ရှေးဟောင်းစာအုပ်ကြီး၏ အတင်းအဖျင်းအချိန်
Vol. 12 Ch. 180
ဇွန်လ ၈ ရက်နေ့မှာ စာသင်နှစ်၏ သတ္တမမြောက်အပတ် ဗုဒ္ဓဟူးနေ့ ဖြစ်သည်။
ယနေ့တွင် ရှေးဟောင်း စာအုပ်ကြီး ဆရာဝမ်က ခါတိုင်းကဲ့သို့ အတင်းအဖျင်း ပြောလာသော်လည်း ဤတစ်ကြိမ် အကြောင်းအရာကမူ အနည်းငယ် ကွဲပြားသည်။
ယခင်က သူမျှဝေခဲ့သည့် အတင်းအဖျင်း အများစုမှာ ကျောင်းသုံး သင်ရိုးစာအုပ်ထဲက အသိပညာနှင့် ဆက်စပ်နေသည်။
ယခုတစ်ကြိမ်တွင် ရှေးဟောင်း စာအုပ်ကြီး ဆရာဝမ်ကအရိပ်အဖွဲ့၏ ဖြစ်ရပ်ဖြင့် စတင်ခဲ့၏။
သူက လက်ရှိ နိုင်ငံတကာ လုပ်ကြံသူ စာရင်းတွင် နာမည်ကြီးနေသည့် လူသတ်သမား အချို့အကြောင်းကို စတင် ပြောဆိုခဲ့သည်။
"အရိပ်အဖွဲ့ရဲ့ အဖြစ်အပျက်က မြို့ခေါင်းဆောင် အတော်များများရဲ့ အာရုံကို ဖမ်းစားခဲ့တယ်.. ဒီနေ့ သင်ခန်းစာက မင်းတို့အားလုံး ဘေးကင်းရေးအတွက် ပညာပေးသဘောပါပဲ"
"နိုင်ငံတကာ အဆင့် လူသတ်သမား စာရင်းမှာ ပါဝင်တဲ့ လူသတ်သမားတွေ အကြောင်း သိတဲ့သူ ရှိလား”
ဆရာဝမ်က သူ့ဘေးမှ စာရွက်ပေါ်တွင် မေးထောက်ပြီး ဖြည်းညှင်းစွာ ပြောလိုက်သည်။
စင်အောက်တွင် လုံးဝ တိတ်ဆိတ်နေသည်။
"အရင်က ငါတို့ကျောင်းမှာ သေဆုံးသွားတဲ့ အရိပ်အဖွဲ့ရဲ့လုပ်ကြံသူ သုံးဦးက နိုင်ငံတကာ အဆင့် လူသတ်သမားစာရင်းမှာ ထိပ်တန်း အယောက်နှစ်ဆယ်ထဲမှာ ပါ၀င်နေတယ်.. သူတို့ထဲက အမြင့်ဆုံးအဆင့် ရှိတဲ့သူက အဆင့် ဆယ့်သုံးပဲ"
စကားပြောရင်း ဆရာဝမ်က ပြုံးလိုက်သည်။
"ဒါပေမယ့် ဒီလူတွေက ငါးတွေပါပဲ"
"ငါးလား"
ကျောင်းသားများက စိတ်ရှုပ်ထွေးသွားသည်။
ဆရာဝမ်က ပခုံးတွန့်ပြလိုက်သည်။
"အမှိုက်ပုံးထဲက ငါး"
လူတိုင်း "............"
