ခွင့်လွှတ်ခြင်း စွမ်းအားက ဘယ်နေရာက လာသနည်း။
Vol. 11 Ch. 158
စိတ်ငြိမ်အဆောင်လက်ဖွဲ့ တစ်ခု ဖန်တီးရန်မှာ အလွန်ခက်ခဲသည်။
အမှတ်မထင် ပြီးစီးခဲ့သော ကော်ဟောက်မှလွဲ၍ လူတိုင်းက ကျရှုံးမှုများဖြင့် ပြီးဆုံးသွားခဲ့သည်။
ဝမ်လင်းကမူ ဟန်ဆောင်နေခဲ့ပြီး အဆောင်လက်ဖွဲ့ ရေးသားခြင်း၏ နောက်ဆုံးအဆင့်တွင် တမင်တကာ အမှားများလုပ်ခဲ့၏။
သူက ဤနေရာတွင် သူ့ကိုယ်သူ ထင်ပေါ်အောင် မလုပ်ဆောင်လိုပေ။
သို့မဟုတ်လျှင် သူက အားလုံး၏ မျက်စိကျစရာ ဖြစ်လာလိမ့်မည် မဟုတ်ပါလား။
တကယ်တမ်း ဝမ်လင်း၏ အဆောင်လက်ဖွဲ့ ဖန်တီးနိုင်သည့်စွမ်းရည်က ဆရာမဖန်ထက် အဆပေါင်းများစွာ ပိုသာသည်။
သို့သော် သူ့အတွက် အဆောင်လက်ဖွဲ့က အပျော်သက်သက်သာ ဖြစ်သည့်အပြင် အသုံးလည်း မ၀င်ပေ။
ဘေးအန္တရာယ် ကျရောက်တော့မည့် အကြောင်း သတိပေးချက်များနှင့် ပတ်သက်လျှင် သူ၏ မျက်ခွံသတိပေးစနစ်က ပို၍ ရိုးရှင်းသည်။
ယေဘုယျအားဖြင့် ပြောရလျှင် ဤအဆောင်လက်ဖွဲ့ သင်ခန်းစာ အတန်းချိန်က ကော်ဟောက်၏ စိတ်ပျက်ဖွယ်ကောင်းသော အပိုင်းမှလွဲလျှင် အတော်လေး သင့်တော်သော သင်ခန်းစာတစ်ခု ဖြစ်သည်။
ကော်ဟောက်က စိတ်ငြိမ်အဆောင် လက်ဖွဲ့ကို မတော်တဆ အောင်မြင်စွာ ပြီးမြောက်ခဲ့သော်လည်း အဘယ်ကြောင့် ဤကဲ့သို့ လင်ဇီးကြီး ပေါ်လာသည်ကို သူကိုယ်တိုင်ပင် မသိခဲ့ပေ။
ဤခဏတာ မြင်ကွင်းက ပတ်ဝန်းကျင်ကို အဆင်မပြေ ဖြစ်နေသည်။
ကော်ဟောက်က တင်းမာသောလေထုကို ပြေလျော့စေရန် မချိပြုံးသာ ပြုံးနိုင်ခဲ့သည်။
သို့သော် နောက်ဆုံးတွင် ဆရာမဖန်က ဆရာမဖန်သာဖြစ်သည်။
အမှတ် ၆၀ အထက်တန်းကျောင်း၏ ဦးဆောင်ဆရာနှင့် ကျောင်းသားများ ဂုဏ်ယူခဲ့ကြသော ရှေ့ဆောင်ဆရာဖြစ်သည့် သူမက ဤ လင်ဇီးမှို၏ စစ်မှန်သော အဓိပ္ပါယ်ကို တစ်ခါတည်း အသိအမှတ် ပြုပေးလိုက်သည်။
သူမက ကျောင်းသားကော်ဟောက်၏ မကြာခဏ ပျက်ယွင်းနေသော အမူအရာကို ရုတ်တရတ် သတိရမိသွားသော အခါတွင် မျက်မှောင်ကြုတ်သွားသည်။
တစ်ခါတစ်ရံ သူမ လှည့်ပတ် စစ်ဆေးနေချိန်တွင် အတန်းနောက်ဘက် ပြတင်းပေါက်နားတွင် ထိုင်လေ့ရှိသည့် ထိုမိုက်မဲသော ကျောင်းသားက စားပွဲပေါ် ခေါင်းတင်၍ အိပ်စက်နေတတ်သည်။
