အရိပ်အဖွဲ့ ပျက်သုဉ်းသွားပြီ၊ မော့အင်မော်တယ်ရဲတိုက်လည်း မကြာတော့ဘူး
Vol. 12 Ch. 176
ဤကျောက်သေတ္တာ၏ အသွင်အပြင်က အတော်လေးထူးခြားနေသည်။
ဗုံးပစ်စီနီယာ အင်မော်တယ်က အရိပ်အဖွဲ့၏ လက်ထဲသို့ ကျောက်သေတ္တာ မည်သို့ ရောက်ရှိနေလည်း ဆိုသည်ကို အသေအချာ စဥ်းစားပြီးမှ ခန့်မှန်းနိုင်ခဲ့သည်။
ကျောက်သရဲ မျက်နှာဖုံးက အချိန်တိုအတွင်း ကြီးကျယ်ခမ်းနားသော စွမ်းအားများကို ရရှိရန် အခွင့်အလမ်းကောင်းဖြစ်သောကြောင့် ကျောက်သရဲ မျက်နှာဖုံးနှင့် ပတ်သက်သည့်အရာမှန်သမျှကို အရိပ်အဖွဲ့က ရူးသွပ်စွာ ရှာဖွေခဲ့ခြင်း.ဖြစ်ရပေမည်။
၎င်းကို ရှာဖွေနေသည်မှာ မော့အင်မော်တယ်ရဲတိုက် မျှသာ မဟုတ်ပေ။
အမှောင်အဖွဲ့အစည်းများကလည်း ၎င်းတို့ဘာသာ စုံစမ်းမှုများ ပြုလုပ်နေကြသဖြင့် အထူးအဆန်းတော့ မဟုတ်ချေ။
အရိပ်အဖွဲ့၏ ဌာနချုပ်ကို ဖြိုခွဲခံလိုက်ရသည်နှင့် နိုင်ငံတကာ လူသတ် အဖွဲ့အစည်းများက ငြိမ်ကျသွားခဲ့သည်။
ထိုအထဲတွင် မငြိမ်မသက် လှုပ်ရှားနေသည့် ဟွာရှို့နိုင်ငံအတွင်းမှ အမှောင်အင်အားစုများ လည်း အပါအဝင် ဖြစ်သည်။
စစ်မှန်သော အမှန်တရားက လူတွေကို သရဲဘောကြောင်စေသည် ဟူသည့် စကားမှာ အမှန်ပင်။
အရိပ်အဖွဲ့အစည်း၏ အဖြစ်အပျက်မှ တဆင့် အမှောင်အင်အားစုများက ဟွာရှို့နိုင်ငံတွင် ၎င်းတို့သွားရှုပ်၍မရသော သို့မဟုတ် ထောက်လှမ်းနိုင်စွမ်း မရှိသော ကျွမ်းကျင်သူတစ်ဦး ရှိနေကြောင်း ရှင်းရှင်းလင်းလင်း သိရှိသွားခဲ့သည်။
ထိုလူက အာကာသ မှော်ပညာကို ကျွမ်းကျင်ပိုင်နိုင်စွာ တတ်မြောက်ထားသည်။
အာကာသမျှော်စင်ကပင် ထိုလူ အသုံးပြုခဲ့သည့် စွမ်းအင် အတက်အကျကို မဖော်ထုတ်နိုင်ခဲ့ခြင်းမှာ တကယ်ကို ပုံမှန်မဟုတ်လှပေ။
နောက်ပိုင်းတွင် ဝမ်လင်းက ဗုံးပစ်စီနီယာ အင်မော်တယ်ကို ကျောက်သေတ္တာvပေးအပ်ခဲ့သည်။
ဝမ်လင်းက အစကတည်းက ဤကိစ္စတွင် မပါဝင်ချင်ခဲ့ပေ။
ယင်းအတွက်ကြောင့် တခြားလူကို တာဝန်လွှဲထားလိုက်သည်ကသာ အကောင်းဆုံး ဖြစ်သည်။
နောက်ဆုံးမပြန်ခင် ဖိုးဖိုးဝမ်က ဗုံးပစ်စီနီယာ အင်မော်တယ် စိုက်ပျိုးထားသည့် ဘရိုကိုလီရဲ့ အရည်အသွေးကို ချီးကျူးခဲ့သည်။
ယင်းအတွက်ကြောင့် ဗုံးပစ်စီနီယာ အင်မော်တယ်မှာ မူလတန်း ဆရာမက အနီရောင် ပန်းပွင့်လေးများ ချီးမြှင့်သည်ကိုခံရသော သူငယ်တန်းကျောင်းသားလေးတစ်ဦး ကဲ့သို့ စိတ်လှုပ်ရှားမှုများ ပြည့်နှက်ကာ အရူးအမူး ခုန်ပေါက် ပျော်ရွှင်သွားခဲ့သည်။
.....................
