ညီမလေးယင်းက ကောင်းကင်ကနေ ပြုတ်ကျလာတယ်
Vol. 12 Ch. 173
အတွင်းပိုင်းမှာပဲဖြစ်ဖြစ် အပြင်ဘက်မှာပဲဖြစ်ဖြစ် လူတိုင်းက ကျောင်းပေါင်း ၁၀၀ အထွေထွေ ညွှန်ကြားရေးမှူးချုပ် ကျိုးရီကို ထင်မြင်ချက် အမျိုးမျိုး ပေးကြလေ့ရှိသည်။
အချို့က သူ့ကိုယ်ပိုင် ခွန်အားဖြင့် အစွမ်းကုန် အားထုတ်ခဲ့သည်ဟု ထင်ကြပြီး အချို့က အဆက်အသွယ်များကို အားကိုး၍ အခွင့်ကောင်းယူကာ အနောက်တံခါးမှ ကပ်တိုးလေး ဝင်လာသည်ဟု ထင်ကြသည်။
အခြေအနေအမှန်ကိုမူ ကျိုးရီကသာ သိသည်။
သူက ဘာမှ သိပ်မကြိုးစားလိုက်ရဘဲ ချီးမွမ်းခြင်းကို မကြာခဏ ခံနေရ၏။
ယင်းအတွက် သူလည်း ဘာမှမတတ်နိုင်ခဲ့ပေ။
အတွင်းရေးမှူးစွန်းက သူ့ကို ထောင်သို့ ဆင့်ခေါ်ခဲ့ပြီး ကျန်းလျှိုယင်း ထောင်ဖောက်သည့် ကိစ္စကို ကိုင်တွယ်ရန် ခိုင်းစေခဲ့သည်။
ရိုးရိုးသားသား ဝန်ခံရလျှင် ဤတစ်ကြိမ် ပြဿနာနှင့်ပတ်သက်ပြီး သူ့ဘက်က အကူအညီပေးရန် ဘာမှတတ်နိုင်ခဲ့သောကြောင့် အလွန် စိတ်မကောင်း ဖြစ်နေခဲ့သည်။
အလားတူ စိတ်ထိခိုက်နေသော အခြားသူတစ်ဦးမှာ ထောင်အုပ်လျန့် ဖြစ်သည်။
အဆုံးသတ်တွင် အရိပ်လုပ်ကြံသူ မိန်းကလေးက သူအုပ်ချုပ်နေသည့် ထောင်ကနေ ပြေးသွားနိုင်ခဲ့သည်။
သူမ ထောင်ဖောက်သည်ကို သိသိချင်း ထောင်အုပ်လျန့်က ပြန်လည် ဖမ်းဆီးရန် ချက်ချင်းလက်ငင်း လုပ်ဆောင်ခဲ့၏။
သူမကို ဖမ်းဆီးနိုင်မည်ဟု မူလက သူထင်ခဲ့သော်လည်း အဆုံးသတ်တွင် သူမက အတွင်းရေးမှူး စွန်းတာခန်း၏ ရှေ့မှာပင် ထွက်ပြေးနိုင်ခဲ့သည်။
ထောင်အုပ်လျန့်က စုန့်ဟိုင်ထောင်၏ ဝင်ပေါက်တွင် ကျိုးရီကို မြင်လိုက်ရသည်။
ဤကိစ္စကို မီဒီယာဖြင့် ရှင်းလင်းပြီးသော်လည်း သူက တာဝန်ယူရဦးမည် ဖြစ်သည်။
သူ့ကိုယ်သူ ပြန်လည်ကယ်တင်ရန် ကျန်းလျှိုယင်းကို ပြန်ဖမ်းပြီး ထောင်ထဲ ထည့်ထားနိုင်ရပေမည်။
သို့မဟုတ်လျှင် အပြစ်ပေးခံရမည် ဖြစ်၏။
လက်ရှိအခြေအနေအရ ရာထူးမှ နုတ်ထွက်ရသည့် ကိစ္စမျိုး မလွဲမသွေ ဖြစ်လာမည်မှာ သေချာသည်။
