လွတ်လပ်သော တပ်ရင်းက မည်မျှ အတိအကျ အားကောင်းသနည်း
Vol. 12 Ch. 168
ကျန့်ထန် နှင့် ဝမ်လင်း တို့က အမှတ် ၅၉ အထက်တန်းကျောင်း ပုရဝုဏ်ထဲမှ တိုက်ပွဲတွင် တက်ညီလက်ညီ လက်တွဲလုပ်ဆောင်ပြီးနောက်တွင် ကျန့်ထန်က အားတိုးဆေး ထိုးသွင်းလိုက်သကဲ့သို့ ခွန်အား တိုးတက်လာခဲ့သည်။
ကျန့်ထန်က သူ၏ လွတ်လပ်သောတပ်ရင်းကို အင်အားကောင်းလာစေရန် နေ့ရောညပါ ကြိုးစားခဲ့၏။
၎င်းတို့၏ အရေအတွက်ကို တိုးချဲ့ရန်အတွက်လည်း တပ်ခေါင်းဆောင် အများအပြားကို နေရာတိုင်းသို့ စေလွှတ်ကာ စစ်သားသစ် စုဆောင်းခဲ့သည်။
ယခုအခါတွင် ကျန့်ထန်က ကြောင်အုပ်စု နှစ်စုကို ဦးဆောင်ခဲ့သည်။
သူ၏ ကျင့်ကြံခြင်း နယ်ပယ်နှင့် ခွန်အားသည်ပင် မကြုံစဖူး အမြန်နှုန်းဖြင့် တိုးလာခဲ့သည်။
အမှန်တကယ်တွင် ဤအရာအားလုံးမှာ ဝမ်လင်းက ကောင်းချီးပေးထားခြင်းသာ ဖြစ်သည်။
ကျန့်ထန်က ဝမ်လင်းနှင့် လက်ဆွဲ နှုတ်ဆက်လိုက်သော အခါတွင် အင်မော်တယ်ကြောင်တစ်ဖြစ်လဲ ဝမ်လင်းက သူ့အမွေးဖြူဖြူများကို ကျန့်ထန်၏ လက်တွင် ချန်ရစ်ခဲ့သည်။
ထိုအမွေးဖြူဖြူများမှာ ကောင်းကင်နှင့် ကမ္ဘာမြေကြီးရှိ ဝိညာဉ်စွမ်းအင်ကို အမှန်တကယ် စုဆောင်းနိုင်သည် အထိ လျှို့ဝှက်ဆန်းကြယ်သည်။
၎င်းက မည်သည့်အဆင့်မြင့် စိတ်ဝိညာဉ်ချီ စုစည်းမှု အစီအရင်ထက် မဆို ပိုမိုအသုံးဝင်သည်။
ထို့ကြောင့် ထိုနေ့မှစပြီး ကျန့်ထန်၏ စွမ်းပကားမှာ အရှိန်အဟုန်ဖြင့် တိုးမြင့်လာခဲ့သည်။
တိုတောင်းသော ကာလအတွင်းမှာပင် ကျန့်ထန်က မမျှော်လင့်ဘဲ ရွှေအမြူတေနှောင်းပိုင်း အဆင့်သို့ ရောက်ရှိသွားခဲ့သည်။
တကယ်တမ်းတွင် ၎င်းမှာ ဖြစ်ရပ်တစ်ခု အတွက် ကျန့်ထန် ကြိုတင် ပြင်ဆင်ထားသည့် ကိစ္စတွေထဲက တစ်ခုသာ ဖြစ်သည်။
ယခုလအတွင်း ကျန့်ထန်က ကျင့်ကြံခြင်း အပြင် အရိပ်အဖွဲ့၏ ဌာနချုပ်ဟု သံသယရှိသော လျှို့ဝှက်အမာခံစခန်း တည်နေရာကို လေလွင့်ကြောင်များထံမှ ကြားသိခဲ့ရသည်။
ထိုအချိန်ကတည်းက ကျန့်ထန်မှာ ထိုးစစ်ဆင် တိုက်ခိုက်ရန် စတင် စဉ်းစားနေပြီ ဖြစ်သည်။
ယမန့်နေ့နံနက်တွင် ကျန့်ထန်က အရိပ်အဖွဲ့အစည်းမှ မိန်းကလေး ထောင်ဖောက်သည့် သတင်းကို လက်ခံရရှိခဲ့သည်။
ထိုအချိန်တွင် ကျန့်ထန်က သူ၏ အခွင့်အရေး ရောက်လာပြီဟု တွေးမိခဲ့သည်။
ထိုမိန်းကလေးက သူတို့ကို လက်စားချေရန် ကြံရွယ်ခါစသာ ရှိသေးသော်လည်း သူက ရန်သူ့ဌာနချုပ်ကို သိမ်းပိုက်ရန် အတွက် ကြောင်စစ်တပ်ကို ဦးဆောင်ကာ စတင် ထိုးစစ်ဆင်ရန် ဆုံးဖြတ်ခဲ့သည်။
.......................