ဗီလာမှထွက်လာပြီးနောက် ဗုံးပစ်စီနီယာ အင်မော်တယ်က သန်းခေါင်ယံ ထမင်းစားခန်းမသို့ သွားခဲ့သည်။
ဤသေးငယ်ပြီး ခနော်ခနဲ့ ဆိုင်ကလေးက ခါတိုင်းလိုပင် ယိုယွင်းပျက်စီးနေပြီး တိတ်ဆိတ်နေသည်။
သူဌေးထန်က ထုံးစံအတိုင်း မီးဖိုချောင်တွင် အလုပ်လုပ်နေသည်။
ဗုံးပစ်စီနီယာ အင်မော်တယ်ကို မြင်သောအခါ သူက မျက်လုံးကို ပင့်ကြည့်လိုက်ပြီး မေးခွန်းထုတ်လိုက်သည်။
"အင်း ခေါက်ဆွဲစားဖို့ လာတာလား"
ပွင့်ပွင့်လင်းလင်းပြောရရင် သူဌေးထန်၏ အမဲသားခေါက်ဆွဲက ဘာမှ မထူးခြားဟု သူ ခံစားခဲ့ရသည်။
သို့ရာတွင် ဤနေရာသို့ မေးခွန်းတစ်ခု အတွက်ဖြင့် သူက ထပ်ရောက်လာရပြန်သည်။
သူ့အနေဖြင့် ရောက်ရာက်ချင်း မေးခွန်းထုတ်ရန် အဆင်မပြေပေ။
ခဏလောက် စဉ်းစားပြီးမှ သူက ပြောလိုက်သည်။
"အခြားမီနူးတွေ ရှိသေးလား"
"ရှိတယ်.. မကြာသေးမီက ငါ့ရဲ့ ဆရာဆီကနေ ဆတ်ကတ္တီပါ သမင်ချိုနဲ့ ထင်းရှူးရေခူဟင်းချိုလို့ခေါ်တဲ့ ဟင်းပွဲ တစ်ပွဲကို သင်ယူခဲ့တယ်.. အဲ ဒီဟင်းလျာကို စိတ်ဝင်စားလား.. ဒီဟင်းလျာကို ငါ့ဆရာက ဒေသထွက်ပစ္စည်းတွေကိုပဲ မသုံးဘဲ နိုင်ငံခြားကနေ တင်သွင်းလာတဲ့ ပါဝင်ပစ္စည်းတွေနဲ့ လုပ်ထားတာမို့ ဈေးနည်းနည်းကြီးပေမယ့် အရသာကတော့ အတော်လေး ကောင်းပါတယ်.."
သူဌေးထန်က ခဏလောက် စဉ်းစားပြီးမှ ပြန်ဖြေလိုက်သည်။
ဗုံးပစ်စီနီယာ အင်မော်တယ်က ကြောင်တောင်ကြောင်ဖြစ်သွား၏။
"ဆတ်ကတ္တီပါ သမင်ချိုတွေနဲ့ ထင်းရှူးရေခူတွေက ဒေသထွက်ပစ္စည်းတွေ မဟုတ်ဘူးလား"
သူဌေးထန်က သူ့လက်ကို မြှောက်လိုက်သည်။
"အဲဒါက အရင်တုန်းကပါ.. အခုအောင်ရှို့ နိုင်ငံက ဒီဟင်းချိုရဲ့ ပါဝင်ပစ္စည်းတွေကို သူတို့ရဲ့ ယဉ်ကျေးမှုအမွေအနှစ် အဖြစ်သတ်မှတ်ပေးဖို့ လျောက်ထားခဲ့တယ်လေ.. သူတို့က အရာအားလုံး သူတို့နဲ့ အစပြုတယ်လို့ ပြောလေ့ရှိတဲ့ နန့်ဟန် လူမျိုးလိုပဲ အရှက်မရှိဘူး"
ဗုံးပစ်စီနီယာ အင်မော်တယ် "ဒါဆို ငါ တစ်ပွဲမှာလိုက်မယ်..."
