← Chapters

တချို့တလေ ပျော်ရွှင်နေတဲ့ အချိန် တချို့တလေက စိုးရိမ်နေကြသည်

Vol. 11 Ch. 164

တချို့တလေ ပျော်ရွှင်နေတဲ့ အချိန် တချို့တလေက စိုးရိမ်နေကြသည်

Vol. 11 Ch. 164

စုန့်ချင်းရှု ပေးခဲ့သည့် အချက်အလက်တွေ အရ တည်နေရာကိုသြဒိနိတ်ကို ရှာဖွေရန် ဘလက်လေးက နှစ်ရက်ခန့် အချိန်ပေးခဲ့ရသည်။

သူတို့က အောင်မြင်တော့မည်ဟု ထင်ခဲ့သော်လည်း အဆုံးသတ်တွင် နောက်ထပ် တစ်ကြိမ် လမ်းချော်သွားခဲ့၏။

ဝမ်လင်းက ဖင်နာလာသလိုလိုပင် ခံစားနေရသည်။

ယခု အရေးအကြီးဆုံး ပြဿနာမှာ ရွှံ့ကစားနေသော မိန်းကလေး နွီးဝါး ကို မည်သည့်နေရာကနေ စတင်ရှာဖွေရမည် ဆိုသည့် ပြဿနာ ဖြစ်သည်။

သေချာသည်မှာ သူ၏စွမ်းအားကို တာအိုအဆောင်ဖြင့် မကန့်သတ်ထားခဲ့လျှင် ဝမ်လင်းက သူ၏ အရှိန်အဝါကို အသုံးပြုပြီး မိန်းကလေးနွီဝါးကို ခြေရာခံမိမည် ဖြစ်သည်။

သို့ရာတွင် သူ၏ အရှိန်အဝါကို ထုတ်လွှတ်မိလျှင် ကမ္ဘာတစ်ဝန်းလုံးက လျှပ်စစ်ဓာတ်အား ပြတ်တောက်သွားမည် ဖြစ်သည်။

ဝမ်လင်းက ထိုသို့ မဖြစ်စေချင်ပေ။

ကျောက်သရဲ မျက်နှာဖုံး ပြဿနာက ကိုင်တွယ်ရန် အလွန် ခက်ခဲသော ပြဿနာ ဖြစ်ကြောင်း ထင်ရှားနေသည်။

ဝမ်လင်းတို့ သုံးယောက်ကို ကြည့်ရင်း သူဌေးထန်က အတွေးထဲ နစ်မြောသွားသည်။

သိပ်မကြာခင်မှာပင် သူက အံဆွဲထဲက သံသေတ္တာ တစ်လုံးကို ထုတ်ပြီး ဗုံးပစ်စီနီယာ အင်မော်တယ်ကို ပေးလိုက်သည်။

"သူဌေးထန်.. ဒါက..."

"ဒါက အနီရောင် ဘယ်ရီသီးတွေ သီးတဲ့ ဟောသွန်းဆူးပင်ရဲ့အစေ့ပဲ"

သူဌေးထန်က ပြန်ဖြေလိုက်သည်။

"ဒီမိန်းကလေးနဲ့ ငါက ငယ်ငယ်က ကတိကဝတ် တစ်ခု လုပ်ထားခဲ့တယ်.. ဒီမျိုးစေ့ကို စိုက်ပြီး အသီးသီးတဲ့နေ့ကျရင် သူမက အပင်အောက်မှာ ပေါ်လာလိမ့်မယ်"

"ဒီနည်းလမ်းက တကယ်ပဲ ထိရောက်မယ်လို့ ထင်လား"

လူတစ်ဖယာက်က နှစ်ပေါင်းများစွာ ကြာခဲ့လျှင် ကတိကဝတ်မပြောနှင့် ကျောင်းတုန်းက သူငယ်ချင်းများ၏ နာမည်များကိုပင် မမှတ်မိတော့ပေ။

ဗုံးပစ်စီနီယာ အင်မော်တယ်က သူငယ်တန်းတုန်းက အတန်းထဲရှိ မိန်းကလေးများ အားလုံးနှင့် လက်ထပ်မည်ဟု နေ့တိုင်းလိုလို ကြွားဝါနေသော သူ့ငယ်ဘဝကို ပြန်ပြောင်း တွေးမိခဲ့သည်။

သို့သော် ယခုတော့ သူက သောင်ပြင်မှာ လွှတ်သည့် ခွေးတစ်ကောင်လို ဖြစ်နေဆဲပင်။

"ငါ့တို့မှာ ရွေးချယ်စရာမှ မရှိတာ.. တတ်နိုင်သမျှ ကြိုးစားကြည့်ရမှာပဲ.."

