← Chapters

ထွင်ထျန်းဟာ၏ နေ့စဉ်ဘဝ

Vol. 11 Ch. 159

ထွင်ထျန်းဟာ၏ နေ့စဉ်ဘဝ

Vol. 11 Ch. 159

ဇွန်လ 2 ရက် ကြာသပတေးနေ့မှာ စာသင်နှစ်၏ ခြောက်ပတ်မြောက်နေ့ဖြစ်သည်။

ယနေ့နံနက်တွင် ထွင်ထျန်းဟာက လူသားများ အကြောင်း ဆက်လက် ရေးသားရန် အတွက် ဝမ်လင်း၏ ကုတင် အောက်တွင် ထိုးထည့်ထားသည့် သူ၏ မှတ်စုစာအုပ်ငယ်ကို ထပ်မံထုတ်ယူခဲ့သည်။

သူက သူ၏ လက်ရှိ ခွေးခန္ဓာကိုယ်ကို အချိန်အတော်ကြာ ကတည်းက လက်ခံနိုင်ခဲ့သည်။

ယခုအခါတွင် ထွင်ထျန်းဟာက လူသား စာရေးသားခြင်းတွင် အတော်လေး ကောင်းမွန်နေပြီ ဖြစ်သည်။

သူ၏ ခြေသည်းဖြင့် ရေးသော လက်ရေးကပင် အလွန် သပ်ရပ်နေ၏။

အကယ်၍ သူသာ နောက်တစ်ကြိမ် သေဆုံးခဲ့လျှင် သူ၏ လက်ရှိ လက်ရေးလှ စွမ်းရည်အတွက် နတ်ဆိုးများက ထာဝရ အမှတ်ရနေမည်မှာ သေချာသည်။

စာတတ်မြောက်သော ခွေးတစ်ဦး အနေဖြင့် သူ၏ လက်ရှိဉာဏ်ရည်ဉာဏ်သွေးက လူသား တက္ကသိုလ် ကျောင်းသားတစ်ဦးနှင့် တန်းတူနီးပါးရှိသည်ဟု ထွင်ထျန်းဟာ ခံစားခဲ့ရသည်။

ယင်းမှာ ခွေးများကြားတွင် သောက်ရမ်းကြမ်းသော စွမ်းရည်ဟု ခေါ်ဆိုနိုင်သည်။

ဒိုင်ယာရီရေးရန် သင်ယူပြီးနောက်တွင် သူက ကိစ္စများစွာကို အသေးစိတ် မှတ်တမ်းတင်ခဲ့သည်။

မေမေဝမ်နှင့် လက်ကမြင်းသော လမ်းသရဲကိစ္စ၏ ဖြစ်ရပ်ကို မြင်ပြီးကတည်းက လူသားများ၏ ကွန်ယက် မည်မျှအထိ အားကောင်းသလဲ ဆိုသည်ကို သူသိခဲ့သည်။

အင်တာနက်၏ လျင်မြန်သော ဖွံ့ဖြိုးတိုးတက်မှုက လူသားများကို အွန်လိုင်းတွင် လျင်မြန်စွာ စုစည်းစေနိုင်သည်။

အွန်လိုင်းကြောင့် စစ်ဦးစီးချုပ် တစ်ဦးက ပြဿနာ တစ်ရပ်ရပ်ကို တိုက်ခိုက်ရန် ဖြစ်စေ သို့မဟုတ် ကာကွယ်ရန်ဖြစ်စေ လူထောင်ပေါင်းများစွာကို လျင်မြန်စွာ စုဆောင်းနိုင်၏။

ဤနှစ်များတစ်လျှောက် လူ့လောကကို မကျူးကျော်နိုင်ခဲ့သည့် နတ်ဆိုးမျိုးနွယ်၏ အဆုံးစွန်သော အကြောင်းပြချက်မှာ ထိုအချက်နှင့် သက်ဆိုင်နေမည်ဟု ထွင်ထျန်းဟာ ခံစားခဲ့ရသည်။

လူသားများ၏ သတင်း အချက်အလက် နည်းပညာက တကယ်ကို အဆင့်မြင့်လွန်းသည်။

လူသားများက နတ်ဆိုးများ၏ ကျူးကျော်မှုကို ဟန့်တားရာတွင် အင်တာနက်က တကယ်ကို အသုံးကျခဲ့၏။

