ်သက်တာက အင်မော်တယ်စံအိမ်ပဲ.. နင်သတ္တိရှိရင် သူတို့ကို သွားချလေ"

အားယိုက စုန့်ချင်းရှုကို စိုက်ကြည့်ရင်း လှောင်ရယ်၍ ပြောလိုက်သည်။

"ငါဒဏ်ရာရခဲ့ရင်တောင် ပြဿနာက ဒီအတိုင်း ပြီးသွားမယ်လို့ နင်ထင်လား"

"အင်မော်တယ်စံအိမ်လား"

သူမ၏ စကားကိုကြားလျှင် ဝမ်လင်းနှင့် ဗုံးပစ်စီနီယာ အင်မော်တယ်၏ မျက်လုံးများက အနည်းငယ် ကျဥ်းမြောင်းသွားသည်။

"မင်းပြောချင်တာ ဒါပဲလား"

စုန့်ချင်းရှုက သူမ စကားကို လုံးဝ သောက်ဂရုမစိုက်ခဲ့ပေ။

သူက မော့အင်မော်တယ် ရဲတိုက်၏ လိုက်ဖမ်းခြင်းကို ခံခဲ့ရသော်လည်း ယခုအခါတွင် အခြေအနေတွေက ပြောင်းပြန် ဖြစ်သွားသဖြင့် ကျေနပ်နေမိသည်။

သူ့လက်ထဲတွင် ဝမ်မိသားစု အိမ်ငယ်လေးဆီမှ ယူလာသော သွားကြားထိုးတံ တစ်ခု ရှိနေသည်။

စကားပြောပြီးသည်နှင့် သူက သွားကြားထိုးတံကို တောက်ထုတ်လိုက်ရာ သွားကြားထိုးတံက လွင့်ထွက်သွားပြီး အားယို၏ နဖူးကို တိုက်ရိုက် ထိုးဖောက်သွားသည်။

စိတ်ဝိညာဥ် ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူ၏ ဦးခေါင်းက အလွန်တရာ မာကျောပြီး ကမ္ဘာပေါ်ရှိ မည်သည့်လက်နက်မှ ထိုးဖောက်နိုင်ခြင်း မရှိဟု အဆိုရှိသည်။

အဆုံးသတ်တွင် သွားကြားထိုးတံဖြင့် လွယ်လွယ်ကူကူ သေဆုံးရလိမ့်မည်ဟု အားယိုက လုံးဝ မမျှော်လင့်ခဲ့ပေ။

သွားကြားထိုးတံရှိ ဝိညာဉ်စွမ်းအင်က အမျိုးသမီး၏ ဦးနှောက်အတွင်း ပေါက်ကွဲသွားသဖြင့် အားယို၏ နဖူးတွင် လက်သီးဆုပ်အရွယ် အပေါက်ကြီး တစ်ပေါက် ဖြစ်ပေါ်နေခဲ့သည်။

စုန့်ချင်းရှု၏ လက်များက တဆက်ဆက် တုန်ယင်နေသည်။

သူက အားယိုနဖူးမှ အပေါက်ကို စိုက်ကြည့်နေခဲ့သည်။

စိတ်လှုပ်ရှားသော ခံစားချက်ကြောင့် အချိန်အတော်ကြာ စိတ်မတည်မငြိမ် ဖြစ်နေခဲ့၏။

All Chapters