ဗုံးပစ်စီနီယာ အင်မော်တယ်က သံသေတ္တာကို ဖွင့်ကာ ဟောသွန်း မျိုးစေ့ကို ကောက်ယူ၍ သက်ပြင်းချလိုက်သည်။

ဤဟောသွန်းမျိုးစေ့ကို ယူ၍ ဝမ်ရှန်းအိမ်ရာသို့ သူပြန်ရောက်လာချိန်၌ သန်းခေါင်ယံ နီးပါးရှိနေပြီ ဖြစ်သည်။

ဤကာလအတွင်း ဗုံးပစ်စီနီယာ အင်မော်တယ်နှင့် စုန့်ချင်းရှုတို့က ထွင်ထျန်းဟာ ဆီကနေ မော့အင်မော်တယ် ရဲတိုက်က ဝမ်မိသားစုအိမ်ကို စုံစမ်းရန် လူနှစ်ယောက် စေလွှတ်လိုက်ကြောင်း သိရှိခဲ့ရသည်။

ရဲတိုက်လေဒီက သူသေဆုံးကြောင်း အတည်ပြုရန် စေလွှတ်လိုက်ခြင်း ဖြစ်ရမည်ဟု စုန့်ချင်းရှု ကောင်းစွာ သိသည်။

နှမြောစရာ ကောင်းသည်မှာ ထွင်ထျန်းဟာက ဤလူနှစ်ယောက်ကို အိမ်သာထဲ ဆွဲချခဲ့သဖြင့် အသေးစိတ်အချက်အလက်တွေကို မမေးမြန်းနိုင်တော့ချေ။

သို့မဟုတ်လျှင် စုန့်ချင်းရှုက ယခုထက်ပိုပြီး လျှို့ဝှက်ချက်တွေကို သိရှိနိုင်မည် ဖြစ်သည်။

"ဒီနှစ်ရက်မှာ မင်းသတိထားရမယ်.. မင်းအသက်ရှင်နေတယ် ဆိုတာကို ဒီလူတွေ သေချာပေါက်သိတယ်"

အိမ်နောက်ဖေးတွင် ဟောသွန်းမျိုးစေ့ကို စိုက်ပျိုးနေရင်း

ဗုံးပစ်စီနီယာ အင်မော်တယ်က စုန့်ချင်းရှုကို ပြောလိုက်သည်။

"စိတ်မပူပါနဲ့.. စီနီယာလဲ့..စီနီယာဝမ်က ကျနော့်ဆီကနေ အခုထိ Longjohnကို ပြန်မတောင်းသေးပါဘူး"

စုန့်ချင်းရှုက သူ့ကိုယ်သူ ယုံကြည်မှုရှိစွာ ပြောလိုက်သည်။

ဗုံးပစ်စီနီယာ အင်မော်တယ်က ချွေးစေးများ ထွက်လာသည်။

"အသွင်ပြောင်း မှော်ရတနာ အများစုမှာ သက်တမ်းကုန်ဆုံးရက် ရှိကြတယ်.. ဒါကြောင့် ညီနောင်လင်းက Longjohnတွေကို ပြန်လည် ပြုပြင်ပေးဖို့ လိုအပ်နေတယ်.. ငါ့အထင်တော့မင်းယူထားတဲ့ longjohn တွေက ကြာရှည် မခံလောက်တော့ဘူး.. ဒါကြောင့် သူတို့နဲ့ မတော်တဆ ထိပ်တိုက်ဆုံလာရင် ပြန်မချဘဲ တန်းပြေးဖို့သာ ခေါင်းထဲ ထည့်ထားပါ"

စုန့်ချင်းရှုက ထမင်းကို နှုတ်သီးဖြင့် ဆိတ်၍ စားသောက်နေသည့် ကြက်ကလေးလို ခေါင်းကို တဆက်ဆက် ညိတ်လိုက်သည်။

"အဲဒီအတွက်တော့ မပူနဲ့.. ကျနော် စီနီယာဝမ်ရဲ့အိမ်စီးဖိနပ်ကို ယူလာခဲ့တယ်.. အခုထိ ပြန်မပေးရသေးဘူး.. အဲဒီဖိနပ်က သတင်းထောက် ဖိနပ်ထက်တောင် အရမ်းမြန်တယ်"

"............"