"ငါပြောချင်တာက နိုင်ငံတကာအဆင့် လူသတ်သမား စာရင်းမှာ ထိပ်ဆုံးဆယ်ယောက် အောက်က သူတွေအားလုံးက အမှိုက်တွေ ဆိုတာပဲ"
ဆရာဝမ်က ခပ်ယဲ့ယဲ့ ပြုံးလိုက်သည်။
သူ၏ စကားက စင်အောက်ရှိ ကျောင်းသားများကို ရယ်မောစေသော်လည်း ဝမ်လင်းက ဆရာဝမ်၏ ယုံကြည်မှု အရိပ်အယောင်ကို ခံစား သိရှိနိုင်သည်။
ဆရာဝမ်၏ အစွမ်းသတ္တိကို သူကိုယ်တိုင် မျက်မြင်တွေ့ခဲ့ရသည်။
ဤသမိုင်းဆရာ၏ တကယ့် ဝိသေသလက္ခဏာက သာမာန်မဟုတ်ကြောင်း သူအမြဲ ယုံကြည်ခဲ့သည်။
ဆရာဝမ်က ဝမ်လင်းအတွက် ကျင့်ကြံခြင်းနှင့် ပတ်သက်သည့် ပုံပြင်များ ပြောပြသော လျှို့ဝှက်ဆန်းကြယ်သည့် လူတစ်ယောက် ဖြစ်သည်။
သူက တတိယသူတော်စင်နှင့် ပတ်သက်ပြီး လူသတ်ဆရာ အကြောင်း သိလာရပြီးကတည်းက ဆရာဝမ်၏ ဝိသေသလက္ခဏာနှင့် ပတ်သက်၍ အနည်းငယ် သံသယဖြစ်မိလာသည်။
ဆရာဝမ်က နိုင်ငံတကာအဆင့် လူသတ်သမားများ စာရင်းမှ နံပါတ်တစ် ကျွမ်းကျင်သူများ ဖြစ်နေမည်လော။
"ဒီနေ့တော့ အဆင့်သတ်မှတ်ခံရတဲ့ ထိပ်တန်း လူသတ်သမား ဆယ်ယောက်အကြောင်းကို ပြောပြချင်ပါတယ်"
ထိုစကားကို ပြောပြီးနောက် ဆရာဝမ်၏ မျက်နှာပေါ်တွင် လျှို့ဝှက်ဆန်းကြယ်သည့် အမူအရာ တစ်ခု ပျံ့လွင့်လာသည်။
"နိုင်ငံတကာအဆင့် လူသတ်သမား စာရင်းမှာ အရိပ်အဖွဲ့ရဲ့ခေါင်းဆောင် ကျန်းလျှိုယွဲ့က အဆင့်ခြောက်နေရာမှာ ရှိတယ်.. အရိပ်အဖွဲ့ရဲ့ ဌာနချုပ် ဖျက်ဆီးခံရပြီး ကတည်းကနေ အခုချိန်ထိ သူမက မျက်နှာထွက်မပြခဲ့ဘူး.. ဌာနချုပ်မှာ ရှိနေတဲ့ ကျန်းလျှိုယွဲ့က အစစ် မဟုတ်ဘူးလို့ ငါခံစားမိတယ်.. ကဲ အဆင့်တစ်ဆယ် အတွင်းဝင်တဲ လူသတ်သမားတွေ အကြောင်းကို စပြောတော့မယ်.. အဆင့် ၁၀ ရှိတဲ့ လူသတ်သမားကို မိုးသည်းညရဲ့ကျောက်ကပ်မုဆိုးလို့ အမည်ပေးထားကြတယ်"
"မိုးသည်းညရဲ့ကျောက်ကပ်မုဆိုး.. ဟုတ်လား"
"အမှန်ပဲ.. ဒီလူသတ်သမားရဲ့ မူလဇစ်မြစ်ကို ပြောရရင် ဒီလူသတ်သမားရဲ့ မိသားစုက အတော်လေး ဆင်းရဲတဲ့ အတွက် သူငယ်ငယ်က ကျင့်ကြံဖို့တောင် အရင်းအမြစ် မရှိခဲ့ဘူး.. အဲဒါကြောင့်ပဲ သူက ပြန်လှည့်လို့မရတဲ့ လမ်းကြောင်းပေါ် ခြေချမိခဲ့တယ်.. သူက ကျောက်ကပ်တွေကို ထုတ်ယူပြီး ပိုက်ဆံနဲ့ရောင်းစားတယ်.. ဒါကြောင့် သူ့ကို မိုးသည်းညရဲ့ကျောက်ကပ်မုဆိုးလို့ နာမည်ပြောင် ပေးထားတာပဲ"