မည်သို့ပင်ဖြစ်စေ တကယ်အရသာ မကောင်းလျှင် သူကပိုက်ဆံ ပေးချေမည် မဟုတ်ချေ။
"ဒါနဲ့ မင်းငါ့ကို လာရှာတာ ဘာကိစ္စရှိလို့လဲ"
သူဌေးထန်က ဗုံးပစ်စီနီယာ အင်မော်တယ်ကို မော့ကြည့်လိုက်သည်။
ပထမအကြိမ် သူစိမ်းဆိုလျှင် ဒုတိယအကြိမ်က သူငယ်ချင်းဖြစ်သည်။
အော်ဒါမှာရင်း မေးခွန်းတွေမေးသည့် ဤလုပ်ရိုးလုပ်စဉ်က သူနှင့် တော်တော်လေး ရင်းနှီးသည့် အရာဖြစ်သည်။
ဗုံးပစ်စီနီယာ အင်မော်တယ်၏ လက်ထဲတွင် စိတ်ဝိညာဉ် အလင်းရောင်နှင့်အတူ ကျောက်သေတ္တာ တစ်ခုပေါ်လာသည်။
သူက ကျောက်သေတ္တာကို စားပွဲပေါ်သို့ တင်လိုက်သည်။
"သူဌေးထန်.. ဒီပစ္စည်းကို မင်းအရင်က မြင်ဖူးလား"
သူဌေးထန်က ဘာမှ မပြောသေးဘဲ သူ့လက်ထဲက ပါဝင်ပစ္စည်းတွေကိုသာ ခေါင်းငုံ့၍ အာရုံစိုက်နေသည်။
သူက ဆတ်ကတ္တီပါ သမင်ချိုများကို အပိုင်းပိုင်းဖြတ်ပြီးနောက် အကြည်ရောင်ရှိသည့် ထင်းရှူးရေခူကို လှီးဖြတ်လိုက်သည်။
ထို့နောက် အသေအချာ ရေဆေးပြီး မြေအိုးတစ်လုံးထဲ ထည့်ကာ ဟင်းခတ် အမွှေးအကြိုင်များ ထပ်ထည့်၍ အိုးကို အဖုံးဖြင့် ဖုံးထားလိုက်၏။
ထိုအရာအားလုံးကို လုပ်ဆောင်ပြီးနောက်တွင် သူဌေးထန်က ခေါင်းကိုမော့ကာ ဗုံးပစ်စီနီယာ အင်မော်တယ်ကို စိုက်ကြည့်လိုက်သည်။
"ဆေးလိပ်သောက်ဦးမလား"
ဗုံးပစ်စီနီယာ အင်မော်တယ်က ခေါင်းခါရမ်းလိုက်သည်။
သူက ဝိညာဥ်စွမ်းအားကို အသုံးပြု၍ ဆေးလိပ်ငွေ့များကို ကာကွယ်ရန် နှာခေါင်းမွေးများကို ထိန်းချုပ်လိုက်သည်။
ဤသမီးရီးစား သတ်ဖြတ်ခြင်း စီနီယာက ဆေးလိပ်မသောက်သူ ဖြစ်မည်ဟု မည်သူမျှ ထင်မိမည် မဟုတ်ပေ။
ထို့အပြင် သူက သူ၏ နှာခေါင်းမွေးများကို ထိန်းချုပ်ရန်အတွက် ဝိညာဥ်စွမ်းအင်ကိုပင် အသုံးပြုခဲ့သေးသည်။
ယင်းမှာ ဆေးလိပ်ငွေ့၏ အန္တရာယ်ရှိသော သက်ရောက်မှုများကို လျှော့ချရန် ထိရောက်သော နည်းလမ်းလည်း ဖြစ်သည်။
သူဌေးထန်ကသည် စီးကရက် တစ်လိပ်ကို ဆွဲယူလိုက်သည်။
"အမှန်တိုင်း ပြောရရင် ဒီကျောက်သေတ္တာကို ငါ့မိတ်ဆွေ တစ်ယောက်က ပြုလုပ်ထားတာပဲ"