စုန့်ချင်းရှု"စကားမစပ်.. ဟောသွန်း မျိုးစေ့က တကယ် အလုပ်ဖြစ်ပါ့မလား"

"ဘယ်သူသိနိုင်မှာလဲ"

ဗုံးပစ်စီနီယာ အင်မော်တယ်က သက်ပြင်းချ၍ ပြန်ဖြေလိုက်သည်။

သူ၏ တွက်ချက်မှုများ အရ ဝိညာဥ်မြေဆီလွှာ၏ စွမ်းအားဖြင့်ပင် မျိုးစေ့အညှောက် ပေါက်ရန် အနည်းဆုံး ငါးရက်နှင့် အများဆုံး တစ်လခွဲခန့် အချိန်ယူရမည် ဖြစ်သည်။

အရေးကြီးဆုံးမှာ နွီဝါးဆိုသည့် မိန်းကလေးက ကတိပေးထားသည့် အတိုင်း ပေါ်လာမည်လား ဆိုသည်ကို မသိရသေးပေ။

ဝိညာဉ်မြေဆီလွှာကို ငေးကြည့်ရင်း နှစ်ယောက်စလုံးက နက်နဲသော အတွေးများဖြင့် နစ်မြောသွားကြသည်။

...................

ဇွန်လ ၃ရက်နေ့က ခြောက်ပတ်မြောက်၏ သောကြာနေ့ဖြစ်သည်။

ဤမနက်တွင် ပျော်နေသူတွေရှိသလို စိတ်ပူသူတွေလည်း ရှိသည်။

စစ်ရေး လေ့ကျင့်မှုတွင် ယောက်ျားလေးများ အားလုံးမှာ အကြိတ်အနယ် ဆံပင်ညှပ်ခဲ့ရသည်။

ကတုံးဆံတောက်ကေ မဟုတ်ဘဲ ကတုံးပြောင် ဖြစ်နေသည့် ချန်းချောင်ကဲ့သို့ ကျောင်းသားအချို့လည်း ရှိသည်။

ချန်းချောင်က သူ့ခေါင်းမှ ဆံပင်ကိုစမ်းရင်း မျက်ရည်ကျဖို့ပင် မတတ်နိုင်တော့ချေ။

သူက ဆံပင်ဆရာကို ခပ်မိုက်မိုက် ကတုံးဆံတောက်ကေ ညှပ်ပေးရန် တောင်းဆိုခဲ့သည်။

ကတုံးဆံတောက်ကေ ဖြစ်နေလျှင်ပင် ခန့်ညား ချောမောသောအသွင်အပြင်ကိုသာ သူလိုချင်ခဲ့သည်။

သို့သော် မျက်စိတစ်မှိတ် အတွင်း ခေါင်းတုံးပြောင် ဖြစ်သွားလိမ့်မည်ဟု မမျှော်လင့်ခဲ့ပေ။

ယခင်က ဆံသဆရာ ထံတွင် ဝဋ်ကြွေးရှိလောက်သည်ဟု သူ့ကိုယ်သူ တွေးမိခဲ့သည်။

အဆုံးသတ်တွင် သူက ကံမကောင်းခဲ့ပေ။

ဆရာပန်က စာသင်ခန်းထဲကို လှမ်းကြည့်လိုက်ရာ ယောကျာ်းလေး အားလုံးက ဆံပင်ညှပ်သည့် ကိစ္စနှင့် ပတ်သက်ပြီး ဆူညံပွက်လော ရိုက်နေသည်ကို တွေ့လိုက်ရသည်။

သို့သော် ဤနေ့တွင် သူမက ခါတိုင်းလို ဒေါသထွက်ရမည့် အစား သူမ၏ သင်ထောက်ကူ ပစ္စည်းများကို စာသင်ခန်းထဲတွင် တိတ်တိတ်လေး ထားလိုက်ပြီး မိန်းကလေးများနှင့် အတူ ယောင်္ကျားလေးများ၏ တုန်လှုပ် ချောက်ချားမှုကို သဘောကျနေခဲ့သည်။

"ယောက်ျားလေးတွေ ဆိုတာ ဒီလိုမျိုး လန်းလန်းဆန်းဆန်း ဖြစ်နေသင့်တယ်"

အမှတ် ၆၀ အထက်တန်းကျောင်း၏ ရှေ့ဆောင် ဆရာတစ်ဦးအနေဖြင့် ဆရာမဖန်က ကျောင်းသားများစွာကို သင်ကြားပေးခဲ့ဖူးသည်။

သူမ၏ အထင်ကြီးစရာ ကောင်းသော အရည်အချင်းမှာ သူမ၏ တင်းကျပ်သော သင်ကြားမှုပုံစံနှင့် စည်းကမ်းကြီးမှု ဖြစ်သည်။

