အဆာပြေ ခေါက်ဆွဲခြောက် မစားတဲ့သူတွေမှာချစ်ခြင်းမေတ္တာမရှိဘူး
Vol. 12 Ch. 172
မြေအောက်ခန်းတစ်ခုတွင် ကျန်းလျှို့ယွဲ့က သူမ၏ သွားများကို အံကြိတ်ကာ အသက်ကို မနည်းလုရှူနေရသည်။
သူမ၏ လက်တစ်ဖက်ကမူ ရင်ဘတ်ကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်၍ ဖိထားသည်။
သူမ၏ ရွှံ့စေးဖြင့် လုပ်ထားသော ကိုယ်ပွားခန္ဓာ ပျက်စီးခြင်းမှာ သူမ၏ ခန္ဓာကိုယ် အစစ်အမှန်ကို မကြုံစဖူး ထိခိုက် ဒဏ်ရာရစေခဲ့သည်။
နာကျင်လွန်းသဖြင့် သူမ၏ နှုတ်ခမ်းကို သွေးထွက်သည်အထိ ပြင်းထန်စွာ ကိုက်မိသွားရသည် အထိပင်။
ပြင်းထန်သောဝေဒနာကို အံကြိတ်ခံရင်း သူမက ဝိညာဉ်ရေး အဆောင်လက်ဖွဲ့ကို အသုံးပြုခဲ့သည်။
"အားယင်း.. မြန်မြန် ပြန်ဖြေစမ်းပါ"
ဤအဆောင်လက်ဖွဲ့က ကျန်းလျှိုယင်းနှင့် ဆက်သွယ်နိုင်သည့် အဆောင်လက်ဖွဲ့ ဖြစ်သည်။
၎င်းကို အသုံးပြုလိုက်သည်နှင့် သူမ၏ ညီမ ဘယ်မှာရှိသည်ကို ပြောပြနိုင်သည်။
သို့ရာတွင် ယင်းအဆောင်လက်ဖွဲ့က အကြိမ်ကြိမ် အသုံးပြု၍ မရချေ။
ယခုမူ ကျန်းလျှိုယင်း နှင့် အဆက်အသွယ်ရရန် အရေးကြီးနေသဖြင့် ဤအဆောင်လက်ဖွဲ့ကို အသုံးပြုရန် နှမြောစရာ မရှိတော့ပေ။
ကြောင်အုပ်စု၏ အန္တရာယ်ရှိနေသောကြောင့် အရိပ်အဖွဲ့၏ ဌာနချုပ်ကို သူ့ညီမ မလာပါစေနဲ့ဟုသာ မျှော်လင့်ရသည်။
အဆောင်လက်ဖွဲ့က လေထဲ၌ အချိန်အတော်ကြာ လွင့်နေသော်လည်း မည်သည့်တုံ့ပြန်မှုမှ မရှိခဲ့ပေ။
ကျန်းလျှိုယွဲ့က ဒေါသထွက်ပြီး အဆောင်လက်ဖွဲ့ကို မြေပေါ်သို့ ပစ်ချကာ နင်းချေလိုက်သည်။
{အခါနှောင်းသွားပြီလား}
.....................