၎င်းမှာ လင်ဇီးကို မကြာခဏ အသုံးပြုခြင်းကြောင့် ဖြစ်မှန်း ထင်ရှားနေသည်။
စိတ်ငြိမ်အဆောင်လက်ဖွဲ့ ဖန်တီးရာတွင်ပင် ပေါ်လာသဖြင့် ဤလင်ဇီးက ဆယ်ကျော်သက်များ အတွက် စွဲလန်းစေသော အရာ ဖြစ်ကြောင်း သက်သေပြနေသည်။
အမိမြေ၏ ပန်းပွင့်များက ဤကဲ့သို့ ထူးဆန်းသောအရာတွေကို မည်သို့ ခံစားနိုင်ကြပါမည်နည်း။
ဟန်ဆောင် အပြုံးများ သို့မဟုတ် အကျိုးမရှိသော စကားဝိုင်းများက ဤအခြေအနေကို ကူညီပေးနိုင်မည် မဟုတ်ပေ။
ဆရာမဖန်က လင်ဇီးမှို ပြဿနာကို ဆွေးနွေးရန် ရည်ရွယ်ချက်ဖြင့် ကော်ဟောက်၏ မိဘများကို တိုက်ရိုက်ခေါ်ခိုင်းခဲ့သည်။
ယင်းက တကယ်ကို ရှက်စရာကောင်း၏။
စာသင်ချိန် ပြီးသွားသောအခါ ကော်ဟောက်က ဆရာမဖန်၏ ရုံးခန်းတွင် စစ်ဆေးခံခဲ့ရသည်။
အတန်းထဲ ပြန်ရောက်သောအခါ သူက လွန်စွာ ပင်ပန်းနေသဖြင့် စားပွဲပေါ်သို့ ခေါင်းစိုက်သွားသည်။
တစ်ချိန်တည်းမှာပင် သူက နှလုံးသားထဲကနေ အော်ဟစ်နေခဲ့သည်။
"ငါ့ဂုဏ်သတင်း.. ငါ့ဘဝတစ်ခုလုံး.. ပျက်စီးသွားရပြီ"
ချန်းချောင်က ကော်ဟောက်၏ ပုခုံးကို လက်ဖြင့် ပုတ်၍ အားပေးလိုက်သည်။
"ကော်ဟောက်.. ငါတို့အားလုံးက ယောက်ျားတွေပဲ.. ငါတို့နားလည်တယ်.. ဒီကိစ္စက ဘာမှစိုးရိမ်စရာ မရှိပါဘူး.. ငါတို့အတန်းက အရမ်းစည်းလုံးတယ်.. တခြားအတန်းတွေကို ဘယ်သူမှ ပြန်ပြောပြမှာ မဟုတ်ဘူး။"
[ချီး.. မင်းတို့အတန်းကိုပဲ ကြောက်နေရတာ]
"အနည်းဆုံးတော့ အဆင်ပြေသွားပါပြီ"
မြေပဲလေးကလည်း နှစ်သိမ့်လိုက်သည်။
ကော်ဟောက်၏ မျက်လုံးထောင့်တွင် မျက်ရည်များ စုဝေးနေ၏။
သူက စိတ်လွတ်ကိုယ်လွတ် အော်ငိုချင်နေခဲ့သည်။
"ဘာအဆင်ပြေတာလဲ.. ငါ့မိဘတွေကို ခေါ်လာရမှာလေ"
မြေပဲလေး "ဆရာမဖန်ဆီ ငါ အခုပဲ အိမ်စာတွေ သွားထပ်တုန်း ရုံးခန်းမှာ ဆရာတွေက မင်းအဖေနဲ့ ဆွေးနွေးနေတာကို ကြားခဲ့ရတယ်..."
ကော်ဟောက် "ငါ့အဖေလား"
မြေပဲလေး "သူတို့က မင်းမှာ အပြစ်ရှိမရှိ ဆွေးနွေးခဲ့ကြတယ်.. ကံကောင်းသွားတာက မင်းအဖေက ရုက္ခဗေဒပညာရှင် ဖြစ်နေတယ်လေ.. ဒါကြောင့် လင်ဇီးမှို ဖန်တီးမိတာကို ဆရာမဖန်က အပြစ်မယူတော့ဘူးတဲ့"
ကော်ဟောက် [ငါ့အဖေက ဘယ်တုန်းက ရုက္ခဗေဒပညာရှင် ဖြစ်သွားရတာလဲ]
...