ကျင့်ဟွာမြို့မှာ စုန့်ဟိုင်မြို့၏ အနီးအနားရှိ မြို့များထဲမှ တစ်ခု ဖြစ်သည်။
၎င်းက ဟွာရှို့နိုင်ငံ၏ မြို့တော်လည်း ဖြစ်သည်။
အရိပ်အဖွဲ့၏ လက်ရှိဌာနချုပ်က မြို့တော်၏ ဆင်ခြေဖုံးရပ်ကွက်ရှိ မထင်မရှား တောင်ကုန်းတစ်ခုပေါ်တွင် တည်ရှိမည်ဟု မည်သူမှ မျှော်လင့်ထားမည် မဟုတ်ပေ။
"အားယင်းက အောင်အောင်မြင်မြင် လွတ်မြောက်သွားပုံရတယ်"
အရိပ်အဖွဲ့၏ခေါင်းဆောင် ကျန်းလျှိုယွဲ့က ထောင်ဖောက်ခြင်းနှင့် ပတ်သက်သည့် သတင်းတစ်ပုဒ်ကို ကြည့်ရှုရင်း ထိုင်နေရာမှ ရုတ်တရက် မျက်မှောင်ကြုတ်သွားသည်။
"မင်းတို့ အားယင်းဆီက ဘာသတင်းရသေးလဲ.. နောက်ထပ် ဘာမှထပ်မဖြစ်ခင် သူမကို ချက်ချင်းပြန်လာဖို့ သတင်းပို့လိုက်ဦး"
ထိုစကားကို ပြောရင်း သူမက နံဘေးမှလူကို လှမ်းကြည့်လိုက်သည်။
ထိုလူက ရွှေရောင်လက်ပတ်ကို ၀တ်ဆင်ထားသည့် လုပ်ကြံသတ်ဖြတ်သူ ဖြစ်သည်။
၎င်း၏ ခါးတွင် ဓားမြှောင်တစ်ချောင်း ရှိနေပြီး အဝတ်အစားတွေက နှင်းကဲ့သို့ ဆွတ်ဆွတ်ဖြူနေ၏။
ထိုလူက ပန်းချီကားတစ်ချပ်မှ ထွက်ပေါ်လာသော ကောင်းကင်တမန်နှင့် ဆင်တူသည်။
ဤလူက အရိပ်အဖွဲ့၏ ထိပ်တန်းလုပ်ကြံသူများထဲမှ တစ်ဦးဖြစ်သည့် ရွှေဖဲကြိုး အဆင့် လုပ်ကြံသူ တစ်ဦး ဖြစ်သည်။
၎င်းက ကျန်းလျှိုယင်းထက် သာလွန်သော စွမ်းရည်သတ္တိရှိသည့် အတွေးခေါ်ပညာရှင် မော့လီ ဖြစ်သည်။
"စိတ်ချပါ ခေါင်းဆောင်.. ကျွန်မ အားယင်ကို သွားခေါ်ဖို့ တစ်စုံတစ်ယောက်ကို စေလွှတ်ထားပြီးပါပြီ"
မော့လီက သူမကိုယ်သူမ ယုံကြည်မှုရှိစွာဖြင့် အေးဆေးတည်ငြိမ်စွာ ပြန်ဖြေလိုက်သည်။
"ဒါပေမယ့် အားယင်က ဒေါသထွက်နေပုံရပြီး သူမကို ထောင်ထဲပို့ခဲ့တဲ့ ကြောင်တွေကို လက်စားချေဖို့ လုပ်နေတယ်"
"ကြောင်လား"
ကျန်းလျှိုယွဲ့က မရေမတွက်နိုင်သော ခံစားချက်ကို ခံစားလိုက်ရသည်။
"ဒီကြောင်တွေမှာ သာမန်လူတွေနဲ့ မတူတဲ့ ဝိညာဉ်ရေးအသိဥာဏ်နဲ့ ကျင့်ကြံခြင်း နယ်ပယ်တွေ ရှိပုံပဲ.. သူတို့ကို မွန်းစတားဆန်တဲ့ ကျင့်ကြံသူ တစ်ယောက်ယောက်က ဉာဏ်အလင်းပေးထားတာ ဖြစ်ရမယ်.. ငါ့အမြင် သူတို့ကို သွားမရှုပ်တာ အားယင်း အတွက် ပိုကောင်းလိမ့်မယ် ထင်တယ်"