အထူးသဖြင့် ကျောင်းသားများ၏ စိတ်ထဲတွင် နက်ရှိုင်းစွာ စွဲထင်နေသည်မှာ သူမ၏ ခက်ထန်သော စိတ်သဘောထား ဖြစ်သည်။

ယခု ယောကျာ်းလေးများ အားလုံး ဆံပင်ညှပ်ခံရပြီး ချောက်ခြားနေသည်ကို တွေ့လိုက်ရသောအခါ သူမ၏ သဘောထားက ဝမ်းချုပ်နေစဥ် အရာအားလုံး စွန့်လွှတ်လိုက်ရသလို အေးချမ်းသွားခဲ့သည်။

ဆရာမဖန်က Grade 1 အခန်းသုံးမှ ယောကျာ်းလေးများ၏ အသွင်အပြင်အသစ်ကြောင့် ရွှင်မြူးနေသော အချိန်တွင် အခြားတစ်ဖက်၌ ကျိုးရီက ပြဿနာကြီးနှင့် ရင်ဆိုင်ရပြီး ခေါင်းခဲနေသည်။

ကျိုးရီက သူ့ရုံးခန်းတွင် ထိုင်နေရင်း ဒေါသ ထွက်နေသည်။

အမှတ် ၆၀ အထက်တန်းကျောင်းကို အရိပ်အဖွဲ့အစည်း စတင် တိုက်ခိုက်ပြီး ကတည်းက သူ၏ စိုးရိမ်ပူပန်မှုက မရပ်တန့်ခဲ့ပေ။

ရာထူးတိုးပြီးသည်နှင့် အလားတူ ဖြစ်ရပ်မျိုး ထပ်မံမဖြစ်ပွားစေရန် စုန့်ဟိုင်မြို့၏ ကျောင်းပေါင်း ၁၀၀ အထွေထွေ အုပ်ချုပ်ရေး အဖွဲ့မှ သူ၏ ကြီးကြပ်မှုအောက်တွင် ကျရောက်နေသော အထက်တန်းကျောင်းများ အားလုံးကို လုံခြုံရေး တိုးမြှင့် ချထားခဲ့သည်။

ကျိုးရီက ရုံးတက်နေစဉ် အတွင်း မတော်တဆဖြစ်ရပ်များ မဖြစ်ပွားစေလိုပေ။

ကျင့်ကြံသူများ အတွက် အတွက် ဗျူရိုကရေစီ ယဉ်ကျေးမှုမှာ သာမန်လူများ တွေးဆနိုင်သည့် အရာများထက် များစွာပို၍ ရှုပ်ထွေးသည်။

သူက အမှတ် ၆၀ အထက်တန်းကျောင်း၏ ကျောင်းသားဟောင်း ဖြစ်ရာ သူကိုယ်တိုင်က ထိုကျောင်းကို မကာကွယ်နိုင်ခဲ့လျှင် သူ့အနေဖြင် အတင်းအဖျင်းများ သာမက ဘေးမှ စောင့်ကြည့်သူများ အတွက် ပြက်လုံးတစ်ခု မလွဲမသွေ ဖြစ်လာလိမ့်မည် ဖြစ်သည်။

ကျိုးရီက အမှတ် ၆၀ အထက်တန်းကျောင်း၏ စစ်ရေးလေ့ကျင့်မှု ပြီးဆုံးချိန်အထိ အန္တရာယ် တစ်စုံတစ်ရာ မကျရောက်စေရန် လွန်ခဲ့သည့် ရက်အနည်းငယ် အတွင်း ကျောင်းလုံခြုံရေးကို တိတ်တဆိတ် မြှင့်တင်ပေးခဲ့သည်။

သို့သော် ကံမကောင်းစွာပင် ဤကာလ၌ သူ့အတွက် ဆိုးရွားသော သတင်းကို ရရှိခဲ့သည်။

အမှတ် ၅၉ အထက်တန်းကျောင်းတွင် ဖမ်းဆီးခံခဲ့ရသော အရိပ် အဖွဲ့အစည်း ခေါင်းဆောင်၏ ညီမက ထောင်မှ ထွက်ပြေးသွားပြီ ဖြစ်သည်။

.........................