၎င်းတို့က တည်နေရာ ကိုသြဒိနိတ်များကို အွန်လိုင်းတွင် မျှဝေပြီးသည်နှင့် ထိုနေရာနှင့် အနီး ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများက အကူအညီပေးရန် ချက်ချင်းပင် ပြေးလာကြသည်။

ဆန့်ကျင်ဘက်အားဖြင့် နတ်ဆိုးမျိုးနွယ်က ၎င်းတို့၏ အင်အားစုများကို စုဆောင်းရန် ရှေးကျသော နည်းလမ်းကို အသုံးပြုနေဆဲ ဖြစ်သည်။

ရှေ့တန်းကို နတ်ဆိုးစစ်ကူများ ရောက်လာသော အချိန်တွင် သူတို့က ရှုံးနိမ့်နေပြီ ဖြစ်၏။

အတိုချုပ်ပြောရလျှင် နတ်ဆိုးမျိုးနွယ် အနေဖြင့် သင်ယူရမည့်အရာ များစွာ ရှိပါသေးသည်။

ထွင်ထျန်းဟာက ယခုအခါတွင် ဖုန်းများနှင့် စမတ်နာရီများကို အသုံးပြုတတ်နေပြီ ဖြစ်သည်။

ထိုပစ္စည်းများက တကယ်ကို အဆင်ပြေလွန်း၏။

ဆန့်ကျင်ဘက်အားဖြင့် နတ်ဆိုးကမ္ဘာက သတင်းပေးပို့ရန်အတွက် အဆောက်လက်ဖွဲ့ကို အသုံးပြုနေဆဲ ဖြစ်သည်။

ဤစံနှုန်းက လူသားများနှင့် ယှဥ်ပြိုင်ရန် အခွင့်အရေး အလွန် နည်းပါးလွန်းလှသည်။

ထွင်ထျန်းဟာက ဒိုင်ယာရီတွင် ရေးပြီးသွားသောအခါ မှတ်စုစာအုပ်ကို ပိတ်လိုက်ပြီး ကုတင်အောက်သို့ ပြန်ထိုးထဲထည့်လိုက်သည်။

ထို့နောက် သူက ဒုတိယထပ်ရှိ ပြတင်းပေါက်ကို တွန်းဖွင့်ကာအိမ်အပြင်ဘက်သို့ ခုန်ဆင်းလာခဲ့သည်။

ယနေ့ စုန့်ဟိုင်မြို့အတွက် မိုးလေဝသ ခန့်မှန်းချက်မှာ ပြောင်းပြန် ဖြစ်နေသည်။

တီဗီထဲတွင် မိုးရွာမည်ဟု ကြေညာထားသော်လည်း သူတို့ပြောထားသလို မစိုစွတ်ပေ။

အပြန်အလှန်အားဖြင့် လေပြည်က တိုက်ခတ်နေပြီး ထွင်ထျန်းဟာ၏ အစိမ်းရောင် အမွေးများပေါ်တွင် နေရောင်က နွေးထွေးစွာ ကျရောက်နေသည်။

သို့ရာတွင် ထွင်ထျန်းဟာက ဝမ်လင်း သူ့အနီးနားတွင် မရှိသဖြင့် တစ်စုံတစ်ခု ပျောက်ဆုံးနေသလို နှလုံးသားထဲတွင် တစ်နည်းနည်းဖြင့် ခံစားနေရသည်။

သူက အရှေ့ဟွမ်လမ်းကို ငေးကြည့်ရင်း အနည်းငယ် အထီးကျန်နေသလို ခံစားရ၏။

သခင်လေးလင်းက အများအားဖြင့် စကားပြောလေ့ မရှိသော်လည်း နေ့ရောညပါ အတူနေထိုင်ပြီးနောက်တွင် ထွင်ထျန်းဟာက သခင်လေးလင်း၏ ပင်ကိုယ်စရိုက်ကို အခြေခံအားဖြင့် နားလည်လာသည်။

ရိုးသားမှုမှာ သခင်လေးလင်း၏ သော့ချက် ဖြစ်သည်။

သခင်လေးလင်းက စိတ်ရှုပ်ရသည်ကို မနှစ်သက်ပေ။

သခင်လေးလင်းကို ကြောင်တစ်ကောင်နှင့် တင်စားရလျှင် သူ၏ အမွေးများကို ဖြတ်ပစ်လိုက်သည်ကသာ အကောင်းဆုံးဖြစ်သည်။