"ခေါင်းဆောင် စိတ်ပူစရာ မလိုပါဘူး.. ကျွန်မတို့ ရရှိထားတဲ့ အချက်အလက်တွေ အရဆိုရင် အားယင်းရဲ့ လက်စားချေမှုက အချည်းနှီး ဖြစ်သွားခဲ့တယ်"
မော့လီက တိုးတိုးလေး ပြောလိုက်သည်။
"အချည်းနှီးပဲ ဆိုတာက ဘာကိုဆိုလိုချင်တာလဲ"
"အားယင်း အဲဒီနေရာကို နောက်ဆုံးအကြိမ် သွားကြည့်တုန်းက ဘာကြောင် အရိပ်အယောင်မှ မတွေ့ခဲ့ရဘူး.. ကြောင်တွေက အစောကတည်းက ဘေးလွတ်ရာကို ကြိုတင် ရှောင်တိမ်းသွားပုံရတယ်"
ကျန်းလျှိုယွဲ့က မျက်မှောင်ကြုတ်လိုက်သည်။
ဤကိစ္စက သူမ ထင်သလောက် မရိုးရှင်းဟု ခံစားလိုက်ရသည်။
အကြောင်းတစ်ခုခုကြောင့် မကြာသေးမီကစပြီး သူမက ကြောင်များကို ပိုမို သတိထားလာခဲ့သည်။
အကြောင်းမှာ မကြာသေးမီက တောင်ထိပ်အနီးတွင် လမ်းပျောက်နေသော ကြောင်ကလေး တစ်ကောင်ကို တွေ့ရှိခဲ့ခြင်းကြောင့် ဖြစ်သည်။
အထူးဆန်းဆုံးမှာ တောင်ကုန်းက အကန့်အသတ်မရှိ ကျယ်ဝန်းသော သီးသန့်မြေနေရာ ဖြစ်ပြီး အစီအရင် ခင်းကျင်းထားသော နေရာတစ်ခုလည်း ဖြစ်သည်။
ကောင်းကင်မှာ ပျံနေသည့် ငှက်များပင် ဤနားသို့ ရောက်လျှင် ကွေ့ပတ်၍ ပျံသန်းနေရရာ ကြောင်တစ်ကောင်က ဤနေရာကို မည်ကဲ့သို့ ရောက်လာပါသနည်း။
သူမက ဤကိစ္စကို များစွာ တွေးတောခဲ့ဖူးသည်။
မော့လီက ကျန်းလျှိုယွဲ့ အလွန်အမင်း စိုးရိမ်နေသည်ကို မြင်လျှင် မမေးဘဲ မနေနိုင်တော့ချေ။
"ဘာတွေ စိတ်ပူနေတာလဲ ခေါင်းဆောင်"
"ဒီကြောင်တွေ တစ်ခုခု ကြံစည်မှာကို ငါစိုးရိမ်နေမိတယ်"
"ကြံစည်ဖို့လား"
မော့လီ ရယ်လိုက်သည်။
"ကြောင်တွေက ကျမတို့ ဌာနချုပ်ဆီ လာတိုက်ခိုက်မှာကို စိုးရိမ်နေတာလား"
ထိုအချိန်မှာပင် ခန်းမအပြင်ဘက်၌ ပေါက်ကွဲသံကြီး တစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။
"ဒီပေါက်ကွဲမှုက ဘယ်ကလာတာလဲ"
မော့လီ ခေါင်းညိတ်လိုက်သည်။
အနက်ရောင်ဝတ် အရိပ်လုပ်ကြံသူ တစ်ယောက်က ကျန်းလျှိုယွဲ့နှင့် မော့လီ ရှေ့တွင် လျင်မြန်စွာ ပေါ်လာသည်။
"အစီရင်ခံပါတယ် ခေါင်းဆောင်.. တောင်ခြေက တိုက်ခိုက်ခံနေရပါတယ်"
"ဘယ်သူ့လက်ချက်လဲ"
မော့လီ အံ့သြသွားသည်။
