← Chapters

ကျောက်သရဲမျက်နှာဖုံးကို ဘယ်လိုဖန်တီးခဲ့တာလဲ

Vol. 11 Ch. 163

ကျောက်သရဲမျက်နှာဖုံးကို ဘယ်လိုဖန်တီးခဲ့တာလဲ

Vol. 11 Ch. 163

သူတို့ သုံးယောက် တံခါးကို ဖြတ်လျှောက်လာသော အခါတွင် သန်းခေါင်ယံ ထမင်းစားခန်း၏ သူဌေး ထန်စစ်မုန့်က ပန်းကန်များကို ဆေးကြောနေသည်။

သူ့မျက်နှာပေါ်မှ ရှည်လျားသော အမာရွတ်က မှိန်ပျသော မီးရောင်အောက်တွင် အလွန်နာကြည်းပြီး မကျေနပ်မှုကို ဖော်ပြနေ၏။

ဖောက်သည်များ စတင်ဝင်ရောက်ရန် အချိန် မရောက်သေးသော်လည်း သူက ဖောက်သည်များကို ရောင်းချရန် အတွက် ကြိုတင် ပြင်ဆင်နေပြီဖြစ်သည်။

ထန်ယိုနင် သီဆိုသော "ကျောင်းသားဟောင်း"သီချင်းက ခေတ်မမီတော့သော ရေဒီယိုတွင် လာနေသည်။

ယနေ့ခေတ်တွင် ရေဒီယို အသံလွှင့်ဌာနများက ခေတ်မစားတော့သော်လည်း စွဲစွဲမြဲမြဲ လုပ်ကိုင်နေသူများ ရှိနေဆဲဖြစ်သည်။

ပတ်ဝန်းကျင်တွင် ရေဒီယို အသံလွှင့်ရုံ များများစားစား မရှိသော်လည်း လေလှိုင်းမှ တဆင့် လွှင့်သည့် အစီအစဉ်ကို ဆက်လက် လုပ်ဆောင်နေသူများ ရှိနေသေးသည်။

ထိုအထဲမှ နာမည်ကြီး အသံလွှင့်သူကို ဖော်ပြရမည်ဆိုလျှင် "ကျန်းယဲ့"ကို ဖော်ပြရမည် ဖြစ်သည်။

ကျန်းယဲ့က ရေဒီယိုအသံလွှင့်ရုံတွင် အဓိက သင်ကြားခဲ့ရုံသာမက သူ၏ ကိုယ်ပိုင် အတ္ထုပ္ပတ္တိဖြစ်သော "ငါက စူပါစတားတစ်ယောက် အမှန်တကယ် ဖြစ်လာတယ်" ဝတ္ထုကို ရေးသားခဲ့သော အလွန်နာမည်ကြီးသည့် စာရေးဆရာ တစ်ဦးလည်းဖြစ်သည်။

သူရေးသည့် စာအုပ်တစ်အုပ်လုံးတွင် အလွန်အကျူး ကြွားဝါသော လေလုံးများနှင့် ပြည့်နှက်နေသည်။

ဝါရင့်ဝဘ်ဝတ္ထု စာရေးဆရာ တစ်ဦး အနေဖြင့် ဖေဖေဝမ်က ဤစာအုပ်ကို အမှိုက်စာပေအဖြစ်သာ သတ်မှတ်ခဲ့သည်။

ပန်းကန်ဆေးနေသော သူဌေးထန်က ဧည့်သည် သုံးယောက်ဝင်လာသည်ကို မြင်လျှင် မီနူးကို လက်ညိုးထိုးပြလိုက်သည်။

"ဟေ့.. မီနူးထဲမှာရှိတာ အကုန် မှာလို့ရတယ်.. တခြား စားချင်တာ ရှိရင်လည်းပြော.. ငါချက်တတ်တဲ့ဟာဆို ချက်ပေးမယ်"

