အမြဲသတိရှိပါ
Vol. 12 Ch. 174
လွတ်လပ်သောတပ်ရင်းမှ ဆောင်ရွက်သည့် ကြီးမားသောအကြမ်းဖက် ဆန့်ကျင်ရေးမစ်ရှင်သည် အရိပ်အဖွဲ့ကိုအကြီးအကျယ် ရှုံးနိမ့်စေခဲ့သော်လည်း ဒေသခံကြောင်တပ်ရင်းများအတွက် အသေအပျောက် လုံးဝမရှိခဲ့ပေ။
မစ်ရှင်အတွင်း ဝမ်လင်း၏ အဆောင်လက်ဖွဲ့က အလွန်အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ခဲ့ပြီး အရိပ်အဖွဲ့၏ စစ်ကူအများအပြားမှာလည်း ထိုအဆောင်လက်ဖွဲ့ကြောင့် သေဆုံးခဲ့ရသည်။
ဇိမ်ခံကွန်ဒိုတွင် ကြောင်အာဏာရှင်ဘသုံးကောင် ဖြစ်သည့် ထန်းရှစ်၊ စုန့်စီနှင့် ယွမ်ချွီတို့က တိုက်ပွဲ၏ အကျဉ်းချုပ် အစီရင်ခံစာကို ကြည့်ရှုနေကြသည်။
အခြေအနေကို ဆောလျင်စွာ ကိုင်တွယ်မှု၊ တပ်ခွဲများ၊ တပ်မများ၊ တပ်ရင်းများ၊ အင်မော်တယ်ကြောင် နှင့် ဒေသခံ လေလွင့်ကြောင်များ၏ အရန်ပံ့ပိုးမှုနှင့် အတူ ကျန့်ထန်သည် ယခုတစ်ကြိမ် စစ်ပွဲတွင် ကြီးမားသော အောင်မြင်မှုကို ရယူနိုင်ခဲ့သည်။
သို့သော် စည်းကမ်းပိုင်းဆိုင်ရာ အရမူ ကျန့်ထန်က စည်းကမ်းကို လုံးဝ ချိုးဖောက်ခဲ့သည်။
၎င်းကို အပြစ်ပေးသင့် မပေးသင့် ဆိုသည်မှာ အမှန်တကယ်ပင် ပြင်းထန်သော ပြဿနာတစ်ရပ် ဖြစ်သည်။
ထန်းရှစ်က ကျန့်ထန်ကို ပျိုးထောင်ထားသူ ဖြစ်သောကြောင့်မျက်နှာပျက်နေသည်။
သူက မျက်မှန်ကို ချွတ်လိုက်ပြီး သူ့ဘေးမှ စုန့်စီ နှင့် ယွမ်ချွီကို လှည့်ကြည့်လိုက်သည်။
"မင်းတို့နှစ်ယောက် ဒီကိစ္စကို ဘယ်လိုမြင်လဲ"
စုန့်ချီက လေးနက်သော အမူအရာဖြင့် ပြောလိုက်သည်။
"ကျန့်ထန်က အကြမ်းဖက်ဆန့်ကျင်ရေး စစ်ဆင်ရေး အတွက် ဒီတစ်ကြိမ်မှာ သောင်းနဲ့ချီတဲ့ ကြောင်တွေကို တိုက်ရိုက် ဦးဆောင်ခဲ့တယ်.. စစ်ပွဲတစ်ပွဲ ဖြစ်လာရင် စစ်အသုံးစရိတ်ကြောင့် အနာဂတ်အတွက် ငါးခြောက်တွေကိုကြိုတင်စုဆောင်းထားဖို့ မဖြစ်နိုင်ဘူး.. ဒါပေမယ့် နည်းဗျူဟာပိုင်းကို ကြည့်ရင်တော့ ရလဒ်က အရမ်းကောင်းတယ်.. ကျန့်ထန်ရဲ့ လွတ်လပ်သော တပ်ရင်းက အရိပ်အဖွဲ့ရဲ့ လျှို့ဝှက် ဌာနချုပ်ကို သတ္တိရှိရှိ တိုက်ခိုက်ခဲ့တယ်.. ရက်စက်ကြမ်းကြုတ်တဲ့ လူသတ်သမားတွေကို အမြောက်နဲ့ တရစပ် တိုက်ခိုက်ပြီး ဖိနှိပ်မှု အမြောက်အမြား ပေးနိုင်ခဲ့တယ်.. စစ်ပွဲအတွင်းအမြတ်အစွန်း များစွာလည်း ရခဲ့ပြီး ဒေသတွင်း လေလွင့်ကြောင်တွေ အားလုံးက ဒီအကြမ်းဖက် နှိမ်နင်းရေး စစ်ရေးလှုပ်ရှားမှုကို အခြေပြုပြီး မထင်မှတ်ဘဲ တစ်စုတစ်စည်းတည်း ပေါင်းစည်းခဲ့ကြတယ်"