"ကြောင်အုပ်စုကြီးပဲ...ကြောင်အုပ်စုကြီးတွေက တောင်ကုန်းကို တက်လာနေကြတယ်... သူတို့က သောင်းနဲ့ချီတဲ့ အရေအတွက်ရှိပြီး လက်နက်ကြီးတွေလည်း ကိုင်ဆောင်ထားကြတယ်.. သူတို့ကို ကြည့်ရတာ ဌာနချုပ်ကို တိုက်ခိုက်ဖို့ ကြံရွယ်နေပုံပဲ"
မော့လီ "............."
သူ့မျက်နှာက တစ်နည်းနည်းဖြင့် အကျည်းတန်နေသည်။
"မျှော်လင့်ထားသလိုပဲ.. အဲဒီကြောင်အုပ်စုနဲ့ ပတ်သက်ပြီး တစ်ခုခုတော့ လွဲနေတယ်လို့ ထင်သားပဲ"
ကျန်းလျှိုယွဲ့က အံကြိတ်လိုက်သည်။
ကြောင်အုပ်စုက အမြောက်များကိုပါ သယ်ဆောင်လာသောကြောင့် ကောင်းမွန်စွာ ပြင်ဆင်ထားမှန်း ထင်ရှားနေသည်။
ထို့အပြင် လက်ရှိတွင် ဤနေရာ၌ လူသတ်သမား အရေအတွက် နည်းပါးလွန်းနေ၏။
အကယ်၍ သူမ၏ ဌာနချုပ်သာ အကြီးအကျယ် ပျက်စီးသွားခဲ့လျှင် လုပ်ကြံရေး နယ်ပယ်၌ အရိပ်အဖွဲ့အစည်း၏ အရှင်သခင် ဖြစ်သည့် သူမ၏ ပုံရိပ်က လုံးလုံးလျားလျား ပြိုပျက်သွားလိမ့်မည် ဖြစ်သည်။
"မော့လီ.. ဌာနချုပ်ကို ကာကွယ်ဖို့ လူတိုင်းကို ချက်ချင်းပြန်ခေါ်ပါ.. ဒီအချိန်အတောအတွင်းမှာ ဒီကြောင်တွေကို မရင်ဆိုင်နဲ့ဦး .. ဘာပဲဖြစ်ဖြစ် ဌာနချုပ် မကျသွားဖို့က ငါတို့ရဲ့ ဦးစားပေးပဲ"
"ဟုတ်ကဲ့ခေါင်းဆောင်.. ကျွန်မ ချက်ချင်း စီစဉ်လိုက်ပါ့မယ်"
မော့လီ ချက်ချင်း ခေါင်းညိတ်လိုက်သည်။
ဤတစ်ကြိမ် အခြေအနေ၏ ပြင်းထန်မှုကို သူမ သိလိုက်၏။
သူမ လက်ထဲတွင် ဝိညာဉ်အလင်းရောင် တစ်ခု ထွက်ပေါ်လာပြီး မှော်ခေါင်းလောင်းသံများ ထွက်ပေါ်လာသည်။
သူမက မြင့်မားသော နေရာတစ်ခုတွင် မတ်တပ်ရပ်ကာ မှော်ဂါထာကို ရွတ်ဆိုလိုက်၏။
ဂါထာကို ရွတ်ဆိုနေစဉ် မှော်ခေါင်းလောင်းများက လျင်မြန်စွာ တုန်ခါလာပြီး သာမန်မျက်စိဖြင့် မမြင်နိုင်သော အသံလှိုင်းများက တဆတ်ဆတ် တုန်ခါလာသည်။
အရိပ် အဖွဲ့ဝင်များ စုဝေးရန် အမိန့်ပေးသည့် မှော်ခေါင်းလောင်းသံ၏ အဓိပ္ပါယ်မှာ ဦးစားပေးအဆင့် ပြဿနာဟူ၍ ဖြစ်သည်။
"စစ်ကူတွေ ရောက်ဖို့ နှစ်နာရီတော့ကြာမယ်... အဲဒီအထိ စောင့်လို့တော့ ရတယ်မလား"
ကြောင်စစ်တပ်က တောင်ကုန်းပေါ်သို့ အပြင်းအထန် ချီတက်လာသည်နှင့်အမျှ မော့လီက စိုးရိမ် ထိတ်လန့်သွားသည်။
.................