သူသည် ထောင်တွင် နှစ်အတော်ကြာအောင် အလုပ်လုပ်ခဲ့၏။
ဤကဲ့သို့သော အခြေအနေမျိုးကို သူ ပထမဆုံးအကြိမ် ကြုံဖူးခြင်း ဖြစ်သည်။
အဆုံးသတ်တွင် သူ၏ ကံမကောင်းတာကိုပဲ ယိုးမယ်ဖွဲ့ရတော့မည် ဖြစ်၏။
အကျဉ်းထောင်ရှေ့ရှိ ဝင်ပေါက်တံခါး အပြင်ဘက်တွင် အတားအဆီး ရှိသည်။
လွန်ခဲ့သည့် နှစ်ရက်ခန့်တွင် ကျန်းလျှိုယင်းက ထိုနေရာကို ဖြိုဖျက်ခဲ့သည်။
သို့သော် အရေးပေါ် ပြုပြင်မှု အချို့ ပြုလုပ်ပြီးနောက်တွင် ထောင်နံရံက ပြန်လည် ကောင်းမွန်လာခဲ့သည်။
ပုံမှန်အခြေအနေအရ အကျဉ်းထောင် ဝန်ထမ်းများသာလျှင် အတားအဆီးကို ပုံမှန်ဖြတ်သန်းနိုင်သည်။
၎င်းတို့မှလွဲ၍ အခြားမည်သူမဆို ဝန်ထမ်းတစ်ဦးနှင့် အတူ လိုက်ပါရမည် ဖြစ်သည်။
ထောင်အုပ်လျန့်က အနည်းငယ် စိတ်ဓာတ်ကျနေပြီး ကျိုးရီကို
လှမ်းကြည့်လိုက်သည်။
သူက အစီရင်ခံစာကို ရေးရန် စဉ်းစားနေစဉ်တွင် နှလုံးသားထဲ၌ အုံ့မှိုင်းနေသည်။
သေသေချာချာ ရေးသားနိုင်ခဲ့ရင် သူ့အထက်လူကြီးက သူလုပ်ခဲ့တဲ့ နှစ်ပေါင်းများစွာ ကြိုးစားအားထုတ်မှုကို ထည့်တွက်ပြီး ပြစ်ဒဏ်ကို ပေါ့စေမည် ဖြစ်သည်။
ကျိုးရီက ထောင်အုပ်လျန့်ကို မည်သို့ ဖြေသိမ့်ရမလဲ မသိသဖြင့် သက်ပြင်းသာ ချနိုင်ခဲ့သည်။
"စိတ်မပူပါနဲ့.. အချိန်ကျလာတဲ့အခါ လှည်းက တောင်ပတ်လမ်းကို ရှာတွေ့မှာပါ.."
ထောင်အုပ်လျန့်၏ မျက်လုံးများတွင် ဝမ်းနည်းသောအရိပ်အယောင်များ ထွက်ပေါ်လာသည်။
"တစ်ခါတရံမှာ ပျောက်ဆုံးသွားတာက အံ့ဖွယ်အမှုတစ်ခုကို ဖြစ်ပေါ်လာစေနိုင်တယ်"
ကျိုးရီက ကောင်းကင်ကို ညွှန်ပြရင်း ထောင်အုပ်လျန့်ကို နှစ်သိမ့်လိုက်သည်။
"ထောင်အုပ်လျန့်.. ဘုရားသခင်က တံခါးပိတ်လိုက်တဲ့ အချိန်မှာ ပြတင်းပေါက်ကို သေချာလေး ဖွင့်ပေးလိမ့်မယ်"
ကျိုးရီ၏ စကားဆုံးသည်နှင့် ရုတ်တရက် လေထဲတွင် ရောင်စုံတိမ်တိုက် တစ်ခု ပေါ်လာသည်။
ထိုရောင်စုံတိမ်တိုက်ထံမှ ညည်းညူသံပါ ကပ်ပါလာသည်။
ယင်းတိမ်တိုက်ထဲကနေ အမှောင်ရိပ်တစ်ခု ကျဆင်းလာခဲ့၏။
......................