သို့မဟုတ်လျှင် အမွေးများ ရှုပ်ပွနေ၍ ဒေါသ အမျက်များ ထွက်လာလိမ့်မည် မဟုတ်ပါလော။

ထွင်ထျန်းဟာက ဝမ်မိသားစု အိမ်သို့ ပထမဆုံးရောက်လာသောအခါတွင် အလွန်တရာ ကြောက်လန့်နေခဲ့၏။

သို့သော် ဤနေရာတွင် အချိန်အတော်ကြာ နေပြီးနောက်တွင် တဖြည်းဖြည်း နေသားကျသွားခဲ့သည်။

တစ်ခါတရံတွင် သခင်လေးလင်းက သူ၏ အမွေးများကို ဖြီးပေးတတ်ပါသေးသည်။

သူက ခွေးဘဝ ရောက်သွားသော်လည်း ကျင့်ကြံမှုတွင် လက်မလျော့ခဲ့ချေ။

ယခင်လို အထွတ်အထိပ်သို့ ပြန်လည်ရောက်ရှိနိုင်မည့် နည်းလမ်းကို သူ အမြဲ တွေးနေခဲ့သည်။

ဝမ်လင်းက သူ၏ အမွေးများကို ဖြီးသင်ပေးခြင်းမှာ အမှန်တကယ်တွင် သူ့အတွက် အကူအညီကောင်း တစ်ခု ဖြစ်သည်။

အင်မော်တယ် ဘုရင်အဆင့်ရှိ ကျင့်ကြံသူ တစ်ဦးက သူ၏ အမွေးများကို ကိုယ်တိုင်ကိုယ်ကျ ဖြီးသင်ပေးသည်။

ယင်းမှာ မည်သို့သော အထူးကုသမှုမျိုး ဖြစ်နိုင်ပါမည်နည်း။

ဝမ်လင်း၏ ဖြီးသင်ပေးခြင်းက သူ၏ ပိတ်ဆို့နေသည့်သွေးကြောများကို လှုံ့ဆော်ပေးနိုင်သော အကျိုး သက်ရောက်မှု ရှိသည်။

အကြိမ်ပေါင်းများစွာ ဖြီးသင်ခံရပြီးနောက် ထွင်ထျန်းဟာကသူ၏ ခန္ဓာကိုယ် ပိုမို သန်မာလာကြောင်း သဘောပေါက်သွားသည်။

သူက ယခင်ထက် ပို၍ပင် သန်စွမ်းလာခဲ့၏။

သူက အိမ်အပြင်ဘက်ကို "နတ်ဆိုးဘုရင်၏ နှလုံးသား ကျင့်စဥ်"အသုံးပြု၍ ခုန်ဆင်းလာသည်။

ပုံမှန်အားဖြင့် ထိုကျင်စဥ်ကို အသုံးပြုလိုလျှင် နတ်ဆိုးချီ အများအပြား လိုအပ်သည်။

သို့သော် လူသားကမ္ဘာတွင် နတ်ဆိုးချီ အရင်းအမြစ်အလုံအလောက် မရှိပေ။

ထို့ကြောင့် ဝမ်လင်းက နတ်ဆိုးဘုရင် နှလုံးသား ကျင့်စဥ်ကို ပြန်လည် ပြုပြင်ပေးလိုက်ပြီး နတ်ဆိုးချီနေရာတွင် စိတ်ဝိညာဉ်ချီဖြင့် အစားထိုး ကျင့်ကြံ၍ ရစေရန် ကူညီပေးခဲ့သည်။

လတ်တလောတွင် သူက ဤကျင့်စဥ်ကို အသုံးပြုထားသဖြင့် ပတ်ဝန်းကျင်မှ စိတ်ဝိညာဉ်ချီများကို ခံစားမိပြီး ထိုးထွင်းသိမြင်မှု တချို့ ရရှိလိုက်သည်။

"ဒါက သဘာဝလောကရဲ့ စည်းမျဥ်းတွေကို အတုယူထားတဲ့ တာအိုရဲ့ နည်းစနစ်ပဲ"

ဤကဲ့သို့ လေးနက်သော ခံစားချက်ကို ထွင်ထျန်းဟာ တစ်ခါမျှ မခံစားဖူးပေ။

သူက အရင်ကထက် ပိုအားကောင်းလာပြီး လက်ရှိ ခန္ဓာကိုယ်က စိတ်ဝိညာဥ် ဖြစ်တည်ခြင်း အဆင့် ကျင့်ကြံသူနှင့် တန်းတူရှိနေပြီ ဖြစ်သည်။