ကျန့်ထန်၏ ယခုအကြိမ် တိုက်ခိုက်မှုမှာ လုံးဝ အမှီအခိုကင်းသော စစ်ဆင်ရေးတစ်ခုလို ဖြစ်နေသည်။
မကြာသေးမီ နှစ်များအတွင်း အရိပ်အဖွဲ့၏ လုပ်ကြံသူများက ကြောင်များကို ညှဉ်းပန်းနှိပ်စက်သည့် မရေမတွက်နိုင်သော အဖြစ်အပျက်များ ရှိခဲ့သည်။
ဤသည်က နိုင်ငံတစ်ဝှမ်းလုံးရှိ ကြောင်များ၏ မုန်းတီးမှုကို ဖြစ်ပေါ်စေခဲ့သည်။
ဟွာရှို့နိုင်ငံတစ်ဝှမ်းရှိ ကြောင်များက အရိပ်အဖွဲ့ကို တိုက်ခိုက်ရန် အရိပ်အဖွဲ့၏ ဌာနချုပ်ကို တစ်ချိန်လုံး ရှာဖွေခဲ့ကြသည်။
မကြာသေးမီက အရိပ်အဖွဲ့ ဌာနချုပ်၏ တည်နေရာ သြဒိနိတ်များ ကြောင်အုပ်စုတွင် ပျံ့နှံ့နေသော်လည်း အတည်မပြုရသေးသောကြောင့် ကြောင်များ အားလုံးက ၎င်းတို့၏ အထွေထွေဌာနချုပ် ထံမှ အတည်ပြုချက်ကို စောင့်ဆိုင်းနေခဲ့သည်။
သူတို့၏ ဌာနချုပ်မှ အရိပ်ဌာနချုပ်၏ တည်နေရာကို အတည်မပြုရသေးခင် ကျန့်ထန်က စစ်ချီလိမ့်မည်ဟု ကြောင်တစ်ကောင်မှ မမျှော်လင့်ထားခဲ့ပေ။
ကျန့်ထန်၏ လွတ်လပ်သော တပ်ရင်းက ထျန်းရှစ်၊ စုန့်စီ နှင့်ယွမ်ချွီတို့ ဦးဆောင်သော ကြောင်စစ်တပ်များ ကြားတွင်အနည်းငယ် ကျော်ကြားသည်။
ဤနှစ်များ တစ်လျှောက်လုံးတွင် ဤကြောင်အာဏာရှင် သုံးကောင်၏ ဦးဆောင်မှုအောက်၌ တစ်နိုင်ငံလုံးရှိ ကြောင် တပ်ရင်းများက နေရာတိုင်းတွင် အရိပ်အဖွဲ့ လုပ်ကြံသူများ၏ လှုပ်ရှားမှုများကို တိတ်တဆိတ် စောင့်ကြည့်နေခဲ့ကြသည်။
ကျန့်ထန်၏ တိုက်ခိုက်မှုကြောင့် အနီးနား မြို့များစွာရှိ လေလွင့်ကြောင် အားလုံးကို စုစည်းနိုင်ခဲ့သည်။
ပထမဦးဆုံး သူနှင့် ပူးပေါင်းလာသူမှာ ယွမ်ချွီ၏ လက်အောက်မှ ကြောင်ဗိုလ်ချုပ် လီယွမ်ဘ ဦးဆောင်သော ကြောင်တပ်ဖွဲ့အသစ် ဖြစ်သည်။
လီယွမ်ဘ၏ တပ်ဖွဲ့အသစ်က ကျင့်ဟွာမြို့ မြောက်ဘက်ရှိ သောင်ပိုင်မြို့၌ တည်ရှိသည်။