ဘုန်းကြီးက ကြောင်စစ်သည်တချို့ကိုခေါ်၍ အရိပ်အဖွဲ့၏ ဌာနချုပ်ထဲကို ဝင်မွှေခဲ့သည်။
အချိန်အတော်ကြာပြီးနောက် ၎င်းတို့က ဆေးဝါးများ နှင့် မှော်ရတနာအချို့ကိုသာ ရှာဖွေနိုင်ခဲ့သည်။
ဤမှော်ရတနာများကို အရိပ်လုပ်ကြံသူများက လုပ်ကြံသတ်ဖြတ်ခြင်း ဆိုင်ရာ တာဝန်များတွင် အသုံးပြုခဲ့ကြ၏။
ယင်းမှော်ရတနာများက ရန်သူများကို ထိပ်တိုက်ရင်ဆိုင်ရသည့် လွတ်လပ်သောတပ်ရင်းမှ ကြောင်များအတွက်မူ အဓိပ္ပါယ်မရှိလှပေ။
ထို့အပြင် ပိုက်ဆံသေတ္တာတွေလည်း တွေ့ရှိခဲ့သည်။
ဌာနချုပ်ထဲတွင် ယွမ်ငွေအပြည့် ထည့်ထားသည့် ငွေသေတ္တာ ဒါဇင်ပေါင်း များစွာ ရှိနေသည်။
ရွှေချောင်းများနှင့် ရှေးဟောင်းပစ္စည်း အချို့ပါ ရှိနေသဖြင့် ဘုန်းကြီးက အကြမ်းဖျင်း တွက်ချက်ခဲ့ရာ ဤနေရာရှိ အရာအားလုံးက အနည်းဆုံး ယွမ်ဘီလျံနှင့် ချီ၍ တန်ဖိုးရှိမှန်း သိလိုက်ရသည်။
ဝမ်လင်းက ဤကြီးမားသော ကံကြမ္မာကြောင့် လွန်စွာ ထိတ်လန့်သွားသည်။
ကျင့်ကြံသူများက များသောအားဖြင့် စည်းစိမ်ဥစ္စာကို စိတ်မ၀င်စားကြသောကြောင့် အရိပ်အဖွဲ့၏ ခေါင်းဆောင်က ထူးခြားသည်ဟု သူခံစားခဲ့ရသည်။
ဟွာရှို့နိုင်ငံတွင် ယွမ်ကို စံငွေကြေး အဖြစ် သုံးစွဲနေဆဲဖြစ်ပြီး မည်သည့်အရာကိုမဆို ယွမ်ငွေ ဖြင့် ဝယ်ယူနိုင်သည်။
သို့သော် ကျင့်ကြံသူများက ယွမ်ငွေကို ယေဘုယျအားဖြင့် နေ့စဉ်ဘဝ အတွက်သာ အသုံးပြုကြသည်။
သာမန်အားဖြင့် ၎င်းတို့အတွက် မှော်ရတနာတစ်ခုကို ဝယ်ယူလိုလျှင် ဆေးဝါးများ သို့မဟုတ် တန်ဖိုးညီမျှသော မှော်ရတနာများနှင့် အလဲအလှယ် လုပ်ခြင်းက ပို၍ ရိုးရှင်းပြီး အဆင်ပြေစေသည်။
မဟုတ်လျှင် ငွေသား သန်းပေါင်းများစွာကို သယ်ဆောင်ပြီး ရေတွက်ရန် အခက်အခဲ ဖြစ်စေနိုင်သည်။
ဖေဖေဝမ်က ဝမ်လင်းအတွက် ယွမ်သုံးသန်း ပေးရသည့် စိတ်ဝိညာဥ်ဓားကို ရှိစုမဲ့စု ပိုက်ဆံဖြင့် ဝယ်ပေးခဲ့ဖူးသည်။
ထိုပမာဏကို ရေတွက်ရန် အင်မော်တယ်ဓား အရောင်းဆိုင်ရှိ အကူဝန်ထမ်းများက သုံးနာရီကြာ ရေတွက်ခဲ့ရ၏။
အဆုံးသတ်တွင် ယင်းစိတ်ဝိညာဥ်ဓားက ဝမ်လင်းလက်ပူအောင် မကိုင်ရသေးခင်မှာပင် ပေါက်ကွဲသွားခဲ့သည်။
"တပ်ရင်းမှူး.. ကျနော်တို့ ထီပေါက်သွားပြီ ထင်တယ်"
ဘုန်းကြီးက ဌာနချုပ်ထဲမှ ရရှိသည့်ပစ္စည်းများကို ကျန့်ထန်ဆီသို့ ယူဆောင်လာခဲ့သည်။
သူ၏ မျက်နှာတွင် စိတ်လှုပ်ရှားမှု အပြည့် ရှိနေသည်။