ယွမ်ချွီက အချက်အလက် စာရွက်ကို လှန်ပြီး စားပွဲပေါ်တွင် ဖြန့်လိုက်သည်။
"ဒါက အခုမှရရှိလာတဲ့ နောက်ဆုံး စာရင်းဇယားပါ...လာကြည့်ပါဦး.. ဒီတိုက်ပွဲအပြီးမှာ တပ်မဟာ သုံးခုအတွင်း ကြောင်အရေအတွက် တိုးလာနေပါတယ်"
ထန်းရှစ်က ဒေတာ အချက်အလက်ပြ ဇယားထဲမှ အခြေအနေကို တွေ့လိုက်ရသည်နှင့် တပြိုင်နက် အံ့သြသွားမိသည်။
"ကြောင်ရှစ်သန်းလောက် အသားတင် တိုးလာတာလား...ငါတို့ရဲ့ တပ်မဟာသုံးခုမှာ အရင်က ကြောင်နှစ်သန်းပဲ ရှိတာလေ"
စုန့်ချီက မေးစေ့ကို ခြေသည်းများဖြင့် ပွတ်သပ်လိုက်သည်။
"ဒီစစ်ဆင်ရေး အပြီးမှာ မြို့ပေါင်း ဆယ်ဂဏန်းခန့်က ဒေသခံကြောင်တွေက ငါတို့နဲ့ ပူးပေါင်းချင်နေကြတယ်.. ပူးပေါင်းတာကတော့ ဟုတ်ပါပြီ.. ဒီအရေအတွက်က အရမ်းများလွန်းတယ်.. ငါတို့တွေ သူတို့ထဲကနေ တိုက်ခိုက်ရေး သမားတွေကို အရင်ရွေးချယ်ရမယ်.. အရွေးမခံရတဲ့ ကြောင်တွေ လတ်တလော နေဖို့အတွက်လည်း သင့်လျော်တဲ့နေရာတွေကို ရှာဖွေပေးရဦးမယ်"
ထန်းရှစ်က ခေါင်းကုတ်လိုက်သည်။
"ကြောင်တွေ အများကြီးပဲ.. ငါတို့က သူတို့ကို ထိန်းသိမ်းနိုင်မှာလား.. ငါတို့ရဲ့ ရန်ပုံငွေတွေက လောက်လို့လား"
ယွမ်ချွီ ပြုံးလိုက်သည်။
"ကျန့်ထန်က အရိပ်အဖွဲ့ရဲ့ ဌာနချုပ်ကနေ ထောက်ပံ့ရေး ပစ္စည်း အများအပြားကို သိမ်းယူနိုင်ခဲ့တယ်.. ဆယ်စုနှစ်များစွာ ကြာပြီးနောက်မှာတောင် ငါတို့ စစ်တပ်သုံးတပ်က အဲဒါတွေကို သုံးလို့ကုန်မှာ မဟုတ်ဘူး.. အသုံးအဝင်တဲ့ မှော်ရတနာတွေနဲ့ ရှေးဟောင်း ပစ္စည်းတချို့ကို ရောင်းပစ်လိုက်တော့ ငါတို့မှာ ရန်ပုံငွေလည်း လုံလုံလောက်လောက် ရှိလာခဲ့ပြီ"
"အင်း ဒါဆိုအခြေအနေ ကောင်းသားပဲ"
ထန်းရှစ် ခေါင်းညိတ်လိုက်သည်။
"စကားမစပ်.. အရိပ်အဖွဲ့ခေါင်းဆောင် ကျန်းလျှိုယွဲ့ရဲ့ အခြေအနေကရော ဘယ်လိုလဲ"