ထိုအချိန်တွင် သောင်ပိုင်မြို့ရှိ စွန့်ပစ်ထားသော မြောင်းထဲ၌ အဝါရောင် အမွေးအမှင်တို ရှိပြီး ကိုယ်လုံးကိုယ်ပေါက် သန်မာသော ကြောင်တစ်ကောင်က ကြောင်ဝန်ထမ်းနှစ်ဦးနှင့်အတူ မြေပုံတစ်ခုကို ကြည့်ကာ သုံးသပ်နေသည်။
"လောလောဆယ် သောင်ပိုင်မြို့မှာရှိတဲ့ အရိပ်လုပ်ကြံသူကို စောင့်ကြည့်နေတဲ့ ကြောင်ဝန်ထမ်းတွေက ကျန့်ထန်တို့တတွေ အင်အားစုဆောင်းပြီး ကျင့်ဟွာမြို့ကို သွားဖို့ ကြိုးစားနေကြတယ်လို့ သတင်းပို့ပါတယ်"
လီယွမ်ဘ "သူတို့ ဘာမစ်ရှင်ကို လုပ်နေတာလဲ"
"သူတို့က အမြန်ဆုံးနှုန်းနဲ့ ချီတက်လာကြတယ်.. နယ်မြေစိုးမိုးမှုရထားတဲ့ ကြောင်တပ်ရင်းတချို့နဲ့ ထိပ်တိုက် ဆုံတွေ့မှာစိုးလို့ ကွေ့ပတ်ပြီး သွားနေကြတယ်"
"လွန်ခဲ့တဲ့နှစ်ရက်ကပဲ ကျန့်ထန်က သတင်းကြီးတစ်ခု ဖန်တီးတော့မယ်လို့ ပြောခဲ့တယ်.. ကြည့်ရတာ ဟိုမှာ ကြီးကြီးမားမား တစ်ခုခု ဖြစ်နေပြီ ထင်တယ်"
လီယွမ်ဘက တိုးတိုးလေး ပြောပြီး မျက်လုံး မှိတ်ထားလိုက်သည်။
"အရိပ်အဖွဲ့ကြောင့်သာ မဟုတ်ရင် ဒီလောက်ထိညမြန်မြန်ချီတက်လာမယ် မထင်ဘူး.. အရိပ်အဖွဲ့ရဲ့ ဌာနချုပ်က ကျင့်ဟွာမြို့မှာ သေချာပေါက် ရှိနေတယ်လေ"
ကြောင်ဝန်ထမ်းအရာရှိ "ကျန့်ထန်က အရိပ်အဖွဲ့ရဲ့ဌာနချုပ်ကို တိုက်ခိုက်မယ်လို့ တပ်ရင်းမှူး ထင်လို့လား.. ကျန့်ထန်မှာ လွတ်လပ်သော တပ်ရင်းတစ်ခုပဲ ရှိတယ်လေ.. သူက ဒီတပ်ရင်း တစ်ခုတည်းနဲ့ အရိပ်အဖွဲ့ရဲ့ ဌာနချုပ်ကို တိုက်ခိုက်ရဲလို့လား"
လီယွမ်ဘ ရယ်မောလိုက်သည်။
"ဟားဟား.. ဘာဖြစ်လို့လဲ.. ကျန့်ထန် မလုပ်ရဲတဲ့ အရာ တစ်ခုမှ မရှိဘူး.. ဒီကောင်က တပ်ရင်းတစ်ခုပဲရှိရှိ နှစ်ခုပဲရှိရှိ အရိပ်အဖွဲ့အစည်း တစ်ခုလုံးကို အပြတ်အသတ် အနိုင်ယူနိုင်လိမ့်မယ်"
ကြောင်ဝန်ထမ်းအရာရှိ ".........."