ဝမ်လင်း၏ "တည်နေရာ ရွှေ့ပြောင်းခြင်း"အစီအရင်က အချိန်ကိုက် ဖြစ်သည်ဟု ဆိုရမည်။
ဤသို့ဖြင့် ကျန်းလျှိုယင်းကို ထပ်မံ ဖမ်းဆီးရမိခဲ့သည်။
ထို့နောက်တွင် ထောင်အုပ်လျန့်က ကျိုးရီနှင့်အတူ အရေးပေါ် အစည်းအဝေး တက်ခဲ့သည်။
ယင်းမှာ အစိုးရဌာနများ လိုက်နာဆောင်ရွက်ရသည့် လုပ်ထုံးလုပ်နည်း တစ်ခု ဖြစ်ကြောင်း ကျိုးရီက နားလည်ခဲ့သည်။
အရိပ်လုပ်ကြံသူ မိန်းမပျိုလေးက လေပေါ်ကနေ ရုတ်တရက် ပြုတ်ကျလာသောကြောင့် မည်သို့မည်ပုံ ဖမ်းမိခဲ့သလဲ မေးခဲ့လျှင် သူ့အနေဖြင့် ရှင်းပြရန် ခက်ခဲမည် ဖြစ်သည်။
ထိုအချိန်က လေထဲတွင် ဖြစ်ပေါ်နေသည့် ရောင်စုံတိမ်တိုက်ကို ပတ်ဝန်းကျင်မှ ထောင်အရာရှိတွေပင် မြင်ခဲ့ရသည်။
အစည်းအဝေး အတွင်း လူတိုင်းက ထောင်အုပ်လျန့်၏ ရှင်းပြမှုကို စောင့်ဆိုင်းနေကြသည်။
အတွင်းရေးမှူးစွန်းက ဇာတ်ပွဲကြည့်နေသလိုမျိုး လက်ဖက်ရည်သောက်ရင်း စိတ်ပါဝင်စားစွာ နားထောင်နေသည်။
တကယ်တမ်းတွင် လူတိုင်းက ယေဘုယျ အခြေအနေတွေကို အနည်းနှင့်အများ နားလည်ခဲ့ကြသည်။
ကျိုးရီက သူ့ထိုင်ခုံတွင် ထိုင်ရင်းဂဏှာမငြိမ် ဖြစ်နေသည်။
တစ်နည်းနည်းဖြင့် သူက ဆိုးရွားသော ခံစားချက်ကို ခံစားခဲ့ရသည်။
ထောင်အုပ်လျန့်က စကားစလိုက်သည်။
"ဒီတစ်ခေါက် ထောင်ဖောက်တဲ့ကိစ္စကို မြန်မြန်ဆန်ဆန် ဖြေရှင်းနိုင်ရတဲ့ အကြောင်းရင်းက ထောင်အတွင်းက လုပ်ဖော်ကိုင်ဖက်တွေရဲ့ ကြိုးပမ်းမှုကြောင့်လည်း ပါပါတယ်.. တစ်ယောက်ချင်း အနေနဲ့ ကျေးဇူးတင်ရမယ် ဆိုရင်တော့ ကျနော်တို့ရဲ့ ညွှန်ချုပ်ဖြစ်တဲ့ ဆရာ ကျိုးရီကိုပဲ သံသယ ကင်းကင်းနဲ့ ကျေးဇူးတင်ရမယ်"
ထိုစကားကိုပြောရင်း ထောင်အုပ်လျန့်က မျက်ရည် မဆည်နိုင် ဖြစ်လာသည်။
"ပွင့်ပွင့်လင်းလင်း ဝန်ခံရရင် အရင်တုန်းက ဒါရိုက်တာ ကျိုးကို နားလည်မှုလွဲခဲ့ဖူးပေမယ့် သူ့ရဲ့စွမ်းဆောင်ရည်က တကယ့်ကို အံ့မခန်းပဲ ဆိုတာ ကျနော်အခုသိလိုက်ရပြီ.. ကျွန်တော်တို့ရဲ့ ဟွာရှို့အစိုးရက ဆရာကျိုးရီလို လူကို ပိုင်ဆိုင်ထားတာ တကယ်ကို ကံကောင်းတာပဲ"
ကျိုးရီ "..........."