ဗုံးပစ်စီနီယာ အင်မော်တယ်၏ မျက်လုံးများက ချက်ချင်းပင် ဝင်းလင်းသွားသည်။
ဤသည်မှာ အလွန် အရေးကြီးသော အချက်အလက် ဖြစ်သည် မဟုတ်လော။
သူဌေးထန်က မကြာသေးမီကလည်း ကျောက်သရဲ မျက်နှာဖုံးအတွက် စိတ်ပူခဲ့ရသည်။
သူက အေးချမ်းသော ဘဝတွင် နေထိုင်ရန် ရွေးချယ်ခဲ့သော်လည်း၊ မိန်းကလေး နွီဝါး နှင့် သူ မူလက လုပ်ထားသည့် မျက်နှာဖုံးက ဤကမ္ဘာကြီးတွင် မထင်မှတ်ထားသော လှိုင်းလုံးများကို ဖန်တီးနေသည်မှာ ငြင်းဆန်၍ မရပေ။
အစိုးရနှင့် အလင်း အဖွဲ့အစည်းများက စည်းတံဆိပ်ခတ်၍ ထိန်းသိမ်းရန် ဤမျက်နှာဖုံးနှစ်ခုကို ရှာဖွေနေသော်လည်း အမှောင်အင်အားစုများကမူ စွမ်းအားများ ရရှိရန် အတွက် မျက်နှာဖုံးကို တလွဲ အသုံးပြုလိုနေကြသည်။
"အဲဒီတုန်းကတော့ ငါတို့တွေ ဒီအရာကို ကြိုးကြိုးစားစား ပြုလုပ်ခဲ့ကြတယ်"
သူဌေးထန်က လေးလေးနက်နက် သက်ပြင်းချလိုက်သည်။
"ဒီကျောက်သေတ္တာကို ထုလုပ်သူက ကွယ်လွန်သွားပြီလို့ပဲ မင်းကို ငါပြောရမယ်"
ဗုံးပစ်စီနီယာ အင်မော်တယ်၏ မျက်လုံးများက အရောင်ဖျော့သွားသည်။
"ဘယ်လိုသေသွားတာလဲ"ဟု သူက မေးချင်သော်လည်း ရိုင်းစိုင်းရာ ကျနေလိမ့်မည်ကို ဗုံးပစ်စီနီယာ အင်မော်တယ်က တွေးမိလိုက်သည်။
ဤသူဌေးထန်၏ ဝိသေသလက္ခဏာက သေချာပေါက် မရိုးရှင်းဘူး ဆိုသည်ကို သူရိပ်စားမိသည်။
သူဌေးထန်၏ အရှိန်အဝါက လျော့ပါးလာသည်ကို သူသတိပြုမိသည်။
၎င်းက ၎င်း၏ လက်ရှိအဆင့်နှင့် လိုက်ဖက်မှုမရှိသည့် ကြီးကျယ်သည့် စီနီယာတစ်ယောက် ဖြစ်ကောင်းဖြစ်နိုင်၏။
ဟုတ်ပါသည်.. ယင်းမှာ ထင်ကြေးသက်သက်သာ ဖြစ်သည်။
သို့သော် သူ၏ ဆဋ္ဌမအာရုံက တိကျသည်ဟု ယူဆ၍ ရသောကြောင့် ဗုံးပစ်စီနီယာ အင်မော်တယ်က သူ၏ မှန်းဆချက်ကို လုံးဝ ယုံကြည်မှုရှိသည်။
သူဌေးထန်က ကျောက်သေတ္တာကို အချိန်အတော်ကြာ စိုက်ကြည့်နေခဲ့သည်။
သူက သူ့သူငယ်ချင်း သေဆုံးသွားရသည့် အကြောင်းရင်းကို မပြောပြချင်မှန်း ထင်ရှားနေသည်။
သူက ခဏမျှ ငြိမ်သက်နေပြီးမှ ဗုံးပစ်စီနီယာ အင်မော်တယ်ကို သတိပေးလိုက်သည်။