သာမန် စိတ်ဝိညာဥ် ဖြစ်တည်ခြင်းအဆင့် ကျင့်ကြံသူက သူ့ကို မည်သို့မျှ အနိုင်ယူနိုင်လိမ့်မည် မဟုတ်တော့ပေ။

အဆုံးသတ်တွင် သူက နတ်ဆိုးမျိုးနွယ်တွင် ကျော်ကြားခဲ့သော နတ်ဆိုးဘုရင် တစ်ဦး ဖြစ်ပြီး ထိုအချိန်က စိတ်ဝိညာဉ် အဆင့်ကျင့်ကြံသူ ငါးဦးကို တစ်ချိန်တည်းတွင် တိုက်ခိုက်နိုင်ခဲ့၏။

နေရောင်အောက်မှာ ရပ်နေသည့် ထွင်ထျန်းဟာက သူ့ မျက်လုံးတွေကို ဖြည်းညှင်းစွာ ဖွင့်လိုက်သည်။

သူ၏ နက်မှောင်သော မျက်ဆံထဲတွင် အပြာရောင် အလင်းတန်း တစ်ခု တောက်ပလာခဲ့သည်။

သူ၏ နတ်ဆိုးဘုရင်ဝိညာဉ်က တဖြည်းဖြည်း ပြန်လည်ကောင်းမွန်လာသည်ဟု ခံစားနေရ၏။

တစ်ချိန်တည်းမှာပင် သူ၏ သိမ်မွေ့သော အနံ့ခံအာရုံကို သူစိမ်း၏ အနံ့က ဖမ်းစားသွားသည်။

သူက ဦးတည်ချက်တစ်ခုကို စိုက်ကြည့်လိုက်ရာ ဝမ်မိသားစု အိမ်ငယ်လေး အနီးတွင် မျက်နှာစိမ်းများ ရှိနေသည်ကို ခံစားလိုက်ရ၏။

......................

ဝမ်မိသားစု အိမ်ငယ်လေးက အရှေ့ဟွမ်လမ်း၏ အရှေ့ဘက်ခြမ်း၊ စီးပွားရေး မဖွံ့ဖြိုးသေးသော ဇုန်တစ်ခုတွင် တည်ရှိသည်။

မူလ အစီအစဉ်အရ ကုန်တိုက်ကြီးတစ်ခုမှာ ဤနေရာသို့ ရောက်ရှိလာမည်ဟု ယူဆရသည်။

ကံမကောင်းစွာဖြင့် ကုန်တိုက်သူဌေးက ပရောဂျက် တစ်ဝက်တောင် မရောက်သေးခင်မှာပင် ခယ်မနှင့် လိုက်ပြေးသွားခဲ့၏။

ထိုအချိန်မှစ၍ ဤနေရာသို့ ရောက်မလာတော့ပေ။

၎င်းက ကွန်ကရစ်၊ အုတ်၊ ဖန်နှင့် သစ်ကဲ့သို့သော အိမ်ဆောက်ပစ္စည်းများကိုပါ တစ်ချိန်တည်းမှာပင် စွန့်လွှတ်လိုက်ရသည်။

အားယို ကွယ်လွန်ခဲ့သော နေရာက ဤဇုန်ရှိ သစ်ပင်အိုကြီး တစ်ပင်အောက်တွင် တည်ရှိသည်။

ဤနေရာက များသောအားဖြင့် လူမရှိသော်လည်း ဤအခိုက်အတန့်တွင် ခေတ်မီဆန်းပြားသော ပစ္စည်းများကို ကျောပေါ်တွင် ထမ်းပိုးထားသည့် ဝတ်စုံဝတ် အမျိုးသားနှစ်ဦး ထွက်ပေါ်လာသည်။

၎င်းတို့က ခန္ဓာကိုယ် အရည်ပျော်ဝင်သည့် လက္ခဏာများကို ရှာဖွေခဲ့ကြသည်။

ယေဘုယျအားဖြင့် အရည်အသွေးမြင့် ခန္ဓာကိုယ်ပျော်ဝင်သည့် အရည်မှာ မည်သည့်လက္ခဏာမျှ မကျန်ရစ်သော်လည်း မော့အင်မော်တယ် ရဲတိုက်မှ ထုတ်လုပ်သော ခန္ဓာကိုယ်ပျော်ဝင်သည့်အရည်၌ အထူးဓာတ်ငွေ့ ရှာဖွေရေး ကိရိယာကိုအသုံးပြု၍ ရှာဖွေတွေ့ရှိနိုင်သည့် အထူးဒြပ်စင် တစ်မျိုး ပါရှိနေသည်။