ယင်းလေသံကိုကြားလျှင် ဗုံးပစ်စီနီယာ အင်မော်တယ် နှင့် စုန့်ချင်းရှုက ပြစ်ဒဏ် ချမှတ်မခံရမီ ရိုင်းရိုင်းစိုင်းစိုင်း ပြုမူခံရသည့် ရာဇဝတ်သားလို သူတို့ကိုယ် သူတို့ ခံစားလိုက်ရသည်။

စုန့်ချင်းရှုက လောင်ထန် ဂေါ်ဖီချဥ် အမဲသား ခေါက်ဆွဲပွဲကြီး သုံးပွဲကို မှာလိုက်သည်။

ပွဲကြီးက တစ်ပွဲ ယွမ်နှစ်ဆယ် ကျသင့်၍ သုံးပွဲကို ယွမ်ခြောက်ဆယ် ကျသင့်သည်။

စုန့်ချင်းရှုက ယွမ်တစ်ရာတန် ငွေစက္ကူကို တိုက်ရိုက် ထုတ်ပေးလိုက်ပြီး ပိုတာကို ယူထားရန် သူဌေးကို ပြောလိုက်ရာ သူဌေးထန်က ရူးသွပ်မတတ် ပျော်ရွှင်သွား၏။

တကယ်တမ်း ဤနှစ်ရက် အတွင်း ဗုံးပစ်စီနီယာ အင်မော်တယ်က စုန့်ချင်းရှုကို ရွှေ့လျား ATMစက် တစ်ခုကဲ့သို့ ပြုမူနေခဲ့သည်။

စုန့်ချင်းရှုက မော့အင်မော်တယ် ရဲတိုက်တွင် နှစ်ပေါင်းများစွာ အလုပ်လုပ်ခဲ့သူ ဖြစ်ပြီး သူ့ပစ္စည်းတွေ အားလုံးကို ရောင်းထုတ်လိုက်ပြီးနောက် ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိလောက်အောင် ပိုက်ဆံတွေ အများကြီး ရလာခဲ့သည်။

"ကျေးဇူးအများကြီးတင်ပါတယ်"

သူဌေးထန်က ပိုက်ဆံယူလိုက်ရင်း သူတို့၏ မျက်နှာကို သေချာ အကဲခတ်လိုက်သည်။

ဝမ်လင်းကို သူတို့သုံးယောက်ကြားတွင် သတိပြုမိလိုက်လျှင် သူ့အမူအရာက ရုတ်တရက် ပြောင်းလဲသွားခဲ့သည်။

"အိုး.. မင်းက သုံးဆယ့်သုံးယွမ် ခုနစ်ဆယ်ဆင့်နဲ့ သီချင်းကိုရောင်းပေးခဲ့တဲ့ ဉာဏ်ကြီးရှင် ဖန်တီးသူ မဟုတ်လား"

ဝမ်လင်း "............."

သူဌေးထန်က ဝမ်လင်းကို မှတ်မိနေသေးသည်။

အဆုံးသတ်တွင် ဤလူက ဟွာရှို့ နိုင်ငံ တဝှမ်းတွင် ပျံ့နှံ့ခဲ့သော "ကျောင်းသားဟောင်း"သီချင်းကို ရေးစပ်ခဲ့သူမှန်း သူကိုယ်တိုင် သက်သေခံနိုင်သည် မဟုတ်ပါလော။

အမဲသားခေါက်ဆွဲ ပွဲလတ် နှစ်ပန်းကန်ကို ယွမ်သုံးဆယ်သုံးဆယ် ခုနစ်ဆယ်ဆင့်နှင့် ဝယ်စားရန် အလွန် နာမည်ကြီးလာမည့် သီချင်းတစ်ပုဒ်ကို ရောင်းပေးခဲ့၏။

"သူဌေး.. ငါ့ညီနောင်ကို သိလို့လား"