စုန့်ဟိုင်မြို့၏ လုံခြုံရေး အမြင့်ဆုံး အကျဉ်းထောင်မှာ ကြီးလေးသော ရာဇ၀တ်သားများကိုသာ သီးသန့်ထားသော နေရာ ဖြစ်သည်။

အခန်းဖော်ကို အဆိပ်ခတ်ခဲ့သည့် အမျက်ဒေါသကျင့်ကြံခြင်းတက္ကသိုလ်မှ ရာဇ၀တ်ကောင်ကြီးလို "နာမည်ကြီး" ရာဇ၀တ်ကောင် အများအပြားကို ဤနေရာတွင် အကျဉ်းချထားခြင်း ဖြစ်သည်။

ထိုနာမည်ကြီး ရာဇဝတ်ကောင်က ဤနေရာတွင် အချိန်အတော်ကြာ အကျဉ်းချခံခဲ့ရပြီး နောက်ဆုံးတွင် သေဒဏ်ချမှတ်ခြင်း ခံခဲ့ရသည်။

ကျန်းလျှိုယင်း လွတ်မြောက်လာသည့် သတင်းက နိုင်ငံခေါင်းဆောင်တွေကို ထိတ်လန့်စေခဲ့သည်။

ထိုအချိန်တွင် ဗဟိုကျင့်ကြံခြင်း စစ်ဆေးရေးအဖွဲ့မှ အဖွဲ့ဝင်များကလည်း စုန့်ဟိုင်မြို့တွင် ရှိနေကြသည်။

အတွင်းရေးမှူး တာခန်းက အခင်းဖြစ်ပွားရာ နေရာသို့ ချက်ချင်းနီးပါး ပြေးလာခဲ့သည်။

ပုံမှန်အားဖြင့် ရာဇ၀တ်ကောင်ကြီးများပင် နိုင်ငံ၏ လုံခြုံရေး အမြင့်မားဆုံး အကျဉ်းထောင်မှ ဖောက်ထွက်ရန် မဖြစ်နိုင်ပေ။

ပြတ်ပြတ်သားသား ပြောရလျှင် ဤနေရာ၌ ထောင်ဖောက်ရန် စိတ်ကူးပင် မယဉ်သင့်ပေ။

အကျဉ်းထောင်သို့ ပို့လိုက်သော ကျင့်ကြံသူများကို အထူးစည်းတံဆိပ်ခတ်၍ ပြုလုပ်ထားသော လက်ထိပ်များ ခတ်ထားသည်။

ထိုလက်ထိပ်များက ၎င်းတို့၏ ခွန်အားကို ချိုးနှိမ်ထားနိုင်သည်။

အကျဉ်းထောင်၏ လီတစ်သောင်း ပတ်လည်ရှိ အောက်ဘက်တွင်လည်း ကြီးမားသော မှော်အခင်းအကျင်း တစ်ခု ရှိနေသည်။

ထို့အပြင် နတ်ဆိုးများပင် မတက်နိုင်သည့် မြင့်မားသော တံတိုင်းကြီးကလည်း မည်သူ့ကိုမှ ထွက်ပြေးခွင့် မရစေရန် ဟန့်တားထားသည်။

အတွင်းရေးမှူး တာခန်းက အခင်းဖြစ်ပွားရာ နေရာသို့ ရောက်ရှိသောအခါတွင် ကျင့်ကြံခြင်းရဲများက မှုခင်း စုံစမ်းစစ်ဆေးရေးအဖွဲ့ကို စေလွှတ်ထားပြီး မြေပြင် အခြေအနေကို စစ်ဆေးရန် လုပ်ဆောင်နေပြီ ဖြစ်သည်။

လက်ရှိတွင် ၎င်းတို့ အတည်ပြုနိုင်သည့် တစ်ခုတည်းသော သတင်းကောင်းမှာ ရာဇ၀တ်ကောင်က အကျဥ်းထောင် ပုရဝုဏ်၏ အပြင်ဘက်သို့ မရောက်ရှိသေးခြင်းပင်။

သူမ၏ ထောင်ဖောက်သောပုံစံက အနည်းငယ် မယုံနိုင်စရာဖြစ်နေသည်။

သူမက ခေါက်ဆွဲခြောက်စားသည့် ကော်ခရင်းဖြင့် အချုပ်ခန်းကုတင်အောက်ရှိ သံမဏိပြားကို ဖြိုဖျက်ကာ ပြေးလမ်းကို တူးဖော်ခဲ့သည်။

အတွေ့အကြုံရှိ ရဲအရာရှိဝမ်၏ အခင်းဖြစ်ပွားရာ နေရာကို စုံစမ်းစစ်ဆေးမှုအရ ဤအသင့်စား ခေါက်ဆွဲခက်ရင်းမှာ ကန်ရှိဖူ တံဆိပ် ခေါက်ဆွဲခြောက်ထုပ်မှ ဖြစ်ကြောင်း တွေ့ရှိခဲ့သည်။

All Chapters