လူတစ်ဦးစီက ထုလုံးရှည် ပုံသဏ္ဍာန်ရှိ အရာဝတ္ထု တစ်ခုကို ကိုင်ဆောင်ထားပြီး ထိုအရာဝတ္တု၏ အစွန်းတစ်ဖက်တွင် ရှည်လျားသော ပြွန်တစ်ခုကို ချိတ်ဆွဲထားသည်။

သစ်ပင်အို အနီးသို့ ရောက်လျှင် ကိရိယာထံမှ သတိပေးချက် အသံက ချက်ချင်း မြည်လာသည်။

သူတို့ထဲမှ တစ်ယောက်က ရဲတိုက်လေဒီကို သဲလွန်စ ရှာတွေ့ပြီ ဖြစ်ကြောင်း သတင်းပို့ရန် လက်ပတ်နာရီကို ဖွင့်လိုက်သည်။

"ခေါင်းဆောင်.. အားယိုရဲ့ စိတ်ဝိညာဥ် အမှတ်အသား ပျောက်ကွယ်သွားခဲ့တဲ့ ကိုသြဒိနိတ်တွေကို အခြေခံပြီး အားယိုရဲ့တည်နေရာကို ရှာတွေ့ပါပြီ.. ဒါ့အပြင် ခန္ဓာကိုယ် ပျော်ဝင်စေတဲ့ အရည်ရဲ့ သဲလွန်စကိုပါ ကျနော်တို့ ရှာတွေ့ခဲ့ပါတယ်"

ဖုန်း၏ အခြားတစ်ဖက်မှ ရဲတိုက်လေဒီက မေးခွန်းထုတ်လိုက်သည်။

"စုန့်ချင်းရှုနဲ့ ပတ်သက်ပြီးတော့ ဘာထူးသေးလဲ.. သူ့တည်နေရာကိုရော ရှာတွေ့ပြီလား"

သူတို့နှစ်ဦးက စုန့်ချင်းရှု၏ စိတ်ဝိညာဉ် အမှတ်အသား ပျောက်ကွယ်သွားသည့် နေရာကို အမြန်ဆုံး တိုင်းတာလိုက်ကြသည်။

နောက်ဆုံးတွင် သူတို့နှစ်ဦးက အရှေ့ဘက်ရှိ အဆောက်အဦးငယ်တစ်ခုကို လှမ်းကြည့်လိုက်၏။

"ရှာတွေ့ပြီ လေဒီ.. အဲဒီနေရာက သာမန် အိမ်ငယ်လေး တစ်လုံးပါပဲ.. စုန့်ချင်းရှုရဲ့ စိတ်ဝိညာဉ် အမှတ်အသားက အဲဒီနေရာမှာပဲ ပျောက်ကွယ်သွားခဲ့တယ်"

"အမ်.. သာမန် အိမ်ငယ်လေး တစ်လုံးလား"

ရဲတိုက်လေဒီ အနည်းငယ် အံ့သြသွားသည်။

ဤနေရာက တောကျသောနေရာ ဖြစ်၏။

"တကယ်ပဲ အဲဒီမှာ လူတွေ နေနေသေးတယ်လား"

သူမ၏ အမူအရာမှာ အနည်းငယ် မည်းမှောင်သွားသည်။

"ဒီလိုဆိုရင် ဒီအိမ်ကြီးထဲကို စိမ့်ဝင်ပြီး အခြေအနေကို စုံစမ်းကြည့်ပါ"

ဝတ်စုံဝတ်ထားသော လူနှစ်ယောက်က ခဏမျှ တုံ့ဆိုင်းသွားပြီးမှ ပြောလိုက်သည်။

"လေဒီ.. ဝင်ပေါက်မှာ ခွေးတစ်ကောင် ရှိနေတယ်.. အခုနေ ဝင်သွားရင် သိပ်ပြီး သိသာလွန်းနေတယ် မထင်ဘူးလား"

"ဒါက ခွေးတစ်ကောင်ပဲလေ.. ခွေးသားစတူးတောင် လုပ်စားကြသေးတာပဲ.. ခွေးသားက စားရတာ ထူးထူးခြားခြား အရသာရှိတယ်.. သူ့အရသာက အံ့သြစရာ ကောင်းတယ်လို့ မထင်ဘူးလား"

"............."

All Chapters