ထောင်အုပ်လျန့် "ဒီတစ်ခါတော့ ဒါရိုက်တာ ကျိုးကို ပထမအဆင့် ဂုဏ်ထူးဆောင်ဆု ချီးမြှင့်သင့်တယ်လို့ ထင်ပါတယ်"
ကျိုးရီ "တကယ်တော့ ငါ..."
"ကျိုးရီလေး.. ဒီလောက်အထိ ကိုယ့်ကိုယ်ကိုယ် မနှိမ့်ချပါနဲ.. ပြီးခဲ့တဲ့ အခေါက်တုန်းကလည်း မင်းဘဲ တရားခံ ဖမ်းပေးခဲ့ရတယ်.. ဒါပေမဲ့ မင်းက အရမ်းနှိမ့်ချလွန်းနေတယ်.. နှိမ့်ချတတ်တာက ကောင်းပါတယ်.. ဒါပေမဲ့ အကျိုးဆောင်တဲ့ အခါမျိုးမှာတော့ မင်းကို အသိအမှတ်ပြုရမှာ ငါ့တာဝန်ပဲ"
အတွင်းရေးမှူးစွန်းက ကျိုးရီကို လိမ္မာပါးနပ်စွာ ကြည့်လိုက်ပြီး တိုက်ရိုက် ချီးမွမ်းလိုက်သည်။
"မင်း ငါ့ကို တကယ် စိတ်မပျက်စေခဲ့ဘူး"
ကျိုးရီ "............"
......................
ဤသို့ဖြင့် ကျိုးရီက ဘာမှမသိလိုက်ဘဲ အကျိုးဆောင်သူ ဖြစ်သွားပြန်သည်။
အတွင်းရေးမှူးစွန်း၏ စကားတစ်ခွန်းက စကားလုံးပေါင်း တစ်ထောင်နှင့် ညီမျှသည်။
ဤအခြေအနေအတွက် ကျိုးရီကိုယ်တိုင်လည်း ကူကယ်ရာမဲ့သလို ခံစားနေရသည်။
ယနေ့ခေတ် မှတ်ချက်ပေးရာတွင် အများစုမှာ ၎င်းတို့၏ အထင်အမြင်များကိုသာ စွဲစွဲမြဲမြဲ နှစ်သက်ကြပြီး ၎င်းတို့၏ ကိုယ်ပိုင်အမြင်များကို အခြေခံ၍ ကိစ္စများကို အကဲဖြတ်ကြသည်။
ကျိုးရီက ဗုံးပစ်စီနီယာ အင်မော်တယ်၏ ကျင့်ကြံခြင်းဖိုရမ်အလွန် ရေပန်းစားခဲ့သော အချိန်ကို သတိရမိသည်။
ဖိုရမ်၏ ပုံစံကို တုပရန် ကြိုးပမ်းသည့် ကျင့်ကြံခြင်း ဖိုရမ် အများအပြား ထွက်ပေါ်လာခဲ့ပြီး ၎င်းတို့ထဲမှ တစ်ခုကို "ကျူးတီ ကောင်းကင်"ဟု ခေါ်သည်။
ထိုစဥ်က ကျူးတီဖိုရမ်တွင် အုပ်စု နှစ်မျိုး ပေါ်လာသည်။
တစ်မျိုးမှာ ဖိုရမ်တွင် ဇာတ်မြုပ်နေကြသည့် ကျင့်ကြံသူ ဘော့စ်များ ဖြစ်ပြီး အခြားတစ်မျိုးမှာ "ရှန်းနုန် ကျင့်ကြံသူများ" ဟုခေါ်သော ကီးဘုတ်စစ်သည်များ ဖြစ်သည်။
ဤရှန်းနုန် ကျင့်ကြံသူများက များသောအားဖြင့် ကျင့်ကြံမှု အတွေ့အကြုံ မရှိကြပေ။
သို့သော် ၎င်းတို့က ကျင့်ကြံမှု အတွေ့အကြုံ မရှိသော်လည်း ကျင့်ကြံသူတွေနှင့် ပတ်သက်တာ မှန်သမျှကို နှစ်သက်သည်။