ထိုအကြောင်းကိုကြားလျှင် အတန်းထဲမှ ကျောင်းသားတွေက မတုန်လှုပ်ဘဲ မနေနိုင်တော့ချေ။
ဤလူသတ်သမားက အဆင့် တစ်ဆယ်သာ ရှိသေးသော်လည်း အတော်လေး ဆိုးသွမ်းနေပြီ ဖြစ်သည်။
"သူ့ထက် အဆင့် သတ်မှတ်ချက် မြင့်တဲ့ သူတွေဆို ဘယ်လောက်တောင် ဆိုးလိုက်မလဲ"
ဆရာဝမ်က ဆက်လက် ရှင်းပြခဲ့သည်။
"နဝမမြောက် လူသတ်သမားကို အေးခဲလက်လို့ နာမည်ပေးထားကြတယ်.. ဒီလူက ထူးခြားတဲ့ အခြေအနေတစ်ခုနဲ့ မွေးဖွားလာတာပဲ.. ဒီလူရဲ့ လက်က မွေးရာပါ အေးစက်နေခဲ့တယ်.. ဒီလူသတ်သမားရဲ့ အကျင့်က မစ်ရှင်တစ်ခု ဆောင်ရွက်တိုင်းမှာ အန္တရာယ်ကင်းတဲ့ အသွင်အပြင်ကို ခံယူဖို့အတွက် လဲကျချင်ယောင်ဆောင်ပြီး အခွင့်အရေးကို ရှာဖွေနေတတ်တယ်"
"ဘာလို့ လဲကျချင်ယောင် ဆောင်ရတာလဲ"
လူတိုင်းက အံ့ဩသွားကြသည်။
"ပစ်မှတ်ကို ဆုပ်ကိုင်နိုင်မဲ့ အခွင့်အလမ်းကို ရှာဖို့ပဲ.. ပန်စီလုပ်တာကို အတုယူပြီး ပစ်မှတ်ကို ဆုပ်ကိုင်ဖို့ အခွင့်အလမ်း ရှာတယ် ဆိုရင် ပိုမှန်ပါလိမ့်မယ်"
ဆရာဝမ်က လေးနက်သော လေသံဖြင့် ပြောလိုက်သည်။
"ဒီလူသတ်သမားရဲ့ လက်ချက်မိရင် သူ့ခန္ဓာကိုယ်ထဲမှာ ရှိတဲ့ အထူး အေးစက်နေတဲ့ချီက တစ်ဖက်လူရဲ့ ကိုယ်တွင်းအင်္ဂါထဲကို ချက်ချင်း ဝင်ရောက်လာပြီး အချိန်တိုအတွင်းမှာ အေးခဲထုံကျင်သွားစေတယ်.. ဒီအခြေအနေက တခဏပဲ ကြာတတ်ပေမယ့် ပရော်ဖက်ရှင်နယ် လူသတ်သမား အတွက်ကတော့ လူတစ်ယောက်ကို သတ်ဖို့ အချိန် လုံလောက်နေပြီ...ဒီလူသတ်သမားရဲ့ လက်ချက်မိခဲ့တဲ့ ကျင့်ကြံသူတွေက သူတို့ရဲ့ နောက်ဆုံး ထွက်သက်အထိ တုံ့ပြန်နိုင်စွမ်း မရှိခဲ့ကြဘူး"
"..............."
"အဆင့်ရှစ်နေရာမှာရှိတဲ့ လူသတ်သမားကိုတော့ အသားပေါင်း ကျူးကျော်သူလို့ နာမည်ပေးထားတယ်.. ဒီလူသတ်သမားက နည်းနည်းထူးခြားတယ်.. သူက လုပ်ကြံမှုပြီးရင် သွေးစွန်းနေတဲ့ အသားတုံး တစ်တုံးကို ချန်ထားပြီး သူ့လက်ချက် ဖြစ်ကြောင်း အသိပေးလေ့ ရှိတယ်.. အရင် လူသတ်သမား နှစ်ယောက်နဲ့ ယှဉ်ရင် ဒီလူရဲ့ အထင်ကြီးစရာ အကောင်းဆုံးအရာက သူ့ရဲ့ စွမ်းရည်ပဲ.. သူက နှစ်သက်သလို သွားလာနိုင်ပြီး သူ့ရဲ့အရှိန်အဝါ ဖုံးကွယ်နိုင်တဲ့ မှော်စွမ်းရည်ကလည်း အတော်လေး ကြောက်ဖို့ကောင်းတယ်"
"............"