မွန်းတည့်ချိန်ရောက်ပြီ။
စာသင်ခန်းအတွင်းမှ လေထုက အနည်းငယ် လေးလံနေသဖြင့် အခြားကျောင်းမှ ကျောင်းသူနှစ်ယောက်ဖြစ်သည့် ဟဲပီဖုန်း နှင့် ထျန်ကျင်းဇီ တို့က အတော်လေး အဆင်မပြေ ဖြစ်နေသည်။
ဘာတွေဖြစ်နေလဲဆိုတာ သူတို့ လုံးဝနားမလည်ပေ။
သေသေချာချာ စုံစမ်းပြီးနောက် အမေကျွမ့်က ဤနေ့တွင် နေ့လည်စာ လာပို့ပေးမည်ဟု သိလိုက်ရသည်။
လူတိုင်းက သူမ၏ အနက်ရောင်ဟင်းလျာ ဖြစ်သည့် ချစ်ခြင်းမေတ္တာ ဘန်တို အကြောင်း တွေးမိလိုက်သည်နှင့် သူတို့ကိုယ်သူတို့ တုန်လှုပ် ခြောက်ခြားသွားကြသည်။
"အမေကျွမ့်က သောကြာနေ့မှ ဘန်တို လုပ်တာမဟုတ်ဘူးလား.. ဒီနေ့က ဘာလို့လဲ"
ချန်းချောင်က မေးလိုက်သည်။
"ဒီနေ့ အမှတ် ၅၉ အထက်တန်းကျောင်းက ကျောင်းသား နှစ်ယောက် ရှိနေတယ်ဆိုတာ အမေကျွမ့် ကြားပြီး ဘန်တို လုပ်ဖို့ ဆုံးဖြတ်လိုက်တယ်လေ..ခဏနေ အမေကျွမ့် ကိုယ်တိုင် ဒီကို ယူလာပေးပါ့မယ်"
မြေပဲလေးက အားပျော့သော လေသံဖြင့် ပြန်ဖြေလိုက်သည်။
ထိုစကားကိုကြားလျှင် ဟဲပီဖုန်းနှင့် ထျန်ကျင်းဇီ၏ စိတ်ထဲ၌ အနည်းငယ် တုန်လှုပ်သွားသလို ခံစားလိုက်ရ၏။
အမှတ် ၆၀ အထက်တန်းကျောင်းက ဧည့်ဝတ်ကျေပွန်သည်ဟု သူတို့ကြားဖူးတာ ကြာပြီ ဖြစ်သည်။
သေချာသည်က မီးဖိုချောင်မှ အဒေါ်ကြီးက အရမ်းကို ဂရုစိုက်လွန်းနေသည်။
ဘန်တိုကို အထူးပြုလုပ်ထားရုံသာမက သူမ ကိုယ်တိုင်လည်း စာသင်ခန်းထဲထိ ပို့ပေးမည်ဟု သိခဲ့ရ၏။
ဆန့်ကျင်ဘက်အားဖြင့် အမှတ် ၆၀ အထက်တန်းကျောင်းအပေါ် သူတို့ အမှတ် ၅၉ အထက်တန်းကျောင်းက ယခင်က ဆိုးရွားစွာ ဆက်ဆံခဲ့သည်။
ထိုအကြောင်းကို တွေးမိကာ ဟဲပီဖုန်းနှင့် ထျန်ကျင်းဇီတို့က နှလုံးသားထဲကနေ လွန်စွာ ရှက်ရွံ့သွားကြသည်။
ဝမ်လင်း "............"