"အင်း.. ပစ္စည်းတွေကို စနစ်တကျ သိမ်းထားလိုက်ပါ.. အခုကစပြီး ငါတို့ လွတ်လပ်သော တပ်ရင်းက ကြောင်တွေအားလုံး နွားနို့သောက်ပြီး ငါးစားနိုင်တော့မယ်"
ကျန့်ထန်က ဂုဏ်ယူစွာဖြင့် ပေါင်ကို ပုတ်ကာ ပြောလိုက်သည်။
"ဒါပေမယ့် တပ်ရင်းမှူး.. ကျနော်တို့ ထူးဆန်းတာ တစ်ခု တွေ့ခဲ့တယ်"
ထို့နောက် ဘုန်းကြီးက ကြောင်တချို့ကို ကျောက်သေတ္တာတစ်လုံး သယ်လာခိုင်းခဲ့သည်။
ကျောက်သေတ္တာက သိပ်မကြီးမားသော်လည်း လေးလံ၏။
၎င်းကို အခြေခံ တည်ဆောက်ခြင်းအဆင့် ကြောင်နှစ်ကောင်က သယ်ဆောင်ခဲ့ရသည်။
မြေပေါ်သို့ ပစ်ချလိုက်သည့်အခါ ပျော့ပျောင်းသော မြေဆီလွှာထဲသို့ အနည်းငယ် သိသိသာသာ နစ်မြုပ်သွား၏။
ကျောက်သေတ္တာကို စိုက်ကြည့်ရင်း ဘုန်းကြီးက ပြောလိုက်သည်။
"အရိပ်အဖွဲ့ဌာနချုပ်ရဲ့ အတွင်းဆုံး အခန်းမှာ ဒီအရာကို တွေ့ခဲ့ရတယ်.. သေတ္တာက တော်တော် ဟောင်းနေပုံပဲ.. တပ်ရင်းမှူး.. ဒါက ဘာပစ္စည်းလဲ သိလား"
ဝမ်လင်းနှင့် ကျန့်ထန်တို့၏ မျက်လုံးများက ကျောက်သေတ္တာပေါ်သို့ ရောက်ရှိနေသည်။
၎င်းက စတုရန်း ပုံသဏ္ဍာန် ဖြစ်သည်။
ထောင့်လေးဘက်စလုံးကို သပ်ရပ်သောပုံစံဖြင့် အလှဆင်ထားပြီး လက်မှုပစ္စည်းတစ်ခုလို ကြည့်၍ ကောင်းနေ၏။
ဘုန်းကြီးနှင့် အခြားကြောင်များ၏ အာရုံကို ဖမ်းစားသွားရသည့် အကြောင်းရင်းမှာ ဤကျောက်သေတ္တာထံမှ သွေးနံ့ဆိုးများ ထွက်ပေါ်လာခြင်းကြောင့် ဖြစ်သည်။
"ဒီသေတ္တာက အရင်က သွေးနဲ့ ထိတွေ့ထားတာ သေချာတယ်.. ဒါပေမဲ့ ဘာဖြစ်နိုင်လဲ ဆိုတာတော့ ငါလည်း မသိဘူး"
ကျန့်ထန်က ကျောက်သေတ္တာကို ကြည့်ရင်း မျက်မှောင်ကြုတ်လိုက်ပြီး ဝမ်လင်းကို လှည့်ကြည့်လိုက်သည်။
"အင်မော်တယ်ကြောင်.. အရှင်ကရော ဒီသေတ္တာနဲ့ ပတ်သက်ပြီး ဘယ်လိုမြင်လဲ"
ဝမ်လင်း၏ မျက်လုံးများက အနည်းငယ် မှိန်ဖျော့သွားသည်။
ကျောက်သေတ္တာ တစ်ခုလုံးကို စိုက်ကြည့်ပြီးနောက် ဗလာဖြစ်နေကြောင်း တွေ့လိုက်ရလျှင် သူအံ့သြသွားခဲ့သည်။
ဤကျောက်သေတ္တာ၏ အရှိန်အဝါက မျက်နှာဖုံးကရသည့် အရှိန်အဝါ နှင့် တူနေသည်။
ထိုအချိန်တွင် ကျောက်သရဲမျက်နှာဖုံးနှင့် ပတ်သက်သည့် အတွေးများက ဝမ်လင်း၏ စိတ်ထဲ ပျံ့လွင့်လာသည်။
ဤကျောက်သေတ္တာ အပြင်ဘက်ရှိ အပြင်အဆင်မှာ ကျောက်သရဲမျက်နှာဖုံးနှင့် ဆင်တူကြောင်း သူခံစားခဲ့ရသည်။