အကယ်၍ တစ်စုံတစ်ယောက်၏ ဆေးမီးဖိုမှ ပေါက်ကွဲသွားလျှင် ၎င်းတို့က ဆေးဝါး ဖော်မြူလာ မှားယွင်းသည်ဟု ဆိုကာ အာချောင်ကြမည် ဖြစ်သည်။
အုပ်စုနှစ်စု၏ လူများက ၎င်းတို့ဘက်မှ လူတစ်ယောက် တိုက်ခိုက်ခံရသည့်အခါ အမှန်အမှား မခွဲခြားဘဲ ၎င်းတို့၏လူဘက်မှ ပြတ်ပြတ်သားသား ရပ်တည်ပေးလိမ့်မည် ဖြစ်၏။
တစ်ခါက အဂ္ဂိရိတ်ပညာရှင် တစ်ဦးကို ရှန်းနုန် အဂ္ဂိရတ်ပညာရှင်ဟု ဆိုကာ ၎င်း၏ ဆေးဝါး ဖော်မြူလာကို ဝေဖန်ခဲ့ကြသည်။
အဆုံးသတ်တွင် ထိုအဂ္ဂိရတ်ပညာရှင်၏ ဆေးဝါးက စျေးကွက်တွင် ပျံ့နှံ့သွားခဲ့ပြီး အတော်လေး ချီးကျူးခံခဲ့ရသည်။
ရှန်းနုန် အဂ္ဂိရိတ်ပညာရှင်ဟု နှိမ်ခေါ်ခဲ့သော လူများကလည်း ကိုယ့်ပါးကိုယ်ပြန်ရိုက်သလို အရှက်ရသွားခဲ့သည်။
ရှန်းနုန်ကျင့်ကြံသူများ၏ စရိုက်ကို ပြောရလျှင် ၎င်းတို့က Weibo အကောင့် ပျက်စီးမည်ကို ဂရုမစိုက်သကဲ့သို့ အေးဆေး တည်ငြိမ်နေဟန် ဆောင်တတ်ကြသည်။
ထိုထက်ပို၍ ထူးခြားသည့် ရှန်းနုန်ကျင့်ကြံသူများ၏ ရယ်စရာအကောင်းဆုံး အချက်မှာ ပုဂ္ဂိုလ်ရေး ဝေဖန်ရခြင်းကို နှစ်သက်ခြင်း ဖြစ်ကြောင်း ကျိုးရီ သတိပြုမိခဲ့သည်။
ဖိုရမ်ထဲရှိ လူတစ်ဦး ဝေဖန်ခံရလျှင် ၎င်းတို့အားလုံး ဝေဖန်ခံရသည်ဟု ခံစားကြပြီး ချက်ချင်း အုပ်စုလိုက် ဝိုင်းဖွဲ့ တိုက်ခိုက်ကြမည် ဖြစ်သည်။
နောက်ဆုံးတွင် ဖိုရမ်ရှိ ပို့စ်မှာ ညစ်ညမ်းသော လေထုဖြင့်သာ ဖုံးလွှမ်းသွားပေလိမ့်မည်။
ဤထောင်ဖောက်မှု အဖြစ်အပျက်ပြီးနောက် ကျိုးရီက သူကြုံတွေ့ခဲ့သော အတွေ့အကြုံများမှာ ဤ ဖိုရမ်နှင့် အလွန်ဆင်တူကြောင်း အမှန်တကယ် လေးလေးနက်နက် ခံစားခဲ့ရသည်။
တစ်စုံတစ်ယောက်က သူ မသိလိုက်သော အချိန်တွင် သူ့ကို အချိန်တိုင်း ကူညီနေခဲ့သည်။
ယင်းကိစ္စနှင့် ပတ်သက်ပြီး သူ ဘာမှမသိခဲ့ရပေ။
သူ့နှလုံးသားထဲတွင် အကြောင်းအရာ များစွာကို သိမ်းဆည်းထားသော်လည်း အဆုံးသတ်တွင် မည်သူ့ကိုမှ ထိုအကြောင်းအရာကို ထုတ်မပြောနိုင်ခဲ့ပေ။
ကျိုးရီက တကယ်ကို စိတ်ဆင်းရဲသွားသလို ခံစားခဲ့ရသည်။