သူဌေးကို စိုက်ကြည့်ရင်း ဗုံးပစ်စီနီယာ အင်မော်တယ်က မေးလိုက်သည်။

"အရင်က သူနဲ့ သူ့အဖေက ဒီကိုလာပြီး အမဲသားခေါက်ဆွဲကို မှာစားဖူးတယ်လေ"

သူဌေးထန်က ပြန်ဖြေလိုက်သည်။

ဗုံးပစ်စီနီယာအင်မော်တယ်က စိတ်နှလုံးထဲကနေ ထိတ်လန့်သွားခဲ့သည်။

{စီနီယာဝမ်တို့သားအဖနှစ်ယောက်လုံး အရင်က ဒီကိုလာခဲ့ဖူးတယ်ဆိုမှတော့ ဒီဆိုင်က နယ်နယ်ရရတော့ မဟုတ်လောက်ဘူး}

"ကျောင်းသားဟောင်း သီချင်းကို ကြားဖူးလား"

သူဌေးထန်က ခဏစဉ်းစားပြီး ဤသီချင်းနှင့် ပတ်သက်သည့် အဖြစ်အပျက်များကို တိုက်ရိုက် ရှင်းပြလိုက်၏။

သူ၏စကားကို ကြားလျှင် ဗုံးပစ်စီနီယာ အင်မော်တယ် နှင့်စုန့်ချင်းရှု တို့က လုံးဝ အံ့အားသင့်သွားကြသည်။

"ညီနောင်လင်း မင်းက သီချင်းတွေလည်း ရေးနိုင်တယ်လား"

ဝမ်လင်းက အရှက်မရှိဘဲ ခေါင်းညိတ်လိုက်ရသည်။

သီအိုရီအရ ပြောရလျှင် သူက သီချင်းများကို သယ်ဆောင်လာသူသာ ဖြစ်သည်။

"ကျောင်းသားဟောင်း"သီချင်းအကြောင်းကို ပြောရင်း သူဌေးထန်၏ အကျည်းတန်သော မျက်နှာက ပို၍ပင် အကျည်းတန်သွားသည်။

"ထန်လေး မကျော်ကြားခင်က ငါ့ဆိုင်ကို နေ့တိုင်း အလည်လာတယ်.. ငါက သူ့ကို အစားအသောက်တွေ အမြဲလိုလို ကျွေးမွေးခဲ့တယ်.. အခု သူက ကျော်ကြားလာပြီ ဆိုတော့ မြို့လယ်မှာ အိမ်ဝယ်လိုက်ပြီလေ.. ငါ့ဆိုင်ကိုလည်း မလာဖြစ်တာ အတော်ကြာပါပြီ"

သူဌေးထန်က ထိုစကားကို ပြောပြီး မချိပြုံး ပြုံးလိုက်သည်။

"ငါက သူငါ့ကို ဖောက်သည်တွေ များများ ရလာအောင် ကူညီပေးမယ်လို့ မျှော်လင့်ထားခဲ့တာ"

"သူက မင်းအပေါ်မှာ အခွင့်ကောင်းယူနေတာပဲ"

ဗုံးပစ်စီနီယာ အင်မော်တယ်က ခေါင်းခါယမ်းလိုက်သည်။

သူဌေးက ဤကိစ္စအတွက် စိတ်မကောင်း ဖြစ်မိသော်လည်း သူ၏ ခံစားချက်ကို ဖွင့်ထုတ်လိုက်ရသဖြင့် ပေါ့ပါးသွားသည်။

သူက ဝမ်လင်းတို့ကို ကြည့်ရင်း ပြောလိုက်သည်။

"ဒီအချိန်ကြီး ငါ့ဆိုင်ကို လာကြတာ ကိစ္စတစ်ခုခု ရှိလို့လား"

သူဌေးထန်က ငတုံးငအ မဟုတ်ပေ။

သူ့ဆိုင်က သန်းခေါင်ယံ အတွက် ရည်ရွယ်၍ ဖွင့်ထားသော်လည်း ဤလူသုံးယောက်က ရှစ်နာရီလောက် ကတည်းက ရောက်ချလာပြီး ပွဲဲကြီးသုံးပွဲကို မှာနေသည်။