ဝမ်လင်းက ကျောက်သေတ္တာ၏ ပဟေဠိကို ဖော်ထုတ်ရန် ဗုံးပစ်စီနီယာ အင်မော်တယ်က ဦးဆောင်နိုင်မည်ဟု ထင်ပြီး ကျောက်သေတ္တာကို သူနှင့်အတူ တစ်ပါတည်း ယူလာခဲ့သည်။
ဟုတ်ပါသည်.. လွတ်လပ်သော တပ်ရင်းမှ ကြောင်တွေက ဝမ်လင်း ကျောက်သေတ္တာကို ယူဆောင်သွားသည့် အတွက် ပြဿနာ မလုပ်ခဲ့ချေ။
အဘယ်ကြောင့်ဆိုသော် သူက အင်မော်တယ်ကြောင် ဖြစ်နေသည် မဟုတ်ပါလား။
အင်မော်တယ်ကြောင်က သူတို့စစ်ပွဲမှ ရိတ်သိမ်းထားသော အရာအားလုံးကို လွှဲပေးဖို့ တောင်းဆိုခဲ့လျှင်ပင် သူတို့အတွက်ဘာပြဿနာမှ ရှိမည် မဟုတ်ချေ။
ရိုးရိုးသားသား ပြောရလျှင် ဝမ်လင်းက ထိုပစ္စည်းများကို အဆာပြေ ခေါက်ဆွဲခြောက်လောက် စိတ်မဝင်စား၍ ဖြစ်သည်။
ထို့အပြင် အရိပ်အဖွဲ့ ဌာနချုပ်မှ ရိတ်သိမ်းမှုတွင် ခေါက်ဆွဲခြောက် တစ်ထုပ်မျှပင် မပါဝင်သည့် အချက်မှာ သူ့အတွက် လက်ခံရ ခက်ခဲလွန်းနေသည်။
မျှော်လင့်ထားသလိုပင်.. အဆာပြေ ခေါက်ဆွဲအကြွပ်ကြော် မစားသည့် သူတွေထံ၌ ချစ်ခြင်းမေတ္တာများ မရှိချေ။
{အဆာပြေ ခေါက်ဆွဲ အကြွပ်ကြော်တောင် မစားတဲ့ ဒီလူတွေကို လူတွေက အကြမ်းဖက်အဖွဲ့အစည်းလို့ သတ်မှတ်ကြတာ အံ့သြစရာ မဟုတ်တော့ဘူး}
......................
ကျန့်ထန် နှင့် ၎င်း၏ကြောင်များက ကျောက်မီးသွေး ကဲ့သို့ လောင်ကျွမ်းခံထားရသော အရိပ်လုပ်ကြံသူများကို ကိုင်တွယ်ဖြေရှင်းမည် ဖြစ်သောကြောင့် ဝမ်လင်း အနေဖြင့် စိုးရိမ်နေစရာမလိုအပ်ပေ။
ဤလူအုပ်စုက သူတို့၏ တိုက်ပွဲဝင်နိုင်စွမ်းကို လုံးလုံးလျားလျား ဆုံးရှုံးသွားပြီး အချိန်အတော်ကြာသည်အထိ နိုးထလာနိုင်မည် မဟုတ်ဟု သူတွက်ဆခဲ့သည်။
မည်သို့ပင်ဆိုစေကာမူ ဝမ်လင်းက ထွက်သွားခါနီးတွင် အရိပ်အဖွဲ့ ဌာနချုပ်၏ ဝင်ပေါက်၌ အစီအရင်တစ်ခု ခင်းကျင်းလိုက်သည်။
ထိုအစီအရင်က စုန့်ဟိုင်မြို့၏ ထောင်ထဲသို့ တိုက်ရိုက်ပို့ဆောင်နိုင်သည့် ရိုးရှင်းသော တည်နေရာ ရွှေ့ပြောင်းခြင်း အစီအရင်သာ ဖြစ်သည်။
နောက်ပိုင်းတွင် ကျန့်ထန် နှင့် သူ၏ ကြောင်စစ်တပ်များကလည်း ရိက္ခာ အားလုံးနှင့်အတူ အမြန် ဆုတ်ခွာခဲ့ကြသည်။
ဤတောင်ထိပ်ဌာနချုပ်မှ သူတို့ ထွက်လာပြီး မကြာမီတွင် ဘေ့စ်ဘောဦးထုပ် ဆောင်းထားပြီး မျက်နှာဖုံး စွပ်ထားသော ရင်ဘတ်ကြီးကြီး မိန်းမပျိုလေး တစ်ယောက်က တောင်ထိပ်သို့ လျင်မြန်စွာ ရောက်ရှိလာသည်။