"သတ္တမမြောက် လူသတ်သမားကိုတော့ တစ်လက်မ မီးခိုးရောင်လို့ အမည်ပေးထားတယ်.. ဒီလူသတ်သမားက အနည်းငယ် ထူးခြားတယ်.. သူ့ရဲ့ လူသတ် လက်နက်က မီးခိုးရောင် ဆံပင်တစ်ချောင်းပဲ.. ကောလဟာလအရ သူ့ဆံပင်တွေကို မှော်လက်နက်တစ်ခု အဖြစ် ပြုပြင်ထားတာလို့ သိရတယ်.. သူနဲ့ရင်ဆိုင်ရတဲ့ ပြိုင်ဘက်က သေခဲ့တာချည်းပဲ.. အခုအချိန်အထိ သူက ပစ်မှတ်ကို လွတ်မသွားစေခဲ့ဘူး"
"ဒီလူသတ်သမားက ဆံပင်ကို မှော်လက်နက်အဖြစ် ပြုပြင်ထားတာလား"
ဝမ်လင်းက မျက်မှောင်မကြုတ်ဘဲ မနေနိုင်တော့ချေ။
ဤလူသတ်သမား၏ စွမ်းရည်က အားယို၊ အားကျိုးတို့ အသုံးပြုသည့် စွမ်းရည်နှင့် အနည်းငယ် ဆင်တူနေသည်။
"နံပါတ်၆နေရာမှာရှိတဲ့ အရိပ်အဖွဲ့ခေါင်းဆောင် အကြောင်းကိုတော့ ငါမပြောတော့ဘူး.. ဒီစာရင်းထဲက ထိပ်တန်းလူသတ်သမား ငါးယောက် အကြောင်းကိုပဲ ဆက်ပြောတော့မယ်"
ဆရာဝမ်က အိတ်ကပ်ထဲမှ အစပ်ချောင်းကို ထုတ်ကာ ပါးစပ်ထဲသို့ ထည့်လိုက်သည်။
"မင်းတို့တွေ စတုတ္ထနဲ့ ပဉ္စမမြောက် လူသတ်သမားတွေအကြောင်းကိုတော့ နည်းနည်းလောက် ကြားဖူးကြလိမ့်မယ်လို့ ယုံကြည်ပါတယ်.. သူတို့နှစ်ယောက်က နိုင်ငံတကာ လူသတ်သမားတွေ ကြားမှာ ကျော်ကြားတဲ့ စုံတွဲပဲ.. သူတို့နှစ်ယောက်ကို အကြီးအကဲရွှေ နဲ့ အကြီးအကဲငွေလို့ ခေါ်ကြတယ်.. နှစ်ယောက်စလုံးက အဆိပ်ကို ကျွမ်းကျင်တဲ့ သူတွေပါပဲ"
"သူတို့ရဲ့ အဆိပ်က ကျင့်ကြံသူတွေ အတွက် ကြောက်စရာကောင်းလား"
"ကြောက်ဖို့ကောင်းတာပေါ့"
ဆရာဝမ်က ခေါင်းညိတ်လိုက်သည်။
"မင်းတို့အားလုံး ဆေးဝါးဗေဒ သင်တန်း တက်နေကြပြီဆိုတော့ သာမန် အဆိပ်တွေလောက်ကို ကျင့်ကြံသူတွေက မဖြုံဘူးဆိုတာ သိမှာပေါ့.. အဆိပ်တွေ ဘယ်လောက်ပဲ စားမိပါစေ.. ကျင့်ကြံသူတွေအတွက်က ချွေးပေါက်တွေထဲကနေ အဆိပ်တွေကို တွန်းထုတ်နိုင်တယ်.. ဒါပေမဲ့ အကြီးအကဲရွှေနဲ့အကြီးအကဲငွေက မရေမတွက်နိုင်တဲ့အဆိပ်တွေကို ပေါင်းစပ်ပြီး ဖြေရှင်းရခက်တဲ့ အဆိပ်တွေ အဖြစ် အသုံးပြုကြတယ်.. အဆိပ်ဖြေဆေးကလည်း သူတို့လက်ထဲမှာပဲ ရှိတယ်.. အခု သူတို့က အဆိပ်အသစ် ဖန်တီးထားတယ်လို့တောင် ကြားထားတယ်"