၎င်းက ပုံမှန် မဟုတ်သော အခြေအနေ တစ်ခုခု ရှိနေတာ သေချာသည်။

သူက ဤနှစ်များ တစ်လျှောက်တွင် လူပေါင်းများစွာနှင့် ကြုံတွေ့ခဲ့ရသောကြောင့် တစ်ခါတရံတွင် ဖောက်သည်များ၏ မျက်နှာပေါ်ရှိ အကြည့်များမှ တဆင့် မည်သို့ တွေးနေသည်ကို ခန့်မှန်းနိုင်သည်။

ကံကောင်းစွာဖြင့် သူဌေးထန်က ဝမ်လင်းတို့ လူစုအပေါ် အမြင်ကြည်နေခဲ့၏။

ရလဒ်အနေဖြင့် ဝမ်လင်းတို့က သူတို့၏ ရည်ရွယ်ချက်ကို ဖုံးကွယ်မနေဘဲ ပွင့်ပွင့်လင်းလင်း ချပြလိုက်သည်။

ဗုံးပစ် စီနီယာ အင်မော်တယ်၏ လက်ထဲတွင် ဝိညာဉ်အလင်းတန်း တစ်ခု တောက်ပလာပြီး သူကြိုတင် ပြင်ဆင်ထားသော ကျောက်သရဲ မျက်နှာဖုံး၏ ပုံတူ မျက်နှာဖုံးကရောက်ရှိလာသည်။

"သူဌေးထန်.. ဒီပစ္စည်းကို အရင်က မြင်ဖူးသလား"

မျက်နှာဖုံးကို စိုက်ကြည့်ရင်း သူဌေးထန်က မေးစေ့ကို ပွတ်သပ်လိုက်သည်။

ထို့နောက် သူ၏ မျက်နှာက လေးနက်လာပြီး စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။

"ဒီမျက်နှာဖုံးကို ဘယ်မှာတွေ့ခဲ့တာလဲ"

ထိုစကားကို ကြားသည်နှင့် သူတို့သုံးယောက်၏ ရင်ထဲမှ အပူလုံးကြီး ကျသွားသလို ခံစားခဲ့ရသည်။

ဤစားသောက်ဆိုင် ပိုင်ရှင်က ကျောက်သရဲ မျက်နှာဖုံးနှင့် ပတ်သက်မှု တစ်ခုခု ရှိနေမည်မှာ သေချာသွားပြီ ဖြစ်သည်။

ဗုံးပစ်စီနီယာ အင်မော်တယ်က သူဌေးထန်၏ မေးခွန်းကို ပြန်ဖြေလိုက်သည်။

"ညီနောင်လင်းက ဒီမျက်နှာဖုံးကို ပို့ဆောင်ခ အခမဲ့နဲ့ လိုင်းပေါ်ကနေ ငါးယွမ်နဲ့ ဝယ်လာတာလေ"

သူဌေးထန် "............"

"ကျေးဇူးပြုပြီး သူဌေးထန်.. ဒီမျက်နှာဖုံး အကြောင်း မင်းသိသမျှ ငါတို့ကို ပြောပြပေးပါ.. ငါတို့ သိသလောက်တော့ ဒီမျက်နှာဖုံးက နှစ်ခု ရှိတယ်.. အခု တစ်စုံတစ်ယောက်က ဒီမျက်နှာဖုံးတွေကို မကောင်းတဲ့ နေရာမှာ သုံးချင်နေတယ်"

ဗုံးပစ်စီနီယာ အင်မော်တယ်က သူဌေးထန်၏ လက်ကိုဆုပ်ကိုင်လိုက်ပြီး လေးလေးနက်နက် ပြောလိုက်သည်။

"သူဌေးထန်.. ဒီကမ္ဘာကြီးကို ကယ်တင်နိုင်မလား မကယ်နိုင်ဘူးလား ဆိုတာ မင်းအပေါ်မှာပဲ မူတည်တော့တယ်"

"............"