ဤနှစ်ကောင်က ပြဿနာ ဘယ်လောက် ပြင်းထန်တယ်ဆိုတာ ရှင်းရှင်းလင်းလင်း မသိကြသေးပုံ ရနေသည်။
အမှတ် ၆၀ အထက်တန်းကျောင်း၏ အမေကျွမ့်မှာ မီးဖိုချောင် အဒေါ်ကြီးများ နယ်ပယ်တွင် ထူးခြားသောအမျိုးသမီးတစ်ဦး ဖြစ်သည်ကို ဝမ်လင်း မငြင်းနိုင်ပေ။
အကြောင်းတစ်ခုခုကြောင့် သူမ၏ အထောက်အထားက မရိုးရှင်းဟု သူခံစားခဲ့ရသည်။
ထို့အပြင် နေရာတိုင်းတွင် သူမ၏ တပည့်များ ရှိနေ၏။
အမေကျွမ့် ဖန်တီးသော ဟင်းလျာများ၏ အငွေ့အသက်မျိုးကို နေရာများစွာတွင် သူမြင်ခဲ့ပြီးပြီ ဖြစ်သည်။
ထိုအထဲတွင် အကျော်ကြားဆုံး ဖြစ်သည်မှာ ကောင်းကင်ပိုးကောင် အာလူးကြော်များ ဖြစ်သည်။
ထိုဟင်းလျာက သူမ၏ အဆင့်သတ်မှတ်ချက် အမြင့်ဆုံး ဟင်းလျာ ဖြစ်ဖွယ် ရှိသည်။
တစ်ချိန်က ကျောင်းမဂ္ဂဇင်းရှိ ကျောင်းတွင်း ကြယ်ပွင့်အင်တာဗျူးတစ်ခုတွင် ကောင်းကင်ပိုး အာလူးကြော် ပြုလုပ်သည့် နည်းလမ်းကို ရက်ရက်ရောရော မျှဝေခဲ့သည်။
သို့သော် အင်တာဗျူး၏ အဆုံးသတ်ပိုင်းတွင် ထိုဟင်းလျာနှင့်ပတ်သက်ပြီး အထူးလျှို့ဝှက်ချက်တစ်ခု ပါရှိခဲ့သည်။
အာလူးကို ဒယ်အိုးတစ်လုံးထဲဖြင့် မကြော်ဘဲ ၎င်းတို့ကို ကြော်ပြီး တစ်ဝက်လောက်တွင် အာလူးများကို အခြားဒယ်အိုးထဲသို့ ပြောင်းထည့်ရမည် ဖြစ်၏။
ယင်းက ဟင်းလျာ၏ အရသာကို ပြောင်းလဲစေလိမ့်မည်။
တစ်ခန်းလုံး တိတ်ဆိတ်ငြိမ်သက်နေသည့် အချိန်၊ ဆယ့်နှစ်နာရီ ထိုးခါနီးတွင် ကြမ်းပြင်ပေါ်တွင် တွန်းလှည်းတွန်း၍ ထွက်ပေါ်လာသော တွန်းလှည်းဘီးသံများ တဂျုံးဂျုံး ထွက်ပေါ်လာသည်။
အမေကျွမ့်လာပြီ..
သူမက စာသင်ခန်းတံခါးကို တွန်းဖွင့်လိုက်သည်။
အဝါနုရောင် ခါးစည်းကို ၀တ်ဆင်ထားပြီး စနိုးဝှိုက် စားဖိုမှူး၏ ယူနီဖောင်းကို ၀တ်ဆင်ထားသည့် အမေကျွမ့်၏ ပိန်ပိန်ပါးပါး ခန္ဓာကိုယ်ပေါ်တွင် အခြား အသုံးအဆောင် ပစ္စည်းများ မပါရှိချေ။
သူမ ပြုံးလိုက်သော အခါတွင် သူမ၏ မျက်လုံးထောင့်များ၌ သေးငယ်သော အရေးအကြောင်းများ ထွက်ပေါ်လာသည်။
"ကလေးတို့ကို စောင့်ခိုင်းထားရလို့ တောင်းပန်ပါတယ်.. ထမင်းစားချိန် ရောက်ပါပြီ"
ဤသို့ပြောရင်း သူမ၏လက်မှ အလင်းရောင်က နေရာတိုင်းသို့ စီးဆင်းသွားရာ တွန်းလှည်းပေါ်ရှိ သေသပ်စွာ ပြင်ဆင်ထားသော ထမင်းဘောက်များက ကျောင်းသားတစ်ဦးစီ၏ လက်ထဲသို့ ချက်ချင်း ရောက်ရှိသွားခဲ့သည်။