တစ်စုံတစ်ယောက်က စိတ်ဝင်တစား မေးလိုက်သည်။
"သူ့အဆိပ်ရဲ့ အာနိသင်က ဘယ်လိုမျိုးလဲ"
ဆရာဝမ်က ပြန်ဖြေလိုက်သည်။
"ဒါက စိတ်နောက်သွားစေတဲ့ အဆိပ်တစ်မျိုးပဲ.. အဆိပ်မိတဲ့သူက အချိန်တိုလေးအတွင်းမှာ ပုပ်နံ့ထွက်လာပြီး ညိုပုပ်ပုပ် အသားရောင်ကို ပြောင်းလဲသွားတယ်.. ဒီလူသတ်သမား နှစ်ယောက်က စာရင်းထဲမှာ တစ်ချိန်က စတုတ္ထအဆင့် ချိတ်တဲ့ လူသတ်သမားကို အဆိပ်ခတ်ခဲ့ဖူးတယ်.. ဒီလူသတ်သမားရဲ့ နာမည်ပြောင်ကို နိုင်ငံတကာအဆင့် ပဥ္ဧမမြောက် ကြာကူလီလို့ ခေါ်တယ်"
"ပြီးတော့ ဘာဆက်ဖြစ်သေးလဲ"
တစ်စုံတစ်ယောက်က မေးလိုက်သည်။
ဆရာဝမ်က ပခုံးတွန့်ပြသည်။
"ဒီလူသတ်သမားက တစ်ညမှာ အဆိပ်ကြောင့် ရူးသွပ်သွားခဲ့ပြီး တခြားလူသတ်သမားတွေရဲ့ နေအိမ်တွေကို ဖောက်ထွင်းဝင်ရောက်ခဲ့တဲ့အပြင် 'ဘယ်ကောင့်ကိုမှ သောက် ဂရုမစိုက်ဘူး.. ငါက အချောဆုံးပဲ.. ငါက မင်းရဲ့ အသည်းကြော်လေးလို့ အော်ဟစ်ခဲ့တယ်"
".................."
Grade 1 အခန်းသုံးမှ လူတိုင်းက ခေါင်းကြိမ်းလာသလို ခံစားလာရသည်။
"နောက်ဆုံးတော့ ဒီလူသတ်သမားကို ရှာတွေ့ကြတဲ့အခါ သူက သေသွားခဲ့ပြီ.. သူ့ကျောက်ကပ်တွေကလည်း ပျောက်ဆုံးသွားခဲ့တယ်.. သူ့ခန္ဓာကိုယ်မှာ အေးခဲနေတဲ့ အရိပ်အယောင်ကို တွေ့ရပြီး သူ့လည်ပင်းမှာလည်း ဆံပင်တွေ ရစ်ပတ်နေတဲ့ အရိပ်အယောင်တွေ ရှိနေတယ်.. အသားတုံး တစ်တုံးကိုလည်း သူ့အလောင်းဘေးမှာ တွေ့ရတယ်"
လူတိုင်း "............."
"မှန်ပါတယ်.. လူသတ်သမားစာရင်းမှာ အဆင့်လေး ရှိတဲ့ ဒီလူသတ်သမားကို စာရင်းထဲက လူသတ်သမားတွေက ဝိုင်းသတ်ခဲ့တာပဲ.. အဲဒီနောက်မှာတော့ အကြီးအကဲ ရွှေနဲ့ အကြီးအကဲငွေက အဆင့် တက်လာတယ်.. ဒီလိုနဲ့ပဲ တစ်ယောက်က စတုတ္ထအဆင့်ကို ရောက်လာပြီး နောက်တစ်ယောက်က ပဉ္စမအဆင့်ကို ရောက်လာခဲ့တယ်"
ဤပုံပြင်ကိုကြားလျှင် ဝမ်လင်းက သရော်ရန် အင်အားပင် မရှိတော့ချေ။
"..........."