သူမက တောင်ကုန်းတစ်ဝက်သို့ အရောက်တွင် တစ်ခုခု မှားယွင်းနေပြီဟု ရုတ်တရက် ခံစားလိုက်ရသည်။
တောင်တက်လမ်းတွင် သူမက မည်သူ တစ်ဦးတစ်ယောက်ကိုမျှ မတွေ့ခဲ့ရပေ။
အရိပ်အဖွဲ့ ဌာနချုပ်က ယနေ့တွင် အေးချမ်းလွန်းသည်ဟု ထူးထူးဆန်းဆန်း သူမ ခံစားခဲ့ရသည်။
"အမက ငါ့ကိုရှာဖို့ စိတ်စောနေတယ်လို့ မော့လီက ငါ့ကို လူလွှတ်ပြီး အကြောင်းကြားခဲ့တယ်.. ဘာဖြစ်လို့ တောင်တက်လမ်းမှာ လူတစ်ယောက်ကိုမှ မတွေ့ရတာလဲ"
ကျန်းလျှိုယင်းက အလွန် ထူးဆန်းနေသည်ဟု ခံစားရသည်။
ထို့အပြင် ကျန်းလျှိုယွဲ့ကို ဆက်သွယ်ရန် အခြားနည်းလမ်းလည်း သူမတွင် မရှိချေ။
ထောင်မှ လွတ်မြောက်လာသောအခါတွင် သူမက သူမ၏အမနှင့် ဆက်သွယ်သည့် အဆောင်လက်ဖွဲ့ကို မတော်တဆ ဆုံးရှုံးသွားခဲ့သည်။
ယင်းအဆောင်က သူမ ရေဆိုးမြောင်းထဲ တိုးဝင်စဥ်က ကျပျောက်သွားခဲ့တာ ဖြစ်နိုင်သည်။
ယခု တစ်ခုတည်းသော နည်းလမ်းမှာ တောင်ထပ်သို့ ရောက်သည်အထိ ခရီးနှင်ရန် ဖြစ်၏။
သူမ၏ အစ်မက အစည်းအဝေး တက်နေတာလည်း ဖြစ်နိုင်သည်။
ထိုအတွေးဖြင့် ကျန်းလျှိုယင်းက တောင်ကုန်းပေါ်သို့ ဆက်တက်ခဲ့သည်။
သို့သော် သူမက တောင်ထိပ်သို့ နီးကပ်လေလေ ယမ်းမှုန့်မီးခိုးနံ့ကို ရှူရှိုက်မိလေလေ ဖြစ်လာသည်။
"အစ်မတစ်ခုခုများ ဖြစ်နေတာလား"
ကျန်းလျှိုယင်းက စိုးရိမ်သောကဖြင့် သွားများကို အံကြိတ်ကာ ခြေလှမ်းကျဲ ကြီးများဖြင့် တောင်ထိပ်သို့ တက်သွားသည်။
တောင်ထိပ်သို့ ရောက်လျှင် ဌာနချုပ် ဝင်ပေါက်ကို အမြန်ရှာလိုက်ပြီး ရေတွင်းအဖုံးကို ဖွင့်ကာ ခုန်ချလိုက်သည်။
ယင်းအခိုက်အတန့်မှာပင် သူမက လှည့်စားခံလိုက်ရပြီ ဖြစ်ကြောင်း သိလိုက်ရသည်။
သို့သော် နောက်ကျသွားပြီ ဖြစ်သည်။
ကျန်းလျှိုယင်းက ရောင်စုံအလင်းတန်းနှင့် အရိပ်အငွေ့တွေကို ဖြတ်သန်းရင်း အာကာသ ဥမင်လိုဏ်ခေါင်း တစ်ခုထဲကို ပစ်ချခံလိုက်ရသလို ခံစားလိုက်ရသည်။
အလင်းရောင်များ မှိန်ဖျော့ အားနည်းသွားချိန်တွင် မိန်းကလေး တစ်ယောက်က ထွက်ပေါ်လာခဲ့သည်။
သူမ၏ ပတ်ဝန်းကျင်တွင် အရင်ကနှင့် မယှဉ်နိုင်လောက်အောင် ထူထဲပြီး ကျော်ဖြတ်ဖို့ မြင့်လွန်းသည့် တံတိုင်းကြီး ရှိနေသည်။
စုန့်ဟိုင်မြို့၏ လုံခြုံရေးအမြင့်ဆုံး ထောင်..
{သူမ တကယ်ပဲ ဒီကို တစ်ဖန် ပြန်အပို့ခံလိုက်ရတာလား}
ယင်းအချိန်တွင် ကျန်းလျှိုယင်းက စိတ်ဓာတ်ကျသလို ခံစားလိုက်ရသည်။