ထို့နောက် သူမက ခါးထောက်၍ ဖော်ရွေစွာ ပြောလိုက်သည်။
"ဒီနေ့ ဘန်တိုကို အမှတ် ၅၉ အထက်တန်းကျောင်းက ကျောင်းသားနှစ်ယောက်ကို ကြိုဆိုဖို့အတွက် အထူးပြုလုပ်ထားတာပါ.. အရင်လုပ်နေကြ မီနူးနဲ့ မတူပါဘူး"
အမှတ် ၆၀ အထက်တန်းကျောင်းနှင့် အမှတ် ၅၉ အထက်တန်းကျောင်းမှ ကျောင်းသားများကြား ဆက်ဆံရေးမှာ အမှန်တကယ် တင်းမာနေမှန်း သူမ သိသောကြောင့် ယနေ့မွန်းလွဲပိုင်းတွင် ချစ်ခြင်းမေတ္တာ ဘန်တိုကို အသေအချာ ပြုလုပ်ခဲ့သည်။
ထျန်ကျင်းဇီ နှင့် ဟဲပီဖုန်းမှလွဲ၍ တစ်ခန်းလုံးက ခြေဖျားလက်ဖျားများ အေးစက်သွားကြသည်။
"အမေကျွမ့်က မီနူးအသစ် ဖန်တီးထားတာလား"
ဤတစ်ခေါက်တွင် သူတို့အားလုံး အမှန်တကယ် သေသွားလိမ့်မည်လော။
အားလုံးက အသက်ခပ်ပြင်းပြင်း ရှူလိုက်ပြီး ထမင်းဗူးကို ရင်တမမဖြင့် ဖွင့်လိုက်သည်။
ပထမဆုံးမြင်လိုက်ရသည်မှာ ငရုတ်သီးစိမ်းနဲ့ မှိုကြော်ဖြစ်သည်။
ဟင်းလျာက အငွေ့ထွက်နေဆဲ ဖြစ်၏။
သို့သော် မှိုများက ပုံသဏ္ဍာန်အားဖြင့် အနည်းငယ် ထူးဆန်းပြီး မြင်းသေးသေးလေးများနှင့် အနည်းငယ် တူသည်။
ချန်းချောင်က တစ်လုပ်ခတ်စားလိုက်ရာ မှိုအရသာက သူ့လျှာတွင် စွဲသွားသည်။
"အမေကျွမ့်.. ဒါကဘာမှိုလဲ"
သူက ကူကယ်ရာမဲ့စွာဖြင့် မေးလိုက်သည်။
"ဒါက အရမ်းအာဟာရရှိတဲ့ ထူးခြားတဲ့ မှိုတစ်မျိုးပါ.. ဒါကို သမင်ဦးချိုမှိုလို့ ခေါ်တယ်.. ဒီရေခူသုပ်ကို စားကြည့်ပါဦး"
"ဟုတ်ကဲ့"
ချန်းချောင်က ခေါင်းညိတ်လိုက်သည်။
"ဒါကို ထင်းရှူးရေခူလို့ ခေါ်တယ်.. သူတို့က ပင်လယ်ထင်းရှူးပင်မှာ နေထိုင်ကြတယ်.. ဒီရေခူကိုရဖို့ အေးခဲပင်လယ်ကို သွားပြီး ရေထဲ တိုက်ရိုက်ခုန်ချခဲ့ရတယ်.. ဒါက အရမ်းလတ်ဆတ်တယ်.. ဒီဟင်းလျာကို သမင်ဦးချိုမှို နဲ့ တွဲစားရင် ခွင့်လွှတ်ခြင်းရဲ့ စွမ်းအားကို ပေးစွမ်းလိမ့်မယ်.. ဒီဟင်းနှစ်ပွဲ စားပြီးရင် လူတိုင်းက ပိုပြီး လိုက်ဖက်ညီပြီး သာယာတဲ့ဘဝကို ဖြတ်သန်းနိုင်မယ်လို့ မျှော်လင့်ပါတယ်"
မြေပဲလေး "ဒါဆို ဒီဟင်းချိုကရော.."
အမေကျွမ့် "အင်း.. ဒါက နှင်းဆီဖြူ ဟင်းချိုပါ.. ဌက်မွေး စွပ်ပြုတ် ဟင်းချိုလို့လည်း ခေါ်လို့ရတယ်"
လူတိုင်း "............."