စုန့်ချီ "ငါတို့အားလုံးက သူမကို လျော့တွက်မိခဲ့ကြတယ်.. သူမက ရွှံ့စေးကိုယ်ပွားကို အသုံးပြုတဲ့အထိ သတိကြီးကြီး ရှိနေလိမ့်မယ်လို့ ဘယ်သူမှ မထင်ထားခဲ့ဘူး...ဒါပေမယ့် အင်မော်တယ်ကြောင်က သူ့ကိုယ်ပွားကို ဖျက်ဆီးပြီး အနည်းဆုံး နှစ်ပေါင်း ခြောက်ရာလောက် တန်ဖိုးရှိတဲ့ ကျင့်ကြံမှုကို ဆုံးရှုံးစေခဲ့တယ်"
"အနှစ်ခြောက်ရာ...ဒီလောက်တောင် များတယ်လား"
စုန့်ချီ ရယ်မောလိုက်သည်။
"ဒီတစ်ကြိမ်မှာတော့ သူမက နှစ်ပေါင်းခြောက်ရာကျော် ကျင့်ကြံမှုကို တစ်ကြိမ်တည်းနဲ့ ဆုံးရှုံးခဲ့ရတယ်.. အချိန်ကာလ တစ်ခုရောက်ရင် ကျန့်ထန်ရဲ့ အဆင့်အတန်းက သူမ ထက်တောင် မြင့်မားလာနိုင်တယ်.. ကျန့်ထန်က အခုအချိန်မှာ အင်မော်တယ်ကြောင်ရဲ့ သီးသန့်လမ်းညွှန်မှုကို ရရှိနေပြီလေ.. သူ့ရဲ့ကျင့်ကြံခြင်း နယ်ပယ်ကလည်း တစ်ဟုန်ထိုး တိုးတက်လာခဲ့တယ်"
"ဒီကောင်က စိတ်မြန်လွန်းတယ်.. ဒါပေမယ့် တချို့အရာလေးတွေကို ပြုပြင်လိုက်ရင် စစ်တပ်ရဲ့ ကျောရိုးဖြစ်လာဖို့က သေချာတဲ့ ကိစ္စတစ်ခုပါပဲ"
ယွမ်ချွီက ကြောင်မုတ်ဆိတ်မွေးကို ပွတ်သပ်လိုက်သည်။
ထန်းရှစ်က အနည်းငယ် ဆွံ့အသွား၏။
မူလတွင် သူ၏ ညီအကိုနှစ်ယောက်လုံးက ကျန့်ထန်ကို အပြစ်ပေးမည်ဟု ထင်ထားသော်လည်း ၎င်းတို့မှာ ကျန့်ထန်ဘက်မှ ဝင်ပြောပေးနေသေးသည်။
အင်မော်တယ်ကြောင် ကျောထောက်နောက်ခံပြုခြင်းက အံ့သြဖွယ်ကောင်းလှသည်။
........................
အရိပ်လုပ်ကြံသူ၏ ထောင်ဖောက်ခြင်းကိစ္စ ပြီးဆုံးပြီးနောက်ထောင်အုပ်လျန့်က အစည်းအဝေး အပြီးတွင် မိမိကိုယ်မိမိ ပြန်လည်ဆင်ခြင်သုံးသပ်မှု အစီရင်ခံစာ တစ်စောင်အား ရေးသားနေသည်။
ဤတစ်ကြိမ်တွင် ကျိုးရီ၏ ကျေးဇူးကြောင့်သာ လူ့အဖွဲ့အစည်းအပေါ် နောက်ထပ် ထိခိုက်မှု တစ်စုံတစ်ရာ မဖြစ်ခင် အရိပ်လုပ်ကြံသူကို အချိန်မီ ပြန်လည် ဖမ်းဆီးမိခဲ့သည်။
သူက ထောင်အုပ် ရာထူးကို ဆက်လက် ထိန်းထားနိုင်သော်လည်း သူ့ကိုယ်သူ ဆင်ခြင်သုံးသပ်မှု အစီရင်ခံစာ ရေးရန် လိုအပ်နေသေးသည်။
ထောင်အုပ်လျန့်က မိမိကိုယ်မိမိ ပြန်လည် သုံးသပ်ရာတွင် ချို့ယွင်းချက်များအား စာရင်းပြုစုခြင်း အပြင် ထိုကဲ့သို့ ထပ်မံ မဖြစ်ပွားစေရန် အတွက် ထောင်၏ လုံခြုံရေး အစီအမံများကို ကဏ္ဍပေါင်းစုံတွင် မြှင့်တင်ရန် အကျဉ်းထောင်အင်အားဖြည့်တင်းမှု ဥပဒေကြမ်းကိုပါ အထက်သို့ တင်ပြဖို့ စီစဥ်ခဲ့သည်။