"ဒီကိစ္စကို စွန့်လွှတ်ဖို့ ငါအကြံပြုချင်ပါတယ်.. သီချင်းတွေ ရေးတတ်တဲ့ မင်းရဲ့မိတ်ဆွေ ဉာဏ်ကြီးရှင်ပဲ ဖြစ်ဖြစ်.. မင်းပဲဖြစ်ဖြစ် ဒီအတိုင်း ဆက်ပြီး စုံစမ်းမှုတွေ ဆက်လုပ်နေမယ်ဆိုရင် မင်းတို့ နှစ်ယောက်စလုံး အတွက် ကံဆိုးသွားလိမ့်မယ်.. ဒါက မင်းတို့ သွားထိလို့ ရတဲ့ကိစ္စ မဟုတ်ဘူး"
သူဌေးထန်က သူ့မျက်နှာညာဘက်ခြမ်းက ဓားအမာရွတ်ကို ညွှန်ပြလိုက်သည်။
"ဒီဓားအမာရွတ်ကို မြင်လား"
ဗုံးပစ်စီနီယာ အင်မော်တယ်က မျက်မှောင်ကြုတ်လိုက်သည်။
"မင်း မှော်လက်နက်ကြောင့် ဒဏ်ရာ ရထားတာလား"
"ဂိုဏ်းထဲဝင်ဖို့က လွယ်ပေမယ့် ပြန်ထွက်ဖို့က ခက်တယ်.. တစ်ခါတလေ ရွှံ့ထဲ နစ်နေတယ် ဆိုတာ သိပေမဲ့လည်း ကိုယ့်ကိုကိုယ် ရုန်းထွက်ဖို့က အရမ်းခက်ခဲတယ်"
သူဌေးထန်က ဆိုလိုက်သည်။
"ငါဂိုဏ်းက ထွက်သွားတုန်းက ဒီဓားအမာရွတ်ကို ငါပြန်ရခဲ့တယ်.. အဲဒီတုန်းက ခိုက်ရန်ဖြစ်ပွားပြီး ဒီအမာရွတ်ကို ရရှိခဲ့တာပါ"
စကားပြောရင်း သူဌေးထန်က အသည်းကွဲသော အမူအရာသို့ ပြောင်းလဲသွားသည်။
"ဒီဒဏ်ရာက သိဒ္ဓိလက်နက်ကြောင့် ရခဲ့တဲ့ဒဏ်ရာပါ.. အဲဒီအချိန်က ငါ့ခန္ဓာကိုယ်က တခြားဒဏ်ရာတွေကို ကုသနိုင်ခဲ့ပေမဲ့ ဒီဓားအမာရွတ်ကိုတော့ ကုသဖို့ နည်းလမ်းမရှိခဲ့ဘူး.. ငါ အလှပြင် အဖွဲ့အစည်းတွေ အများကြီးဆီမှာ နှစ်တွေ အတော်ကြာတဲ့အထိ ကြိုးစား ကုသခဲ့ပေမယ့် အလကားပါပဲ.. တစ်ချိန်က ဆိုရင် ငါက စံပြအမျိုးသားပဲ.. ငါ့ကို သဘောကျတဲ့အမျိုးသမီးတွေ အများကြီး ရှိခဲ့ဖူးတယ်.. ငါက ရုပ်ရည်လေးနဲ့လုပ်စားတဲ့ အိုင်ဒေါလ်တွေလို အမျိုးသမီးတွေရဲ့ အသည်းစွဲ ဖြစ်ခဲ့ဖူးတယ်.."
ဗုံးပစ်စီနီယာ အင်မော်တယ် "..........."
ဗုံးပစ်စီနီယာ အင်မော်တယ် "ဒီအမာရွတ်က ဓါးဒဏ်ရာလား"
"ဟားဟား.. တကယ်တော့ မဟုတ်ပါဘူး"
သူဌေးထန်က ခေါင်းခါယမ်းလိုက်သည်။
"ငါ ဂိုဏ်းက ထွက်ပြေးတုန်းက မတော်တဆ ချော်လဲပြီး မျက်နှာကို မြေပြင်မှာ ရှိတဲ့ ဓားနဲ့ ရှမိသွားတာပါ"
ဗုံးပစ်စီနီယာ အင်မော်တယ် ".............."