သူဌေးထန်က ခဏမျှ စဉ်းစားလိုက်ပြီးမှ ခေါင်းခါလိုက်သည်။

"မင်းတို့ ငါ့ကို ရှာတွေ့ခဲ့တာ ငါ အရမ်းအံ့သြနေပေမယ့် ငါက မင်းတို့ ရှာနေတဲ့သူ မဟုတ်လို့ တောင်းပန်ပါတယ်.. ဒီမျက်နှာဖုံးနှစ်ခုကို တကယ်ဖန်တီးခဲ့သူက ရွှံ့နယ်နေတဲ့ကောင်မလေးပါ.. ငါက သူမဘေးမှာ ရွှံ့ဝိုင်းနယ်ပေးတဲ့ အကူလောက်ပါပဲ"

ဗုံးပစ်စီနီယာ အင်မော်တယ် "ရွှံနယ်တာ ဆိုတော့ အနက်ရောင်သလင်းကျောက်ကို တွေ့မိလား.. ဒီမျက်နှာဖုံးမှာက အနက်ရောင်သလင်းကျောက် ပါနေတယ်လေ.. အဲဒါက စကြဝဠာတစ်ခုလုံးမှာ အရှားပါးဆုံး ပစ္စည်းပဲ"

ထိုစကားကို ကြားလျှင် သူဌေးထန်က အသေအချာ တွေးတောပြီးမှ ပြန်ဖြေလိုက်သည်။

"အင်း အဲဒီအချိန်တုန်းက ရွှံ့ထဲမှာ အနက်ရောင်သလင်းကျောက် အပိုင်းအစ တချို့တော့ တွေ့တယ်.. အဲဒါကိုပါ ထည့်နယ်လိုက်တာလေ"

ဗုံးပစ်စီနီယာအင်မော်တယ်၊စုန့်ချင်းရှု၊ဝမ်လင်း "............"

မြင်ကွင်းက အချိန်အတော်ကြာအောင် တိတ်ဆိတ်နေခဲ့သည်။

ဗုံးပစ်စီနီယာ အင်မော်တယ်က အသက်ကို ခပ်ပြင်းပြင်း ရှုသွင်းလိုက်သည်။

"ဒါဆို သူဌေးထန်.. မင်းက ပန်းပဲသမား မဟုတ်ဘူးလား"

သူဌေးတန်က ပခုံးတွန့်ပြလိုက်သည်။

"ငါ့ကိုယ်ငါ ပန်းပဲသမားလို့ ဘယ်တုန်းကမှ မပြောဖူးပါဘူး... မျက်နှာဖုံးကို လုပ်တာ ကောင်မလေးပဲ.. ငါက သူ့ကို ကူညီပေးခဲ့ရုံပါပဲ"

ဗုံးပစ်စီနီယာ အင်မော်တယ် "သူဌေးထန်.. အဲဒီရွှံ့နယ်နေတဲ့ကောင်မလေးနဲ့ အဆက်အသွယ် ရှိသေးလား"

သူဌေးထန် "ဒီကိစ္စက နှစ်ပေါင်းများစွာ ကြာခဲ့ပြီဆိုတော့ ငါတို့တွေ အဆက်အသွယ် ပြတ်သွားတာ ကြာခဲ့ပါပြီ.. ဒါပေမယ့် သူ့နာမည်ကိုတော့ ငါ မှတ်မိနေသေးတယ်.. ခေါင်းဆောင်တစ်ယောက် အနေနဲ့ မင်း စုံစမ်းကြည့်လို့ ရပါတယ်"

ဗုံးပစ်စီနီယာ အင်မော်တယ် "သူမ နာမည်က ဘာလဲ"

သူဌေးထန် "နွီဝါး"

ဝမ်လင်း "..........."

All Chapters