အချိန်အတော်ကြာ စဉ်းစားပြီးနောက် ထောင်အုပ်လျန့်က ကျိုးရီဆီသို့ မက်ဆေ့ချ် တစ်စောင် ပေးပို့ခဲ့သည်။
"ဒါရိုက်တာကျိုး.. ကျနော်က လျန့်လေးပါ.. အခု ကျနော် ကိုယ့်ကိုယ်ကိုယ် သုံးသပ်ချက် ရေးနေပါတယ်...အကျဉ်းထောင် အင်အား ဖြည့်တင်းရေး ဥပဒေကြမ်းနဲ့ ပတ်သက်ပြီး ဒါရိုက်တာကျိုးမှာ အကြံဥာဏ် ပေးစရာ ရှိလား"
ကျိုးရီက ဤမက်ဆေ့ချ်ကို လက်ခံရရှိသောအခါတွင် ဖုန်းချလုနီးပါး ဖြစ်သွားခဲ့သည်။
အစိုးရရာထူးများကို အခြေခံ၍ ပြောရလျှင် ကျောင်းပေါင်း ၁၀၀ အထွေထွေအုပ်ချုပ်ရေး ညွှန်ကြားရေးမှူး ရာထူးမှာ ထောင်အုပ်လျန့်နှင့် တန်းတူ ဖြစ်သည်။
ကျန်းလျှိုယင်း၏ ထောင်ဖောက်ခြင်းကိစ္စ ပြီးဆုံးပြီးနောက်တွင် ထောင်အုပ်လျန့်က သူ့ကိုယ်သူ လျန့်လေးဟု စတင် သုံးစွဲခဲ့ပြီး ကျိုးရီကို အတော်လေး အရှက်ရစေခဲ့သည်။
ဌာနတိုင်းတွင် တာဝန် ကိုယ်စီရှိသောကြောင့် ကျိုးရီက သူ့အနေဖြင့် ဝင်ရောက်စွက်ဖက်ရန် အခွင့်အာဏာမရှိဟု ခံစားမိသည်။
ဟုတ်ပါသည်...လျန့်လေး၏ စေတနာကြောင့် သူက ဤမက်ဆေ့ချ်ကို လျစ်လျူမရှုနိုင်ခဲ့ပေ။
ခဏအကြာတွင် သူက အွန်လိုင်း၌ ခေတ်စားခဲ့သော မျက်နှာဖုံးတစ်ခုကို ပြန်အမှတ်ရလာသည်။
သူက ချက်ချင်းဆိုသလို မျက်နှာဖုံးဆိုင်၏ ပုံကို SSရိုက်ပြီး ထောင်အုပ်လျန့်ဆီ ပို့လိုက်သည်။
ဤဓာတ်ပုံကို လက်ခံရရှိပြီးနောက် ထောင်အုပ်လျန့်က အံ့သြသွားခဲ့သည်။
"ဒါရိုက်တာကျိုး.. ရိုင်းသွားရင် ခွင့်လွှတ်ပါ.. ဒါက ဘာကြီးလဲ"
ကျိုးရီ "ဒါက အဆက်မပြတ် စကားပြောစေတဲ့ လေပေါ မျက်နှာဖုံးပဲ.. ဒါကို ဝတ်ပြီးရင် လူတစ်ယောက်က စကားပြောကောင်းလာလိမ့်မယ်.. ထောင်ထဲမှာ ရှိတဲ့ ညီအစ်ကိုတိုင်းက နေ့တိုင်း စိတ်ဓာတ်တွေ တက်ကြွနေမယ်.. အမြဲသတိရှိနေမယ်.. ဘယ်တော့မှ အိပ်မငိုက်တော့ဘူး"
ထောင်အုပ်လျန့် "စိတ်ချရရဲ့လား...ဒီဆိုင်ရဲ့ သူဌေးက ဘယ်သူလဲ"
ကျိုးရီ "ဟွမ်ရှောက်ထျန်း"
(ဟွမ်ရှောက်ထျန်း= The king avatar ထဲက လေပေါအမည်ရှိဇာတ်ကောင်)
ထောင်အုပ်လျန့် ".........."
..........................
နောက်တစ်နေ့ ဇွန်လ ၅ ရက် တနင်္ဂနွေနေ့။
အဘိုးဝမ်က သတင်းကို ဖွင့်လိုက်သောအခါတွင် အရိပ်အဖွဲ့ ဌာနချုပ် တစ်ခုလုံး မီးလောင်ကျွမ်းသွားသည့် သတင်းကို တွေ့လိုက်ရသည်။
အရိပ်အဖွဲ့ ဌာနချုပ်ရှိ ရွှေဖဲကြိုးအဆင့် လုပ်ကြံသူ အားလုံးကို ဖမ်းမိခဲ့သည်။
ဝမ်လင်းက အရိပ်အဖွဲ့၏ ဌာနချုပ်မှ ထွက်မသွားခင် ကြောင်စစ်တပ်နှင့် ပတ်သက်သည့် ၎င်းတို့၏ မှတ်ဉာဏ်အားလုံးကို ဖျက်ဆီးပစ်ခဲ့သည်။
အဆိုပါ လုပ်ကြံသူများကို ဆေးကုသမှု ခံယူစေပြီး နောက်တွင် စစ်ဆေးမေးမြန်းရန် အထူးမော်တော်ယာဉ်ဖြင့် ကျင့်ကြံခြင်းရဲဌာနသို့ ခေါ်ဆောင်သွားခဲ့သည်။
၎င်းတို့က သူတို့၏ ဌာနချုပ် တိုက်ခိုက်ခံရသည်ကိုသာ မှတ်မိခဲ့သည်။
ကံမကောင်းစွာပဲ မည်သူကမှ ကြောင်များနှင့် ပတ်သက်၍ ရှင်းရှင်းလင်းလင်း မမှတ်မိနိုင်တော့ပေ။
အမျိုးသမီး သတင်းထုတ်လွှင့်သူက သူမ၏ မျက်လုံးထောင့်ကနေ ဇာတ်ညွှန်းကို တစ်ချက် ကြည့်လိုက်ပြီးနောက် ကြေငြာလိုက်သည်။
"ဘာကိုမှ မမှတ်မိနိုင်တော့တာက ရီတာလီ အမြောက်ကြောင့် ထိခိုက် ဒဏ်ရာရတဲ့ လက္ခဏာလို့ သက်ဆိုင်ရာဌာနက ကျွမ်းကျင်သူတွေက ပြောပါတယ်"
ဝမ်လင်း"..........."
ဤသို့ဖြင့် အရိပ်အဖွဲ့၏ ဌာနချုပ်ကို တိုက်ခိုက်ခဲ့သော အမည်မသိ အဖွဲ့အစည်းမှာ ဟွာရှို့နိုင်ငံ စတင်တည်ထောင်ချိန်မှစ၍ အဆန်းကြယ်ဆုံး မဖြေရှင်းနိုင်သော လျှို့ဝှက်ဆန်းကြယ်ကိစ္စ များထဲမှ တစ်ခုအဖြစ်သို့ ရောက်ရှိသွားခဲ့သည်။
၎င်းက နိုင်ငံအတွက် မဖြေရှင်းနိုင်သော လျှို့ဝှက်ဆန်းကြယ်မှုတစ်ခုမျှ သာမက တစ်ကမ္ဘာလုံးမှ လူများကို သံသယများစွာ ပေါ်ပေါက်စေခဲ့သည်။
အရိပ်အဖွဲ့ကို ဂြိုလ်သားများက ဖျက်စီးသွားကြောင်း အကြမ်းဖက် ဆန့်ကျင်ရေး ကျွမ်းကျင်သူ အချို့ကပင် ပြောခဲ့ကြသည်။
ယင်းသုံးသပ်ချက်က တစ်ဝက်လောက် မှန်သည်ဟု ဝမ်လင်း ထင်ခဲ့သည်။
အဘယ်ကြောင့်ဆိုသော် အရိပ်အဖွဲ့ကို ဖျက်စီးခဲ့သူများမှာ ဂြိုလ်သားများ မဟုတ်ဘဲ ဂြိုလ်သားနီးနီး အစွမ်းထက်သည့် ကြောင်များ ဖြစ်နေသည် မဟုတ်ပါလော။